တိမ်တိုက်မျှော်စင် ရတနာသင်္ဘော။
Vol. 57 Ch. 683
အနက်ဝတ် ကောင်မလေးက ပြန်မဖြေသေးချေ။ တိတ်ဆိတ်ငြိမ်သက်နေပြီး အလွန်သတိရှိနေဆဲဖြစ်၏။ ဤအမူအရာသည် စုရီကို မျက်မှောင်ကြုတ်သွားစေသည်။
“ ကောင်းပြီ ... မင်းမပြောချင်ရင်မေ့လိုက်ပါ။ ”
ထို့နောက် ဓားကိုဆွဲထုတ်လျက် မက်မွန်ပင်ဆီသို့ လျှောက်လှမ်းသွားတော့သည်။ အနက်ဝတ် ကောင်မလေးသည် ချက်ချင်းပင် အေးစက်လာပြီး ရွှေရောင်အလင်းများ တောက်ပစွာ ဖြာထွက်လာ၏။
“ နင်ဘာလုပ်မလို့လဲ ... ။ ”
“ မက်မွန်ပင်ရဲ့ အနှစ်သာရ နည်းနည်းယူမလို့ပါ။ ”
“ နင် ဝံ့သလား။ ”
ရုတ်တရက် ကောင်းကင်အပြည့် ဖြန့်ကျက်ထားသော မက်မွန်ပင်သည် မီးလျှံများ တောက်လောင်လျက် စုရီကို လောင်မြိုက်ရန် ပြိုကျလာတော့၏။
“ ဟမ့် ... ။ ”
သို့သော် အဆုံးတွင် မီးတောက်သည် ရုတ်တရက်ဆုတ်ခွာသွားပြီး စုရီ၏ လက်ဖဝါးထဲ ကျုံ့ဝင်သွားလေသည်။
ဤမြင်ကွင်းက အနက်ဝတ် ကောင်မလေးအပေါ် ချက်ချင်း ထိတ်လန့်သွား စေတော့၏။
“ မက်မွန်ပင်က သဘာဝအတိုင်း သရဲမီးတောက်ကိုပိုင်ဆိုင်ထားပြီး နတ်ဆိုးနဲ့ မကောင်းဆိုးရွားတွေကို နှိမ်နင်းနိုင်တယ် ကံမကောင်းစွာနဲ့ပဲ မင်းရဲ့ထိန်းချုပ်နိုင်မှုက အောက်ခြေအဆင့်မှာပဲရှိသေးတယ်။ ”
စုရီက လက်ဖဝါးကို ပွတ်သပ်ပြလိုက်ရာ အလင်းဘောလုံးသည် အလင်းမှုန်များအဖြစ် ပြောင်းလဲပျက်ပြယ်သွားသည်။
“ နင် ... နင်ဘယ်သူလဲ။ ”
အနက်ဝတ် ကောင်မလေးခမျာ အေးစက်နေသော်လည်း တုန့်ဆိုင်းသွား၏။ ဤလူငယ်သည် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်နိုင်ရုံသာမက လျှို့ဝှက်ချက်များကို သိရှိနေသည်။
စုရီက ရပ်တန့်သွားပြီး၊
“ ကောင်းပြီ၊ မက်မွန်ပင်ရဲ့ သဘာဝတစ္ဆေမီးတောက်ကို ဘယ်လိုသုံးရမလဲ ငါပြမယ်။ ”
-ဟု ဆိုကာ တံဆိပ်တစ်ခု ဖန်တီး၏။
ထို့နောက် လေထုအလယ် ရွှေရောင်တံဆိပ်တစ်ခု ထွက်ပေါ်လာသည်။ ဤအခိုက်တွင် မက်မွန်ပင်သည် ပြင်းစွာ တုန်လှုပ်သွား၏။
အနက်ဝတ်မိန်းကလေးခမျာ တစ်ခုခုကိုခံစားမိပြီး ပြာပြာရောင်မျက်လုံးများ ပြူးကျယ်သွားလေသည်။
“ ဝူး ... ။ ”
အမြင့်ပေတစ်ရာခန့်မြင့်သော မက်မွန်ပင်ကြီးသည် ရုတ်တရက် ယိမ်းနွဲ့ကာ အိပ်ပျော်နေရာမှ နိုးထလာသည့်အလား မက်မွန်ပန်းများ ပွင့်လာတော့၏။
ပင်စည်နှင့် အမြစ်များသည် မကောင်းဆိုးရွားရောင်ဝါကြောင့် ငိုက်မြည်း နေရာမှ ရုတ်ခြည်းပင် လင်းလက်တက်ကြွ လာလေသည်။
ထို့နောက် မက်မွန်တောင်၏ မိုင်သုံးထောင်အတွင်း တောင်နှင့်အမြစ်များမှာ တဖျပ်ဖျပ်ခတ်လာကာ စွမ်အင်ကြိုးမျှင်များ စီဆင်းလာချေပြီ။
ကောင်းကင်နှင့်မြေကြီး တုန်လှုပ်သွားပြီး နတ်မီးတောက်များသည် နေကဲ့သို့ တောက်ပစွာ ထွက်ပေါ်လာကာ အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲရစ်သိုင်းလာ၏။
ထိုအချိန်တွင် အပြင်လောက၌ အမှောင်ထုသည်လည်း ပျောက်ကွယ်သွားကာ မရေမတွက်နိုင်သော ရွှေရောင်အလင်းမှုန်များ သဲသဲမဲမဲရွာချလာသည်။
မိုင်သုံးထောင်တိုင် ပြန့်ကျဲနေသော နတ်ဆိုးနှင့်တစ္ဆေများသည် ထိတ်လန့်စွာဖြင့် တောင်ထိပ်ထံ မော့ကြည့်ကြ၏။
တောင်ထိပ်ပေါ်တွင် ရွှေရောင်အလင်းတစ်စက် ထွက်ပေါ်လာပြီး များမကြာမီ မက်မွန်တောင်ကြီးတစ်ခုလုံး နတ်မီးလျှံများဖြင့် ဖုံးလွှမ်းလာခဲ့သည်။
ထိုဖြစ်စဉ်သည် ကြောက်မက်ဖွယ် ကောင်းသောကြောင့် သရဲတစ္ဆေများ ချက်ချင်း ဆုတ်ခွာကုန်၏။
သို့တိုင် ရွှေမီးတောက်များသည် လျင်မြန်လွန်းသဖြင့် သူတို့အားလုံးကို ပြာအဖြစ် ပြောင်းလဲသွားပြီး အစအနမရှိဘဲ ပျောက်ကွယ်သွားစေသည်။
ထိုအချိန်တွင် တောင်ထိပ်ပေါ်ရှိ မက်မွန်ပင်များပေါ်တွင် ကြီးကျယ်ခမ်းနားကာ ရောင်စဉ်ငါးပါး ကြက်ဖကြီးတစ်ကောင် ထွက်ပေါ်လာ၏။
“ အောက် အီး အီး အွတ် ... ။ ”
ထိုကြက်ဖသည် အမြင့်ဆုံး အကိုင်းအခက်ပေါ်သို့ ခုန်တက်လိုက်ကာ ကောင်းကင်ပေါ် မော့ကြည့်လျက် တွန်မြည်သံများပြုလေသည်။
ထိုအော်ဟစ်သံသည် ကောင်းကင်ဘုံ ကိုးပါးနှင့်မြေပြင်တလျှောက် ပဲ့တင်ထပ်နေ၏။ မက်မွန်တောင်ထောင့်တိုင်းတွင် ပုန်းနေသော သရဲတစ္ဆေများအားလုံး ပြာဖြစ်ကုန်သည်။
အချိန်အတော်ကြာပြီးနောက်၊ ကောင်းကင်နှင့်မြေကြီး ဆက်သွယ်ထားသော မက်မွန်ပင်၏ ပုံရိပ်ဖြစ်စဉ်သည် တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့၏။
ကောင်းကင်အပြည့် တောက်လောင်နေသော ရွှေနတ်မီးတောက်များ သည်လည်း ပျောက်ကွယ်သွားချေပြီ။
၎င်းနှင့်အတူ ပြင်းထန်သော သွေးဆာနေသည့်ရောင်ဝါ အငွေ့အသက်များ လိုက်ပါသွားချေပြီ။
ကြည်လင်ပြီး လွတ်နေသောညကဲ့သို့ ကောင်းကင်၌ ခရမ်းရောင် လခြမ်းကွေးလေး ထွက်ပေါ်လာ၏။
လေပြည်များက တောင်တန်းနှင့် လယ်ကွင်းများထံ ဖြတ်သန်းသည်။ ထိုသို့သော နည်းလမ်းသည် အမှန်တကယ် အံ့ဖွယ်ပေပင်။
အနက်ဝတ် ကောင်မလေးခမျာ အေးခဲသွားကာ တုန်လှုပ်ခြောက်ခြားလာသည်။ ဤကောင်းကင်တားမြစ်ဝင်္ကပါသည် မက်မွန် တောင်၏ မိုင်သုံးထောင်ကို လွှမ်းခြုံထား၏။
တစ္ဆေများနှင့် နတ်ဆိုးများပင် ထိုဝင်္ကပါအောက်၌ ပျက်သုဉ်းနိုင်လေသည်။ ဤအရာကို သခင်သည် အမြဲတမ်းဝံ့ကြွားစွာ ပြောကြားခဲ့ဖူးသည်။
ထိုအချိန်တွင် စုရီသည် မက်မွန်ပင်အောက်၌ ကုလားထိုင်ထုတ်ယူကာ သက်တောင့်သက်သာ အနားယူလိုက်သည်။
များမကြာမီ ဝိုင်အိုးထုတ်ယူလျက် တစ်ငုံသောက်ပြီး အနက်ဝတ် ကောင်မလေးနှင့် စကားစမြည်ပြောကြားတော့၏။ ကိစ္စများကို မေးမြန်းခြင်းဆိုက ပိုမှန်မည်။
ကောင်မလေးက သစ်မြစ်များကို ခုံတစ်လုံးအသွင်ဖန်တီးလျက် ထိုင်ချလိုက်ပြီး မေးခွန်းအချို့ ဖြေကြားပေးလာသည်။
သူမအမည်မှာ လင်ကျန်းဖြစ်၏။ သူမသည် ဝိညာဉ်အသိ ရှိရုံမျှသာဖြစ်သည်။ ဆိုလိုသည်မှာ လွန်ခဲ့သော(၃၃)ခန့်က စိတ်ဝိညာဉ်အဖြစ် မွေးဖွားလာသူပေပင်။
သူမ စိတ်ဝိညာဉ်ခန္ဓာကိုရရှိပြီး သုံးလအကြာတွင် သခင်သည်စာတစ်စောင်ကို လက်ခံရရှိကာ အလျင်အမြန် ထွက်ခွာသွားသည်။
ထို့ကြောင့် သူမသည် ကောင်းကင်တားမြစ်ဝင်္ကပါအပေါ် အဓိပ္ပါယ်ကို ဆုပ်ကိုင်နိုင်ရန် အားနည်းနေခြင်းဖြစ်၏။
“ မင်းရဲ့သခင် ... လက်ခံရရှိခဲ့တဲ့ လျှို့ဝှက်စာက ဘယ်သူ့ဆီက လာတာလဲ မင်းသိလား။ ”
လင်ကျန်းက ခေါင်းခါပြီး၊
“ ငါ့သခင်က ငါ့ကို ဘာမှမပြောပြဘူး သူပြန်မလာမချင်း မက်မွန်ပင်နားမှာပဲနေဖို့သာ အမိန့်ပေးခဲ့တယ်။ ”
-ဟု ပြန်ဖြေ၏။ စုရီ မျက်မှောင်ကြုတ် လိုက်သည်။ ဤကြက်ဖကြီးမှာ အဘယ့်ကြောင့် အလျင်လိုနေသနည်း။ စိတ်ဝင်စားစရာပေပင်။
“ အိုး ... နေဦး ...။ ”
လင်ကျန်းက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး၊
“ ငါ့သခင် ထွက်သွားတုန်းက ... မက်မွန်ပင်ရဲ့အနှစ်သာရနဲ့ ပြုလုပ်ထားတဲ့ ထာဝရလှေကို ယူသွားတယ်။ ”
-ဟု ပြောကြားလာ၏။
စုရီ၏ မျက်လုံးများ အနည်းငယ် မှေးစင်းသွားလေသည်။ ဤကြက်ဖကြီးသည် နာကျည်းခြင်းပင်လယ်ကို သွားခြင်း ဖြစ်နိုင်မည်လော။
ရှားပါးရတနာဖြစ်သည့် ထိုထာဝရ လှေငယ်သည် နာကျည်းခြင်းပင်လယ်ပြင်ကို ဖြတ်ကျော်ရန်အတွက် အသင့်လျော်ဆုံး ရတနာပေပင်။
“ နောက်ထပ် မှတ်မိသေးလား ... ဥပမာ၊ မင်းရဲ့သခင်က ဒီစာမရရှိခင်မှာ ထူးထူးခြားခြား အပြုအမူတစ်ခုခုကို ပြသခဲ့တာမျိုး။ ”
လင်ကျန်းမှ ခဏလောက်စဉ်းစားပြီး ခေါင်းခါသည်။ စုရီက အနည်းငယ်စိတ်ပျက် သွားတော့၏။
“ နင်ဘယ်သူလဲ မပြောရသေးဘူး။ ”
လင်ကျန်းမှ သတိရကာမေးသည်။ စုရီက သူမကို ပြန်ကြည့်ပြီး၊
“ ငါ့မျိုးရိုးအမည်က စု ... မင်းသခင်နဲ့ဆက်ဆံရေးကောင်းရှိပါတယ်။ ”
-ဟု ဖြေကြားလိုက်၏။
လင်ကျန်းမှ အံ့အားသင့်သွားသည်။ သူမအမြင်တွင် စုရီသည် ဆယ့်ကိုးနှစ်အရွယ် ဖြစ်သဖြင့် သခင်နှင့် သူငယ်ချင်းဖြစ်သည်မှာ အဓိပ္ပါယ်မရှိချေ။
ကောင်မလေး၏ ရှုပ်ထွေးနေသော အမူအရာကို မြင်နေရသဖြင့် စုရီမှပြုံးသည်။ ထို့နောက်၊
“ မင်းသခင် ပြန်လာရင် အဖြေကို သဘာဝအတိုင်း ပြောပြလိမ့်မယ်။ ”
-ဟု ပြောကြား၏။
ဆက်လက်ပြီး မက်မွန်တောင်တွင် ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများအကြောင်း ပြောပြလာ၏။ မက်မွန်တောင်အောက်တွင် သမိုင်းတစ်လျှောက် သရဲတစ္ဆေများဖြင့် ပြည့်နှက်နေသည့် တစ္ဆေတံခါးရှိသည်။
ကြက်ဖကြီး ထွက်သွားပြီးနောက် ထိုတစ္ဆေတံခါးအတွင်းမှ သရဲတစ္ဆေများသည် မငြိမ်မသက် ဖြစ်လာသည်။
လွန်ခဲ့သော ဆယ့်ရှစ်နှစ်ခန့်က အလွန်ရက်စက်ကြမ်းကြုတ်သော သရဲတစ္ဆေ အချို့ ဖိနှိပ်မှုမှလွတ်မြောက်လာခဲ့၏။
ထိုအချိန်မှစ၍ မက်မွန်တောင်သည် ကသောင်းကနင်းဖြစ်လာခဲ့ရသည်။ လင်ကျန်း တစ်ယောက် ရှက်စိတ်နှင့်ပြည့်နှက်နေသော မျက်နှာမျိုးဖြင့်၊
“ တကယ်တော့ ငါ့အရည်အချင်း မပြည့်မီမှုကြောင့် ကောင်းကင်ဘုံတားမြစ် စွမ်းအားကို အသုံးမချနိုင်ခဲ့ဘူး ဒါကြောင့် အဲဒီ သရဲတစ္ဆေတွေ လွတ်မြောက်ကုန်တာ။ ”
-ဟု ညည်းတွားလိုက်၏။
စုရီမှ ကောင်မလေးကို ကြည့်သည်။ တစ်ဖက်လူသည် နုံအနေသေးပြီး ဖြူစင်ကာ ကြင်နာတတ်သော သဘာဝရှိချေ၏။
“ မင်း ကိုယ့်ကိုကိုယ် ဘယ်လိုများ အပြစ်တင်နေရတာလဲ မင်းရဲ့သခင်က မင်းကို ဒီလျှို့ဝှက်နည်းစနစ် သင်ပေးချိန်မရှိခဲ့တာပါ ...
... စိတ်မပကူနဲ့ ငါမင်းကို သင်ပေးခဲ့မယ် အနာဂတ်မှာ မင်းဒီတောင်ကြီးကို ထိန်းချုပ်လို့ ရသွားမယ်။ ”
လင်ကျန်း မျက်လုံးများသည် ရွှင်လန်းမှုများဖြင့် တောက်ပလာကာ၊
“ ကျေးဇူးတင်ပါတယ် စီနီယာ။ ”
-ဟု တုန့်ပြန်တော့၏။
“ ဟားဟားဟား ... ငါက ချက်ချင်းဘယ်လိုများ စီနီယာတစ်ယောက် ဖြစ်လာရတာလဲ။ ”
လင်းကျန်းမှ အနည်းငယ်ရှက်သွားပြီး၊
“ စီနီယာက နေမင်းရောင်ခြည်ရဲ့ စစ်မှန်သောအဓိပ္ပာယ်စွမ်းအားကို ထိန်းချုပ်ပြီး ကောင်းကင်တားမြစ်ဝင်္ကပါကိုလည်း နားလည်ထားတယ် ...
... ငါ့သခင်နဲ့ ရင်းနှီးတယ်ဆိုတာကို ပြနေတာပဲ ဒါကြောင့် အသက်ငယ်နေပေမယ့် စီနီယာလို့ခေါ်တာ အသင့်လျော်ဆုံးပါပဲ။ ”
စုရီမှ ပြုံးပြီး၊
“ ငါ မက်မွန်ပင်ရဲ့ အနှစ်သာရအချို့ကို ယူဖို့လာတာ မင်းသဘောတူလား။ ”
“ စီနီယာ ... ငါ့သခင် ပြန်လာတဲ့အခါ ရှင်းပြဖို့ စာတစ်စောင် မင်းထားခဲ့နိုင်မလား။ ”
“ ကောင်းပြီ ... မင်းအတွက် စာတစ်စောင် ငါရေးပေးခဲ့မယ်။ ”
စုရီ ခေါင်းညိတ်သဘောတူသည်။ နေထွက်လာချိန်တွင် မက်မွန်တောင်ကြီးမှာ အုံ့မှိုင်းနေသော ရောင်ဝါများပျက်ပြယ်လျက် ရှင်းသန့်တောက်ပနေတော့သည်။
အဝေးမှ ကြည့်ရုံဖြင့်ပင် သုခဘုံအဖြစ်ခံစားရစေ၏။ မက်မွန်ပန်းများ တစ်တောင်လုံး ဝေနေချေပြီ။
စုရီက ရုတ်တရက် ခြေလှမ်းများ ရပ်ကာတောင်ထိပ်ကို မော့ကြည့်လိုက်သည်။ တောင်ထိပ်ပေါ်တွင် လှပသောရုပ်သွင်ဖြင့် မက်မွန်သီးရောင်ဆံပင်များ လွင့်ဝဲနေသော မိန်းကလေးတစ်ယောက်ရပ်နေ၏။
“ ဂရုစိုက်ပါ စီနီယာ ... ။ ”
လင်ကျန်းမှ လက်ဝှေ့ယမ်းကာ နှုတ်ဆက်လေသည်။ စုရီတစ်ယောက်ပြုံး၏။
“ ကောင်မလေး မင်းလည်းဂရုစိုက်ပါ။ ”
ထို့နောက် ချက်ချင်း လှည့်ထွက်ကာ မိုးကုပ်စက်ဝိုင်းအတွင်း ပျံသန်းပျောက်ကွယ် သွားတော့သည်။
သုံးရက်အကြာတွင် တစ္ဆေဒိုမိန်းအတွင်း ဝင်ရောက်လာခဲ့၏။ ဒိုမိန်းနှစ်ခုကြား နယ်စပ်မြို့ အတွင်း ရပ်နားလိုက်သည်။ ဤမြို့အမည်မှာ ယွင်ကူမြို့ဖြစ်၏။ ရှေးဟောင်းအငွေ့အသက်နှင့် သာယာဝပြောသောမြို့ငယ်လေးပေပင်။
ယွင်ကူမြို့(တိမ်တေးသံ) အပြင်ဘက်တွင်၊ မြစ်ဖြတ်ကူးရန် ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ ရတနာသင်္ဘောကြီးတစ်စင်း ဆိုက်ကပ်ထား၏။
၎င်းသင်္ဘောသည် လေထဲတွင် ပျံသန်းနိုင်သောကြောင့် တိမ်မျှော်စင် ရတနာ သင်္ဘောအဖြစ် အမည်ပေးထားသည်။
သူ့ခရီးစဉ်သည် တစ္ဆေဒိုမိန်း၏ မြို့တော်ဖြစ်သော ကောင်းကင်မြို့တော်သို့ ဖြစ်ချေ၏။ ရှည်လျားလှသော ခရီးစဉ်ပေပင်။ ကောင်းကင်မြို့တော်သည် မြွေတစ္ဆေမျိုးရိုး နေရာထိုင်ရာမြို့ကြီးဖြစ်သည်။
စုရီက ရတနာသင်္ဘောပေါ်ရှိ စားသောက်ဆိုင်တစ်ခုတွင် ထိုင်လျက်ဖြင့် လမ်းမပေါ် ငေးကြည့်နေသည်။ သူ့ရှေ့တွင် သတ်သတ်လွတ် ခေါက်ဆွဲပန်းကန်ရှိ၏။
***