မှတ်ဉာဏ်ဖျက်ခြင်း။
Vol. 57 Ch. 680
တိုက်ပွဲမြေပြင်နှင့် ဝေးကွာသောအရပ်တွင် ဓါးသုံးဆယ့်ခြောက်စင်းသည် ပေရာဂဏန်းကို စောင့်ကြပ်နေ၏။
၎င်းတို့၏ တောက်ပထက်ရှသော အဖျားစွန်းများသည် နေ့ရောင်ခြည်အောက်တွင် မျက်စိကွယ်စေသော အလင်းရောင်များဖြင့် ဝင်းလက်နေသည်။
ဤသည်မှာ ဓားလှောင်အိမ်တစ်ခုဖြစ်၏။ တရားစီရင်ရေး မဟာတာအို အငွေ့အသက်များ ရစ်သိုင်းလျက် ကောင်းကင်တစ်ခုလုံး မှုန်ဝါးနေသည်။
ဓားလှောင်အိမ်အတွင်းရှိ ထောင်ချင်းချွယ်သည် ဆံပင်များကွဲအက်လျက် မျက်နှာပျက်ယွင်းနေကာ၊
“ ခေါင်းဆောင်စွေ့ ... ငါ့ရွှမ်ကြွယ်မဟာမိတ်က စွေ့မိသားစုနဲ့ ရန်ငြိုး မရှိပါဘူး ဒါဆို ... မင်းဘာလို့ ငါ့ကို သတ်ချင်နေရတာလဲ။ ”
“ ကလန် ... ။ ”
စွေ့ချင်းယန်မှ ချက်ချင်း ပြန်မဖြေသေးဘဲ လက်ကိုမြှောက်လိုက်သည်။ ဓါး(၃၆)လက်သည် ဖြည်းညှင်းစွာ ပေါင်းစည်းလျက် ရှည်လျားပြီး ကျဉ်းမြောင်းသော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားတော့၏။ ထို့နောက်၊
“ ရန်ငြိုး မရှိဘူးဆိုတာ မင်းဘာကိုဆိုလိုတာလဲ ... ငါ့စွေ့မိသားစုရဲ့ ကာကွယ်မှုအောက်ကနေ မျက်မမြင်အဘိုးအိုကို မင်းခေါ်ထုတ်ချင်နေတာ မဟုတ်လား။ ”
-ဟု တုန့်ပြန်မေးမြန်းသည်။
“ ခေါင်းဆောင်စွေ့ ... မင်းရဲ့စွေ့မိသားစုအပေါ် ငါ့သခင်စိတ်ဆိုးမှာ မကြောက်ဘူးလား။ ”
“ မင်းရဲ့သခင်လား ... ဟားဟားဟား သူ့ဂိုဏ်းကိုသစ္စာဖောက်လိုက်တဲ့ သစ္စာဖောက် တစ်ယောက်ကို ဘာအတွက်များ ငါက ကြောက်နေရမှာလဲ။ ”
စကားဆုံးသည်နှင့် လက်ကို လေထဲဖိချလိုက်သည်။ ဓားတောင်ကြီးအလား ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးတစ်ခု ပြုတ်ကျလာပြီး ထောင်ချင်းချွယ်၏ ကျင့်ကြံမှုကို ပိတ်ပစ်လိုက်၏။
“ ဖပ် ... ။ ”
ထို့နောက် ဖမ်းယူကာ လှည့်ထွက် လာခဲ့သည်။ ရွှမ်ကျောက်အဆင့်မှ တစ်စုံတစ်ဦး အပေါ် ဆက်ဆံခြင်းသည် ကိတ်မုန့်တစ်ဖဲ့ကဲ့သို့ သူ့အတွက် လွယ်ကူလွန်းချေပြီ။
“ ခေါင်းဆောင်စွေ့ ... ငါ့ဂိုဏ်းရဲ့ ဘိုးဘေးက မင်းရဲ့မိသားစုကို ကျေးဇူးကြွေးအများကြီး တင်ထားတယ်မဟုတ်လား ...
... မနေ့ညက မင်းရဲ့စွေ့မိသားစု မပျက်စီးအောင် ကူညီပေးခဲ့တာလည်း ငါတို့ရဲ့ ဘိုးဘေးထားခဲ့တဲ့ရတနာပါပဲ ... မင်းငါ့ကို ဒီလိုမျိုးဆက်ဆံရဲလား။ ”
တစ်ဖက်လူသည် ဤအကြောင်းအရာကို ထုတ်ဖော်မပြလျှင်ပိုကောင်းပေမည်။ ယခုတွင်မူ စွေ့ချောင်အာအတွက် ရယ်ချင်လာစေ၏။
“ ဖြန်း ... ။ ”
ရုတ်တရက် ပြင်းပြင်းထန်ထန် ပါးရိုက်ချက်ကြောင့် ထောင်ချင်းချွယ်ခမျာ ကြယ်ရောင်များ မြင်လိုက်ရသည်။ သူဟူသည် အရိုင်းမြေကိုးပါး၌ အလွန်ကျော်ကြားသော ဓားဧကရာဇ် ဖြစ်သည်။
ဧကရာဇ်နယ်ပယ်တွင် သူ့ကျင့်ကြံမှု နိမ့်ပါးသော်လည်း ဆရာသခင်၏နောက်ခံအရ ဂုဏ်သိက္ခာ ကြီးမား၏။ မရဏကမ္ဘာကြီး သည်ပင် သူ့သခင်ကို လေးစားသောကြောင့် ဂိုဏ်းပေါင်းစုံမှ ထိပ်တန်းပုဂ္ဂိုလ်တချို့သည် သူ့အပေါ် ကြည်ညိုမှုပြကြပေလိမ့်မည်။
ယခုမူကား သူ့အဖြစ်သည် သတ်ဖြတ်ခြင်းခံယူရန် စောင့်ဆိုင်းနေသော သိုးသငယ်ကဲ့သို့ သနားစရာကောင်းနေ၏။
“ ငါ ... မင်းကို ပါးစပ်ပိတ်ထားဖို့ အကြံပေးပါရစေ မဟုတ်ရင် မင်းကိုထပ်ရိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ ”
စွေ့ချောင်းအာတစ်ယောက် အေးဆေးတည်ငြိမ်စွာဖြင့် ပြောကြားလိုက်၏။ ထောင်ချင်းချွယ်ခမျာ မုန်းတီးမှုကြောင့် နှလုံးသွေးများ ပွက်ပွက်ဆူလာသည်။
အသံမထွက်ဝံ့တော့ချေ။ များမကြာမီ စွေ့ချောင်အာသည် သူ့ကို လူငယ်လေးရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။
“ ဦးလေးစု ဒီလူကို ပြန်ခေါ်လာပြီ။ ”
စွေ့ချောင်အာက သူ့ကို မြေပြင်ပေါ် ပစ်ချလိုက်သည်။ ထိုအရာကို ထောင်ချင်းချွယ်မှ စိတ်မဝင်စားနိုင်ဘဲ ဦးလေးစုဟူသည့် ခေါ်ဆိုမှု အပေါ် အနည်းငယ် အံ့သြသွား၏။
ဝိညာဉ်တာအိုနယ်မှ ဤလူငယ်သည် စွေ့ချောင်အာ၏ အကြီးအကဲတစ်ယောက် ဖြစ်နိုင်သည်လော။ စုရီက လက်နှစ်ဖက် နောက်ပို့ကာ၊
“ ငါ့အတွက် မေးခွန်းတချို့ ဖြေပေးပါဦး မင်းဘက်က နာခံမှုရှိရှိ ပူးပေါင်းဆောင်ရွက်ရင် မင်းကို လွှတ်ပေးမယ် ... မဟုတ်ရင် မင်းကို စီရင်ထုံးရေးဌာနရဲ့ အပြစ်ပေးနည်းကို ခံစားခွင့်ရစေလိမ့်မယ်။ ”
“ ဟား ဟား ဟား ... ဦးလေးစု မင်းရဲ့နောက်ဆုံးအကြံဉာဏ်က ပိုကောင်းမယ် ငါတို့မှာ အပြစ်သားတစ်ယောက်ဆီကနေ စကားတွေထွက်ကျလာအောင် ...
... လုပ်ယူနိုင်တဲ့ နည်းလမ်းပေါင်း တစ်ထောင်မကရှိတယ် ... သူ့ကိုတရားစီရင်ရေး အပျက်အစီးတွေဆီ ခေါ်သွားကြရအောင်။ ”
ထောင်ချင်းချွယ်တစ်ယောက် တုန်တုန်ယင်ယင်ဖြင့် သူ့ဆံပင်များ ထိုးထိုး ထောင်ထောင် ဖြစ်လာသည်။
တရားစီရင်ရေးဌာနသည် တစ်ချိန်က အပြစ်သားများကို နှိပ်စက်ညှဉ်းပန်းမှုများသည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို မည်သို့ မသိနိုင်ဘဲနေမည်နည်း။ ထို့ကြောင့် အသက်ပြင်းပြင်း ရှူလျက်၊
“ ငါ့ကို ... တကယ် အသက်ရှင်ခွင့်ပေးမှာလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ မင်းမှာ အခွင့်အရေးတစ်ကြိမ်ပဲရှိတယ် အဲ့ဒါကိုတန်ဖိုးထားဖို့ ငါအကြံပေးတယ်။ ”
“ ကောင်းပြီ မေးပါ ... ။ ”
ထောင်ချင်းချွယ်မှ အံကြိတ်ကာ သဘောတူလိုက်သည်။ သူ့၌ဖုံးကွယ်ထားသော လျှို့ဝှက်ချက်မရှိဟု ယုံကြည်ချေ၏။
ထို့အပြင် စွေ့ချောင်အာမှ ဦးလေးစုဟု တလေးတစား ခေါ်ဝေါ်နေသည့် ဤလူငယ်ကို သိချင်နေသေးသည်။
စုရီက ကုလားထိုင်ထုတ်ယူလျက် ထိုင်ချပြီးနောက် ဝိုင်အနည်းငယ်မော့သောက် လိုက်တော့၏။
“ မင်းဘယ်တုန်းက ပင်းမိုရဲ့တပည့်ဖြစ်လာတာလဲ။ ”
“ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးရာခြောက်ဆယ်။ ”
ထောင်ချင်းချွယ်က မဆိုင်းမတွ ပြန်ဖြေလေသည်။ ထို့နောက်တွင် စုရီသည် အရိုင်းမြေကိုးပါး၏ သာမန်အကြောင်းအရာ များကိုသာ မေးမြန်းခဲ့ခြင်းဖြစ်၏။
ဥပမာအားဖြင့် ရွှမ်ကြွယ်မဟာမိတ်ကို လက်ရှိမည်သူအုပ်စိုးကာ ပင်းမို၌ တပည့်မည်မျှ ရှိမည်နည်း စသည်တို့ဖြစ်သည်။ ယင်းက ထောင်ချင်းချွယ်ကို အံ့အားသင့်စေ၏။
စွေ့ချောင်အာသာလျှင် ဤမေးခွန်းများ မေးခွန်းရသည့်အကြောင်းတရားကို သိသည်။ ဦးလေးစုသည် လွန်ခဲ့သောနှစ်ပေါင်းငါးရာခန့်က လူဝင်စားခြင်းသို့ ဝင်ရောက်ခဲ့ပြီး ဤအရာများကို မသိခဲ့ချေ။
လက်ရှိအချိန်၌ ပင်းမိုအဖွဲ့သည် အရိုင်းမြေကိုးပါးတွင် အင်အားအရှိဆုံးသော တပ်ဖွဲ့များအနက်မှ တစ်ခုဖြစ်လာသည်။
ထိုအင်အားစုသည် ဂိုဏ်းကြီး ခြောက်ဂိုဏ်းကို လက်အောက်ခံများအဖြစ် ပေါင်းစည်းထားကာ နတ်ဆိုးဂိုဏ်းများ ကိုလည်း စုစည်းထား၏။
“ ခေါင်းဆောင်စွေ့ ငါတို့ကြားက အမုန်းပွားစရာမရှိပါဘူး အခုပဋိပက္ခမှာလည်း နားလည်မှု လွဲနေတာပါ ...
... ဒါကြောင့် ငါတို့ကြားက ရန်ငြိုးကို ခင်မင်ရင်းနှီးမှုအဖြစ် ပြောင်းလဲနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ် ...
... နောက်ဆုံးတော့ အခုလို နားလည်မှုလွဲနေတာက စွေ့မိသားစုအတွက် ဆုံးရှုံးမှုအများကြီး ဖြစ်လာနိုင်ပါလိမ့်မယ်။ ”
ထောင်ချင်းချွယ်က သူ့စကားများကို နှိမ့်ချသောလေသံဖြင့် ပြောဆိုနေခဲ့သော်လည်း ရွှမ်ကြွယ်မဟာမိတ်ဖြင့် ဖိအားပေးရန် စိတ်ကူး အပေါ် လက်လျော့ခြင်းမရှိချေ။
“ ဟမ့် ... ရယ်စရာကောင်းလိုက်တာ ... ငါ့အမြင်အရတော့ ... နှစ်ရာဂဏန်းအတွင်းမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားကို တည်ဆောက်နိုင်မှုဟာ ...
... ပင်းမိုကြောင့် မဟုတ်ဘဲ မင်းဂိုဏ်းရဲ့ဘိုးဘေး ရွှမ်ကြွယ်အမည်ကြောင့် ဆိုတာ မင်းသိထားသင့်တယ် ... ဒါပေမယ့် အခုချိန်မှာ မင်းရဲ့သခင်ပင်းမိုက...
... သစ္စာဖောက်တစ်ယောက် ဖြစ်ကြောင်း တစ်ကမ္ဘာလုံးက သိသွားခဲ့ရင် ဘာဆက်ဖြစ်မလဲ ငါသိချင်နေတယ်။ ”
“ ခေါင်းဆောင်စွေ့ ငါ့သခင်က ဘယ်လိုသစ္စာဖောက်ဖြစ်မှာလဲ ငါတို့ဘိုးဘေးရဲ့ တပည့်တွေထဲမှာ ငါ့သခင်ကသစ္စာအရှိဆုံးပဲ၊ တကယ့်သစ္စာဖောက်က ဧကရီချင်းတျန်ပါ ... ဘိုးဘေးနယ်မြေကိုခိုးယူပြီး အမွေအားလုံးကို သိမ်းယူခဲ့တာ လူတိုင်းအသိ ... ။ ”
ထောင်ချင်းချွယ်က စိတ်အားထက်သန်စွာ တုန့်ပြန်ပြောကြားတော့သည်။ စွေ့ချောင်အာမှ ပြုံးလျက် ရှင်းမပြချေ။
စုရီအကြည့်များသည် အနည်းငယ် ရှုပ်ထွေးသော အမူအရာများ ပြသလာသည်။ နှစ်ပေါင်းငါးရာအတွင်း တာအိုဂိုဏ်းကြီး(၆)ခုကို စုစည်းရန် သူ့အမည်ကို အသုံးပြုခဲ့သည်မှာ သေချာနေ၏။ ပင်းမို၏ တပည့်များပင် ဤဖြစ်စဉ်ကို သိခဲ့ပုံမရချေ။
“ သူ့ကိုခေါ်လာခဲ့ ... ပြန်ရအောင်။ ”
စုရီက အချိန်မဖြုန်းတော့ဘဲ ထွက်ခွာသွားခဲ့သည်။ သူ သိလိုသည်များကို သိရှိလိုက်ပြီးဖြစ်သည်။
ဥပမာအားဖြင့် ထောင်ချင်းချွယ်သည် လွန်ခဲ့သောနှစ်ပေါင်းသုံးရာက ပင်းမိုအမိန့်ဖြင့် မရဏကမ္ဘာသို့ရောက်ရှိခဲ့ပြီး ကောင်းကင်မိစ္ဆာ ဂိုဏ်းတွင် နေထိုင်ခဲ့သည်။
ရည်ရွယ်ချက်မှာ ကျောက်ခေါင်းတလား မျိုးရိုးအကြောင်း အချက်အလက် စုဆောင်းရန် ဖြစ်၏။
သူ့ပြင် နောက်ထပ် အမိန့်ပေးခံရသူ ငါးဦးလည်းရှိနေသေးကာ ထိုသူများသည်လည်း ပင်မို၏တပည့်များဖြစ်၏။ တစ်ဦးချင်းစီသည် တာအိုဂိုဏ်းကြီးခြောက်ခုမှ တန်ခိုးကြီးသော ပုဂ္ဂိုလ်တစ်ဦးနှင့် လာရောက်ခြင်းဖြစ်သည်။
ထောင်ချင်းချွယ် အတွက်မူ နတ်ဓားတောင်ခြံဝင်းမှ အနီဝတ်အဖိုးအိုသည် သက်သေဖြစ်၏။
မရဏကမ္ဘာသို့ ရောက်ရှိသူများအနက် ကျန့်ယင်လျူသည် စုရီ၏အာရုံကို အထူးဖမ်းစား နိုင်သည်။
သူမသည် လွန်ခဲ့သောနှစ်ပေါင်းသုံးရာက မရဏကမ္ဘာသို့ရောက်ရှိလာကာ မြွေတစ္ဆေမျိုးရိုး အတွင်း ကျင့်ကြံနေခဲ့သူဖြစ်သည်။ ထို့ကြောင့် စုရီရင်ထဲ လူသတ်ရန် ရည်ရွယ်ချက်တစ်ခု တိုးပွားလာ၏။
ဟိုးတုန်းက မရဏကမ္ဘာတွင် သူသည် သစ်ရွက်လေးနှင့် နက်ရှိုင်းသောဆက်ဆံရေး ရှိသည်ကို လူတိုင်းသိထားသည်။
ထို့ကြောင့် ပင်းမိုသည် သူ့တပည့်ကို မြွေတစ္ဆေမျိုးနွယ်အရပ်၌ စောင့်ခိုင်းစေခြင်းဖြစ် ချေတော့၏။ ၎င်းရည်ရွယ်ချက်မှာ သူနှင့် ပတ်သက်သော အချက်အလက်များကို စုဆောင်းရန်ပေပင်။
“ ငါ့အသက်ကို ချမ်းသာပေးမယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား။ ”
စုရီနှင့်စွေ့ချောင်အာသည် သူ့ကို ခေါ်ဆောင်သွားလိုသည်ကို မြင်လိုက်ရသဖြင့် ထောင်ချင်းချွယ်မှ ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
“ စိတ်မပူပါနဲ့ ... ဒီနေ့နဲ့ပတ်သက်တဲ့ အမှတ်တရတွေအားလုံးကို မင်းစိတ်ထဲကနေ ဖျက်ပြီးရင် လွှတ်ပေးမှာပါ။”
စုရီမှ ပြောကြားလိုက်သည်။
“ ဖြန်း ... ။ ”
စွေ့ချောင်းအာက ရုတ်တရက် ထောင်ချင်းချွယ်ကို ဇာတ်ပိုးအုပ်လိုက်ရာ ချက်ချင်း မူးလဲသွားသည်။ ထို့နောက် စုရီထံပါးသို့ အမီလိုက်ကာ၊
“ ဦးလေးစု ... ဧကရာဇ်တွေမှာ နက်နဲအဆင့်တာအိုအစွမ်းနဲ့ ကာကွယ်ထားတဲ့ မူလဝိညာဉ်နဲ့ ဓမ္မပုံရိပ်တွေပိုင်ဆိုင်ထားတယ် ... မဟုတ်လား ငါ့နည်းလမ်းတွေနဲ့ သူ့မှတ်ဉာဏ်ကို ဖျောက်ဖျက်ဖို့ ခက်ခဲမှာ စိုးရိမ်မိတယ်။ ”
“ မင်းမလုပ်နိုင်တာနဲ့ပဲ မင်းမိန်းမ မလုပ်နိုင်ဘူးလို့ မဆိုပါဘူး။ ”
စုရီစကားကြောင့် စွေ့ချောင်အာမှ အံ့အားသင့်သွားပြီး အနည်းငယ်ရှက်ရွံ့လာကာ၊
“ ဟမ့် ... သေစမ်း၊ အဲဒါကို ငါတကယ် မေ့သွားတယ်။ ”
-ဟု ရေရွတ်လိုက်တော့၏။
သူ့ဇနီးသည် မန်ပိုနန်းတော်တွင် မြစ်ကူးကူးတို့သမား ဖြစ်ဖူးသည်။ ထုံးစံအတိုင်း တစ်စုံတစ်ဦး၏ မှတ်ဉာဏ်ကိုဖျောက်ဖျက်ခြင်း ပညာရပ်တွင် အကျွမ်းကျင်ဆုံးဖြစ်ချေ၏။
***