အရှေ့နဂါးကျွန်း
Vol. 26 Ch. 364
အခန်း (၃၆၄) အရှေ့နဂါးကျွန်း
ရန်ကျောက်ကဲ၏ မြောက်ဖျားဒေသခရီးစဉ်က အောင်မြင်မှုရှိသည်ဟု ဆိုရမည်။
သူ ချမှတ်ထားသော ရည်မှန်းချက်များအားလုံး ပြီးမြောက်အောင်ဆောင်ရွက်နိုင်သည့်အပြင် တွေးထားသည်ထက်ပိုပြီး အကျိုးအမြတ်များ ရရှိခဲ့၏။
သို့သော် တကယ်တမ်းတွင် ပြဿနာအချို့ ရှိခဲ့သည်။
ပကတိရေခဲသွေးကြောအခွဲတည်ရှိရာ ရေခဲဂူထဲတွင် အစီအရင်ပြုလုပ်နေရင်း ကံဆိုးစွာပင် အနက်ရောင်အိပ်မက်ဆိုးတောင်မှ အကြွင်းအကျန် သိုင်းဆရာသခင်က သူ့ကိုရှာတွေ့သွားသည်။ ထိုသူက ကောင်းကင်မိုးကြိုးခန်းမမှ အုပ်စုကို စစ်ကူသွားခေါ်လာသည်။
နောက်ဆုံး သူ၏အစီအစဉ်အောင်မြင်ခဲ့ပြီး ရန်သူတစ်ဝက်ကျော်ကို သတ်ဖြတ်နိုင်ခဲ့သည့်တိုင် “ပကတိရေခဲသွေးကြော” သတင်းကတော့ ပေါက်ကြားပျံ့နှံ့သွားသည်ပင်။
ထိုသတင်းက နေသူတော်စင်ဂိုဏ်း နားထဲသို့လည်း သေချာပေါက် ရောက်ရှိသွားမည် ဖြစ်သည်။
တောင်ပိုင်းမြေအောက်နန်းတော်က နေသူတော်စင်ဂိုဏ်းတန်ဖိုးထားသော အထွတ်ထိပ်နယ်မြေတစ်ခု ဖြစ်လေရာ ထိုနေရာနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု အမှားအယွင်းဖြစ်ပေါ်ပါက သေသေချာချာ စုံစမ်းစစ်ဆေးကြမည် ဖြစ်သည်။
တောင်ပိုင်းမြေအောက်နန်းတော်က အလိုလိုနေရင်း ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသော်လည်း မြေပြင်သွေးကြောများ ပြောင်းလဲမှုကြောင့် ထိုသို့ဖြစ်ရကြောင်း အနည်းနှင့်အများ ခန့်မှန်းနိုင်ပေလိမ့်မည်။
အမတနှင်းနန်းတော်မှ ကောင်းကင်ရေခဲစမ်းချောင်းများ ခမ်းခြောက်သွားသော ဒဏ္ဍာရီဇာတ်လမ်းက လက်ရှိကမ္ဘာတွင် အတော်များများ သိရှိကြသည့်ဇာတ်လမ်း ဖြစ်သည်။ အမတနှင်းနန်းတော်ဒဏ္ဍာရီအဖြစ်အပျက်နှင့် တောင်ပိုင်းမြေအောက်နန်းတော် အပြောင်းအလဲက မသက်ဆိုင်ဟု ထင်ရသော်လည်း အနည်းငယ် ဆက်စပ်တွေးတောကြည့်ပါက အခြေအနေများကို ချိတ်ဆက်ကြည့်နိုင်မည် ဖြစ်သည်။
နောက်ဆုံးတော့ ‘ရန်ကျောက်ကဲ’ ဆိုသော သူ့ထံသို့ မြားဦးလှည့်လာမည်မှာ အမှန်ပင်။
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“ရေခဲဂူထဲက ပကတိရေခဲသွေးကြော ပေါက်ကွဲထွက်သွားတော့ ငါလုပ်ခဲ့တဲ့အစီအရင်တွေနဲ့ပတ်သက်ပြီး ဘာသဲလွန်စမှ မကျန်ခဲ့ဘူး ၊ ဒီတော့ ငါလုပ်တယ်လို့ ဘာသက်သေမှ မရှိဘူး ၊ ဒါပေမဲ့... ဟားဟား သက်သေမရှိပေမယ့် နေသူတော်စင်ဂိုဏ်းနဲ့ ငါက ရင်ဘတ်ချင်းရင်းနှီးတော့ မပြောလည်း ငါ့လက်ချက်မှန်းသိမှာပဲ အဟက်ဟက်...”
ကောင်းကင်မိုးကြိုးခန်းမထက်ဆာလျှင် နေသူတော်စင်ဂိုဏ်းက သူ့ကိုပိုပြီး အပြတ်ရှင်းချင်ပေလိမ့်မည်။
“ဘယ်သူအစွမ်းပိုကြီးလဲ ကြည့်ကြတာပေါ့”
ထိုသို့တွေးရင်း ရန်ကျောက်ကဲမျက်ဝန်းများ အေးစက်သွားသည်။
ဝါဒတောင်တွင် ခြေချပြီးကတည်းက သူနှင့် နေသူတော်စင်ဂိုဏ်းသည် နောက်ပြန်ဆုတ်မရသည့် ကံကြမ္မာရန်သူများအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဖြစ်သည်။
ရန်ကျောက်ကဲတို့အုပ်စု စုန့်ချောင်နှင့်အတူ အရှေ့နဂါးကျွန်းထက် လမ်းလျှောက်လာကြသည်။
အရှေ့နဂါးကျွန်းက အလွန်တရာကြီးမားလေရာ အချိန်အတန်ကြာအောင် လမ်းလျှောက်ပြီးမှ ကျွန်း၏အလယ်ဗဟိုတွင်ရှိသော “ကျောက်စိမ်းပင်လယ်မြို့တော်” သို့ ရောက်ရှိလာကြသည်။
ရန်ကျောက်ကဲက ကျောက်စိမ်းပင်လယ်မြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သော်လည်း မြို့တော်ဖွဲ့စည်းပုံကို သိရှိထားသူ ဖြစ်သည်။
ကျောက်စိမ်းပင်လယ်မြို့တော်ကို အတွင်းပိုင်းမြို့တော်နှင့် အပြင်ပိုင်းမြို့တော်ဟု ခွဲခြားထားသည်။
အပြင်ပိုင်းမြို့တော်က ‘အရှေ့နဂါးကျွန်း’ ၏မဏ္ဍိုင်ဗဟိုချက်ဖြစ်ပြီး နိုင်ငံရေး စီးပွားရေး အချက်အချာ ဖြစ်သည်။
အရှေ့ပင်လယ်မှ ကုန်စည်ရောင်ဝယ်ခြင်းများကို အကြီးကျယ်ဆုံး ပြုလုပ်သည့်နေရာဖြစ်လေရာ လူမျိုးစုံ ဝင်ထွက်သွားလာ စုဝေးရာနေရဖြစ်သည်။
သိုင်းသမားများသာမက သာမန်လူများလည်း များပြားစွာရှိကြသည်။
အတွင်းပိုင်းမြို့တော်ကတော့ “ကျောက်စိမ်းပင်လယ်မြို့တော်” အစစ်ဟု ခေါ်ဆိုပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ ရေနယ်မြေကို အုပ်စိုးသော ထိပ်သီးသိုင်းဂိုဏ်းကြီး တည်ရှိရာဖြစ်သည်။
ထိုနေရာတွင် ကျောက်စိမ်းပင်လယ်မြို့တော်မှ တပည့်များနေထိုင်ကြပြီး ကျင့်ကြံခြင်းပြုလုပ်ကြသည်။ ကျောက်စိမ်းပင်လယ်မြို့တော်’ အရေးပါသောဒေသများသည်လည်း အတွင်းပိုင်းမြို့တော်တွင် တည်ရှိသည်။
စစ်ခုန်ချင်းသည် အရောင်အသွေးစုံလင်းသော ရှုခင်းများနှင့် ဥဒဟိုသွားလာနေသည့် လူပေါင်းစုံကို ငေးကြည့်နေသည်။
ကျောက်စိမ်းပင်လယ်မြို့တော်က သူမသိရှိထားသော ယေဘူယျအသိများဖြင့် အနည်းငယ် ကွဲလွဲနေသဖြင့် စိတ်ဝင်စားနေမိသည်။
ထိပ်သီးသိုင်းဂိုဏ်းကြီးများ၏ ဌာနချုပ်တည်ရှိရာ ပတ်ဝန်းကျင်ဒေသများတွင် သာမန်လူများအခြေချနေထိုင်သည့် မြို့ရွာများ ရှိကြသည်မှာ သဘာဝပင် ဖြစ်သည်။ သို့သော် ထိကပ်သီးသိုင်းဂိုဏ်းကြီးများ တည်ရှိရာနေရာတွင်တော့ လူသူကင်းရှင်းပြီး အေးချမ်းတိတ်ဆိတ်လေ့ရှိသည်။
ဝါဒတောင်အနီးတစ်ဝိုက်တွင်လည်း မြို့ရွာများစွာ တည်ရှိသည်ပင်။ သို့သော် ဝါဒတောင်တည်ရှိရာ တောင်ထွတ်ရှစ်ခုတွင်တော့ ဝါဒတောင်တပည့်များသာလျှင် ဝင်ထွက်သွားလာ နေထိုင်ခွင့် ရှိပြီး သာမန်လူများ ခြေချခွင့် မရှိပေ။
နေသူတော်စင်ဂိုဏ်း၏ ကမ္ဘာအလင်းတောင်ထွတ်ဆိုလျှင် ပတ်ဝန်းကျင် မိုင် (၅၀)ပတ်လည်အတွင်း သာမန်လူများအား ဝင်ရောက်ခွင့်မပြုပေ။
မိုင်ပေါင်းသောင်းချီရှည်လျားသည့် အဆုံးမဲ့တောင်တန်း၏ အဓိကတောင်ထွတ်ကြီးထက်တွင် “အဆုံးမဲ့တောင်တန်း” ထိပ်သီးသိုင်းဂိုဏ်း တည်ရှိသည်။ ထိုနေရာပတ်ဝန်းကျင်သို့ တံငါသည်ပင်ဖြစ်စေ ၊ မုဆိုးပင်ဖြစ်စေ ခြေတစ်လှမ်း မချရဲကြပေ။
လှိုင်းနက်ဂေဟာဆိုလျှင်လည်း ရေကန်နယ်မြေအလယ်ဗဟိုရှိ ပင်မကျွန်းကြီးထက်တွင် ထီးတည်းကြီးတည်ရှိပြီး ထိုနေရာတွင် လှိုင်းနက်ဂေဟာမှ တပည့်များသာလျှင် ဝင်ထွက်သွားလာ နေထိုင်ကြသည်။ ပတ်ဝန်းကျင်တွင် ရေကန်များစွာနှင့် ရွာပေါင်းများစွာတည်ရှိသော်လည်း ပင်မကျွန်းကြီးထက်သို့ မည်သူမှ လာရောက်ပတ်သက်ခြင်း မပြုလုပ်ကြပေ။
ကောင်းကင်မိုးကြိုးခန်းမကတော့ တစ်နှစ်ပတ်လုံး မိုးကြိုးမုန်တိုင်းများ ပြင်းထန်နေသဖြင့် မည်သူမှ မချဉ်းကပ်ကြပေ။
ထိပ်သီးသိုင်းဂိုဏ်းကြီးများ တည်ရှိရာနေရာတိုင်းက အေးဆေးပြီး ဝိညာဉ်စွမ်းအား ကောင်းမွန်ကြသည်။
ထိုနေရာများတွင် ဝိညာဉ်စွမ်းအားစီးဆင်းမှု ရေရှည်တည်တံ့စေရန်အတွက် သာမန်လူများကို မလာရောက်စေရန် ကန့်သတ်ထားခြင်း ဖြစ်၏။
ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ တပည့်များအနေဖြင့် ပြင်ပလောကသို့ထွက်ခွာပြီး သာမန်လူများနှင့် ရင်းနှီးမှုရယူနိုင်သော်လည်း ဂိုဏ်းတွင်းလျှို့ဝှက်ချက်များနှင့် ထူးခြားချက်များကိုတော့ ထိန်းသိမ်းထားရမည်ဖြစ်သည်။ မဟုတ်ပါက ထိပ်သီးသိုင်းဂိုဏ်းကြီးများ၏ အကျိုးအမြတ်များနှင့် ပထမအဆင့် ၊ ဒုတိယအဆင့် စွမ်းအားစုများအတွက် ခြိမ်းခြောက်မှုများ ရှိလာနိုင်ပေသည်။
သို့သော် တခြားထိပ်သီးသိုင်းဂိုဏ်းကြီးများနှင့် ယှဉ်လျှင် ကျောက်စိမ်းပင်လယ်မြို့တော်က အနည်းငယ် လွဲချော်နေပေသည်။
သူတို့ လမ်းလျှောက်လာကြရင်း စုန်ချောင်က စကားဆိုသည်။
“မင်းတို့ဂိုဏ်းက အကြီးအကဲ’ဖုန်း’ နဲ့ ညီလေး’ဖုန်း’ လည်း ဒီကိုရောက်နေတယ် ၊ သူတို့လည်း မြို့တော်ထဲမှာပဲ ရှိတယ်”
ရန်ကျောက်ကဲက အနည်းငယ် အံ့အားသင့်စွာဖြင့်...
“ဟင်... ဟုတ်လား ၊ ဆရာဦးလေး’ဖုန်း’ နဲ့ ဂိုဏ်းတူညီလေး’ဖုန်း’ လည်း ဒီကိုရောက်နေတာလား”
ရန်ကျောက်ကဲနောက်မှ လိုက်လာသော အားဟူကတော့ မျက်တောင်များပုတ်ခတ်ပုတ်ခတ် လုပ်နေ၏။
အကြီးအကဲ’ဖုန်း’ ၏အမည်က ‘ဖုန်းချီ’ ဖြစ်ပြီး ဝါဒတောင်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်သလို ရန်ကျောက်ကဲ၏ဖခင် ရန်တိနှင့် အတော်လေး ခင်မင်ရင်းနှီးသည်။
ဖုန်းချီ၏သားဖြစ်သူ ‘ဖုန်းမော့ယန်’ က ရန်ကျောက်ကဲနှင့် သက်တူရွယ်တူဖြစ်ပြီး ဝါဒတောင်တွင် သိုင်းပညာသင်ယူရင်း အတူတူကြီးပြင်းခဲ့ကြသူများ ဖြစ်သည်။
ဖုန်းချီက အရှေ့ထန်ဘုရင် ‘ကျောက်ရှီချန်း’ ၊ လေလှိုင်းဓားဂိုဏ်းမှ အကြီးအကဲ ‘ကျွင်းကျိယွမ်’ တို့ကဲ့သို့ ရန်ကျောက်ကဲ၏ဖခင် ရန်တိနှင့် ခင်မင်ရင်းနှီးသူ ဖြစ်သည်။
သူတို့သားအဖ နှစ်ယောက်လုံးက အဂ္ဂိရတ်ပညာနှင့် ဆေးပညာ ကျွမ်းကျင်ကြသည်။ သူတို့ တောင်ပေါ်မှဆင်းသွားသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပြီး ပင်လယ်တစ်ဖက်ခြမ်းတွင် ဆေးဝါးများ ရှာဖွေနေခဲ့ကြသည်။
ယခု ဖုန်းချီနှင့် ဖုန်းမော့ယန်တို့ ကျောက်စိမ်းပင်လယ်မြို့တော်တွင် ရှိနေကြသည်ကို ရန်ကျောက်ကဲ မသိရှိခဲ့ပေ။
စုန့်ချောင်က...
“ဟုတ်တယ် ၊ ကောင်းကင်နယ်မြေအပြန်လမ်းမှာ သူတို့တွေ ဒီကဖြတ်သွားရင်း ဆေးဖက်ဝင်ပစ္စည်းတွေ ရှာဖွေနေကြတာ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အင်း... ငါတို့တွေ မတွေ့တာတောင် အတော်ကြာနေပြီ ၊ သူတို့ကို အမြန်သွားနှုတ်ဆက်ရမယ်”
ရန်ကျောက်ကဲ၏ လက်ရှိအဆင့်အတန်း ရာထူးဖြင့်ဆိုလျှင် ကျောက်စိမ်းပင်လယ်မြို့တော်သို့ရောက်သည်နှင့် မြို့တော်သခင် ‘စုန့်ဝူလျန်’ ကို အရင်ဆုံး တွေ့ဆုံဂါရဝပြုရမည် ဖြစ်သည်။ အနည်းဆုံးတော့ ရန်ကျောက်ကဲဆိုသည်က လူငယ်မျိုးဆက်တစ်ယောက်ဆိုခြင်းထက် သာလွန်သူတစ်ယောက် မဟုတ်ပါလား။
သို့သော် ကျောက်စိမ်းပင်လယ်မြို့တော်၏ မြို့တော်သခင် ‘စုန့်ဝူလျန်’ က တံခါးပိတ်ကျင့်ကြံနေခဲ့သည်ဟု ဆိုလေသည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“အား... ဒါ ဆိုးတာပဲ ၊ မြို့တော်သခင်ကို တွေ့ခွင့်မရတော့ဘူး”
သူ့ရှေ့တွင်ရှိနေသည့် ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲက မုတ်ဆိတ်ရှည်များကိုပွတ်သပ်ကာ ပြုံးလိုက်ရင်း...
“မြောက်ဖျားဒေသမှာ ကျောက်ကဲက ကောင်းကင်မိုးကြိုးခန်းမကို အထိနာအောင် လုပ်လိုက်နိုင်တာ တကယ့်ကိုထူးခြားဖြစ်ရပ်ပါပဲလို့ မြို့တော်သခင် တံခါးပိတ်မကျင့်ကြံခင်က ပြောသွားပါတယ်လေ”
သူက ဖော်ဖော်ရွေရွေဖြင့်ပင် ဆက်ပြောသည်။
“ကျောက်ကဲ... ဘာမှထွေထွေထူးထူးကိစ္စမရှိရင် ကျောက်စိမ်းပင်လယ်မြို့တော်မှာ ရက်ကြာကြာနေဦးပေါ့ ၊ မြို့တော်သခင်ကလည်း မင်းကို တွေ့ချင်နေတာလေ”
စုန့်ဝူလျန်နှင့် မတွေ့ဆုံရသော်လည်း ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲတစ်ယောက်က အတွင်းပိုင်းမြို့တော်တံခါးအထိ ရန်ကျောက်ကဲကို လာရောက်ကြိုဆိုသည်။ ဤသည်က ရန်ကျောက်ကဲကို အတော်လေး မျက်နှာရစေသည်ပင်။
ထိုအကြီးအကဲက ကျောက်စိမ်းပင်လယ်မြို့တော်၏ ပြင်ပရေးရာ ပထမအဆင့်ထိပ်တန်းအကြီးအကဲဖြစ်ပြီး သိုင်းဆရာသခင် နဝမအဆင့်ဖြစ်သော အမတလက်ဖွဲ့နှောင်းပိုင်းအဆင့် သိုင်းဆရာသခင် တစ်ယောက်ဖြစ်၏။
ရန်ကျောက်ကဲက ပြုံးရင်း...
“မြို့တော်သခင်’စုန့်’က အားနာနေပြန်ပါပြီ ၊ ကျွန်တော် အချိန်အတိုင်းအတာတစ်ခုအထိ ဒီမှာနေဖို့ ရည်ရွယ်ထားပေမယ့် မြို့တော်သခင် တံခါးပိတ်ကျင့်ကြံရာက ထွက်လာတဲ့အထိတော့ ဆက်ရှိနေဦးမလား မသေချာပါဘူး”
စကားစမြည်ပြောဆိုကြရင်း ကျောက်စိမ်းပင်လယ်မြို့တော်မှလူများက ရန်ကျောက်ကဲတို့အုပ်စုအား တည်းခိုရန်ပြင်ဆင်ထားသည့်နေရာဆီသို့ လိုက်ပါပို့ဆောင်ပေးသည်။
ရန်ကျောက်ကဲနှင့် အခြားသူများ အခြေကျနေထိုင်ပြီးနောက် ခဏအကြာတွင် လူငယ်တစ်ယောက် ရန်ကျောက်ကဲနေထိုင်ရာ အိမ်တံခါးဝသို့ ရောက်လာသည်။
ထိုလူငယ်ကိုတွေ့တော့ ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ငါက အခုပဲ ဆရာဦးလေး’ဖုန်း’ နဲ့ သွားတွေ့မလို့လုပ်နေတာ ၊ မင်းက ရောက်လာတယ်”
ထိုလူငယ်က ရန်ကျောက်ကဲ၏ ဂိုဏ်းတူညီ ‘ဖုန်းမော့ယန်’ ဖြစ်သည်။ သူက ရုပ်ရည်ချောမောပြေပြစ်ပြီး စိတ်ထားနွေးထွေးရင့်ကျက်ဟန် ရှိ၏။
ရန်ကျောက်ကဲကိုတွေ့တော့ ဖုန်းမော့ယန်ကလည်း ပြုံးလိုက်ရင်း...
“အဖေက ဆေးလုံးတစ်မျိုးဖော်ဆပ်နေလို့ နောက်တစ်ပတ်လောက်မှ အပြင်ထွက်လာလိမ့်မယ် ၊ ဂိုဏ်းတူအစ်ကို’ရန်’ လာတွေ့မယ်ဆိုတာသိလို့ ငါက အရင်ဦးအောင် လာတွေ့ရတာ”
ရန်ကျောက်ကဲက...
“မင်းတို့နဲ့ဆုံရတာ အချိန်မီပါပဲ ၊ ငါက မင်းနဲ့ ဆရာဦးလေး’ဖုန်း’ ဆီက အကူအညီတောင်းစရာရှိလို့”