ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။
Vol. 57 Ch. 679
ရန်တျန်ဖန်အပြင် နတ်ဓားတောင်မှ တန်ခိုးကြီးသော ပုဂ္ဂိုလ်ခုနစ်ယောက်သည် ထောင်ချင်ချွယ်နှင့်အတူ လိုက်ပါလာခြင်းဖြစ်သည်။
နတ်ဓားတောင်ထဲမှ နှစ်ဦးသည် ဧကရာဇ်များဖြစ်ပြီး ကျန်ငါးဦးမှာ နှောင်းပိုင်း ဝိညာဉ်တာအိုနယ်ပယ်ဖြစ်၏။
ဤအခိုက်အတန့်တွင် စုရီသည် ရတနာသင်္ဘောကို ဓားဖြင့်ခုတ်လာသဖြင့် ထိုဝိညာဉ်တာအိုနယ်ပယ်ငါးဦးသည် ရှောင်ရန် အချိန်မရှိဘဲ ခန္ဓာကိုယ်များ ပေါက်ကွဲလျက် စိတ်ဝိညာဉ်မျာ ပြန့်ကျဲသွားခဲ့သည်။
ထောင့်ချင်းချွယ်နှင့် အခြားဧကရာဇ်များသည် တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့ကြသော်လည်း ဖုန်မှုန့်များနှင့် အညစ်အကြေးများ ဖုံးလွှမ်းသွား၏။
“ ဒါ ဝိညာဉ်တာအိုနယ်ပယ် တစ်စုံတစ်ယောက် ပိုင်နိုင်တဲ့ စွမ်းအားလား။ ”
“ သေစမ်း အရမ်းကြမ်းတယ် ... ။ ”
ဖုန်မှုန့်များကြားတွင် ဒေါသတကြီးအော်ဟစ်သံများ ထွက်ပေါ်လာ၏။ လူတိုင်း သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားသည်။
ယခင်က သူတို့သည် စုရီကို လုံး၀ လျစ်လျူရှုထားသော်လည်း ဓားတစ်ချက်တည်း သတ်နိုင်လိမ့်မည်ဟု မည်သူထင်မည်နည်း။
ပို၍ပင် မယုံနိုင်စရာ ကောင်းသည်မှာ ကနဦးရွှမ်ကျောက်အဆင့် အနီရောင်ဝတ် အကြီးအကဲခမျာ ဓားကိုပင်မတားဆီးနိုင်ခဲ့ဘဲ ညာလက်မောင်း ပြတ်ကျသွားခြင်းပေပင်။
စွေ့ချောင်အာက ထိုမြင်ကွင်းကို မြင်ပြီး မောဟိုက်သွားတော့၏။ မနေ့ည လရိပ်ဓားဖြင့် လူအားလုံးကို သတ်ခဲ့သည်ကို မြင်ခဲ့ရသည်။
သို့သော် ထိုအချိန်တွင် စုရီသည် ယခင်ဘဝက တာအိုစွမ်းအားကို အသုံးပြုခြင်း ဖြစ်သည်။ ယခုမူကား သူ့ကိုယ်ပိုင်ခွန်အားဖြစ်ချေပြီ။
“ သခင်ထောင် ငါအရင်ကပြောခဲ့ပါတယ် ဒီတာအိုမိတ်ဆွေရဲ့ တိုက်ခိုက်ရေးအင်အားကို လျှော့တွက်လို့မရဘူး။ ”
ရန်တျန်ဖန်အသံသည် နှိမ့်ချပြီး နာကြည်းမှုများ ရောစွပ်နေသည်။ ထိုစဉ်အချိန် တစ်ဖက်လူသည် သူ့ကိုပြတ်သားစွာ အနိုင်ယူခဲ့၏။
သူ့စကားကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။ အကယ်၍ထိုစကားကို ရန်တျန်ဖန်သည်သာ ပွဲမစမီပြောခဲ့မည်ဆိုသော် သူတို့ယုံမည်မဟုတ်ချေ။
“ ဟမ့် ... မင်းဘာလို့ စောစောက မပြောရတာလဲ။ ”
ထောင်ချင်းချွယ်၏ မျက်နှာသည် ဒေါသနှင့်မည်းပြာသွားသည်။ ထိုစဉ် ဓားအလင်း တစ်လက်သည် ကောင်းကင်တခွင်ကို နံနက်ခင်း နေရောင်ခြည်ကဲ့သို့ တောက်ပလာပြန်၏။
“ ခရစ် ... ။ ”
၎င်းဓားအလင်း ဖြတ်သန်းရာ လေဟာနယ်သည် တုန်လှုပ်ချောက်ချားဖွယ်ရာ အက်ကြောင်းများပေါ်လာသည်။ ဤသည်မှာ ကမ္ဘာဦးကျမ်းတာအို ရည်ရွယ်ချက်ပါရှိသော ဓားချက်ဖြစ်၏။ ၎င်းကို အထွတ်အထိပ်အထိ နားလည်ထားသည်။
ထောင်ချင်းချွယ်နှင့် အခြားသူများသည် ဤဓားစွမ်းအင်၏ ကြောက်စရာကောင်းသော စွမ်းအားကို ခံစားသိရှိခဲ့ကြပြီး မဆိုင်းမတွ တုန့်ပြန်ရန်ပြင်၏။
“ ဝုန်း ... ။ ”
ထောင်ချင်းချွယ်က သူ့ဓားကို ထုတ်လွှတ်လိုက်လေရာ ကျယ်လောင်သော မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
တစ်ဆက်တည်းမှာပင် အပျက်သဘောဆောင်သော ရောင်ဝါသည် မုန်တိုင်းကဲ့သို့ တဟုန်းဟုန်းတောက်လျက် တိမ်တိုက်များကို နေရာအနှံ့ ပြိုကျစေ၏။
သူသည် ရွှမ်ကျောက်အဆင့်၏ နက်နဲအဆင့်တာအိုနိယာမကို ပြီးပြည့်စုံစွာ ကျွမ်းကျင်ပိုင်နိုင်ထားသည်။
ရွှမ်ယုအဆင့်သို့ တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းမျှသာဝေးသည်။ ထို့ကြောင့် သူ လှုပ်ရှားလိုက်သည့်အခိုက်တွင် အလွန် အစွမ်းထက်သော ဓားကိုပြသနိုင်၏။
“ ဝုန်း ... ။ ”
ဓားရောင်ဝါသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လာပြီး စုရီ၏ရွှေဓားအလင်းကို တစ်ရှိန်ထိုး ဖြိုခွဲပစ်လိုက်သည်။
အကျိုးဆက်အနေဖြင့် ထောင်ချင်းချွယ် တစ်ယောက် တုန်လှုပ်သွား၏။ နှလုံးသွေးများ ပွက်ပွက်ဆူလျက် ယိမ်းယိုင်သွားသည်။
“ ဒီကောင်လေး ... သူ ဘယ်လိုများ မယုံကြည်နိုင်လောက်အောင် အစွမ်းထက် နေနိုင်ရတာလဲ။ ”
တစ်ချိန်တည်းမှာပင် ရန်တျန်ဖန်နှင့် နတ်ဓားတောင်မှ ဧကရာဇ်နှစ်ပါးသည်လည်း လေထုအလယ် ထိုဓားစွမ်းအင်ကြောင့် ယိမ်းထိုးသွားခဲ့သည်။
ထောင်ချင်းချွယ်သည် အားလုံးကို ထုတ်ပေးခဲ့သော်လည်း အားနည်းနေပုံပေပင်။ ဤမြင်ကွင်းသည် ထောင်ချင်းချွယ်နှင့် အခြား ဧကရာဇ်မင်းများကို အံသြသွားစေ၏။
ဝိညာဉ်တာအိုနယ်ပယ် လူငယ်တစ်ဦးတည်းဖြင့် သူတို့လေးယောက်ကို တုန်လှုပ်စေနိုင်သည်လော။ ယုံနိုင်စရာမရှိချေ။ ထိုစဉ် စုရီမှ ထပ်မံတိုက်ခိုက်လာ၏။
“ ဟမ့် ... ။ ”
သူသည် လက်နက်မဲ့ဖြစ်ပြီး သူ့လက်ချောင်းများကို ဓားတစ်လက်ကဲ့သို့ အသုံးပြုနေသည်။
ဝိညာဉ်ပေါင်းစည်းခြင်း အဆင့်တွင် မန်ပိုနန်းတော်၏ ရေခဲမီးလျှံဝိညာဉ်ဧကရာဇ်ကို အနိုင်ယူပြီး ရန်တျန်ဖန်ကို နှိမ်နင်းခဲ့သည်။
ယခု ဝိညာဉ်ပြောင်းလဲခြင်းအဆင့်တွင် တာအိုကိုပေါင်းစည်းထားနိုင်ပြီး ဖြစ်လေသဖြင့် တိုက်ပွဲဝင်စွမ်းအားသည် ဆိုဖွယ်မရှိချေ။ ယခင် ပြသနိုင်သည်ထက် ကျော်လွန်သွားချေပြီ။
ကျယ်လောင်သော ဓားမြည်သံသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်လာစေကာ တောင်နှင့်မြစ်များ အပါအဝင် အရာခပ်သိမ်း အမှုန့်အဖြစ်ပြောင်းလဲလိုက်၏။
“ သူ့ကို သတ် ... ။ ”
ထို့နောက်တွင် ပြင်ထန်သော တိုက်ပွဲကြီးစတင် လိုက်ကြသည်။ စုရီသည် ဧကရာဇ်လေးပါးနှင့် ရင်ဆိုင်ရသော်လည်း ဓားနတ်ဘုရားကဲ့သို့ တုနှိုင်းမယှဉ်နိုင်အောင် တန်ခိုးတော်များ ပြသနေ၏။
“ မင်းတို့ ဝှက်ဖဲတွေထုတ် ... ။ ”
ထောင်ချင်းချွယ်နှင့် အခြားသူများက ဖိအားအောက်တွင် ရောက်ရှိနေသော်လည်း မုန်တိုင်းများစွာကို ဖြတ်ကျော်ထားနိုင်သည့် ဧကရာဇ်များဖြစ်ချေ၏။
ထို့ကြောင့် သူတို့အားလုံးသည် ဝှက်ဖဲများကိုထုတ်ရန် ဆုံးဖြတ်လိုက်သောအခါ တစ်ယောက်ချင်းစီ၏ တိုက်ပွဲဝင်စွမ်းအားမှာ နှစ်ဆတိုးလာခဲ့သည်။
အချို့သည် ဧကရာဇ်အဆင့် လျှို့ဝှက်ရတနာများကို အသုံးချကာ အချို့သည် ကောင်းကင်ကို အံတုနိုင်သောနည်းစနစ်များ ထုတ်ဖော်လာသည်။
ဤပူးပေါင်းဆောင်ရွက်မှုသည် ကောင်းကင်နှင့် မြေကြီးကို အမှောင်ထဲသို့ ထိုးကျသွားစေကာ နေနှင့်လကို ဖုံးကွယ်သွား၏။
ထိုပေါင်းစပ်မှုသည် နယ်ပယ်တူ ဧကရာဇ်များပင် ခံနိုင်ရည် မရှိနိုင်ချေ။ သို့သော် စုရီအပေါ် အုပ်စီးနိုင်ခြင်းမရှိ ဖြစ်နေချေ၏။
ဤလူငယ်သည် သန်မာလွန်းနေသည်။ အုတ်မြစ်သည် ကောင်းကင်ကိုအံတုရုံသာမက တာအိုနားလည်မှုတွင်လည်း မယုံနိုင်ဖွယ် အစွမ်းထက်နေသည်။
ထိုအချိန်မှပင် ထောင်ချင်းချွယ်နှင့် အဖွဲ့သည် တစ်ဖက်လူအနေဖြင့် သူတို့အပေါ် ဟန့်တားရန် တစ်ယောက်တည်း လာဝံ့သည့် အပေါ် နားလည်လာသည်။
စုရီက ဤတိုက်ပွဲကို ပို၍ပို၍ နှစ်သက်လာသည်။ သူ့အတွက် အထီးကျန်ဆုံး အရာသည် ထိုက်တန်သောပြိုင်ဘက်များ ရှားပါးလာခြင်းပေပင်။
“ ဟိတ် ... ။ ”
“ ထန် ... ထန် ... ။ ”
ကနဦးအဆင့် ရွှမ်ကျောက် ဧကရာဇ် လေးပါးသည် သူ့အတွက် အလွန်ကောင်းမွန်ပြီး ကြည်နူးစရာကောင်းသော တိုက်ပွဲတစ်ခု ဖြစ်လာစေသည်။
“ ဝုန်း ... ။ ”
ထို့နောက် ရောင်ဝါကျယ်ပြန့်လာပြီး လှုပ်ရှားမှုတိုင်းတွင် ဓားစွမ်းအင်များ သဲသဲမဲမဲ ရွာချလျက် ကောင်းကင်မြစ်တစ်စင်းအလား ထင်မှားသွားစေသည်။
အဝေးကနေ လှမ်းကြည့်နေသော စွေ့ချောင်အာတစ်ယောက် မျက်ခုံးပင့်မိသည်။ ဤသည်မှာ လူဝင်စားပြီးနောက် စုရီ၏ စစ်မှန်သော တိုက်ပွဲဝင်စွမ်းအားဖြစ်၏။
သူကဲ့သို့ ရွှမ်ယုအဆင့်ဧကရာဇ်သည်ပင် ဦးလေးစုတစ်ယောက် နက်နက်တာအိုနယ်ပယ် ဧကရာဇ်များအပေါ် ရင်ဆိုင်ရန် ခွန်အားမျိုး မည်သည့်အရပ်မှရကြောင်း မပြောနိုင်ချေ။
နယ်ပယ် ဖြတ်ကျော်နိုင်စွမ်းသည် ကောင်းကင်ကို အံတုနေသည်။ လေးယောက် တစ်ယောက် တိုက်ခိုက်နေရသော်မှ သာလွန်ဆန်နေချေ၏။
ဧကရာဇ်တစ်ယောက်အနေနှင့် ဧကရာဇ်တန်ခိုးတော်ကို မည်သူမဆိုထက် သာလွန်စွာ သူသိထားသည်။
ထိုသို့သော တည်ရှိမှုများသည် ကျင့်ကြံမှုလောက၌ ကျော်ဖြတ်မရနိုင်သော အတားအဆီးတစ်ခုနှင့်တူသည်။
သမိုင်းတစ်လျှောက် နယ်ပယ် ဖြတ်ကျော်ကာ ဧကရာဇ်ကို အနိုင်ယူနိုင်သည့် မည်သည့်ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူ တစ်ယောက်မျှ မကြားဖူးချေ။
ယခုမူကား မဖြစ်နိုင်ဟု ထင်ရသော အံ့ဖွယ်အမှုသည် သူ့မျက်စိရှေ့တွင် ဖြစ်ပေါ်လာ နေသည်။
“ ဟမ့် ... ဦးလေးစုက သူ့အရင်ဘဝကို စွန့်ပြီး ပြန်လည်ဝင်စားဖို့ ပြတ်ပြတ်သားသား ရွေးချယ်ခဲ့တာ အံ့သြစရာတော့မရှိပါဘူး ... အတိတ်ဘဝထက် ပိုအစွမ်းထက်တဲ့ လမ်းကြောင်းကို ရှာတွေ့ခဲ့တာပဲ ...
... တကယ်လို့များ ဧကရာဇ်လမ်းကိုသာ ခြေချနိုင်တဲ့အခါ ဦးလေးစုဘယ်လောက်အထိ ကြောက်စရာကောင်းမလဲ သိချင်လာပြီ။ ”
“ အား ... ။ ”
ထိုစဉ် စုရီ၏ ဓားစွမ်းအင်များကြောင့် နှစ်ခြမ်းကွဲကျသွားသော ဝတ်လုံနီအဘိုးအိုကို တွေ့လိုက်ရသည်။
“ မလုပ်နဲ့ ... ။ ”
များမကြာခင် နောက်ထပ် ဧကရာဇ်တစ်ပါး၏ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။
နတ်ဓားတောင်မှ ဧကရာဇ်တစ်ပါးသည် ဓားရောင်ဝါဖြင့် ခန္ဓာကိုယ် နှစ်ခြမ်းကွဲသွားကာ ဝိညာဉ်ပါမကျန် ပွဲချင်းပြီးသွားခဲ့သည်။
လီထောင်ချင်းခမျာ ဆံပင်များ ပွထလျက်ဖြင့် မျက်နှာဖြူဖျော့ကာ သွေးများ စွန်းထင်နေခဲ့သည်။ သူနှင့် နှိုင်းယှဉ်ကြည့်လျှင် ရန်တျန်ဖန်သည် ပို၍ပြင်းထန်၏။ တစ်လက်မ မကျန် ပြတ်ရှရာများ ပြည့်နေသည်။
အကယ်၍သာ သူသည် ခန္ဓာကိုယ် သန့်စင်ခြင်း ဧကရာဇ်တစ်ပါးသာမဟုတ်သော် ပြိုကျသွားနိုင်မည်။
တစ်ဖက်တွင်မူ ကျောက်စိမ်းရောင် ၀တ်စုံဖြင့် အညစ်အကြေးကင်းစင်နေသော စုရီ တစ်ယောက် ပို၍ပြင်းထန်လာ၏။
“ ဟမ့် ... ။ ”
ထို့ကြောင့် ထောင်ချင်းချွယ်သည် သွေးနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ထွက်ပြေးတော့သည်။
“ အိုး ... ငါမင်းကို လွှတ်ပေးလိုက်ရင် ဦးလေးစုကို ဘယ်လိုမျက်နှာပြရမလဲ။ ”
တိမ်ပင်လယ်အတွင်း ထိုင်ကြည့်နေသော စွေ့ချောင်အာက ရယ်မောလျက် မူလနေရာမှ ပျောက်ကွယ်သွားတော့၏။ ထိုအချိန်တွင် ရန်တျန်ဖန်မှ သက်ပြင်းချလိုက်ပြီး၊
“ တာအိုမိတ်ဆွေ၊ ငါမသေခင်မှာ မေးခွန်းတစ်ခုကို မင်းဖြေပေးနိုင်မလား။ ”
-ဟု လက်လျော့မေးမြန်းလိုက်၏။ ထောင်ချင်းချွယ်သည်ပင် ထွက်ပြေးရန် ကြိုးစား နေသည့်နောက် သူ့တွင် အောင်နိုင်ရန် နည်းလမ်း မရှိတော့ချေ။
“ မေးပါ ... ။ ”
စုရီက အေးအေးဆေးဆေး ခေါင်းညိတ်ပြသည်။
“ မင်းဘယ်သူလဲ တာအိုမိတ်ဆွေ။ ”
ဤအဖြေကိုမသိဘဲ သေဆုံးသွားသော် ငြိမ်းချမ်းနိုင်မည် မဟုတ်ချေ။ တစ်ဖက်တွင် သူ့ မေးခွန်းကြောင့် စုရီမှ မျက်ခုံးပင့်လိုက်ပြီး၊
“ ဒီမေးခွန်းက အရေးကြီးသလား။ ”
-ဟု ပြန်မေး၏။ ရန်တျန်ဖန်တစ်ယောက် ခေါင်းညိတ်လိုက်သည်။
“ ငါကျင့်ကြံလာတာ ... နှစ်ပေါင်း လေးထောင်သုံးရာကျော်နေပြီ ကမ္ဘာအရပ်ရပ် ခရီးထွက်ခဲ့ဖူးတယ် ... မင်းလို မယုံနိုင်စရာ ကောင်းတဲ့ လူမျိုး တစ်ခါမှမကြုံဖူးဘူး။ ”
ထိုအချိန်တွင် ရန်တျန်ဖန်သည် တိုက်ပွဲဝင်ဆန္ဒကို လုံးဝစွန့်လွှတ်လိုက်ပြီး စုရီကို မျှော်လင့်တကြီး စိုက်ကြည့်နေတော့၏။
“ ငါ့နာမည်စုရီ ... ။ ”
“ စုရီ ... ။ ”
ရန်တျန်ဖန်၏ မျက်လုံးများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်လာ၏။ ဤသည်မှာ သူအတွက် လုံးဝစိမ်းသက်နေခဲ့သော အမည်ပေပင်။
“ အရင်တုန်းကတော့ ... ဒီကမ္ဘာကြီးက ငါ့အမည်ကို နတ်ဓားရှင်ရွှမ်ကြွယ်လို့ ခေါ်တယ်။ ”
“ နတ်ဓားရှင် ရွှမ်ကြွယ် ... ။ ”
ဤအမည်ကို ကြားချိန်၌ ရန်တျန်ဖန် တစ်ယောက် မျက်လုံးများ ချက်ချင်း ပြူးကျယ် သွားတော့၏။ အလွန်အမင်း ထိတ်လန့်ခြင်း၊ အံသြခြင်းများဖြင့် ထိန်းမနိုင်သိမ်းမရခဲ့ချေ။
အဆုံးတွင် ဖော်ပြ၍ မရနိုင်သော စိတ်သက်သာရာရမှုတစ်ခုဖြင့် ငြိမ်သက်သွား၏။ များမကြာခင် ကောင်းကင်ပေါ်မော့ကြည့်လျက်၊
“ ငါရန်တျန်ဖန် … ဘယ်လောက် ကံကောင်းလိုက်လဲ … ဟား ဟား ဟား။ ”
-ဟု အော်ဟစ်ရယ်မောလိုက်သည်။
“ ရွှပ် ... ။ ”
ထိုအသံသည် လေထဲပဲ့တင်ထပ်နေစဉ် နဖူးကိုဖြတ်၍ ဓားအလင်းတစ်လက် ထိုးဖောက် ဝင်ရောက်လာကာ ခန္ဓာကိုယ်ကြီး အမှုန်အဖြစ် ချက်ချင်းပြန့်ကျဲသွားတော့၏။
***