ဆန်းကြယ်မှု
Vol. 20 Ch. 270
…တူတော်မောင်အရှင်မင်းကြီးက တစ်ကယ်ကို ထူးချွန်ပြောင်မြောက်လိုက်တာ။ အနားယူတဲ့အနေနဲ့ တိုင်းခန်းလှည့်လည် ခရီးစဉ် ထွက်လာခဲ့တာတောင်မှ တိုင်းပြည်အသီးသီးကို ဂရုစိုက်ဖို့ မမေ့လျော့ခဲ့ဘူး။ ဒါ့အပြင် ဒီလိုမျိုး ကောင်းမွန်လှတဲ့ အကြံဉာဏ်ကိုဖော်ထုတ်နိုင်ခဲ့တယ်…..
ရှထိုက်အန်းတစ်ယောက် ရှကျိုးယွီ၏ထူးချွန်လှသော အကြံအစည်ကို မနေနိုင်အောင် လေးစားသွား ရသည်။
…ဒီကောင်လေးက တကယ်ကို ကိုယ့်ရဲ့ဦးရီးတော်ကိုတောင်မှ ပုန်ကန်ဖို့ တော်ဝင်အမိန့်တော် ထုတ်ရဲခဲ့တာပဲ။ ဒီသမိုင်း ကြောင်းသာ သမိုင်းဖြစ်စဉ်မှာ ရေးသားခံလိုက်ရမယ်ဆိုရင် ငါတော့ ဘယ်လောက်တောင်များ လူတွေရဲ့ အဆက်ဆက် ကျိန်ဆဲခြင်းကို ခံရတော့မလဲ….
ရှထိုက်အန်းရဲ့မျက်နှာက ခံစားချက်များ ပြည့်နှက်နေရုံတင်သာမကပဲ စူးရဲတဲ့ မျက်လုံးအတွင်းမှာ ခိုင်မာသော ဆုံးဖြတ် ချက်များကို မြင်တွေ့နေရသည်။
နန်းတော်အတွင်းတွင် ကျင်းပသော တော်ဝင်စားသောက်ပွဲသည် ခမ်းနားစွာ စတင်ခဲ့ပြီး အမတ်တွေကြားမှာ အမြင် ကျဉ်းမြောင်း မှုလည်း မရှိတော့ပေ။ အခုလို ပွဲတော်မျိုးက အချင်းချင်းကြား ရင်းနှီးမှုဖလှယ်သည့် ပွဲတော်မျိုးဖြစ်သည့်အပြင် ဒီအမတ် တွေထဲမှာ သရုပ်ဆောင်မကောင်းတဲ့သူ မရှိကြချေ။ အမတ်ဖြစ်လာပြီဆိုတာနဲ့ အလိုအလျောက် ဟန်ဆောင်တတ်ပြီးသားပဲ။ ထိုဟန်ဆောင်တတ်တဲ့ မျက်နှာကြားက သစ္စာရှိမှုနဲ့လိမ်ညာမှုကို ခွဲခြားခြင်းကသာ အရှင်မင်းကြီးတစ်ယောက်ရဲ့ စစ်မှန်တဲ့ စမ်းသပ်ခန်းဖြစ်သည်။
“အရှင်မင်းကြီး အရှင်းမင်းကြီးအသစ်ခန့်ထားတဲ့ အလုပ်ခွင်ပိုင်းဆိုင်ရာ ဌာနရဲ့အကူအမတ်က စာစောင်တစ်စောင် ပို့ပေးလာပါတယ်”
ညနက်ပိုင်းမှသာ ရှကျိုးယွီ နန်းတော်သို့ ပြန်ရောက်ရှိခဲ့ပြီး ဝေ့ကျူံးရှန့်ကမ်းပေးလာသော စာစောင်ကို ပုံမှန်လိုပဲ ယူလိုက်ကာ စားပွဲပေါ် ပစ်တင်ထားခဲ့သည်။
စားသောက်ပွဲအတွင်းမှာ အရက်တစ်ချို့သောက်ထားသည့်အတွက် အနည်းငယ် မူးဝေနေသည်ဖြစ်ရာ ရှကျိုးယွီအတွက် ဤစာစောင်ကို ဖတ်ရှုဖို့ ရည်ရွယ်ချက်မရှိချေ။
“ကိုယ်လုပ်တော်ကျင်းကို ဆင့်ခေါ်လိုက်။ ဒီရက်ပိုင်း တိုင်းပြည်ရေးတွေနဲ့ အလုပ်ရှုပ်နေခဲ့တော့ ငါမလာခင် ကိုယ်လုပ်တော်ကျင်းကို စောင့်ခိုင်းဖို့တောင် မပြောခဲ့ရဘူး”
ထိုအချိန်တွင် ဝေ့ကျူံးရှန့်က သူ့ရဲ့တိုတောင်းတဲ့ လည်ပင်းကို ဆန့်တန်းလာရင်း အနည်းငယ် တွန့်ဆုတ်စွာ ပြောလာခဲ့သည်။
“ကိုယ်လုပ်တော်ကျင်းက နေ့မအား ညမအား ခရီးသွားနေခဲ့ရတဲ့အတွက် အနည်းငယ် ပင်ပန်းနေတာကြောင့် အစောကြီး အိပ်ယာဝင်သွားခဲ့တယ်လို့ ပြောပါတယ်”
ဒါက……..
ရှကျိုးယွီ မျက်ခုံးတစ်ဖက်ပင့်ကာ ကြည့်လိုက်သည်။
“ကိုယ်လုပ်တော်ကျင်း ပင်ပန်းနေတယ်ဆိုတော့ ငါ ကိုယ်တော် ဘာလုပ်ရမှာလဲ”
လူကဲခတ်ခြင်းအနုပညာမှာ တစ်ဖက်ကမ်းခတ်အောင် တက်ကျွမ်းထားသော ဝေ့ကျူံးရှန့် ချက်ချင်းပဲ အရှင်မင်းကြီးရဲ့ ဆိုလိုရင်းကို နားလည်လိုက်သဖြင့် သူ့ရဲ့မျက်နှာက ကြောက်ရွံ့မှုတို့ကနေ ဒေါသအဖြစ် ပြောင်းလဲသွားကာ အနောက်မှ တပ်သားများကို အော်ဟစ်လိုက်သည်။
“မင်းတို့ ဘာလုပ်နေကြတာလဲ။ အရှင်မင်းကြီးက ကိုယ်လုပ်တော်ကျင်းကို ဆင့်ခေါ်ခိုင်းနေတာ မမြင်ဘူးလား။ အရှင်မင်းကြီးတောင် အိပ်ယာမဝင်သေးဘဲ ကိုယ်လုပ်တော်ကျင်းက ဘယ်လိုလုပ် အရင်အိပ်ယာဝင်ရဲရတာလဲ။ ဇနီးမယား တစ်ယောက်ရဲ့ ဦးစားပေးမှုဆိုတာကို ကိုယ်လုပ်တော်ကျင်း မသိရှိလေဘူးလား”
တပ်သားတွေအားလုံး ချက်ချင်းပဲ အမိန့်နာခံလိုက်ကာ အစေခံနဲ့မိန်းမစိုးတစ်ချို့ကို ခေါ်ဆောင်ရင်း ကိုယ်လုပ်တော် ကျင်းရှိရာသို့ ထွက်သွားလိုက်၏။ မကြာခင်မှာပဲ ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မျက်နှာပြောင်နဲ့ ကိုယ်လုပ်တော်ကျင်း ရောက်ရှိလာခဲ့သည်။
“အရှင်မင်းကြီး ဒီလောက်နောက်ကျနေတာကို ကျွန်တော်မျိုးမကို ဘာကြောင့် ဆင့်ခေါ်ရတာလဲ”
အလွန်မုန်းတီးနေတဲ့ မျက်နှာနှင့်စိုက်ကြည့်နေသော ကိုယ်လုပ်တော်ကျင်းက ဒေါသထွက်နေဟန်ရှိသည်။
ဒီလောက်ခရီးပန်းလာတဲ့ဟာကို မအိပ်ချင်တဲ့သူရှိမလား။
အရှင်မင်းကြီးရဲ့စေခိုင်းမှုကြောင့် အလောတကြီးရောက်ရှိလာသော နန်းတွင်းအစေခံများက ကိုယ်လုပ်တော်ကျင်းရဲ့ အိပ်ဆောင်ထဲသို့ ဝင်ရောက်ပြီးတာနဲ့ စောင်နဲ့လုံးပတ်ကာ သူမကို အပြင်သို့ သယ်ဆောင်လာခဲ့သည်။ ကံကောင်းသည်က ကိုယ်လုပ်တော်ကျင်းသည် အအိပ်ဆတ်သူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမကို ပွေ့ချီလိုက်တာနှင့် ချက်ချင်းပဲ နိုးသွားခဲ့ပြီး အတင်းအကျပ်ငြင်းဆိုထားသဖြင့် အစေခံများက ပြန်လည် ချပေးလာခြင်းဖြစ်သည်။ မဟုတ်လျှင် သူမရဲ့အရှက်ရဖွယ် အခြေအနေကို ညတွင်းခြင်းကြုံတွေ့ရနိုင်သည်။
“ငါ ကိုယ်တော် ဆင့်ခေါ်လိုက်တာက ကိုယ်လုပ်တော်ကျင်း ငါ ကိုယ်တော်ကို ခစားနိုင်အောင်လို့ပဲ။ ကိုယ်လုပ်တော် တစ်ယောက်အနေနဲ့ မင်းရဲ့တာဝန်ကို မသိရှိဘူးလား”
မူးဝေနေသော မျက်လုံးများနဲ့ ရှကျိုးယွီ ကိုယ်လုပ်တော်ကျင်းကို တိုက်ရိုက်ပဲ ဆွဲဖက်လိုက်၏။
ချက်ချင်းပဲ ကိုယ်လုပ်တော်ကျင်းရဲ့မျက်နှာက တောင့်တင်းသွားခဲ့သည်။ ရက်တစ်ချို့ဖြတ်သန်းပြီးနောက်မှာ ရှကျိုးယွီ ရဲ့ စိတ်နေစိတ်ထားကို ကိုယ်လုပ်တော်ကျင်း သိရှိပြီးသားပင်။
“အရှင်မင်းကြီး ကျွန်တော်မျိုးမ……”
ရှကျိုးယွီသည် သူမကို ငြင်းဆိုခွင့်တစ်ချက်တောင်မပေးခဲ့ပဲ များစွာသော အစေခံတွေကို လစ်လျူရှုရင်း ကိုယ်လုပ်တော် ကျင်းကို တိုက်ရိုက်ပဲ ပွေ့ချီကာ အိပ်ဆောင်အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးမကို ချပေး”
ရုတ်တရက်လှုပ်ရှားလာသော ရှကျိုးယွီရဲ့လုပ်ရပ်က ကိုယ်လုပ်တော်ကျင်းကို အလွန်အမင်း အရှက်ရစေသဖြင့် နူးညံ့တဲ့ သူမရဲ့လက်သီးဆုပ်လေးများက ရှကျိုးယွီရဲ့ကျောကုန်းပေါ်သို့ ပြင်းထန်စွာကျရောက်လာခဲ့သည်။ သို့ပေမဲ့ နှိပ်နယ်မှုနဲ့ သာဆင်တူသော ထိုးနှက်ချက်ကြောင့် ရှကျိုးယွီပိုလို့ ပျော်ရွှင်သွားခဲ့သည်။ အချိန်တခဏကြာမှာပဲ အိပ်ယာရဲ့ သိမ့်ခနဲ ဖြစ်သွားမှုနဲ့အတူ ကိုယ်လုပ်တော်ကျင်းတစ်ယောက် အိပ်ယာနဲ့ကျောပြင် ကပ်သွားလေရဲ့။ နောက်တစ်စက္ကန့်မှာပဲ ဆာလောင် နေတဲ့ ရှကျိုးယွီရဲ့ အုပ်မိုးခြင်းကို ခံလိုက်ရသည်။
နောက်တစ်နေ့မနက်မှာ အလွန်လန်းဆန်းနေသော မျက်နှာနှင့်ရှကျိုးယွီ နိုးထလာခဲ့ပြီး သူ့၏ဘေး၌ မပေါ်တပေါ် အဝတ်အစားတချို့နှင့် ဆွဲဆောင်မှုရှိရှိ အိပ်နေဆဲဖြစ်သော ကိုယ်လုပ်တော်ကျင်းကို နှိုးလိုက်သည်။
“အရှင်မင်းကြီး အင်း…”
အသက် ၁၇ နှစ်အရွယ် ငယ်ရွယ်လှပတဲ့ မိန်းခလေးငယ်တစ်ယောက်ရဲ့ နူးညံ့တဲ့ခန္ဓာကိုယ်သည် ပင်ပန်းစွာ လှဲလှောင်းနေခဲ့သည်။ သို့ပေမဲ့ ပထမအဆင့်ကျင့်ကြံမှုကို ရရှိထားတဲ့ ရှကျိုးယွီကတော့ မတူညီလေဘူး။ ထိုသို့မဟုတ်လျှင် မနေ့ညက ပြင်းထန်တဲ့တိုက်ပွဲက သာမန်သူတစ်ယောက်ကို ကိုယ်လုပ်တော်ကျင်းလိုမျိုး နက်ရှိုင်းစွာ အိပ်ပျော်နေစေလိမ့်မည်။ ရှကျိုးယွီအနေနဲ့ အခုလိုမျိုး လန်းဆန်းပြီး စွမ်းအင်ပြည့်ဝနေလိမ့်မည် မဟုတ်ပေ။
“ကြည့်ရတာ ရှေ့နှစ်ရက်လောက်ထိ ငါ ကိုယ်တော်ရဲ့ ကိုယ်လုပ်တော်ကျင်းက ကျန်းနန်မြို့ရဲ့လှပတဲ့ရှုခင်းတွေကို ကြည့်ရှုတဲ့နေရာမှာ အဖော်မပြုနိုင်တော့ဘူးနဲ့တူပါတယ်”
ရှကျိုးယွီခပ်ဖွဖွရေရွတ်လိုက်ရင်း နန်းတွင်းအစေခံများရဲ့အကူအညီနဲ့ပဲ ဝတ်ရုံတော်ကို ပြန်လည်ဝတ်ဆင်လိုက်သည်။ ထို့နောက်မှာ ကိုယ်လုပ်တော်ကျင်းကို ဂရုစိုက်ပေးဖို့ မှာကြားခဲ့ပြီး နန်းတော်အတွင်းမှ ထွက်ခွာသွားခဲ့၏။ ကျန်းနန်မြို့၏ ခရီးစဉ်တွင် ကျန်းနန်မြို့ရှိ ပြည်သူများရဲ့အတွေ့အကြုံများကို ရိုးသားစွာ သိရှိချင်ခဲ့သည်။
“ဟေး မင်းတို့ကြားပြီးပြီလား။ လွန်ခဲ့တဲ့ရက်ပိုင်းက ငါတို့ရဲ့ကျန်းနန်မြို့ကို အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ရောက်ရှိလာ တယ်လို့ပြောတယ်”
“ဟာ မင်းဘာတွေပြောနေတာလဲ။ နေ့တိုင်း နေ့တိုင်း အရေးကြီးပုဂ္ဂိုလ်တွေ လာနေတာပဲ မဟုတ်ဘူးလား။ အဲ့ဒါ ဘာထူးဆန်းနေလို့လဲ”
“ဒါက မတူဘူး။ ငါ ဒီသတင်းကို မြို့အပြင်မှာ စောင့်ကြပ်ရတဲ့ တပ်သားတစ်ယောက်ဆီကနေ ကြားခဲ့တာပဲ။ သူက ငါနဲ့ ညီအကိုလိုမျိုး ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်။ သူပြောခဲ့တာအရဆိုရင် မနေ့က မြို့အပြင်မှာ အဆင့်မြင့်အမတ်တွေ ဘယ်လောက်တောင် စုဝေးနေခဲ့လဲ မင်းသိသလား”
သာမန်ဝတ်စုံကို ဝတ်ဆင်ပြီး ရှကျိုးယွီမြို့အတွင်းသို့ ပတ်သွားလိုက်တာနှင့် မြို့ထဲက ဆွေးနွေးပြောဆိုသံများကို အလိုအလျောက် ကြားနိုင်ခဲ့သည်။
“ဟိတ် ညီအကို မင်းရဲ့ဝတ်စုံက ထူးခြားပြီးကောင်းမွန်တဲ့ ပုံပန်းသဏ္ဍာန်ရှိတယ်။ မင်း ငါတို့ရဲ့ ကောင်းကင်နဲ့မြေကြီး လူမူအဖွဲ့အစည်းမှာ ပါဝင်ချင်သလား”
ရုတ်တရက် ရှကျိုးယွီရဲ့လမ်းကြောင်းမှာ လာရောက်ပိတ်ပင်လာခဲ့သော လူနှစ်ယောက်ကြောင့် ရှကျိုးယွီ ချက်ချင်းပဲ စိတ်ဝင်စားသွားခဲ့သည်။
“ကောင်းကင်နဲ့မြေကြီး လူမူ့အဖွဲ့အစည်းဟုတ်လား။ အဲ့ဒါ ဘာလဲ”
“ဒါမှမဟုတ် မင်းတို့က ငါ့ဆီကနေ အထူးလျှို့ဝှက်စကားလုံးကို ပြန်ကြားချင်တာလား။ ကမ္ဘာကြီးက မြင့်မားတဲ့ တောင်တန်းကို တုန်လှုပ်စေခဲ့တယ်… ဒါမှမဟုတ် အနောက်တောင်တန်းရဲ့ နှစ်တစ်ထောင်အလှတရား…. အဲ့လိုမျိုး ငါက ပြောပေးရမှာလား”
ထူးဆန်းတဲ့အဖြစ်အပျက်ကြောင့် ရှကျိုးယွီ တစ်ယောက် အတိတ်က ကိစ္စတစ်ချို့ကို ပြန်လည်တွေးတောသွားမိရင်း မနေနိုင်စွာ ပြောဆိုလိုက်လေသည်။
“အထူးသံတမန်ကို ကျွန်တော်တို့ နှုတ်ဆက်ပါတယ်။ ကျွန်တော်တို့က ကောင်းကင်နဲ့မြေကြီး လူမူ့အဖွဲ့အစည်းရဲ့ သွေးသန်လူငယ်အုပ်စုပါ။ ကျွန်တော်တို့ ဒီနေရာမှာ သတင်းပို့သူရောက်လာဖို့အတွက် စောင့်နေခဲ့ရတာ တော်တော် ကြာနေပြီ”
ချက်ချင်းပဲ ထိုလူနှစ်ယောက်က မြေပြင်ပေါ်မှာ ဒူးထောက်လိုက်ရင်း လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်သို့ တင်ထားခဲ့သည်။ သူတို့နှစ်ယောက်၏ စူးရှတဲ့အကြည့်များက ရှကျိုးယွီရှိရာသို့ ကျရောက်လာ၏။
“ဟိတ် ဟိတ် ဒါ ဘယ်လို အထူးနည်းလမ်းမျိုးများလဲ”
ပုံမှန်လိုမျိုး ရေရွတ်လိုက်တဲ့ အဓိပ္ပာယ်မရှိသော စကားတစ်ချို့က တကယ်ကြီးအလုပ်ဖြစ်သွားလိမ့်မည်ဟု ရှကျိုးယွီ လုံးဝမမှန်းဆမိခဲ့ပေ။ ထို့အပြင် မျက်စိရှေ့ကလူနှစ်ယောက်ရဲ့ အပြုအမူကလည်း လုံးဝကို ထူးဆန်းနေသည်ဟု ရှကျိုးယွီ ယူဆမိ၏။
“သခင်ကြီးရဲ့မေးခွန်းကို ပြန်ဖြေရမယ်ဆိုရင် ကျွန်တော်တို့မှာ တကယ်ပဲ လျှို့ဝှက်အခြေအနေမျိုးမရှိပါဘူး။ ဒါပေမဲ့ ကောင်းကင်နဲ့မြေကြီး လူမူ့အဖွဲ့အစည်းမှာ ကျင့်ကြံရေးပိုင်း၊ ဗေဒင်ဟောတဲ့ပညာရပ်ပိုင်းနဲ့ အဂ္ဂိရတ်ပညာပိုင်းမှာ ထူးချွန်တဲ့သူတွေ တစ်ကယ်ပဲရှိပါတယ်။ ဒါကြောင့် ကျွန်တော်အဖွဲ့အစည်းရဲ့ မှန်းဆချက်အရ မကြာခင်မှာပဲ ဒီနေရာမှာ ကျွန်တော်တို့ကို ကူညီနိုင်တဲ့ ကျေးဇူးရှင်တစ်ယောက်ပေါ်လာခဲ့မယ်လို့ မှန်းဆခဲ့ရတယ်”
ဒူးထောက်နေသော လူနှစ်ယောက်ထဲက တစ်ယောက်က မတ်တပ်ရပ်လာခဲ့ပြီး ရှကျိုးယွီကို ရှင်းပြခဲ့သည်။ သို့ပေမဲ့ ထိုသူက အကြောင်းအရင်းတစ်ခုလုံးကို ရှင်းမပြခဲ့ပေ။ နတ်အသိဉာဏ်မှပေးအပ်လာသော ကိစ္စရပ်ကို အလုံးစုံ ပြောပြလိုက်ခြင်းက နတ်အသိဉာဏ်ရဲ့တန်ပြန်သက်ရောက်မှုကို ဖြစ်ပေါ်စေပြီး သေဆုံးမှုကို ဖြစ်ပေါ်စေနိုင်သည်။ ထိုနှစ်ယောက်တွင် ပါလာခဲ့သော မှော်လက်နက်များလည်း ဖျက်ဆီးခံလိုက်ရသည့်အတွက် အခြေအနေအလုံးစုံကို ရှင်းမပြခြင်းက သူတို့အတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်သည်။ ဒီလိုမျိုး ဆန်းကြယ်စွာ ပြုမှုခြင်းက တစ်ဖက် လူရဲ့ စိတ်ဝင်စားမှုကို ရရှိနိုင်ပြီး တဖက်လူပေးအပ်လာမည့် အကူအညီကို လက်ခံရရှိစေနိုင်သည်။
“အိုး မင်းတို့ရဲ့ နတ်အသိဉာဏ်က အဲ့လိုမျိုးပြောခဲ့တာလား”
တဖက်ပုဂ္ဂိုလ်ရဲ့လုပ်နိုင်စွမ်းကို ရှကျိုးယွီချက်ချင်းပဲ စိတ်ဝင်စားသွား၏။ ကောင်းကင်နဲ့မြေကြီးရဲ့အစွမ်းကို ဘယ်လိုပဲ ပိုင်ဆိုင်ထားပါစေ အရှင်မင်းကြီးတစ်ယောက်ရဲ့ တည်နေရာကို မှန်းဆဖို့မလွယ်ကူဘူး။ အရှင်မင်းကြီးရဲ့ လှုပ်ရှားမှုတိုင်းက တိုင်းပြည်ကံကြမ္မာနဲ့ တိုက်ရိုက်ဆက်နွယ်နေသည့်အတွက် အတိအကျတွက်ချက်လျှင်တောင် အောင်မြင်နိုင်ချေနည်းပါးပြီး တန်ပြန်သက်ရောက်မှုကို ခံရနိုင်ချေများ၏။
“ကမ္ဘာကြီးရဲ့အစွမ်းအဆက ပေါ်ကြွယ်ဝပါတယ်။ ကောင်းကင်ဘုံရဲ့အဆင့်မြင့် ပုဂ္ဂိုလ်ထံကနေ အကူအညီသာရရှိမယ်ဆိုရင် လူတစ်ယောက်ရဲ့ဘဝမှာ ကံဆိုးမှု၊ အပြစ်တင်ခံရမှု၊ ထိခိုက်ဒဏ်ရာရရှိမှု အဲ့လိုအနာဂတ်မျိုးကို မကြုံတွေ့ရပဲ အလိုအလျောက်တောက်ပပြီး စည်းစိမ်ကြွယ်ဝတဲ့ ဘဝမျိုးကို ရရှိလိမ့်မယ်”
ထိုပုဂ္ဂိုလ်က တိုးဖျော့တဲ့လေသံနဲ့ နက်ရှိုင်းစွာပြောဆိုလာလေရဲ့။