နောက်ဆုံးပွဲစဥ်
Vol. 20 Ch. 282
“ တူတော်မောင် မင်းကြီးလား”
“ တူတော်မောင် မင်းကြီး ဒီတစ်ချိန်လုံး တပ်သားတွေကြားထဲမှာ ပုန်းနေခဲ့တာလား”
ထိုအချိန်မှာပဲ ရှထိုက်အန်း၏ အံ့သြတကြီး အသံကြီးထွက်ပေါ်လာခဲ့သည်။ မယုံကြည်နိုင်မှုများ ပြည့်နေသော ထိုအက်ရှရှအသံဖြင့် ရှထိုက်အန်းတစ်ယောက် ရှကျိုးယွီရှိရာသို့ ကတုန်ကယင် လက်ညိုးထိုးလိုက်သည်။
သူ့ရဲ့တူတော်မောင် မင်းကြီးကတစ်ကယ်ကို ဗျူဟာရှင်ကြီိးပဲ။ ဒီလိုမျိုးပုန်းနေမယ်လို့ လုံးဝ မထင်ထားခဲ့မိဘူး။
“ ကောင်းပြီ ဦးရီးတော်။ ဦးရီးတော် အခု ထီးနန်းကို လက်ခံသင့်ပြီ”
တပ်သားတွေကြားထဲမှ ရှကျိုးယွီ အရှေ့ထွက်လိုက်ကာ ရှထိုက်အန်းကို ပုခုံးပုတ်လိုက်လေသည်။
“ မဖြစ်နိုင်တာ..။ ကျွန်တော်မျိုးမှာ အရှင်မင်းကြီးအရင်တုန်းက ပေးထားတဲ့ တော်ဝင်အမိန့်တော် ရှိသေးတယ်နော်”
“ ကျွန်တော်မျိုးက သစ္စာဖောက်တစ်ယောက် မဟုတ်ဘူး။ ဒါတွေအကုန်လုံးက အရှင်မင်းကြီးခိုင်းထားတာပဲ”
“နေအုံး..ဒါ ..ဒါဆို ကျွန်တော်မျိုးကို အကွက်ချ ကြံစည်လိုက်တာလား…”
ရှထိုက်အန်း၏ ခန္ဓာကိုယ်မှ ကြမ်းတမ်းသော အရှိန်အဝါတို့ ထွက်ပေါ်လာလေရဲ့။ ရှကျိုးယွီ၏ အကြိမ်ကြိမ် တိုးမြင့်ပေးထားမှုကြောင့် သူ့၏သန်မာမှုက ပထမအဆင့်သို့ တက်နိုင်လုနီးပါး ဖြစ်နေခဲ့ပြီပင်။
“ ဦးရီးတော် အရမ်းစိတ်လှုပ်ရှားနေပြီနဲ့ တူပါတယ်။ ထိန်းပါအုံး”
ထိုအချိန်မှာပဲ ရှကျိုးယွီက ဘယ်ကယူလိုက်မှန်း မသိသော အဝတ်စတစ်ခုဖြင့် ရှထိုက်အန်း၏ ပါးစပ်ကို စို့လိုက်သည်။ ဟွမ်းပထျန်းကို အချက်ပြလိုက်သည်နှင့် လူရည်နပ်သော ထိုသူက အနောက်က ကျင့်ကြံသူများကိုပါ ခေါ်ဆောင်ရင်း အရှေ့တိုးလာပြီး ရှထိုက်အန်း၏ ခြေတွေလက်တွေကို ကြိုးတုတ်လိုက်တော့သည်။
ထိုကိစ္စတွေအားလုံးသည် ရှထိုက်အန်း၏ ယာယီတဲအတွင်းမှာ ဖြစ်ပေါ်ခဲ့လေရာ အပြင်ဘက်ရှိ ကျူးကော့လုံနှင့် မြို့တပ်သား တစ်ယောက်မှ မသိရှိခဲ့ချေ။
ထျန်းလင်ဂိုဏ်း ပေါ်ပေါက်လာခြင်းကြောင့် မြို့တပ်သားများအားလုံး ကြောက်ရွံ့စွာ ဒူးထောက်ကျသွားလေသည်။
ထျန်းလင်ဂိုဏ်းသည် ချင်မင်းသားဘက်မှ တစ်ကယ်ကြီးရပ်တည်ပေးလာမည်ဟု ကျူးကော့လုံ.ဘယ်လိုမှ မမျှော်မှန်းမိခဲ့ပေ။ ထျန်းလင်ဂိုဏ်းသာ အရှေ့ထွက်လာလျှင် သူတို့ဘယ်လိုမှ အနိုင်မယူနိုင်တော့ဘူး။ နှစ်ဖက်လုံး အကြမ်းပတမ်းတိုက်ခိုက်ခဲ့လျှင် အကျိုးမရှိသော သေဆုံးခြင်းသာ ဖြစ်ပေါ်စေမည်။ ထို့အတူ အရှင်မင်းကြီး ကြိုးစားတည်ဆောက်ထားသော အရာအားလုံး ပျက်ဆီးရပြီး တစ်ခြားတိုင်းပြည်တွေ အကျိုးအမြတ်ရသွားနိုင်သည်။
ဘယ်လိုပင် အားတင်းပါစေ၊ ကျူးကော့လုံတစ်ယောက် စစ်ပွဲစတင်ဖို့ အမိန့်မထုတ်နိုင်ခဲ့ချေ။ ထိုသို့ဖြင့် ကျူးကော့လုံလည်း ဒူးထောက်ကျသွားကာ မျက်ရည်များစီးကျလာတော့၏။
ဘာလို့ဒီလောက်ထိ ဖြစ်ကုန်ရတာလဲ..
“ ဒီကပ်ဘေးကို မဖြေရှင်းနိုင်တာ ကျွန်တော်မျိုး အသုံးမကျလို့ပါ”
“ ကျွန်တော်မျိုး တာဝန်မကျေခဲ့ပါဘူး”
အလွန်ပူဆွေးဝမ်းနည်းစွာဖြင့် ကျူးကော့လုံ မတ်တပ်ထရပ်လိုက်ပြီး မြင့်မားသော မြို့ရိုးထိပ်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက်တွင် အပေါ်မြှောက်ထားသော သုံးပေဓားကို အရှိန်နဲ့လွှဲရိုက်ရင်း.သတ်သေတော့မည်… ထိုအချိန်မှာပဲ နူးညံ့သောလက်တစ်စုံ၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။ ထိုသူကား… သူ နေ့ညများစွာ စောင့်ဆိုင်းနေခဲ့သူပင်။
“ အရှင်မင်းကြီး ကျွန်တော်မျိုး တာဝန်မကျေပါဘူး”
မျက်ရည်အပြည့်နဲ့ တသိမ့်သိမ့် ငိုကြွေးလာသော ကျူးကော့လုံကြောင့် ရှကျိုးယွီပင် အနည်းငယ် အပြစ်ရှိစိတ် ခံစားလိုက်ရသည်။ တစ်ကယ်တော့ သူသည် ရှထိုက်အန်းကိုသာ လှည့်ဖျားချင်ခဲ့တာဖြစ်သည်။ အခုလို ကျူးကော့လုံ ဝင်ပါလာလိမ့်မည်ဟု မမျှော်လင့်ခဲ့မိချေ။
“ ဒါက ဘယ်သူရဲ့အမှားမှ မဟုတ်ပါဘူး။ တစ်ကယ်တော့ ငါကိုယ်တော် ပင်ပန်းနေပြီ”
ရှကျိုးယွီကိုယ့်ကိုယ်ကို အပြစ်တင်စွာဖြင့် အရှေ့တိုးကာ ကျူးကော့လုံ နားနား ကပ်ပြောလိုက်သည်။
“ ဒီတရှားတိုင်းပြည်ရဲ့ တဖြေးဖြေး တိုးတက်မှုကို ငါကိုယ်တော် ဆက်မစောင့်ကြည့်ပေးနိုင်မှာပဲ စိုးရတယ်”
“ အမတ်ချုပ် ငါကိုယ်တော့်အစား တရှားရဲ့ ထောက်တိုင်ဖြစ်လာပြီး တိုင်းပြည်ကို စောင့်ရှောက်ပေးနိုင်မလား”
ကျူးကော့လုံ ချက်ချင်း သဘောပေါက်လိုက်သည်။ အရှင်မင်းကြီးက အမုန်းတရားတွေ မထားလိုသည့်အတွက် သူ့အား ကိုယ်တိုင်ကိုယ်ကျ လာရှင်းပြပေးတာပါလား…။
“ ဒါပေမဲ့ အရှင်မင်းကြီးက ဘာဆက်လုပ်မှာပါလဲ”
ကျူးကော့လုံ၏ အလွန်ဝမ်းနည်းနေပုံကြောင့် ရှကျိုးယွီ တစ်ယောက် ရယ်ချင်စိတ်ကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။ သူ့မျက်နှာထက်မှာ ကျယ်ပြန့်သော အပြုံးတစ်ခု ဝင်ရောက်လာခဲ့သည်။
“ ဟဟ ငါကိုယ်တော်က ကောင်းကင်ဘို တက်လှမ်းကြွမြန်းရင်း အခုကစပြီး အပူအပင် မရှိ ရှင်သန်တော့မှာပေါ့ကွ”
ကျူးကော့လုံ ဆွံ့အသွားလေရဲ့…။ ရှကျိုးယွီ၏ ဆိုလိုရင်းကို နားလည်လိုက်သည်နှင့် ကြီးမားစွာ ချီးမြှောက်နိုင်စေရန် ချက်ချင်း ဒူးထောက်ချလိုက်ပြီး ကိုးကြိမ်ခန့် အရိုအသေပေးလိုက်သည်။
“ တရှားတိုင်းပြည်ရဲ့ကိုယ်စား အရှင်မင်းကြီးရဲ့ ကြင်နာမှုတွေကို ကျွန်တော်မျိုး ကျေးဇူးတင်ပါတယ်”
“ အရှင်မင်းကြီး အထက်ဘုံကို တက်လှမ်းနိုင်ပြီး တစ်ဘဝလုံး အေးချမ်းပါစေ”
ကျူးကော့လုံသည် မျက်ရည်အပြည့်ဖြင့် တောက်ပစွာ ပြုံးပြလိုက်သည်။
ရှကျိုးယွီ ချက်ချင်းပင် အနေခက်စွာ လက်ယမ်းပြလိုက်လေ၏။ ထိုအမတ်၏ စကားလုံးများက အမှန်တရားဆိုသော်ငြား ကိန်းကြီးခန်းကြီး စကားလုံးများကြောင့် ကြားရတာ ထူးဆန်းသလို ခံစားရစေသည်လေ…။
“ဒါဆို ချင်မင်းသားကို မင်းနဲ့အတူခေါ်သွားပြီး နန်းတက်ပွဲအတွက် ပြင်ဆင်လိုက်တော့”
ရှကျိုးယွီ၏ အချက်ပြမှုကြောင့် ဟွမ်ပထျန်းနှင့် နှင်းနဂါးမြို့၏ ကျင့်ကြံသူများ အရှေ့တိုးလာခဲ့သည်။
ပေါက်စီတစ်လုံးလို တင်းကျပ်စွာ ထုတ်ပိုးခံထားရသော ရှထိုက်အန်းကို တပ်သားများအားလုံး အံ့သြစွာ ကြည့်လိုက်ကြ၏။ ထိုသူကလည်း ကြောင်အစွာ ပြန်ကြည့်နေခဲ့သည်။
အချိန်တစ်ခဏ ကြာသည်အထိ ဘယ်သူက သစ္စာဖောက်မှန်း မဝေခွဲနိုင်တော့ချေ။
…..
ထိုက်အန်းမြို့တော်ကြီးတစ်ခုလုံးသည် အသက်ဝင်လှုပ်ရှားနေခဲ့သည်။ ပင်မလမ်းတစ်လျှောက်တွင် တော်ဝင်နန်းတက်ပွဲ အခမ်းအနားအတွက် တရှား၏အလံတော်များကို ချိတ်ဆွဲထားပြီး တော်ဝင်အစောင့်များသည် အသင့်စောင့်နေခဲ့သည်။
“ မင်္ဂလာအချိန် ကျရောက်လာပါပြီ”
အပြင်ဘက်က အရာရှိများ၏ ကျယ်လောင်သောတင်ပြချက်ကြောင့် ရှထိုက်အန်း အလွန်တွန့်ဆုတ်စွာ ဝတ်ရုံတော် လဲလိုက်ရ၏။ နဂါးပုလ္လင်ပေါ် ထိုင်ပြီးသည်နှင့် အရှင်မင်းကြီးအသစ်အားကြိုဆိုရန် အမတ်များအားလုံး တစ်ညီတစ်ညာထဲ ကိုးကြိမ်တိတိ အရိုအသေ ပေးလိုက်ကြသည်။
“ အရှင်မင်းကြီးအသစ် ထီးနန်းတက်ရောက်မှုကြောင့် တိုင်းပြည်ရဲ့ နာမည်ကို ရှန့် အဖြစ် ပြောင်းလဲခေါ်တွင်မည်”
ထိုတော်ဝင်အမိန့်တော်သည် ရုံးတော်တစ်ခုလုံးကို မွှေနှောက်သွားသော်ငြား အမတ်ချုပ် ကျူးကော့လုံနှင့် လီလင်ပုတို့သာ တည်ငြိမ်စွာ ရှိနေခဲ့သည်။
ရှန့် မင်းဆက်၏ ဘုရင်အသစ် ရှထိုက်အန်းကတော့ ကူကယ်ရာမဲ့စွာဖြင့် လက်တစ်ဖက်သာ ယမ်းပြလိုက်၏။
ဒါတွေအားလုံးကို ရှကျိုးယွီ စီစဥ်ထားတာပဲ။ ကြည့်ရတာ ဘယ်သူမှ မတားနိုင်တော့ဘူးနဲ့ တူပါတယ်…
ထိုအချိန်မှာပဲ ထောင့်နားမှ ရပ်ကြည့်နေသော လူတစ်ဦးသည် အေးစက်သော စက်ရုပ်သံတစ်ခုကို ကြားလိုက်ရသည်။
( ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ တရှားကိုပုန်ကန်သူတွေက သိမ်းပိုက်ခဲ့ပြီး မင်းဆက်အသစ် ပြောင်းလဲခံလိုက်ရသည့်အတွက် အရင်မင်းဆက်ဟောင်းရဲ့ ကံကြမ္မာအမှတ်တွေ လုံးဝပြောင်းလဲခဲ့ပါပြီ)
( စနစ်၏ အကြီးဆုံးဆုလာဘ်ဖြစ်သော အထက်ဘုံအားလုံးကို တက်ရောက်နိုင်မဲ့ အင်မောတယ် ဘိုးဘေးကြီး ဖြစ်လာပါပြီ)
ရှကျိုးယွီတစ်ယောက် စိတ်ဝိညာဥ်အတွင်းမှ တဖြေးဖြေး သိပ်သည်းလာသော ဆန်းကြယ်သည့်စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ သူ့၏ဝိညာဥ်က တဖြေးဖြေး မြင့်တက်နေရင်း အဆုံးမှာ ထျန့်ရှန်းနယ်မြေကြီးတစ်ခုလုံးကို အပေါ်မှ စီးမိုးကြည့်လိုက်ရသည့်နှယ် ခံစားလိုက်ရသည်။
…….
ဒါကတော့ တရှားမင်းဆက်၏ နောက်ဆုံးဘုရင် ရှကျိုးယွီ၏ မှတ်တမ်းအကြောင်းအရာများ ဖြစ်သည်။
ထီးနန်းဆက်ခံပြီးနောက်တွင် ထိုဘုရင်က ထူးချွန်စွာအုပ်ချုပ်နိုင်ရုံတင်မကဘူး။ တစ်ခါတစ်ရံ နားမလည်နိုင်သောအမိန့်များ ပေးတတ်သည်။ ထိုပုဂ္ဂိုလ်၏ ဗျူဟာဉာဏ်ရည်သည် နှိုင်းယှဥ်မရသော သာလွန်မှုကို ပိုင်ဆိုင်ထားသည်။
နယ်စပ်၌တည်ဆောက်ထားသော တရှား၏မဟာတံတိုင်းသည် ခေတ်အဆက်ဆက်တွင် ပြည်ပရန်သူများအား ကာကွယ်ပေးခဲ့ပြီး ကမ္ဘာပေါ်၏ မဟာအံ့ဖွယ် အဆင့်သုံးနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
တိုင်းပြည်အတွင်းရှိ ထိုက်ယွမ်တူးမြောင်းသည် မျိုးဆက်များစွာကို အကျိုးပြုခဲ့သည်။ ကျန်းနန်မြို့၏ ဆည်မြောင်းဆောက်လုပ်ရေး စီမံကိန်းကြောင့် တိုင်းပြည်၏ စီးပွားရေးပိုင်းကို မြှင့်တင်နိုင်ခဲ့သည်။
ထို့အပြင် ထိုသူက တိုင်းပြည်အတွင်းမှာပဲ စိတ်ဝိညာဥ်စွမ်းအင် စုဆောင်းသောအစီအရင်ကို ဖန်တီးခဲ့ပြီး စိတ်ဝိညာဥ်ကျောက်တုံး ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် ငွေကြေးပုံစံအသစ်ကို လမ်းကြောင်းပေးခဲ့သူဖြစ်သည်။ ထိုကြောင့် ပညာရှင်များက ဘုရင်ရှကျိုးယွီကို ခေတ်သစ်ဖန်တီးသူအဖြစ် တင်စားကြသည်။
ထိုအချက်အလက်များကို ရှန့်မင်းဆက်သစ် ရှထိုက်အန်းက အကျယ်တဝန်းထုတ်ပြန်ခဲ့တာဖြစ်သည်။ ရှန့်မင်းဆက်သည် ထျန့်ရှန်းနယ်မြေကြီးကို နှစ်သောင်းချီ အုပ်စိုးနိုင်ခဲ့ပြီး ဘုရင်ရှကျိုးယွီအား ဘိုးဘေးအဖြစ် နယ်ကြီးတစ်ခုလုံးက လေးစားခဲ့ကြလေသည်။
“ ကြည့် စာအုပ်ထဲမှာ အဲ့လိုပြောထားတယ်”
“ ငါပြောတာ မမှားပါဘူးဆို”
ဆံပင်ဂုတ်ဝဲနှင့် ကျောင်းဝတ်စုံဝတ်ထားသော ကောင်မလေးက သူမ၏ ဘေးရှိ အလွန်ချောမောပုံရှိသော ကောင်လေးကို လက်ညိုးထိုးရင်း ပြောလိုက်လေရဲ့။
“ ဒါကြောင့် ငါတို့ကို ရှားနဲ့ရှန့်မင်းဆက်ရဲ့ မျိုးဆက်သစ်တွေလို့ခေါ်တာတဲ့”
“ ဒီလောက်လွယ်တဲ့ဟာကို နင်က နားကိုမလည်ဘူး”
မိန်းမလှလေးက မျက်လုံးတစ်ဖက်မှိတ်ပြရင်း ထိုကောင်လေး၏ လက်မောင်းကို ချိတ်ဆွဲလိုက်သည်။
“ အရမ်းကြာသွားတော့ ကိုယ်သေချာ မမှတ်မိတော့ဘူး”
ခပ်ချောချော ကောင်လေးက အတွေးလွန်နေဟန်ပင်။
ငါဒီနေရာကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ… နှစ်တစ်ထောင်..နှစ်တစ်သောင်း…
သေချာမသိတော့ဘူးပဲ။
“ ထာဝရ အသက်ရှင်ရတာ တစ်ကယ်ကြာတာပဲ”
ထိုကောင်လေးက ခေါင်းငုံ့ရင်း ခပ်တိုးတိုး ပြောလိုက်သည်။
“ ဟေ့ နင်ဘာတွေ ပြောနေတာလဲ”
“ မြန်မြန်စာအုပ်သိမ်းတော့၊ အိမ်ပြန်လို့ရပြီနဲ့တူတယ်”
ထိုကောင်မလေး၏ မျက်နှာ ရုတ်တရက်လှည့်လာသည်နှင့် ကောင်လေးက ခံစားချက်များကို ထိန်းသိမ်းလိုက်ဟန်ရှိသည်။
“ ကောင်းပြီ၊ အိမ်ပြန်ကြတာပေါ့”