ရတနာသင်္ဘော ... ။
Vol. 57 Ch. 676
အရုဏ်ဦး၏အလင်းရောင်သည် မရဏကမ္ဘာ၏အမှောင်ကို ထိုးဖောက်ဝင်ရောက် လာသည်နှင့်အမျှ ထောင်စုနှစ်တစ်ကြိမ်တိုင် မီးပုံးပွဲတော်ကြီး ပျောက်ကွယ်သွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်သည့် ဝိညာဉ်များသည် ပြန်လည်ပြန့်ကျဲသွားတော့၏။
နံနက်ခင်းအလင်းရောင်အောက်တွင် ခရမ်းရောင်မြို့သည် ပျက်စီးခြင်းနှင့် ပြည့်နှက် နေချေပြီ။ မြို့ပြင်၌တောင်များနှင့် မြစ်များ ညှိုးနွမ်းကာ သစ်တောကြီးများအားလုံး ပြာများအဖြစ်သို့ ပြောင်းလဲကုန်၏။
မြို့တော်အတွင်း၌လည်း မရေမတွက်နိုင်သော လမ်းမများနှင့် လမ်းသွယ် အဆောက်အအုံများ ပြိုကျကုန်သည်။
အရာအားလုံးသည် မနေ့ညက သတ်ဖြတ်မှုနှင့် မငြိမ်မသက်မှုများသည် မည်မျှ ပြင်းထန်နေကြောင်းကို အရိပ်အမြွက်ပြသည်။
သို့တိုင် စွေမိသားစုဝင်များ၏ မျက်နှာများသည် အကန့်အသတ်မဲ့ ပျှော်ရွှင်မှု၊ တက်ကြွမှုများ ထင်ဟပ်နေ၏။
သူတို့ စွမ်းအားဖြင့် မနေ့ညက ဆိုးရွားလှသော ကပ်ဘေးကြီးပြီးနောက် မြို့ကို ယခင်ဘုန်းအသရေနှင့် သာယာဝပြောမှု ပြန်၍ရရှိရန် အချိန်ကြာမည်မဟုတ်ချေ။
တစ်ညတည်းဖြင့် ပြိုင်ဘက် မိသားစုများ၏ဧကရာဇ်များ ကျဆုံးခြင်းသည် အလွန်ရှားပါးသော ဖြစ်ရပ်ပေပင်။
ထိုသတင်းသာ ပြန့်နှံ့သွားသော် နတ်ဓားရှင်၏အမည်သည် တဖန်ပြည်လည် ကျော်ကြားလာဦးမည်ဖြစ်၏။
နတ်ဓားရှင် ရွှမ်ကြွယ်။ ဤခေါင်းစဉ်သည် ဒဏ္ဍာရီတစ်ခုဖြစ်ပြီး ဧကရာဇ်များအတွက်ပင် အမြင့်မြတ်ဆုံးအုပ်စိုးရှင် တစ်ပါးပေပင်။
ဓားသမားများအမြင်တွင် သူသည် သမိုင်းတစ်လျှောက် ပြိုင်ဘက်မရှိဓားပညာ၏ အထွတ်အထိပ်ကို ကိုယ်စားပြုသည်။
အသီးသီးသော တာအိုဂိုဏ်းကြီးများ အမြင်တွင် ဧကရာဇ်ဘုံအဆုံး၌ ရပ်နေသည့် တာအိုတစ်သောင်းသခင်ဖြစ်၏။
ချွယ်၊ဟုန်၊တျန်ထိုက်နှင့် နတ်ဆိုးဟွေမျိုးနွယ်စုတို့သည် ပြင်းထန်သော ထိုးနှက်ချက် ဖြစ်ခဲ့ရသည်။
လေထုသည် အုံ့မှိုင်းမှောင်မဲနေကာ မိဘများကိုဆုံးရှုံးရသကဲ့သို့ ဝမ်းနည်းပူဆွေး ကုန်ကြ၏။
ဤတိုက်ပွဲတွင် ရွှမ်ယုအဆင့် ဧကရာဇ်တစ်ပါးစီကို ဆုံးရှုံးခဲ့ရရုံသာမက ရွှမ်ကျောက်ဧကရာဇ်များစွာလည်း ကျဆုံးသွားခဲ့သည်။
ထိုကဲ့သို့သော အရေအတွက်သည် ထိပ်တန်းတပ်များအတွက်ပင် အုတ်မြစ်များကို လှုပ်ခတ်သွားစေ နိုင်လောက်အောင် ဆိုးရွားချေ၏။
ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူများကြားတွင် ဧကရာဇ်ဖြစ်လာရန် အခွင့်အရေးသည် တစ်ထောင်ပုံတစ်ပုံပင် မရှိကြချေ။
ရွှမ်ယုဧကရာဇ်သည် အင်အားစုတစ်ခုအတွက် ထောက်တိုင်ဖြစ်၏။ တစ်ဦးဆုံးရှုံးခြင်းသည် ကြီးစွာသော ဆုံးရှုံးမှုပေပင်။
အရေးအကြီးဆုံးမှာ စွေ့ချောင်အာ၏ ခြိမ်းခြောက်မှုဖြစ်သည်။ လူတိုင်း ရက်နှစ်ဆယ် အတွင်း သူ့တောင်းဆိုမှုများကို ဖြည့်ဆည်း ပေးရပေမည်။
ထိုအချိန်တွင် စုရီသည် တာအို သစ်ပင်အောက်မှ နိုးထလာပြီး ကောင်းကင် သွေးမီးဖိုထုတ်ယူကာ ဖိုစုံထံပေးလိုက်သည်။
“ ဒီအထဲမှာ အရိုးမိစ္ဆာနဲ့ ... အမှောင်ကျေးကျွန်ရဲ့ အပြစ်တွေရှိတယ် မင်းရဲ့ စွမ်းအားနဲ့ သန့်စင်နိုင်မယ်မဟုတ်လား။ ”
ဖိုစုံက မျက်ခုံးပင့်လျက် စစ်ဆေးကြည့်ကာ၊
“ ဒီလိုမကောင်းဆိုးဝါးစွမ်းအင်ကို ပြန်လည်သန့်စင်ဖို့ဆိုရင် အချိန်ပေးရမယ်။ ”
-ဟု တုန့်ပြန်သည်။ စုရီက ခေါင်းညိတ်ပြပြီးနောက် ကုလားထိုင်ပေါ်ကနေ မတ်တပ်ရပ်လိုက်ကာ၊
“ ခဏကြာရင် ... တစ္ဆေဒိုမိန်းကို ငါသွားတော့မယ် ကမ္ဘာကြီးကိုခရီးထွက်ချင်ရင် မင်း ငါနဲ့ လိုက်လာလို့ရတယ်။ ”
-ဟု ဆိုကာ ထွက်ခွာသွား၏။
“ ဒီအဖိုးကြီးက ငါ့ကိုခေါ်သွားဖို့ ထပ်ကြိုးစားနေတာလား ... ။ ”
ဖိုစုံက တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး၊
“ တာအိုစု မင်းဘာအတွက် သွားမှာလဲ။ ”
-ဟု အော်ဟစ်မေးမြန်းလိုက်သည်။
“ မြွေတစ္ဆေ မျိုးနွယ်အတွက်။ ”
စုရီက ပြန်ဖြေသည်။ ဖိုစုံခမျာ အံ့အားသင့်သွားပြီး လှောင်ပြုံး ပြုံးလိုက်၏။ ဤအဖိုးကြီးသည် မိန်းကလေးရီကို ရှာချင်နေချေပြီ။ စွေ့လုံရှင်း ပြောသည့် စကားများမှာ မှန်နိုင်၏။
***
နေမင်းကြီးသည် ၎င်း၏ ရောင်ခြည်ကိုထုတ်လျက်ဖြင့် မိုးကုပ်စက်ဝိုင်းမှ တိုးထွက်လာချေပြီ။
ထိုရောင်ခြည်တော်အောက်တွင် ပေတစ်ရာရှည်သော ရတနာသင်္ဘောတစ်စင်း ခရမ်းရောင်မြို့ဆီသို့ အရှိန်ပြင်းပြင်း ပျံသန်းလာနေသည်။
ရတနာသင်္ဘောပေါ်တွင် လကိုဝန်းရံထားသည့် ကြယ်တာရာများကဲ့သို့ အစွမ်းထက်သောလူအများအပြားမှ ခရမ်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးအနား စုပြုံနေကြသည်။
ထိုအမျိုးသားသည် အရပ်ရှည်ပြီး ခမ်းနားသောရောင်ဝါတစ်မျိုး ဖြန့်ကျက်ထား၏။ နောက်ကျောကို လက်နှစ်ဖက်ပို့လျက် ခရမ်းရောင်မြို့၏ ခမ်းနားပြီး ရှေးကျသော အသွင်အပြင်ထံ မျှော်ကြည့်နေသည်။
ခဏအကြာတွင် ခရမ်းရောင် ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် ထိုအမျိုးသားက၊
“ ဒီအချိန် ငါတို့ရောက်ရှိလာတာ ... တကယ့်ကို အခါအခွင့် သင့်လျော်နေပါတယ် စွေ့မိသားစုမှာ ခေါင်းတလားထမ်းမျိုးရိုး ခိုအောင်းနေတဲ့အပြင် ...
... ငါ့ဂိုဏ်းတည်ထောင်သူ ဘိုးဘေးရဲ့ စွမ်းအားတောင် မနေ့ညက ပေါ်ထွက်လာတယ် ဒီစွမ်းအားက စွေ့မိသားစုရဲ့ ကြောက်မက်ဖွယ် ရန်သူတွေကို အနိုင်ယူဖို့ ကူညီပေးခဲ့တယ် ... ။ ”
-ဟု ကျေနပ်စွာ ပြောကြားလိုက်သည်။
များမကြာခင် ရတနာသင်္ဘောသည် ခရမ်းရောင်မြို့၏ အရှေ့ဘက်တံခါးရှေ့တွင် ဖြည်းညှင်းစွာ ရပ်နားသွား၏။
ခရမ်းရောင်၀တ် လူလတ်ပိုင်းအရွယ် အမျိုးသားက ဦးစွာဆင်းသက်လိုက်လေသည်။ ထို့နောက် မြို့တံခါးကို စောင့်ကြပ်နေသော နတ်ဆိတ်နှင့် နဂါးသားတော်ရုပ်တုများထံ ကြည့်ပြီး၊
“ ဒီစွေ့မိသားစုက ... ရှေးဟောင်း မျိုးနွယ်စုတစ်ခုအဖြစ် ဂုဏ်သတင်းနဲ့ တကယ်ပဲ ထိုက်တန်ပါပေတယ် ...
... သူတို့ရဲ့အခြေခံအုတ်မြစ်က ထူးကဲပြီးတော့ကြွယ်ဝတယ် မြို့တံခါးဝမှာ ထားရှိခဲ့တဲ့ ဒီကျောက်ရုပ်နှစ်ရုပ်မှာတောင် နတ်ဝိညာဉ်ရှိနေပြီ။ ”
-ဟု မှတ်ချက်ပေးသည်။
ထို့နောက် ခရမ်းရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ်အမျိုးသားက သူ့နောက်ရှိ သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦးထံ လှည့်ကြည့်ကာ၊
“ တာအိုရန် ... ငါနဲ့ငါ့မိတ်ဆွေတွေက ခရမ်းရောင်မြို့တော်ဆီ ပထမဆုံးရောက်ဖူးတာ မင်းကိုလမ်းပြဖို့ ငါတို့နှောင့်ယှက်ရလိမ့်မယ်။ ”
-ဟု ပြောကြားလိုက်၏။
ဤသည်မှာ ကောင်းကင်မိစ္ဆာဂိုဏ်းမှ အကြီးအကဲရန်တျန်ဖန် ဖြစ်သည်။ စုရီထံပါး၌ ရှုံးနိမ့်ခဲ့သော ခန္ဓာကိုယ်ကိုသန့်စင်ထားသည့် ဧကရာဇ်ပေပင်။
“ သခင်ထောင်၊ ကျေးဇူးပြုပြီး ယဉ်ကျေးမနေပါနဲ့ ... ဒါ ငါလုပ်သင့်ပါတယ်။ ”
ရန်တျန်ဖန်က လေးနက်စွာ သဘောတူလိုက်သည်။ ထို့နောက် မြို့တံခါးဆီ တည့်တည့်လျှောက်လှမ်းသွားတော့၏။
စွေ့မိသားစု၏ သန်မာသော အဖွဲ့ဝင်များသည် မြို့တံခါးတွင်နေရာယူထား ကြသည်။ ဦးဆောင်သူမှာ လေးလံသော ချပ်ဝတ်ဖြင့် ထွားကျိုင်းသော အမျိုးသား တစ်ဦးဖြစ်၏။
“ ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ ... ငါရန်တျန်ဖန်က ရွှမ်ကြွယ်မဟာမိတ် အဖွဲ့ဝင် တွေနဲ့အတူ လာရောက်လည်ပတ်ကြောင်း မင်းတို့မိသားစုခေါင်းဆောင်ကို အကြောင်းကြားပေးပါ။ ”
ရန်တျန်ဖန် အနည်းငယ်ဦးညွှတ်ကာ သူ့ရည်ရွယ်ချက်ကို ပြောကြားလိုက်လေသည်။ ထွားကျိုင်းသောလူသည် ချက်ချင်းထိတ်လန့်ပြီး မနှောင့်နှေးဝံ့တော့ဘဲ လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြကာ၊
“ ခဏစောင့်ပါ မိတ်ဆွေ။ ”
-ဟု ပြောကြားလိုက်သည်။
များမကြာခင် ထိုသတင်းသည် စွေ့ချောင်းအာထံသို့ ဆိုက်ရောက်သွားသည်။ စွေ့ချောင်းအာခမျာ အံ့အားသင့်သွားပြီး အနည်းငယ် စဉ်းစားလျက်၊
“ မင်းဒီမှာ ခဏစောင့်နေ။ ”
-ဟုဆိုကာ စုရီနေအိမ်သို့ ဦးတည်လိုက်၏။
ထိုစဉ်စုရီသည် သူ့နောက်ကျောကို လက်တစ်ဖက်ပို့ထားပြီး ကျန်တစ်ဖက်တွင် ကတ်ကြေးကိုင်ကာ ပန်းပင်များညှပ်နေသည်။
“ ဆရာစု၊ မင်းမှာ အနာဂတ်အတွက် အစီအစဉ်ရှိလား။ ”
မျက်မမြင်အဘိုးကြီးက ဘေးမှရပ်နေပြီးမေးသည်။ စုရီတစ်ယောက် ခေါင်းညိတ်ပြကာ၊
“ ရီရွှမ်ကို မင်းသိတယ် မဟုတ်လား ... ငါတစ္ဆေဒိုမိန်းကိုသွားပြီး သူ့ကိုအိမ်ပြန်ပို့ပေး ရဦးမယ် ... ကြုံတုန်း ငါ့ရတနာတစ်ပါးလည်း ပြန်ယူရမယ်။ ”
-ဟု ပြောကြားလိုက်၏။
ပန်းပင်ကို ညှပ်နေလျက်မှ စုရီက ပြန်ဖြေသည်။ ထိုစဉ်က တန်ဖိုးအရှိဆုံးဖြစ်သည့် စကြာဝဠာနှလုံးသားဓားကို သစ်ရွက်ကလေးထံ အပ်နှင်းထားခဲ့၏။
“ သခင်လေးစု ... ။ ”
ထိုအချိန်တွင် စွေ့ချောင်အာသည် အလျင်အမြန် ရောက်ရှိလာပြီး မျက်မမြင် အဘိုးအိုကို မြင်သောအခါ တုံ့ဆိုင်းသွား၏။ မျက်မမြင် အဘိုးအိုက လိမ္မာပါးနပ်စွာဖြင့် အရိုအသေပေးကာ ထွက်ခွာသွားသည်။
“ ဘာဖြစ်လာတာလဲ။ ”
စုရီက လှည့်မကြည့်ဘဲ မေးလိုက်သည်။ ထို့နောက် စွေ့ချောင်းအာက သူ့သတင်းကို ပြန်လည် တင်ပြလိုက်၏။
ရွှမ်ကြွယ်မဟာမိတ်ဟူသည့် ထိုအမည်ကြောင့် စုရီကသူလုပ်နေသည်များကို ရပ်လိုက်ပြီးလှည့်ကြည့်၏။
“ သူတို့ ... ဒီမှာဘာအတွက်လဲ။ ”
“ မသိပါဘူး ... ။ ”
“ နေဦး ... ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ ရန်တျန်ဖန်ဆိုတဲ့တစ်ယောက်က သူတို့ကို ဒီခေါ်လာတယ်လို့ မင်းပြောတာလား။ ”
“ မှန်ပါတယ် ... ။ ”
“ ဒါဆို ... သူတို့ ဒီတစ်ခါ မျက်မမြင်အဘိုးကြီးနောက် လိုက်လာတာ ဖြစ်ရမယ်။”
စုမိသားစုထံ လာရာလမ်းတွင် ရန်တျန်ဖန်သည် မျက်မမြင်အဘိုးအိုကိုဖမ်းရန် ကြိုးစားခဲ့ကြောင်း သတိရသွားသည်။
ထိုလုပ်ရပ်သည် ပင်းမိုအတွက်ဖြစ်၏။ ဆိုလိုသည်မှာ နှစ်ပေါင်းများစွာကြာသည့်တိုင် ပင်းမိုသည် ခေါင်းတလားထမ်းမျိုးရိုးကို ရှာဖွေခြင်းအပေါ် မစွန့်လွှတ်ခဲ့ချေ။
ပင်းမို၏ အန္တိမရည်ရွယ်ချက်သည် စုရွှမ်ကြွယ်အသက်ရှင်နေသည်လော ဟူသည့် မေးခွန်းအတွက်ဖြစ်၏။
ထိုစဉ်က စုရီသည် ခေါင်းတလားထမ်း သူရဲအိုကြီးနှင့် ရင်းနှီးသောဆက်ဆံရေးရှိမှန်း ပင်းမိုသိထားသည်။
ခေါင်းတလားထမ်း သရဲအိုကြီးသည် လူဝင်စားခြင်း လျှို့ဝှက်ချက်ကို နားလည်သူ အနည်းငယ်အနက်မှ တစ်ဦးအဖြစ်လည်း သိရှိထား၏။
ထို့ကြောင့်ပင် မျက်မမြင်အဘိုးအို၏ သခင်ဖြစ်သော သွေးခေါင်းတလားဝူကျန့်ကို ပင်းမိုမှ သတ်ပစ်ခဲ့သည်။
အဆိုပါဖြစ်စဉ်သည် စုရီအတွက် မျက်မမြင်အဘိုးအိုအပေါ် အပြစ်ရှိသည်ဟု ခံစားရစေခဲ့၏။ နောက်ဆုံးတွင် သူ့တပည့်ကြီးမှ ခေါင်းတလားထမ်းမျိုးရိုးကို ဒုက္ခပေးနေခြင်း ဖြစ်ချေပြီ။
“ ဒါဆိုဦးလေးစု ... ငါတို့တွေ့သင့်လား။ ”
“ တွေ့သင့်တယ် ငါမင်းနဲ့လိုက်မယ်။ ”
စုရီက ကတ်ကြေးကို ချလိုက်ပြီး ထွက်ခွာရန်ပြင်နေသဖြင့် စွေ့ချောင်အာမှ ချက်ချင်းပင် စိုးရိမ်လာကာ၊
“ ဦးလေးစု ... ဒါက မင်းကိုသူတို့ မှတ်မိသွားနိုင်တယ် မဟုတ်လား ... ။ ”
-ဟု သတိပေးလိုက်တော့၏။
***