ထီးနန်း ဆက်ခံပေးပါ
Vol. 20 Ch. 281
(T/N: စာရေးသူက ဇာတ်သိမ်းပိုင်းနား ရောက်လာလို့ ဇာတ်ကြောင်းကို အမြန်သွားလိုက်ပါတယ်)
တရှားတိုင်းပြည်အနှံ့သို့ စစ်ရေးကြေညာချက်များ ပို့ပေးပြီးသည်နှင့် ကျူးကော့လုံကိုယ်တိုင် ဦးဆောင်ကာ စစ်သူကြီးများထံမှ တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်စရိတ် ကောက်ခံခဲ့သည်။
မြောက်ဘက်ပိုင်းရှိ ရှန်းဖူမြို့၊ ကျင်းယန်မြို့နှင့် ရှန်နန်းမြို့များမှ အကူတပ်သားတစ်သိန်း ခေါ်ဆောင်နိုင်ခဲ့သလို အရှေ့မြောက်ပိုင်း မြို့များဖြစ်သော ယန်ဒီမြို့၊ နင်ကျန်းမြို့၊ ကုယန်မြို့များမှ အကူတပ်သား နှစ်သိန်းခွဲ ရရှိခဲ့သည်။ ထို့အပြင် မြောက်ဘက်နယ်စပ်မြို့သို့ စေလွှတ်ထားသော တပ်သား တစ်သိန်းသုံးသောင်းသည်လည်း ပြည်တွင်းစစ်သတင်းကြောင့် မြို့တော်ရှိရာသို့ တစ်ဟုန်ထိုး လာနေပြီဖြစ်သည်။ စီချွမ်းမြို့နယ်နှင့် ကျိလီမြို့နယ်တို့မှလည်း ပူးပေါင်းကား လက်ရွေးစင် တပ်သားရှစ်သောင်း ပို့ပေးခဲ့သည်။ ထို့အပြင် ကျူးကော့လုံ ကိုယ်တိုင် ဦးဆောင်ပြီး လိုက်လံစုဆောင်းမှုကြောင့် ထိုက်အန်းမြို့တော်တွင် တပ်သားငါးသိန်းခြောက်ထောင် ချထားနိုင်ခဲ့သည်။
ချင်မင်းသားက စိတ်ရူးဖောက်ပြီး စစ်ပွဲစတင်ရင်း ပုန်ကန်ခဲ့သဖြင့် မြို့တိုင်းမြို့တိုင်းမှ မလွှဲမသေ သေသည်အထိ တိုက်ခိုက်ရမည်ဟု ကျူးကော့လုံ ကိုယ်တိုင် ထုတ်ပြန်လိုက်သော စစ်အမိန့်ကြောင့် အရှင်မင်းကြီး၏ ဂုဏ်သတင်းကို ကာကွယ်နိုင်ရန် နေရာအသီးသီးမှ တပ်သားသန်းချီသည် ပုန်ကန်မှုကိုတားဆီးဖို့ လာနေပြီဖြစ်သည်။
ထိုသို့ဖြင့် ရက်တစ်ချို့ ကြာပြီးနောက်မှာ မီတာပေါင်းများစွာမြင့်သော ထိုက်အန်းမြို့ရိုး၏ အောက်တွင် သန်းချီသော တပ်ဖွဲ့ကြီးနှစ်ခုသည် အပြိုင်အဆိုင် ရပ်တန့်နေခဲ့သည်။
သို့ပေမယ့် အားမာန်ပြည့်ဝသော တိုင်းပြည်စစ်သားတွေနဲ့ မတူညီစွာ၊ ချင်မင်းသား၏ တပ်ဖွဲ့မှာ ခေါင်းကိုယ်စီ ငုံ့နေရင်း အနည်းငယ် ရှုတ်ထွေးနေဟန်ရှိ၏။
ဒီတိုက်ပွဲကို ဘယ်လိုအဆုံးသတ်ရမလဲ မသိကြတော့ပေ။ သူတို့၏ တာဝန်က အကျင့်ပျက်အရာရှိတွေကို မောင်းထုတ်ပြီး တိုင်းပြည်အကျိုး သယ်ပိုးရမှာ မဟုတ်ဘူးလား…။ ဘယ်လိုလုပ် ပုန်ကန်မှု အနေနဲ့ အဆုံးသတ်သွားရတာလဲ…။
ထိုအချိန်မှာပဲ ခါးမှာချိတ်ဆွဲထားသော တော်ဝင်ဓားတော်ကို ဟိတ်ဟန်ပါပါ ဆွဲထုတ်လိုက်ရင်း ကျူးကော့လုံ မြို့နံရံပေါ် တက်လိုက်ကာ ချင်မင်းသားကို ကြိမ်းဝါးတော့သည်။
“ ကောင်းလိုက်တဲ့ ချင်မင်းသား။ မင်းက ထိုက်အန်းမြို့တော်ထဲထိကိုပါ တပ်သားတွေ ခေါ်လာရဲတယ်လား”
“ အရင် အရှင်မင်းကြီးရဲ့ နောက်ဆုံးဆန္ဒကို မင်းမေ့လိုက်တာလား။ သမိုင်းအစဥ်အဆက်မှာ ထီးမွေက အကြီးဆုံးသားပဲ ဆက်ခံရတာ။ မင်းက အရင်အရှင်မင်းကြီးကို ရှုံးခဲ့ရလို့ ကိုယ့်ရဲ့တူတော်ကိုမှ မထောက်၊ ထီးနန်း.လုချင်နေတာလားကွ”
“ ဘယ်လိုတောင် ကောက်ကျစ်စဥ်းလဲတဲ့ သူလဲ။ အကုန်လုံးသတ်သင့်တယ်”
ထိုစကားလုံးများကြောင့် ချင်မင်းသားတစ်ယောက် ထိုင်ပင် မထိုင်နိုင်တော့ချေ။
“ အဖိုးကြီး ကျူးကော့လုံ မင်းအဲ့လောက်ထိ ပြောဖို့လိုလား”
“ အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ကို သူများတွေ နားမလည်တာ ငါလက်ခံနိုင်တယ်။ ဒါပေမဲ့ မင်းလို အနီးကပ် အမတ်ချုပ်က နားမလည်နိုင်ဘူးလား။ မင်း အတည်လုပ်နေတာလား”
ရှထိုက်အန်း ချက်ချင်းပဲ ယာယီတဲအပြင်ထွက်ကာ ပြန်လည်အော်ဟစ်လိုက်သည်။
ကျန်းနန်မြို့မှ ထိုက်အန်းမြို့တော်အထိ လာနေစဥ်တွင် သာမာန် တပ်ဖွဲ့လေ့ကျင့်ခန်းတစ်ခု အဖြစ်သာ တွေးထားခဲ့ပေမဲ့ ဒီကျူးကော့လုံဆိုသူက အပျော်ကို ဖျက်ဆီးတတ်လွန်းသည်။ ချင်မင်းသားက ဘယ်လိုယုတ်မာပြီး၊ ဘယ်လို သစ္စာဖောက်ဆန်ကြောင်း တစ်လောကလုံးကို ကြေညာချက် ထုတ်ရုံတင်မကဘူး။ နေရာအနှံ့က တပ်သားတွေကို ရအောင် စုဆောင်းနိုင်သေး၏။ အခုတော့ တပ်သားတွေအားကိုးနဲ့ မြို့ရိုးပေါ်မှာ ဓားတစ်ချောင်းထောက်ရင်း ဒီမင်းသားကိုတောင် မျက်နှာမထောက် ဆဲရေးနေခဲ့ပြီ…။
“ အရှင့်သား စိတ်လျော့ပါအုံး။ ဒီကိစ္စတွေက မရိုးရှင်းနိုင်ဘူး။ အရှင့်သားသာ စိတ်လိုလက်ရ ပြုမူလိုက်ရင် တစ်ကယ်ပဲ ပုန်ကန်နေပုံ ဖြစ်သွားလိမ့်မယ်”
ရှထိုက်အန်း ဘေး၌ တောက်လျှောက် ရှိနေပေးခဲ့သော လီမီသည် အခုချိန်တွင် စစ်တပ်အကြံပေးတစ်ယောက် အလိုအလျောက် ဖြစ်လာခဲ့သည်။ အကြံဉာဏ် ပေးဖို့လိုအပ်လာတိုင်း လီမီက ရှေ့ဆောင် လမ်းပြပေးတတ်သည်။
“ အာ ငါတို့ ဘာလုပ်ကြမလဲ။ တစ်ကယ်ကြီး တိုက်ရမှာလားဟ”
ရှထိုက်အန်းတစ်ယောက် ကျဥ်းထဲ ကျပ်ထဲ ရောက်နေသလိုမျိုး ခံစားရ၏။ အိမ်နီးချင်းတိုင်းပြည်တွေ၏ အာရုံစိုက်မှုမှ ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့် မူလက စတင်ခဲ့သော စစ်ပွဲသည် တဖြည်းဖြည်း အတည်ပေါက်ဖြစ်လာနေသည့်အတွက် သူ့အတွက် လမ်းစပျောက်နေပြီပင်။
“ ချင်မင်းသားကို တင်ပြပါတယ်။ ကျွန်တော်တို့ ပင်မ တပ်ဖွဲ့ ၃ ကို ပိတ်ဖမ်းထားပါတယ်”
“ ချင်မင်းသား၊ ကျွန်တော်တို့ရဲ့ ပင်မတပ်ဖွဲ့ ၅ လဲ တပ်ကွဲပြီး ကျရှုံးသွားပါပြီ”
ဒုက္ခကြုံနေချိန်မှ သတင်းဆိုးတွေ အဆတ်မပြတ် ထွက်ပေါ်လာပြန်သည်။ ချင်မင်းသားသည် ကျန်းနန်မြို့မှ တပ်သားနှစ်သိန်းကိုသာ ခေါ်ဆောင်နိုင်ခဲ့ပြီး ကျန်တပ်သားအသစ်များသည် သာမာန် ပြည်သူများထဲမှ ဖြစ်၏။ ကောင်းမွန်သည့် လေ့ကျင့်မှု မရှိသည့်အပြင် အတွေ့အကြုံ နုသေးသည့် ထိုတပ်သားတွေက တိုက်ပွဲတောင် မစရသေးဘဲ အညံ့ခံလိုက်ဟန်ရှိသည်။
“ ဒီအခြေအနေ ရောက်မှတော့ တိုက်တာပေါ့။ ငါမင်းသားက အဲဲ့ဒီကျူးကော့လုံကို ကြောက်မယ် ထင်နေလား”
“ သတင်းတွေထဲကလို ရဲစွမ်းသတ္တိနဲ့ ပြည့်စုံရဲ့လား ငါမင်းသားကိုယ်တိုင် ကြည့်ရှုမယ်”
ရှထိုက်အန်း ချက်ချင်းပင် တပ်သားအားလုံးကို နိုးနိုးကြားကြားနေဖို့ အမိန့်ပေးလိုက်သည်။
သူ့၏ဂုဏ်သတင်းက ဒီလောက်ထိကျဆင်းပြီးမှတော့ မထူးဇာတ်ခင်းပြီး တိုက်ရတော့မည်။ မတော်လို့ ပြဿနာရှာခဲ့မိလျှင် တူတော်မောင် မင်းကြီးက ခိုင်းစေသူဖြစ်လို့ သူပဲ ရှင်းပေးလိမ့်မည်မလား..။
“ တပ်ဖွဲ့တွေ တိုက်မယ်”
“ သတ်ကြစမ်း”
ကျယ်လောင်စွာ ထွက်ပေါ်လာသည့် စစ်ပွဲဗုံသံများကြားတွင် ငွေရောင်သံချပ်သာ တပ်သည် အင်အားပြင်းထန်စွာ အရှေ့တိုးသွားလေရဲ့။ နှစ်ဖက်စစ်သူကြီးနှစ်ယောက်၏ ဓားချက် ကျရောက်တော့မည့် အချိန်မှာပဲ… ကောင်းကင်ယံမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။
“ရပ်လိုက်ကြ”
ကြောက်မက်ဖွယ် အရှိန်အဝါ၏ လွှမ်းမိုးမှုနှင့်အတူ ဆံဖြူအဖိုးကြီး ငါးဦး ဆင်းသက်လာခဲ့သည်။ သူတို့၏ အနောက်တွင် ဓားကိုယ်စီ အသင့်ကိုင်ထားသော ကျင့်ကြံသူရာချီ ရှိနေ၏။
“ ထျန်းလင်ဂိုဏ်း၊ ချမ့်လင်ဂိုဏ်းခွဲက ကျုပ် လီပဟန်က တရှားဘုရင် ရှကျိုးယွီရဲ့ တောင်းဆိုမှုနဲ့ ဒီအဓိပ္ပါယ်မရှိတဲ့စစ်ပွဲကို တားမြစ်နိုင်ဖို့ လာခဲ့တာပဲ”
ထိုဆံဖြူအဖိုးကြီး သက်ရောက်စေလိုက်သည့် ကျယ်ပြန့်သော အရှိန်အဝါကြောင့် အစပျိုးပြီးခါစ တိုက်ပွဲပင် တန်းလန်းကြီး ရပ်တန့်သွားခဲ့သည်။ အရှင်မင်းကြီးဆိုသော စကားလုံးကြောင့် ကျူးကော့လုံ အပျော်လွန်စွာ အရှေ့တိုးလာခဲ့သည်။
တစ်ချိန်ထဲမှာပဲ လီပဟန် အနောက်ရှိ အနက်ရောင်ဝတ်စုံနဲ့ လီယုဟန်သည် ရှကျိုးယွီ၏ ပုံရိပ်ကို ရှာဖွေနေခဲ့သည်။ သို့ပေမဲ့ ရင်းနီးနေသော မျက်နှာများဖြစ်သည့် ဟွမ်ပထျန်းနဲ့ ကျန်သောသူများကိုသာ တွေ့လိုက်ရ၏။
“ အဲ့ဒီအဖိုးကြီးငါးယောက်ကို အနိုင်ယူနိုင်မယ် ထင်လား”
ထျန်းလင်ဂိုဏ်း ပေါ်ပေါက်လာမှုကြောင့် ရှထိုက်အန်းတစ်ယောက် ဤတိုက်ပွဲအတွက် မျှော်လင့်ချက် မရှိတော့ပါချေ။
“ အရှင့်သား နောက်နေတာပါလား”
“ အဲဲ့ဒီနတ်ဘုရားလို ကျင့်ကြံသူဘိုးဘေးတွေကို ကျွန်တော်တို့ ဘယ်လို အနိုင်ယူရမှာလဲ”
ဟွမ်ပထျန်း စိတ်ဓာတ်ကျစွာ ပြောလိုက်ရင်း တပ်သားတွေကြားထဲက လူတစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
ထိုအချိန်မှသာ တပ်သားတွေကြားထဲ၌ ရုပ်ဖျက်ထားသော ရှကျိုးယွီ စိတ်သက်သာစွာ သက်ပြင်းချလိုက်တော့၏။
အဲ့ဒီကျူးကော့လုံ ပြဿနာ ရှာတော့မယ်မှန်း ငါသိနေတယ်။ တော်သေးလို့ ငါကြိုစီစဥ်ထားလို့ပေါ့။ ထျန်းလင်ဂိုဏ်းနဲ့ ပူးပေါင်းမဲ့ အစီအစဥ်ကြောင့် ထျန်းလင်ဂိုဏ်းဘက်က တစ်ကယ်ပဲ အကူလွှတ်ပေးခဲ့တယ်။ မဟုတ်ရင် ကျူးကော့လုံ သောက်အဘိုးကြီးက လျှာရှည်နေအုံးမှာ။
“ စောင့်ကြည့်ကြရအောင်။ ငါ့ရဲ့တူတော်မောင် မင်းကြီး ဘာတွေစီစဥ်ထားမလဲ အရမ်းသိချင်နေပြီ”
စိတ်ဝင်တစား ပြောဆိုလိုက်သော ရှထိုက်အန်း၏ စကားများကြောင့် တပ်သားများကြားထဲက ရှကျိုးယွီတစ်ယောက် ရှထိုက်အန်းအား အလွန်စာနာစွာ လှမ်းကြည့်လိုက်သည်။
သနားစရာ ဦးရီးတော်က ချောက်ချခံရတော့မယ်ကို မသိရှာသေးဘူး။ ခဏနေကျရင် သူ့ကို စင်ပေါ်တင်ပေးခံရတော့မယ်။
“ ကျုပ်တို့ထျန်းလင်ဂိုဏ်းက တရှားရဲ့တိုင်းပြည်ရေးကို ဝင်စွတ်ဖက်ဖို့ ရောက်လာတာမဟုတ်ဘူး”
“ ကျုပ်ရောက်လာခဲ့တာက အရှင်မင်းကြီး အပ်နှင်းထားတဲ့ ပွဲတော်တစ်ခုကို ဦးစီးဆောင်ရွက်ပေးဖို့ပဲ”
လီပဟန် ပြောပြီးသည်နှင့် လက်ထဲက စာရွက်ဖြူကို ငုံ့ကြည့်ကာ အနည်းငယ် တုန်ယင်သွားခဲ့သည်။ သူ့၏ အနှစ်တစ်ရာ အတွေ့အကြုံအတွင်းမှာ အခုလောက် ချဲ့ကားတာမျိုး မကြုံခဲ့ရဖူးဘူး။
“ ငါကိုယ်တော် ထီးနန်းကို ရှစ်နှစ်ကြာ စိုးစံခဲ့တယ်။ အခုလို ဦးရီးတော်နဲ့ တူတော်မောင်ကြား တိုက်ပွဲဖြစ်လာရတာ ငါကိုယ်တော်ရဲ့ အမှားပဲ။ ဒီလိုဖြစ်ရပ်မျိုးကို ငါကိုယ်တော် ဆက်မကြည့်နိုင်တော့ဘူး”
စိတ်ဝိညာဥ်စွမ်းအင်များ ပါဝင်နေသည့်နှယ် ကြည်ရှင်းသော လီပဟန်၏ အသံသည် ကွင်းပြင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။ တာအိုနှလုံးသားကို ပိုင်ဆိုင်ထားသည့် လီပဟန်ပင် နောက်ဆုံးစာကြောင်းကို ပြောဆိုချိန်၌ မနေနိုင်စွာ အသံတုန်သွားမိ၏။
“ ငါကိုယ်တော်ရဲ့ ဦးရီးတော်က ထီးနန်းကို ဒီလောက်လိုချင်နေမှတော့ ငါကိုယ်တော်က ပေးအပ်လိုက်မယ်”
လူတိုင်းအား ကျယ်လောင်စွာ ဖတ်ပြနေသော လီပဟန်၏ မျက်နှာထက်မှာပင် ခံစားချက်တစ်ချို့ ဝင်ရောက်လာ၏။
“ ဘာ..ဘာရယ်။ ဘာပြောလိုက်တာ”
“ ဘာကိစ္စ ငါကဘုရင် ဖြစ်လာရမှာလဲ”.
စာစောင်ကို ဆုံးအောင်ဖတ်ပြီးသည်နှင့် ရှထိုက်အန်း၏ အထိတ်တလန့် အော်သံကြီး ထွက်ပေါ်လာခဲ့သည်။
သောက်ကျိုးနည်း.ဘာတွေဖြစ်ကုန်တာလဲ။ ဘာကိစ္စ ငါက ဘုရင်ဖြစ်လာတာလဲ။ ငါက…ငါကလေ…
ချီးပဲဟေ့…
“ အရှင့်သား ကျေးဇူးပြုပြီး ထီးနန်းဆက်ခံပေးပါ”
“ အရှင့်သား ကျေးဇူးပြုပြီး ထီးနန်းဆက်ခံပေးပါ”
ထိုအချိန်မှာပဲ ဟွမ်ပထျန်း၏ အကြည့်တစ်ချက်နှင့် အချက်ပြခံလိုက်ရခြင်းကြောင့် နှင်းနဂါးမြို့၏ တပ်သားများအားလုံး ဒူးထောက်ကာ အကျယ်ကြီးတောင်းဆိုလိုက်ကြသည်။
ရှထိုက်အန်းတစ်ယောက်သာ အလွန်ရှုတ်ထွေးနေသော မျက်နှာနှင့် အကုန်လုံးကို သနားစဖွယ် ပတ်ကြည့်နေလေရဲ့…။
အဆုံးမှာတော့ လူအုပ်ကြားထဲရှိ ရင်းနှီးတဲ့ မျက်နှာတစ်ခုကို ရုတ်တရက် မှတ်မိသွားခဲ့သည်။