← Chapters

ကြက်ဖကြီး ... ။

Vol. 57 Ch. 682

ကြက်ဖကြီး ... ။

Vol. 57 Ch. 682

ဆယ်ရက်ကုန်လွန်ပြီးနောက် လမ်းစဉ်ချောက်ပါးဒိုမိန်း၏ အရှေ့တောင်ဘက် နယ်စပ်ဒေသသို့ စုရီရောက်လာသည်။ ညသည် အနည်းငယ် မှောင်စပြုနေ၏။

စုရီအကြည့်များသည် ကြီးမားပြီး မြင့်မားလှသော တောင်တန်းကြီးတစ်ခုပေါ်သို့ ကျဆင်းသွားသည်။ အဆိုပါတောင်ကြီးသည် မရဏကမ္ဘာ၏ ငရဲတံခါးငါးပါးအနက်မှ တစ်ပါးဖြစ်သော မက်မွန်တံခါးဖြစ်၏။

ရှေးခေတ်က မရဏကမ္ဘာရှိ တစ္ဆေဧကရာဇ်ငါးပါးတို့သည် ငရဲတံခါးငါးချပ်ကို အသီးသီးစောင့်ကြပ်ကြသည်။ အရှေ့ဘက် တစ္ဆေဧကရာဇ်သည် မက်မွန်ငရဲတံခါးကို စောင့်ကြပ်ရ၏။

မြောက်ပိုင်း တစ္ဆေဧကရာဇ်သည် လျူဖုန်းတောင်ရှိ ငရဲတံခါးကို စောင့်ကြပ်သည်။ တောင်ပိုင်းတစ္ဆေဧကရာဇ်သည် လောဖူတောင် ငရဲတံခါး၊ အနောက်တစ္ဆေဧကရာဇ်သည် ဖန်ကျန့်တောင် ငရဲတံခါးနှင့် ဗဟိုတစ္ဆေ ဧကရာဇ်သည် ပေါင်တုတောင် ငရဲတံခါးတို့ကို စောင့်ကြပ်ရ၏။

ဒဏ္ဍာရီအရ ထိုနတ်တောင်ကြီးငါးလုံးရှိ တံခါးများသည် သေမျိုးကမ္ဘာနှင့်ချိတ်ဆက်ကာ သေဆုံးသွားသူများအတွက် ဖြတ်သန်းရန် ရည်ရွယ်သည်ဟု ဆိုထားသည်။

သို့သော် ဤအရာအားလုံးသည် ရှေးဒဏ္ဍာရီများသာ ဖြစ်သည်။ လက်ရှိ မရဏ ကမ္ဘာတွင် တစ္ဆေဧကရာဇ်ငါးပါး မရှိတော့ဘဲ တံခါးများလည်း ပျောက်ကွယ်နေပြီဖြစ်၏။

မက်မွန်တောင်သည် ယခုအချိန်၌ အလွန်ကျော်ကြားသော ဝိညာဉ်တောင်တန်း တစ်ခုမျှသာဖြစ်သည်။ ထိုစဉ်က တုနှိုင်းမရသော အစွမ်းထက် နတ်ဆိုးတစ်ပါးသည် ဤတောင်ကို သိမ်းပိုက်ပြီးနောက် ‘မက်မွန်မြို့တော်သခင်’ ဟူသောဘွဲ့ကိုခံယူလိုက်၏။

သို့သော် စုရီက ထိုသူကို ကြက်ဖကြီးဟု ခေါ်ခဲ့သည်။ အတိတ်ဘ၀တွင် နာကျည်းခြင်း ပင်လယ်သို့ ဖြတ်သန်းရန် ထိုသူထံမှ မက်မွန် လှေတစ်စင်း ယူခဲ့ဖူးသည်။

ဤလှေကို ထာဝရလှေရတနာအဖြစ် ခေါ်ဆိုနိုင်ပြီး နာကျည်းခြင်းပင်လယ်ပြင်အတွင်း ဘေးအန္တရာယ်များမှ အကြိမ်ကြိမ် လွတ်မြောက်စေခဲ့သည်။

ထို့ကြောင့် ယခုတစ်ကြိမ်တွင်လည်း ထာဝရလှေအတွက် မက်မွန်အနှစ်ကိုရယူရန် လာခြင်းဖြစ်လေသည်။

လခြမ်းပုံသဏ္ဍာန်ရှိသော ခရမ်းရောင်လမင်းသည် မိုးကုတ်စက်ဝိုင်း အစပ်မှ ထွက်ပေါ်လာပြီဖြစ်၏။

စုရီက လက်နှစ်ဖက်နောက်ပို့လျက် တောင်တန်းကြီးပေါ် တရွေ့ရွေ့လှမ်းတက်လာ တော့သည်။

“ ဟမ့် ... ဒီနေရာက ဘာလို့ ဒီလောက်တောင် ဖရိုဖရဲ ဖြစ်နေရတာလဲ။ ”

လမ်းတလျှောက် ပြောင်းလဲနေသော မြင်ကွင်းများနှင့် အငွေ့အသက်များစွာကြောင့် စုရီမှ မျက်ခုံးပင့်လိုက်သည်။

မြူများအတွင်း သွေးနီရောင် အမှုန်အမွှားများကို မြင်နေရသည်။ တစ်ချိန်က ဤနယ်မြေသည် ကြည်လင်သောလေထုနှင့် ရေတံခွန်များသာရှိ၏။

ယခုမူ ၎င်းသည် ကြမ်းကြုတ်သော မကောင်းဆိုးရွားနယ်မြေအဖြစ်သို့ ပြောင်းလဲ နေချေပြီ။

“ ဘာဖြစ်တာလဲ၊ ဒီကြက်ဖကြီးက မကော်ငးဆိုးရွားတွေကို အရမ်းရွံ့မုန်းနေတာတဲ့ လူတစ်ယောက်ပါ ... ဒီတောင်က ဘယ်လိုများ ပြောင်းသွားတာလဲ။ ”

မက်မွန်တောင် ဧရိယာသည် မိုင်သုံးထောင်ရှိသည်။ တောင်သည် မြင့်မားပြီး တောင်ကုန်းများနှင့် ချိုင့်ဝှမ်းများစွာ ပြည့်နှက်နေ၏။

မှောင်မိုက်သောညတွင် သွေးနီရောင် မြူမှုန်များသည် တောင်ထိပ်များထံ ပိတ်လျှံ နေပြီး တစ်ခါတစ်ရံတွင် စူးရှသော အော်ဟစ်သံများကို ကြားရစေသည်။

လေထုသည် အေးစက်နေကာ အန္တရာယ်ရှိသော ရောင်ဝါများ ဖုံးလွှမ်းထား တော့၏။ ထိုရောင်ဝါများနှင့် သွေးမြူများမှာ စုရီအနား မရောင်ခင် အက်ကွဲကုန်သည်။

စုရီဝန်းကျင်၌ ရွှေရောင် အလင်းစက်ကွင်းတစ်ခု ဖြစ်ပေါ်နေတော့၏။ ကောင်းကင်အမိန့်တော် ကြာပန်းမီးအိမ်၏ ရောင်ဝါဖြစ်ချေပြီ။

အနောက်ကောင်းကင်သုခဘုံ၏ ကျောက်တုံးနှလုံးသားမှ သန့်စင်ထားသော ရတနာပေပင်။

ဤရတနာသည် မကောင်းမှုမှ ကင်းဝေးစေပြီး ကံကောင်းခြင်းများကို ဆောင်ကြဉ်းပေးနိုင်၏။

၎င်းကိုအသက်သွင်းရန်ပင် မလိုအပ်ဘဲ ရတနာ၏ရောင်ဝါသည်ပင် လမ်းတစ်လျှောက် သွေးနီရောင်စွမ်းအားကို တွန်းလှန်ပေးသည်။

ရံဖန်ရံခါတွင် လမ်းများပေါ်၌ သရဲတစ္ဆေအချို့ ထွက်ပေါ်လာသော်လည်း စုရီမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းကို သတိပြုမိကာ ကြောက်လန့်တကြား ဆုတ်ခွာကုန်၏။

စုရီက သူတို့ကို လျစ်လျူရှုထားသည်။ သဘာဝအားဖြင့် သူသည် ဤအရေးမပါသော နတ်ဆိုးများကိုသတ်ရန် အချိန်မဖြုန်းချေ။

လမ်းတစ်လျှောက် ကျင့်ကြံသူများ၏ အလောင်းများနှင့် ဆိုးရွားလှသေ အရိုးစုများစွာ မြင်လာရသည်။

၎င်းတို့သည် ဤတောင်ပေါ်သို့ အခွင့်အလမ်းများရှာဖွေရန် လာခဲ့ကြသည်မှာ သံသယဖြစ်စရာမလိုချေ။

တစ်နာရီ၏ လေးပုံတစ်ပုံအကြာတွင် တိမ်ပင်လယ်အတွင်း ပျောက်ကွယ်နေသော တောင်ထွတ်ပေါ် ရောက်ရှိလာ၏။

ဤနေရာတွင် သွေးရောင်ဝါသည် ကောင်းကင်နှင့်နေရောင်ကို ဖုံးကွယ်ထားသည့် သွေးတိမ်ထုအလား ပြောင်းလဲနေသည်။

အဆောက်အဦများစွာသည် အချိန်ကြာမြင့်စွာထဲကပင် ပြိုကျပျက်စီးသွား ခဲ့ပုံရ၏။

“ ကြက်ဖကြီးက သူ့ကြက်ခြံကို လုံးဝစွန့်ပစ်ထားတာပဲ … ။ ”

စုရီက မျက်မှောင်ကြုတ်မှတ်ချက်ပေး လိုက်သည်။ ဤတောင်ထွတ်သည် ကြက်ဖကြီး အတွက် ကျင့်ကြံရာမြေဖြစ်၏။

ယခုမူကား မှေးမှိန်သောအလင်းနှင့် သွေးမြူများမှလွဲ၍ အခြားမရှိချေ။ တစ်ခုခု လွဲချော်နေပုံပေပင်။

အဘယ့်ကြောင့်ဆိုသော် တောင်ထိပ်၌ ထူထဲသောသွေးနီရောင် အခိုးအငွေ့များစွာဖြင့် ဖုံးလွှမ်းနေသော်လည်း သရဲတစ္ဆေများ မရှိခြင်းကြောင့် ဖြစ်လေသည်။

ဤမြင်ကွင်းသည် ရက်စက် ကြမ်းကြုတ်သော သရဲတစ္ဆေများ မချဉ်းကပ် ဝံ့သည့် တားမြစ်နယ်မြေတစ်ခုလိုပေပင်။

သို့သော် နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုလည်း ရှိနေသေး၏။ အလွန်အစွမ်းထက် လှသည့် တစ္ဆေတစ်ကောင်သည် ဤနေရာတွင် နေထိုင်နေခြင်းကြောင့် မည်သည့်တစ္ဆေမျှ ကျူးကျော်မဝံ့ခြင်းပေပင်။

“ ဝှစ် ... ။ ”

စုရီသည် သဘာဝအားဖြင့် ထိုအရာများကို မကြောက်ချေ။ သူ့အသွင် တဖျပ်ဖျပ်ခတ်လျက် တောင်ထိပ်ပေါ် ဆင်းသက်လိုက်သည်။

ဤနေရာတွင် ပျက်စီးယိုယွင်းနေသော ရှေးဟောင်း ဘုံကျောင်းတစ်ခု တည်ရှိချေ၏။ ထိုဘုံကျောင်းအတွင်း ဗဟိုခန်းမမှလွဲ၍ အခြား ခန်းမများနှင့် အဆောက်အဦးများအားလုံး ပြိုကျနေသည်။

ယခင် ဤနေရာကို ကြက်ဖကြီးသည် အမျိုးမျိုးသောအကာအကွယ်များဖြင့် ဖုံးအုပ် ထားခဲ့သည်ကို မှတ်မိနေသေးသည်။

ထိုကြောင့် အပြောင်းအလဲအားလုံးကို မြင်လိုက်ရချိန်၌ စုရီမှလေးနက်လာတော့သည်။ အဆုံးတွင် မျက်မှောင်ကြုတ်ကာ ခန်းမထဲသို့ လှမ်းဝင်လိုက်တော့၏။

“ ဟမ့် ... ။ ”

ထိုစဉ် စူးရှလွန်းသော အလင်းတန်းသည် လျှပ်စီးအလား နဖူးထံဦးတည်ကာ ပျံသန်းလာ ချေသည်။

ထိုအလင်းတန်းသည် ရုတ်ချည်း ဖြစ်သဖြင့် စုရီရုပ်သွင်ကို ဖြိုခွင်းသွားလေသည်။ သို့သော် မျှော်လင့်ထားသလို သွေးမြူများ ထွက်လာခြင်းမရှိချေ။

“ ဟမ့် ... ။ ”

မှောင်မည်းနေသော နန်းတော်အတွင်းမှ အာမေဋိတ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ပြိုပျက်နေသော နန်းတော်အတွင်း ရွှေရောင် အလင်းများပေါ်လာ၏။

ထိုအလင်းများ ပြန့်ကျဲလာသည်နှင့်အမျှ သွေးနီရောင်အမှုန်အမွှားများမှာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားချေပြီ။

အလင်းရောင်၏ ဗဟိုချက်တွင် စုရီတစ်ယောက် လက်တစ်ဖက်နောက်ပို့ကာ လက်တစ်ဖက်၌ ကြာပန်းမီးအိမ်ကိုင်ဆောင်ပြီး ပြန်၍ထွက်ပေါ်လာ၏။

မီးအိမ်ထံပါးမှ ရွှေရောင်အလင်းများ ဖြာဆင်းလျက် အမှောင်များကို ဆုတ်ခွာဖယ်ရှား ပေးတော့သည်။ တစ်ချိန်တည်းမှာပင် ခန်းမ၏ အနက်ရှိုင်းဆုံးနေရာရှိ အနက်ရောင် အရိပ်မှာ ချက်ချင်းဆုတ်ခွာသွား၏။

ထိုအရပ်တွင် ခန်းမနံရံများပေါ်၌ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်များနှင့် နတ်ဆိုး(၁၈)ရှစ်ပါးကို ရေးထွင်းထားသည်။

ခန်းမဆဆုံးနံရံတွင် အဖြူရောင် ဖယောင်းတောင်ဝှေးတစ်ချောင်း ကိုင်ထားသည့် အဖိုးအိုနှင့် အနက်ရောင်သံကြိုး ကိုင်ထားသော အမျိုးသားတစ်ဦး ပုံသဏ္ဍန်ကို ရေးဆွဲထား၏။

ဤသည်မှာ ငရဲတံခါးမှ ဖြတ်ကျော် ဝင်ရောက်လာသူများကို လမ်းပြပေးရသော တစ္ဆေဧကရာဇ်နှင့် ကြက်ဖကြီးပေပင်။

အချိန်များကုန်လွန်သွားပြီးနောက် ယနေ့တွင်ခန်းမကြီးသည် ပြိုကျပျက်စီးနေကာ ဤနံရံဆေးရေး ပန်းချီကားများသည်လည်း မှိန်ဖျော့သွားခဲ့၏။

စုရီက ခေါင်းယမ်းလျက် အတွေးများကိုဖယ်ခွာကာ ခန်းမဆောင်၏ အဆုံးဆီသို့ တည့်တည့်သွားပြီး တစ်စုံတစ်ရာထံ နှိပ်ချလိုက်သည်။

“ ဂျိန်း .... ။ ”

အဖြူ၊ အမည်း ရုပ်ပုံများဖြင့် ချိတ်ဆက်ထားသော ကျောက်နံရံသည် ရုတ်တရက် ဝင်ပေါက်တစ်ခု ဖြစ်လာ၏။

စုရီက ကောင်းကင်အမိန့်တော် ကြာပန်းမီးပုံးကိုကိုင်ဆောင်ကာ အတွင်းသို့ လှမ်းဝင်လာခဲ့သည်။ ဤအရပ်သည် လျှို့ဝှက်ကမ္ဘာတစ်ခုပေပင်။

ကောင်းကင်ကြီးသည် နံနက်ခင်း ရောင်ခြည်တော်ကဲ့သို့နီရဲပြီး အလယ်ဗဟိုတွင် အကိုင်းအခက်များ ပြန့်ကားနေသော မက်မွန်ပင်ကြီးသာရှိ၏။

ပင်စည်သည် သတ္တုရောင်တောက်ပကာ မက်မွန်ပွင့်များသည် ရဲရဲနီနေ၏။ အမြစ်များမှာ မိုင်သုံးထောင်ကျော် ပြန့်ကားနေသည်။ သို့သော် သစ်ပင်၏ မူလရောင်ဝါသည် မကောင်းဆိုးရွား ရောင်ဝါကြောင့် ပျက်စီးနေခဲ့၏။  

အမြစ်တိုင်းသည် ကျောက်တုံးကဲ့သို့ ထူထပ်မှိန်ဖျော့နေကာ သေစေတတ်သော ရောင်ဝါများရစ်သိုင်းနေ၏။

“ ဂျွတ် ... ဂျွတ် ... ။ ”

သစ်ပင်၏ ပင်စည်ကိုပင် အနက်ရောင်မြူများ ဖုံးလွှမ်းနေပြီဖြစ်သည်။ ထိုစဉ် စပါးအုံးမြွေများကဲ့သို့ ကြီးမားလှသော အမြစ်များသည် မီးများတောက်လောင်လျက် စုရီထံ ပျံသန်းဝင်ရောက်လာ၏။

“ ဝှီး ... ။ ”

အဆုံးတွင် ထောင်ပေါင်းများစွာသော အမြစ်များဖြင့်ယှက်လုပ်ထားသည့် လှောင်အိမ် တစ်ခုအဖြစ် စုရီအပေါ် ပြုတ်ကျလာသည်။

ထို့နောက်တွင် ပိန်ပိန်ပါးပါး အနက်ဝတ် မိန်းကလေးတစ်ဦး ထွက်ပေါ်လာခဲ့၏။ သူမ၏ ရှည်လျားပြီး တောက်ပြောင်နေသော အနီရောင် ဆံပင်များသည် လိမ်မ္မော်ရောင်လင်းနေသည်။

လက်တစ်ဖက်တွင် အနက်ရောင် သစ်သားလှံတံကိုင်ဆောင်ကာ လေထုအလယ် လွင့်မျောလျက် ကျက်သရေရှိနေချေ၏။

မက်မွန်ပန်၏ အမြစ်များအတွင်း ပိတ်မိနေသော စုရီကိုမြင်မှသာ သက်သာရာရမှု အရိပ်အမြွက် ပေါ်လာခဲ့သည်။  

“ နင် ... ဘယ်သူလဲ မက်မွန်မြို့တော် လျှို့ဝှက်နယ်မြေကို ဘယ်လိုဝင်လာတာလဲ။ ”

သို့သော် အနည်းငယ် တုံ့ဆိုင်းသွားပြီး သစ်သားလှံကိုတင်းကြပ်စွာ ဆုပ်ကိုင်လျက် ချဉ်းကပ်မေးမြန်းလိုက်၏။

“ ကောင်မလေး၊ မင်းလူတွေကို ဒီလိုဆက်ဆံနေတာလား။ ”

“ ဖျစ် ... ။ ”

စုရီက ရောယှက်နေသော သစ်မြစ်လှောင်အိမ်ကိုဖြဲလျက် တိုးထွက်လာပြီး ပြန်လည်မေးမြန်းလိုက်သည်။

“ နင် ... ။ ”

ထိုမြင်ကွင်းကြောင့် အနက်ဝတ် ကောင်မလေးသည် ချက်ချင်းထုံထိုင်းသွားကာ လှပသောသူမ၏ အပြာရောင်ဖျော့ဖျော့ မျက်လုံးများပြူးကျယ်သွား၏။

ခြေထောက်များ ရုတ်ခြည်းကွေးလျက် သစ်သားလှံကိုဆုပ်ကိုင်ကာ ခုန်ဝင်တိုက်ခိုက်ရန် အသင့်ဖြစ်နေချေပြီ။

သို့သော် စုရီမျက်လုံးထဲတွင် မိန်းကလေး၏ အသွင်အပြင်သည် ကလေးတစ်ယောက်ကဲ့သို့ ချစ်စရာကောင်းပြီး ဖိအားကင်းနေ၏။

“ ဒီမက်မွန်ပင် စွမ်းအားက ငါ့ကို ဒုက္ခမပေးနိုင်ဘူး ... မင်းနဲ့ကြက်ဖကြီး ဘယ်လို ပတ်သတ်လဲ ကောင်မလေး။ ”

စုရီက ပြုံးလျက်မေးသည်။ အနက်ဝတ် ကောင်မလေးမှ နှုတ်ခမ်းများတင်းတင်းစေ့ပြီး တိတ်ဆိတ်နေ၏။

“ မင်းငါ့ကို မပြောရင်တောင် ငါသိတယ်။ ”

စုရီက မက်မွန်ပင်ထံ မော့ကြည့်လျက်၊

“ ဟိုတုန်းက ဒီမက်မွန်ပင်မှာ စိတ်ဝိညာဉ်ပေါက်ဖွားဖို့ အရိပ်အယောင်တွေ ပြနေပြီလို့ ကြက်ဖကြီး ငါ့ကိုပြောဖူးတယ် ... အဲဒီနေ့သာ တကယ်ရောက်လာရင် မက်မွန် ဝိညာဉ်ကို သူ့တပည့်အဖြစ်ခံယူစေပြီး ...

... အမွေတွေ လက်ဆင့်ကမ်းပေးမယ် ဒီလိုနည်းနဲ့ သူ မရှိချိန်မှာ မက်မွန်ဝိညာဉ်က မက်မွန်တောင်ကို စောင့်ရှောက်နိုင်လိမ့်မယ်။ ”

-ဟု ရေရွတ်၏။

စုရီစကားကြောင့် အနက်ဝတ် ကောင်မလေး၏မျက်ဝန်း၌ အံ့သြသံသယများ တောက်လောင်လာသည်။ ထိုစဉ် စုရီက သူမထံ လှည့်ကြည့်လိုက်ပြီး၊

“ အခု ... မင်းရဲ့သခင်ဘယ်မှာလဲ၊ သူ ဘယ်ကိုသွားတာလဲ။ ”

-ဟု မေးမြန်းလာတော့၏။

***

All Chapters