← Chapters

သစ္စာရှိနှလုံးသား

Vol. 20 Ch. 269

သစ္စာရှိနှလုံးသား

Vol. 20 Ch. 269

ရှထိုက်အန်းက ဘယ်လိုပဲ အရေထူတဲ့ လူတစ်ယောက် ဖြစ်နေပါစေ၊ ထိုစကားလုံးများနောက်ကွယ်က သံသယများကို ချက်ချင်းပဲ အရိပ်အကဲဖတ်မိလိုက်၏။ ဒါက လူတစ်ယောက်ရဲ့ ပုန်ကန်မှုအပေါ်ထားတဲ့ စိတ်ဓာတ်ကို စမ်းသပ်ချင်နေတာပဲမလား…

"အရှင်မင်းကြီးက ဘုရင်တစ်ယောက် ဖြစ်လာခဲ့ပြီဆိုတော့ ဘုရင်လိုမျိုးလှည့်ကွက်တွေ ထုတ်သုံးချင်နေတာလား။ တော်ဝင်မိသားစုက အရင်က မေတ္တာတရားတွေကို ဂရုမစိုက်နိုင်လောက်အောင်… ဒီလောက်ထိ အကြင်နာတရား ခေါင်းပါးသွားခဲ့တာလား"

ရှထိုက်အန်းရဲ့ စူးရဲသော မျက်ဝန်းအတွင်းမှာ နာကျင်မှုများ ဖြတ်ပြေးသွားခဲ့သည်။

သူ့အနေနှင့် သမိုင်းတစ်လျှောက်လုံး ပြောစမှတ် တွင်လောက်အောင်အထိ ကြီးမားတဲ့လုပ်ရပ်မျိုး မပြုလုပ်ခဲ့ဖူးပေမယ့် တရှားတိုင်းပြည်အတွက်ပဲ သူ့ရဲ့နေ့ရက်တွေကို ကုန်ဆုံးခဲ့ပြီး စိတ်နှစ်ကာ အလုပ်ကြိုးစားခဲ့သည် မဟုတ်ဘူးလား။ ဒါပေမယ့် အဆုံးမှာတော့ ပုန်ကန်မယ်ဆိုသော စွပ်စွဲချက်ကိုသာ ရရှိခဲ့ပြီး ထိုစွပ်စွဲချက်က ပြည်သူတွေတွင်သာမက အရာရှိများမှတစ်ဆင့် အရင်းနှီးဆုံးအရှင်မင်းကြီးရဲ့ သံသယဝင်မှုကိုပါ ဖြစ်ပေါ်စေခဲ့သည်။

"ဒီ သစ္စာရှိ ဦးရီးတော်ရဲ့ခေါင်းက ဒီနေရာမှာပဲရှိပါသေးတယ်။ ကျွန်တော်မျိုးရဲ့ ခေါင်းကို ယူချင်တယ်ဆိုရင်လည်း ဘာလို့များ ဆင်ခြေတွေ ပေးနေရတာလဲ”

နီရဲနေတဲ့ မျက်လုံးများနဲ့ ရှထိုက်အန်း သူ့ရဲ့ရင်ဘတ်ကို အတင်းအကြပ် ပုတ်ပြလိုက်သည်။ ရှထိုက်အန်း၏ ပုံစံကလုံးဝကို ရင်နာသွားဟန်ရှိပြီး ခုံပေါ်မှထပြီးတာနှင့် စိတ်ပျက်သွားသလိုမျိုး ချက်ချင်းပဲ ခေါင်းကို ဆတ်ခနဲ ခါရမ်းလိုက်၏။

ရှကျိုးယွီ အနည်းငယ် အခက်တွေ့သွားတော့သည်။

"ဦးရီးတော် ကျွန်တော်က ဦးရီးတော်ကို သစ္စာမရှိပဲ ပုန်ကန်ဖို့ ကြံစည်နေတယ်လို့ မပြောပါဘူး။ ကျွန်တော်ဆိုလိုချင်တာက ဦးရီးတော်ပုန်ကန်ပေးဖို့ လိုအပ်တယ်လို့ပဲ"

လက်ရှိတွင် ချင်မင်းသားထံ၌ အင်အားကြီးတပ်ဖွဲ့တစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီး ထိုတပ်ဖွဲ့အတွင်းမှာ ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် သူ့ကိုသစ္စာရှိရှိ ထောက်ခံကြမည့် တပ်သားများ မလွဲမသွေ ရှိနေလိမ့်မည်။ ပုန်ကန်မှု ဖြစ်နေစဉ်အတွင်းမှာ ထိခိုက်မှုတစ်ချို့ကို အယောင်ဆောင်ကာ ပြသလိုက်ပြီး ရှကျိုးယွီ အရှုံးခံလိုက်ရင် ရှထိုက်အန်းလည်း လူထုအမြင်ကို ဘယ်လောက်ထိငြင်းဆန်နိုင်မှာလဲ။ သူ့ရဲ့ လက်အောက်ခံက အဝါရောင် အရှင်မင်းကြီးဝတ်စုံကို ယူလာခဲ့မယ်ဆိုရင် ရှထိုက်အန်း ဆန္ဒရှိသည်ဖြစ်စေ ဆန္ဒမရှိဘူးဖြစ်စေ ရွေးချယ်စရာမရှိပဲ အရှင်မင်းကြီးတစ်ယောက် ဖြစ်လာရလိမ့်မည်။

"အဲ့တာ ဘာကိုဆိုလိုတာလဲ။ ဘာကြောင့် ကျွန်တော်မျိုးက ပုန်ကန်ဖို့ လိုအပ်မှာလဲ"

အရှင်မင်းကြီးတစ်ယောက်ရဲ့ တိုင်းပြည်မင်းသားကို ပုန်ကန်ဖို့ တောင်းဆိုလာသော စိတ်ဝင်စားဖွယ် ပြောစကားကြောင့် ရှထိုက်အန်းရဲ့ မျက်လုံးက အလွန် စိတ်ရှုပ်ထွေးသွားခဲ့သည်။

"ဦးရီးတော် ကျွန်တော်ပြောပြမယ်။ ကျွန်တော်တို့ တရှားတိုင်းပြည်ရဲ့ အင်အားက တစ်နေ့တစ်ခြား ပိုပြီးတိုးလာတယ်။ အဲ့တာအမှန်ပဲမလား"

ရှကျိုးယွီ ချိုမြိန်သော စကားလုံးများနှင့် ဖြေးဖြေးချင်း သိမ်းသွင်းဖို့ ကြိုးစားလိုက်သည်။

"အဲ့တာအမှန်ပါပဲ အရှင်မင်းကြီး။ တူတော်မောင်မင်းကြီးရဲ့ အုပ်ချုပ်မှုက တစ်ကယ်ကိုကောင်းမွန်တယ်။ ရုံးတော်အတွင်းမှာလဲ တစ်ကယ်ကို အရည်အချင်းရှိတဲ့ အမတ်တွေကိုပဲ ခန့်အပ်ထားခဲ့ပြီး နယ်စပ်မှာ မဟာတံတိုင်းကို တည်ဆောက်ခဲ့တယ်။ အဲ့ဒီတော့ တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကလဲ ဆယ်ဆတောင် တိုးတက်လာခဲ့တာပဲ"

ချင်မင်းသား၏ ဂရုမစိုက်မိသော စကားလုံးများကြောင့် နဂိုက အနည်းငယ်ပြုံးရွှင်နေခဲ့သော ရှကျိုးယွီရဲ့ မျက်နှာသည် တစ်စတစ်စ မဲမှောင်ချင်လာခဲ့သည်။

ဦးရီးတော်ရေ အဲ့ဒီကိစ္စတွေကို ပြန်အစမဖော်ပါနဲ့လား.. ကျွန်တော်တို့ရဲ့ကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးလေးကို ထိန်းသိမ်းထားကြရအောင်လေ..

"ဒါပေမယ့် ဒီတရှားတိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်က တကယ်ပဲ တည်ငြိမ်လားဆိုတာကို ဦးရီးတော် စဉ်းစားခဲ့ဖူးလား"

ရှကျိုးယွီ နက်ရှိုင်းတဲ့ ပုံစံနဲ့ မေးခွန်းထုတ်လိုက်လေရာ ပုန်ကန်သူအဖြစ် စွပ်စွဲခံထားရမှုကြောင့် နာကျင်နေခဲ့သော ရှထိုက်အန်းပင် ချက်ချင်းတွေးဆဆ ဖြစ်သွားခဲ့သည်။

"အရှင်မင်းကြီး ဘာကိုဆိုလိုချင်တာလဲ"

ထိုအချိန်မှာပဲ ထိုင်ခုံမှာ ဇိမ်ကျစွာထိုင်နေခဲ့သော ရှကျိုးယွီက လက်တစ်ဖက်နှင့် ထိုင်ခုံလက်ရမ်းကို အားပါပါ ရိုက်လိုက်ပြီး သစ္စာရှိဦးရီးတော်ကို အသေးစိတ်ကျစွာ ရှင်းလင်းဖို့ ကြိုးစားလိုက်သည်။

"ကျွန်တော်တို့ရဲ့ တရှားတိုင်းပြည်က တစ်ချိန်တုန်းက အိမ်နီးချင်း တိုင်းပြည်တွေအားလုံးရဲ့ အထင်သေးမှုကို ခံခဲ့ရပြီး သူတို့ကြားမှာ ရပ်တည်နေရတာကိုတောင် ရှက်ရွံ့မှုကို ရရှိခဲ့တယ်။ ဒါကြောင့် ကျွန်တော်က ပြန်လည်တည်ဆောက်ဖို့အတွက် တွေးတောခဲ့တယ်။ ဒါပေမယ့် သန်မာမှုဆိုတာလည်း ပေးဆပ်ရတဲ့ တန်ကြေး ရှိစမြဲပဲ။ အခုဆိုရင် ကျွန်တော်တို့ရဲ့ အိမ်နီးချင်း တိုင်းပြည်တွေထဲက ဘယ်တိုင်းပြည်ကများ ကျွန်တော်တို့ရဲ့ သန်မာမှုကို အာရုံမစိုက်နေတဲ့သူ ရှိလို့လဲ။ သေးငယ်တဲ့ ပြောင်းလဲမှုတစ်ခုကတောင်မှ များစွာတဲ့ တိုင်းပြည်တွေကို အာရုံစိုက်အောင် ပြုလုပ်နိုင်ခဲ့တယ်။ အခုကျွန်တော်တို့ တရှားတိုင်းပြည် လိုအပ်နေတာက ဆက်လက်ကြီးထွားဖို့ အချိန်တစ်ခုပဲ။

အလွန်တည်ငြိမ်တဲ့ မျက်နှာထားနဲ့ စိတ်အားထက်သန်စွာ ရှင်းပြနေရင်း လက်ရှိအခြေအနေကို ရှကျိုးယွီ အကဲခတ်လိုက်သည်။ ရှကျိုးယွီရဲ့ ပစ်မှတ်ဖြစ်သော ရှထိုက်အန်းရဲ့ ပုံစံက လိုချင်တဲ့အတိုင်းပဲ လုံးဝကိုရှုပ်ထွေးနေဟန်ရှိ၏။

"အရှင်မင်းကြီး ကျွန်တော်မျိုးက ကြမ်းတမ်းတဲ့ သူတစ်ယောက်ပါ အရှင်မင်းကြီး ပြောချင်တာကို နားလည်ပေမယ့် ကျွန်တော်မျိုး ဘယ်လိုလို့ လုပ်နိုင်မှာလဲ"

အရှင်မင်းကြီးထံမှ ပုန်ကန်ဖို့ သံသယရှိသူအဖြစ် စွပ်စွဲခံရခြင်း မဟုတ်ကြောင်း နားလည်သွားပေမယ့် လက်ရှိအနေအထားက ပိုမိုခဲယဉ်းနေခဲ့သည်။

ထိုအချိန်မှာပဲ ရှကျိုးယွီက တိုတောင်းသော မှုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်း ထိတ်လန့်ဖွယ် စကားတစ်ခွန်းကို ပြတ်သားစွာ ပြောဆိုလိုက်၏။

"ဦးရီးတော် ကျွန်တော်ဦးရီးတော်ကို ပုန်ကန်လာစေချင်တယ်။ ဒါက တော်ဝင်အမိန့်တော်ပဲ"

"ဒါဆိုရင် အိမ်နီးချင်း တိုင်းပြည်တွေက ကျွန်တော်တို့ တရှားတိုင်းပြည်ကို အတွင်းအခြေအနေ မတည်ငြိမ်ဘူးလို့ ယူဆပြီး သူတို့ရဲ့ သတိထားမှုတွေ လျော့ပါးသွားလိမ့်မယ်။ အချိန်ကျလာပြီဆိုတာနဲ့ ကျွန်တော်တို့ အင်အားစုဝေးပြီး ထျန့်ရှန်းနယ်မြေကြီးတစ်ခုလုံးကို တရှားရဲ့ သံမဏိစစ်တပ်နဲ့ အနိုင်ယူပစ်မယ်"

ဟိတ်ဟန်ပါသော စကားလုံးများတွင် ခံစားချက်ဝင်သွားသဖြင့် ရှကျိုးယွီရဲ့ မျက်လုံးထောင့်မှ မနေနိုင်စွာ မျက်ရည်တစ်ကြောင်းစီးကျသွားခဲ့သည်။ ရှထိုက်အန်း တစ်ယောက် ချက်ချင်းပဲ သွေးများဆူပွက်သွားလေကာ နောက်ဆုံးတော့ သူ့ရဲ့တူတော်မောင်က အရှင်မင်းကြီးတစ်ယောက် ဖြစ်လာခဲ့ပြီမှန်း လက်ခံလိုက်တော့သည်။

"ဘယ်လိုလဲ ဦးရီးတော်။ ဦးရီးတော် ကျွန်တော့ကိုကူညီမှာလား"

တစ်ချိန်က အတူဆော့ကစားခဲ့သော တူတော်မောင်က လက်ရှိမှာ ရည်မှန်းချက် ကြီးမားသော ရှင်ဘုရင်တစ်ယောက်သဖွယ် ပြုမူနေခြင်းကြောင့် ယောက်ျားရင့်မာကြီး ရှထိုက်အန်းရဲ့ မျက်လုံးများက မျက်ရည်များ စိုရွှဲသွားခဲ့သည်။ သူ့ရဲ့ ရင်ဘတ်တစ်ခုလုံးနဲ့ ဂုဏ်ယူမှုကို ခံစားလိုက်ရလေ၏။

"ဘယ်တိုင်းပြည်မှ သွေးချောင်းမစီးပဲ တိုးတက်မှုကို မရရှိဘူး"

ထိုအချိန်မှာပဲ ရှထိုက်အန်းသည် ဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ် တူတော်မောင်အရှင်မင်းကြီး အရှေ့တွင် ဒူးတစ်ဖက် ထောက်ချလိုက်သည်။

"ကျွန်တော်မျိုး တကယ်ကို ကူညီချင်ပါတယ်။ ဒီကိစ္စကြောင့် ကျွန်တော်မျိုးရဲ့ အသက်ကို ပေးဆပ်ရမယ်ဆိုရင်တောင်မှ ဒီတော်ဝင်အမိန့်တော်ကို ကျွန်တော်မျိုး ရှထိုက်အန်း လက်ခံပါတယ်"

ကျားတစ်ကောင်လို စူးရဲနေသော တော်ဝင်ဦးရီးတော်၏ မျက်လုံးအတွင်းမှ တောက်လောင်နေသော ခံစားချက်များကို ကြည့်နေရင်း ရှကျိုးယွီ ချက်ချင်းပဲ ပျော်ရွှင်သွားခဲ့သည်။ တကယ်လို့တိုင်းပြည်ရဲ့ တော်ဝင်ပုလ္လင်တော်ကိုသာ တခြားသူတစ်ယောက်ထံ လွှဲပြောင်းလိုက်မယ်ဆိုရင် တစ်ချိန်လုံးတိုက်ခိုက်နေတဲ့ ကံကြမ္မာအမှတ်ကိုလဲ ကြီးမားစွာ ထိခိုက်စေနိုင်လိမ့်မည်ဟု ရှကျိုးယွီ တွက်ဆလိုက်သည်။

"ဒါဆိုရင် ဦးရီးတော်ကို ကျွန်တော် ပုံအပ်ထားလိုက်ပြီနော်"

ရှကျိုးယွီ ခြေတစ်လှမ်း တိုးလာကာ ရှထိုက်အန်း ရဲ့ပုခုံးအား ညင်သာစွာ ပုတ်ပေးလိုက်သည်။ သူ့မျက်လုံးနောက်ကွယ်က သိမ်မွေ့သော ခံစားချက်များကို ဘယ်သူမှ ရှာမတွေ့နိုင်ခဲ့ပါချေ။

"ဒါဆိုရင် ပုန်ကန်ဖို့အတွက် ကျွန်တော်မျိုး ဘာကို အရင်ဦးဆုံး လုပ်ရမှာလဲ"

ဒီပုန်ကန်မှုက ရှထိုက်အန်းရဲ့ ဘဝတစ်လျှောက်လုံးမှာ ပထမဦးဆုံး အတွေ့အကြုံဖြစ်သည့် အလျောက် ရှထိုက်အန်း ချက်ချင်းပဲ မတ်တပ်ရပ်လာပြီး ရှုပ်ထွေးစွာ မေးလာခဲ့သည်။

ရှကျိုးယွီ ပင်အနည်းငယ် မှင်သက်သွား၏။ ရှထိုက်အန်းက တော်ဝင်သွေးကို ပိုင်ဆိုင်ထားသည့်အတွက် တိုက်ရိုက်ပဲ ပလ္လင်ကို သိမ်းယူလို့ ရပြီမဟုတ်ဘူးလား။

"ဒါဆိုရင် ငါကိုယ်တော်တို့ အရင်ဦးဆုံး အကြောင်းပြချက်ကို စဉ်းစားသင့်တယ်လို့ထင်တယ်။ ဥပမာပြောရမယ်ဆိုရင် တိုင်းပြည်ရဲ့အရှင်မင်းကြီးက အရည်အချင်း မပြည့်မှီတဲ့ မင်းဆိုးမင်းညစ် တစ်ယောက်ဖြစ်တယ်။ တိုင်းပြည်အရေးတွေကို လျစ်လျူရှုပြီး အဆုံးမရှိတဲ့စစ်ပွဲတွေနဲ့ စစ်ဘေးဒုက္ခကို သယ်ဆောင်လာခဲ့တယ်"

သမိုင်းအတွင်းမှာ ဖတ်ဖူးစရှိသော အကြောင်းအရင်းများကို ရေရွတ်လိုက်သော်ငြား ထိုအကြောင်းအရင်းများက တစ်စုံတစ်ယောက်ထံမှ ပြောဆိုခံထားရဖူးသလိုမျိုး ရှကျိုးယွီရဲ့ နားထဲမှာ ရင်းနှီးနေခဲ့သည်။

"ဒါဆိုရင် တူတော်မောင်အရှင်မင်းကြီးပဲ အရင်ဦးဆုံး ပုန်ကန်လိုက်ပါလား။ အဲ့ဒီအကြောင်းပြချက် တွေက ကျွန်တော်မျိုးနဲ့ပိုပြီး ကိုက်ညီနေပုံရတယ်"

အနည်းငယ် အရှက်ရနေသောမျက်နှာနှင့် ရှထိုက်အန်း ခပ်တိုးတိုး ရေရွတ်လာခဲ့သည်။ သူ့ရဲ့တူတော်မောင်အရှင်မင်းကြီး ရေရွတ်ပြသွားသော အကြောင်းအရာတွေအားလုံးက အစောပိုင်းတွင် ကျင်းပခဲ့တဲ့ ညီလာခံအတွင်းမှာ အမတ်များ စွပ်စွဲခဲ့တဲ့ အကြောင်းအရာများနဲ့ တစ်ပုံစံတည်းပဲမလား…

"ဦးရီးတော် စိတ်မပူပါနဲ့ ကျန်တာတွေ မအောင်မြင်ဘူးဆိုရင်တောင်မှ ငါကိုယ်တော် ဦးရီးတော်အတွက် သေချာပေါက် ခိုင်မာတဲ့ အကြောင်းအရင်းကို ရှာလာပေးမယ်"

ဒီလိုမျိုး ကောင်းမွန်လှတဲ့အခွင့်အရေးကို ရှကျိုးယွီ သေချာပေါက် လက်လွှတ်မခံနိုင်ပေ။

"ဒီလိုအရေးကြီးကိစ္စကို သေချာပေါက် ကောင်းကောင်းလေး စဉ်းစားမှရမှာပေါ့။ ဒီရက်ပိုင်းအတွင်းမှာ ဦးရီးတော်က တပ်ကို ဆက်လက်လေ့ကျင့်နေပါ။ ဒါ့အပြင်လူတွေကြားမှာလဲ ဂုဏ်သတင်းကောင်းကို ထိန်းသိမ်းဖို့မမေ့နဲ့ဦး"

ပုန်ကန်မှုဆိုတာ နေ့ချင်းညချင်း ပြီးမြောက်နိုင်သည့် ကိစ္စတစ်ခု မဟုတ်သည့်အတွက် ရှကျိုးယွီ အလျင်မလိုခဲ့ပေ။ ဒီလိုဖြင့် တူတော်မောင်နှင့် ဦးရီးတော်သည် အချိန်တစ်ချို့ကြာသည်အထိ ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးမှသာ ရှထိုက်အန်း တွန့်ဆုတ်စွာဖြင့် နန်းတော်မှ ထွက်ခွါသွားခဲ့၏။

All Chapters