← Chapters

သစ်ရွက်ကလေး၏ သတင်း။   

Vol. 57 Ch. 684

သစ်ရွက်ကလေး၏ သတင်း။   

Vol. 57 Ch. 684

တိမ်တိုက်မျှော်စင်ရတနာသင်္ဘောသည် ဝိညာဉ်ကျောက်တုံးများပေးချေရုံဖြင့် ခရီစဉ်ကို သက်တောင့်သက်သာ လိုက်ပါနိုင်ကြမည်။

သင်္ဘောပေါ်တွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ လက်နက် အရောင်း ဆိုင်များ၊ ရတနာများနှင့် ရှားပါးကျောက်မျက် ကဲ့သို့သော ပစ္စည်းများကို ရောင်းချသည်။

တစ်ချိန်က စုရီသည် ဤသင်္ဘောဖြင့် သွားလာရာတွင် သူ့ကိုယ်သူရုပ်ဖျက်ထားခဲ့ရ၏။ သင်္ဘောပေါ်တွင် မတူညီသောနောက်ခံများနှင့် အတွေ့အကြုံများကို ကြုံတွေ့နိုင်သည်။

“ ဇူလိုင်လ ဆယ့်ငါးရက်နေ့ မီးပုံးပွဲတော်ညမှာ လမ်းစဉ်ခြောက်ပါးဒိုမိန်းရဲ့ ခရမ်းရောင်မြို့ဟာ ... ဒီလိုချောက်ချားစရာ နတ်ဆိုးတွေကို ကြုံတွေ့ရလိမ့်မယ်လို့ ဘယ်သူများ စိတ်ကူးမိမှာလဲ။ ”

“ သူတို့ကံကောင်းသွားတယ် နတ်ဓားရှင်ချန်ခဲ့တဲ့တံဆိပ်တစ်ခုက ကပ်ဘေး အတွင်း ရှင်သန်ခွင့်ပေးခဲ့တယ်။ ”

စားသောက်ခန်းအတွင်း လူအများသည် လတ်တလောသတင်းများကို ဆွေးနွေးပြောဆို နေတော့သည်။

“ ငါသတင်းတစ်ခုကြားတယ် ကြားရှင်းရှင်းလင်းလင်း မသိရပေမယ့် အမှောင် မြို့တော်ကိုသွားတဲ့ ယင်ယန်လမ်း ပျက်စီးသွား ခဲ့တယ်လို့ ဆိုနေကြတယ် ...

... ဒါကြောင့် ... မရဏကမ္ဘာရဲ့ တန်ခိုးကြီးသူတွေက အမှောင်မြို့တော်အတွင်း ပိတ်မိနေပြီး မရဏကမ္ဘာကို ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးတဲ့ ... ။ ”

“ ဒါက ဆိုးတယ် ငါသိသလောက်တော့ ... ဧကရာဇ်ဆယ်ပါးထက် မနည်း ဒီကိစ္စကိုစုံစမ်းဖို့ ဝင်ရောက်သွားခဲ့တယ် ... အခုထိ သူတို့ ပြန်ထွက် မလာနိုင်သေးဘူး။ ”

စားသောက်ဆိုင်အတွင်း ဆွေးနွေးမှုတစ်ခုသည် စုရီ၏အာရုံများအပေါ် ဖမ်းစားသွားခဲ့သည်။

အမှောင်မြို့တော်ဟူသည် တားမြစ်နယ်မြေဖြစ်ပြီး မှားယွင်းစွာသေဆုံးခြင်း မြို့တော်အတွင်း၌ တည်ရှိနေ၏။

ထိုအမှောင်မြို့တော်၌ ငရဲဘုံကိုးပါးရှိသည်။ ငရဲဘုံတိုင်းတွင် နတ်ဆိုးများနှင့်ပြည့်နှက်နေ၏။ အထူးသဖြင့် ၎င်းမြို့တော်ရှိ နတ်ဆိုးစွမ်းအင်မှာ ဧကရာဇ်များကိုပင် ခြိမ်းခြောက်နိုင်ပေသည်။   

ထို့ကြောင့် ဆဋ္ဌမအဆင့်ငရဲဘုံသည် ဧကရာဇ်နယ်ပယ်အောက် မည်သူ့အတွက်မဆို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ကြ၏။

စုရီသည် ယခင်ဘဝ၌ နတ်ဆိုးများကို သုတ်သင်ရန်နှင့် မဟာတာအိုများစုဆောင်းရန် ထိုအရပ်သို့ သွားလာဖူး၏။

ကျင့်ကြံသူများအတွက် အမှောင်မြို့တော်သည် အကန့်အသတ်မရှိ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။ သို့သော် ၎င်းသည်ပင် အခွင့်အလမ်းများ ပြည့်နေသော ရတနာသိုက်ဖြစ်ချေ၏။

ထိုနေရာသို့ စွန့်စားခြင်းသည် လူတစ်ဦး၏ ကျင့်ကြံမှုကိုခိုင်မာစေသည်သာမက ရှေးကျပြီး ရှားပါးသော တာအိုများကိုစုဆောင်းနိုင်မည်။

ကံကောင်းသော် ပြီးပြည့်စုံသော တာအိုကိုပင် ရရှိနိုင်၏။ ထိုအရပ်သို့ဝင်ရန် ယင်ယန်လမ်းကို ဖြတ်သန်းရပေမည်။

အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြား ပျောက်ကွယ်နေသော ထိုယင်-ယန်လမ်းသည် နှစ်အနည်းငယ်လျှင် တစ်ကြိမ်မျှသာ ထွက်ပေါ် လာနိုင်သည့် အာကာသအက်ကြောင်းဖြစ်၏။

ယခုမူ ဤလူအများ၏စကားအရ ထိုယင်ယန်လမ်းသည် မီးပုံးပွဲတော်ညတွင် ဆိုးရွားစွာ ပျက်စီးသွားခဲ့ချေပြီ။ အကျိုးဆက် အရ ပြင်းထန်မည်ဖြစ်၏။

“ ဒီကိစ္စ ... အမှန်ဖြစ်သင့်တယ် ... မြွေတစ္ဆေမျိုးရိုးရဲ့ ငှက်မွှေးဝိညာဉ်ဧကရီက လွန်ခဲ့တဲ့နှစ်ရာဂဏန်းလောက်က ဝင်ရောက် သွားလာခဲ့ပြီး ပြန်မလာနိုင်သေးဘူးလို့ သတင်းထွက်နေတယ်။ ”

စားသောက်ဆိုင်ထဲရှိ တစ်စုံတစ်ယောက်မှ လေသံတိုးတိုးဖြင့်ပြောလာသည်။ ထိုစကားကို ကြားချိန်တွင် ဝိုင်ခွက်ကိုင်ထားသောစုရီ၏ လက်များ အနည်းငယ် တောင့်တင်းသွား၏။

ထာဝရကျောက်ဆောင်ကဲ့သို့ မယိမ်းယိုင်သော သူ့တာအိုနှလုံးသားသည်ပင် ဤအခိုက် တုန်လှုပ်သွားသည်။ ငှက်မွေးဝိညာဉ် ဧကရီဟူသည်မှာ သစ်ရွက်ကလေး၏ ဘွဲ့အမည်ဖြစ်၏။

“ ငါလည်း ဒီသတင်းကြားတယ် ... ဒီအဖြစ်အပျက်က မြွေတစ္ဆေမျိုးရိုးအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်စေတယ်။ ”

“ ဟမ့် ... အဲဒါကို စဉ်းစားကြည့်စမ်း ... ငှက်မွှေးဝိညာဉ်ဧကရီ ပြန်မလာနိုင်တဲ့အတွက် မြွေတစ္ဆေမျိုးရိုးမှာ ခေါင်းဆောင်မဲ့နေပြီ။ ”

ခေါင်းဆောင်မရှိသည့်နောက် မြွေတစ္ဆေမျိုးရိုးသည် ပြဿနာကြီးများဖြင့် ရင်ဆိုင်နေရချေပြီ။

ထိုမျိုးရိုးသည် အစွမ်းထက်လွန်းပြီး အခွဲသုံးခုအထိရှိနေကာ လူတိုင်းသည် မိသားစု ခေါင်းဆောင်ရာထူးကို တောင်းဆိုနေသည်။

“ ဟမ့် ... မြွေတစ္ဆေမျိုးရိုးရဲ့ ပင်မမိသားစုဝင်တွေက ဒီကိစ္စကိုဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။ ”

“ မှန်တယ် ဒီလိုပြင်းထန်တဲ့ပဋိပက္ခတွေ ပေါ်ပေါက်လာတဲ့နောက် သူတို့သဘောမတူလဲ အခွဲမိသားစုတွေက တောင်းဆိုနေဦးမှာပဲ။ ”

လူတိုင်းသည် တစ္ဆေဒိုမိန်း၏ အုပ်စိုးရှင်တစ်ပါးဖြစ်သော မြွေတစ္ဆေမျိုးရိုး၏ အရေးကိစ္စများအပေါ် ဆွေးနွေးလျက် သောက်စားနေကြသည်။

ထိုစဉ်က သစ်ရွက်ကလေးသည် မြွေတစ္ဆေမျိုးရိုး၏ ခေါင်းဆောင်ဖြစ်၏။ သူမ ပြန်မလာနိုင်သဖြင့် မြွေတစ္ဆေမျိုးရိုးသည် ဝရုန်းသုံးကား ဖြစ်လာပုံပေပင်။

ခေါင်းဆောင်မရှိသော နဂါးများသည် ကြီးစွာသောဘေးဆိုးကို ကြုံတွေ့ရလိမ့်မည် ဟူသောစကားသည် ယနေ့အထိ ငြင်းဆို၍ မရသော အမှန်တရားတစ်ခုဖြစ်နေ၏။

လွန်ခဲ့သော နှစ်ပေါင်းငါးရာခန့်က သူပြန်ရောက်သွားစဉ် ကောင်းကင်လှိုဏ်ဂူသည် အတွင်းနှင့်အပြင် ပြဿနာများဖြင့် ပြည့်နှက်နေဖူးသည်။

ထိုအတူ မကြာသေးမီက မီးပုံးပွဲတော်၌ စွေ့မိသားစုသည် စွေ့လုံရှင်းမရှိခဲ့သောကြောင့် မရေရာသော အခြေအနေမျိုး ကြုံခဲ့ရ၏။

ယခု မြွေတစ္ဆေမျိုးရိုးသည်လည်း အလားတူဆိုးရွားသော ပြဿနာများကို ရင်ဆိုင် နေရသည်မှာ ထင်ရှားသည်။

လက်ရှိအချိန် ရီရွှမ်ကို မြွေတစ္ဆေမျိုးနွယ်အတွင်း ပြန်ပို့လိုက်ခြင်းသည် မုန်တိုင်းထဲ တွန်းပို့လိုက်သည်နှင့်တူပေမည်။

အမှန်တွင် ဤကောင်လေးသည် သစ်ရွက်ကလေး၏ မောင်ဖြစ်ပြီး ပင်မမျိုးရိုး၌ ဘိုးဘေးအဆင့်ဖြစ်၏။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ တည်းကပင် တာအိုဉာဏ်အလင်းများရရှိကာ ဧကရာဇ်ဖြစ်လာသူပေပင်။

သို့သော် လက်ရှိရီရွှမ်သည် ဘိုးဘေးတစ်ဦးအဖြစ်အားကိုးရန် အစွမ်းအစ မရှိသောကြောင့် ဤအကျပ်အတည်းတွင် အခက်တွေ့နိုင်ပေမည်။

“ အဲ့ဒီမြေခွေးအိုကြီး ရီနန်ကျန်က မြွေတစ္ဆေမျိုးရိုးထဲမှာ ရှိနေသေးလားလို့ ... ငါ တွေးမိတယ် ... သူသာရှိနေရင် အရာအားလုံး ပိုလွယ်လာလိမ့်မယ် ... ။ ”

စုရီက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ရီနန်ကျန်သည် ရီမိသားစု ပင်မမျိုးရိုး၏ ရှေးဟောင်း အမွေအနှစ်ကြီး တစ်ပါးဖြစ်၏။ ဆက်နွယ်မှုအရ ရီရွှမ်နှင့် ရီယုတို့၏ ဦးလေးပေပင်။

လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းတွင် ဤအဖိုးအိုသည် မြွေတစ္ဆေမျိုးရိုးအတွင်း လွန်စွာ သြဇာညောင်းလှလေသည်။

ထိုစဉ် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိသဖြင့် စုရီတစ်ယောက် ပြတင်းပေါက် မှသည် အပြင်ဘက်သို့ ငုံ့ကြည့်လိုက်၏။

ဤစားသောက်ဆိုင်သည် သင်္ဘော၏ မြင့်မားသော မျှော်စင်ထိပ်တွင် တည်ရှိသည်။ ထို့ကြောင့် မြို့တံခါးကြီးကိုမြင်နိုင်၏။

“ ကျွီ ... ။ ”

မြို့တံခါးအတွင်းမှ အဖိုးတန်ရထားတစ်စင်းသည် အရှိန်ပြင်းပြင်း ဖြတ်သန်းလျက် ရတနာသင်္ဘောကြီးထံ ဆိုက်ကပ်လာတော့သည်။

များမကြာခင် လူသုံးယောက်သည် ရထားလုံးပေါ်မှဆင်းလာ၏။ ဦးဆောင်နေသူမှာ နက်ပြာရောင် ၀တ်စုံဝတ် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးဖြစ်သည်။

သူ့တစ်ဖက်တစ်ချက်တွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ခရမ်းရောင်ဝတ် လူငယ်တစ်ယောက် လိုက်ပါလာ၏။

ထိုစဉ် ဓားကိုင်ဆောင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားသည် တိမ်လွှာ မျှော်စင်ရတနာသင်္ဘောပေါ်ရှိ စားသောက်ဆိုင် ထံသို့ မော့ကြည့်လေသည်။

ဓားသွားကဲ့သို့စူးရှပြီး လေဟာနယ်ကို ထိုးဖောက်သွားသော မိုးကြိုးများနှင့်တူသည့် အကြည့်များက စုရီထံ ကျရောက်လာ၏။

သို့သော် စုရီသည် သူ့ကိုလျစ်လျူရှုပြီး အကြည့်များရုပ်သိမ်းလျက် သက်ပြင်းချကာ၊

“ တိုက်ဆိုင်လိုက်တာ … ။ ”

-ဟု ညည်းတွားတော့သည်။

“ သခင်၊ တစ်စုံတစ်ယောက်က ငါတို့ကို စောစောက သတိထားမိနေတယ် အဲဒီလူက ကောင်းတဲ့ ရည်ရွယ်ချက်ရှိလား၊ မရှိဘူးလား ဆိုတာ မသေချာလိုက်ဘူး။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားက တိမ်တိုက်မျှော်စင်ရတနာသင်္ဘော ဆိုက်ကပ်ရာ သင်္ဘောကျင်းတွင် တိုးတိုးလေး သတိပေး လိုက်သည်။

“ အဟွတ် ... အဟွတ် ... ။ ”

သွယ်လျသော အဖွဲ့ခေါင်းသည် မျက်မှောင်ကြုတ်လျက် ချောင်းဆိုးပြလိုက်ကာ လက်ဝှေ့ယမ်းပြီး၊

“ ကောင်းပြီ ... သတိရှိနေတာ ကောင်းပါတယ် ... ဒါပေမယ့် အရမ်းကြီးလည်း ထိတ်လန့်နေစရာမလိုဘူး သွားရအောင်။ ”

-ဟု တုန့်ပြန်လေသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်ပြ၏။

“ အဖေ ... ဒီရတနာသင်္ဘောနဲ့ သွားမယ့်အစား ဘာလို့တည်နေရာရွေ့ပြောင်း အစီရင်ကို အသုံးမပြုတာလဲ ... နှေးလွန်းပြီး အနည်းဆုံး ခုနစ်ရက်လောက်ကြာလိမ့်မယ်။ ”

သွယ်လျသောလူက သက်ပြင်းချလျက်၊

“ ကောင်းကင်မြို့တော်ကို ဦးတည်သွားတဲ့ တည်နေရာရွေ့ပြောင်း အစီရင်တိုင်းမှာ လူတွေ စောင့်ကြည့်နေကြတယ် ...

... ငါတို့ရဲ့ အထောက်အထားတွေကို သူတို့ရှာဖွေတွေ့ရှိပြီးရင် ဘယ်လိုဒုက္ခမျိုးတွေ ကြုံလာနိုင်မလဲဆိုတာမသိဘူး ဒီအခြေအနေမှာ ရတနာသင်္ဘောနဲ့ သွားလာတာကသာ အလုံခြုံဆုံးရွေးချယ်မှုပါပဲ။ ”

-ဟု ရှင်းပြလိုက်၏။

ထို့နောက် သွယ်လျသောလူသည် ခဏမျှစဉ်းစားပြီး သူ့ဘေးရှိလူလတ်ပိုင်းအရွယ် အမျိုးသားကို လည့်ကြည့်ကာ၊

“ တုရုံ ... သင်္ဘောပေါ်ရောက်ရင် အဲဒီ စားသောက်ဆိုင်ကိုသွားပြီး သံသယဖြစ်စရာလူ ရှိ၊မရှိ စစ်ဆေးကြည့်လိုက်ပါ။ ”

-ဟု အမိန့်ပေးသည်။

“ ဟုတ်ကဲ့ ... ။ ”

“ ဦးလေးရုံ၊ ငါ မင်းနဲ့လိုက်ခဲ့မယ်။ ”

ခရမ်းရောင်ဝတ် လူငယ်လေးက မျက်လုံးများ တောက်ပလာပြီး တောင်းဆို၏။ လူလတ်ပိုင်းအရွယ်အမျိုးသားသည် တုံ့ဆိုင်းစွာ သွယ်လျသောလူထံ ပြန်ကြည့်လေသည်။ သွယ်လျသောလူက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြ၏။

“ သူ့ကို ခေါ်သွားလိုက်ပါ ... သူ့အတွက် အမြင်ကျယ်စေလိမ့်မယ်။ ”

သို့မှသာ လူလတ်ပိုင်းအရွယ် အမျိုးက ခေါင်းညိတ်သဘောတူ၏။ ထို့နောက် ချက်ခြင်း သုံးယောက်သား သင်္ဘောပေါ်တက်ကာ ပျောက်ကွယ်သွားလေသည်။

“ ဝူး ... ။ ”

များမကြာမီ ပေပေါင်းများစွာ မြင့်မားလွန်းသော ရတနာသင်္ဘောကြီးသည် ကောင်းကင်ပေါ် ပျံတက်သွားကာ တိမ်ပင်လယ် အတွင်း ခွဲဝင်ဖြတ်သန်းတော့သည်။

သင်္ဘောပေါ်တွင် အမျိုးသား၊ အမျိုးသမီး၊ လူငယ်နှင့် သက်ကြီးရွယ်အို တစ်ထောင်ကျော် ပါရှိသည်။

သို့ရာတွင် ၎င်းတို့သည် အထူးအား ကောင်းခြင်း မရှိကြသလို အဆင့်အတန်းများ သည်လည်း မမြင့်မားလှချေ။

နောက်ဆုံးတွင် ဤသင်္ဘောသည် စျေးသက်သာဆုံးသော ခရီးသည်တင်သင်္ဘော မျှသာ ဖြစ်လေသည်။

ထူးထူးခြားခြား ဇာစ်မြစ်ရှိသူများသည် ၎င်းတို့၌ ကိုယ်ပိုင် ရတနာသင်္ဘောများရှိကြပြီး သာမန်ကျင့်ကြံသူများဖြင့် ရောနှော သွားလာလေ့ မရှိချေ။

တစ်ဖက်တွင် မြင့်မားသောကျင့်ကြံမှု ရှိသူများသည် သင်္ဘောသည် အလွန်နှေးကွေးပြီး အချိန်ဖြုန်းရာရောက်နေပြန်၏။ ထို့ကြောင့် မစီးနင်းကြချေ။

ရတနာသင်္ဘောကုန်းပတ်ပေါ်ရှိ စားသောက်ဆိုင်အတွင်း သက်လတ်ပိုင်းအရွယ် အမျိုးသားနှင့် ခရမ်းရောင်ဝတ်လူငယ်တို့ ရောက်ရှိသွားချိန်တွင် စုရီတစ်ယောက် ပျောက်ကွယ်သွားပြီဖြစ်သည်။

ထို့ကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မျက်ခုံးပင့်ပြီး လူအုပ်အတွင်း ရောနှောသွားလေသည်။

***

Book-57

ကူချန်စာစဉ်အတွက် အနူးညွှတ် တောင်းပန်ခြင်း။

ကူချန်စာစဉ်ကို အားပေးနေသူကြတဲ့ ညီအစ်ကိုများအတွက် ပြောစရာရှိနေပါတယ်။ (page)မှာတော့ ရှင်းပြထားတာကြာပါပြီ။ ပလက်ဖောင်းတွေမှာတော့ ရှင်းမပြရသေးပါဘူး။

ကူချန်စာစဉ်ကို မူရင်းဆရာက အခန်းရေ(၁၀၀၀)ကျော်လောက်မှာ ရပ်နေတာ တွေ့ရပါတယ်။ ဒါ နည်းနည်းကြာနေပါပြီ။ ဒါကြောင့် ဆက်ရေးသင့်၊ မရေးသင့် ကျွန်တော်စဉ်စားနေတာပါ။

ကျွန်တော့် အမြင်အရတော့ ဒီမှာခဏရပ်ထားပြီး မူရင်းမှာပြီးတဲ့အထိကို စောင့်ကြည့်နေတာ ပိုကောင်းပါမယ်။

စာအုပ်လဲ သိပ်ထွက်သေးတာ မဟုတ်တော့... စာဖတ်သူတွေလဲ အများကြီး မနစ်နာသေးပါဘူး။ မဟုတ်လို့ မူရင်းဆရာသာ ဆက်မရေးတော့ရင် အားလုံးနစ်နာရပါမယ်။ တကယ်လို့ မူရင်းဆရာသာ ဆက်ရေးရင်တော့ ကျွန်တော် ပြန်ရေးပါ့မယ်။

အခုချိန်မှာတော့ ကူချန်အစား ဓားကိုးလက်နတ်မိစ္ဆာ ဆိုတဲ့စာစဉ်ကို ပြောင်းလဲ ရေးသားနေပါတယ်။

ဓားကိုးလက်နတ်မိစ္ဆာစာစဉ်ကို ရေးတဲ့မူရင်းဆရာက (Jing Wuhen)ဖြစ်ပြီး၊ သူ့ဝတ္ထုတွေက နာမည်ကြီးပါတယ်။ အားလုံးလည်း ဖတ်ဖူးကြမှာမပါ။

1.Peerless Martial God- ပြိုင်ဘက်ကင်း သိုင်းနတ်ဘုရား၊

2. The Legend of Futian- ဒဏ္ဍာရီထဲက ဖူရှင်း၊

3. Ancient Godly Monarch.

-တို့ပါပဲ။

ဒါကြောင့် ကျွန်တော်ရေးသားမဲ့ ဓားကိုးလက်နတ်မိစ္ဆာ ... စာစဉ်ကောင်းတစ်ခု ဆိုတာ အာမခံပါတယ်။ တာအိုအယူအဆတွေ၊ ဓားရည်ရွယ်ချက်တွေ၊ သိုင်းဝိညာဉ်တွေနဲ့ ဝေဝေဖြာဖြာ ဖွဲ့နွဲ့ထားပြီး လောကကြီးအပေါ် အမြင်အမျိုးမျိုးကို ချပြထားပါတယ်။

လင်းယွန်၊ ကူချန်ကို ကြိုက်ရင်၊ လီဖန်းကို သေချာပေါက်ကြိုက်ပါလိမ့်မယ်။ ဇာတ်ကြောင်း အသွားအလာအရ ကူချန်ထက် နည်းနည်း မြန်ပါတယ်။ အားပေးကြပါဦး။

ဓားကိုးလက်နတ်မိစ္ဆာ။

(လီဖန်း။)

“ ငါ့နာမည်လီဖန်း ... လီရှန့်ကလာတယ် ငါ့မှာဓားကိုးလက်ရှိတယ်။ ”

***

All Chapters