← Chapters

အရိုးတစ်ချောင်း သွေးတစ်စပင်မကျန်ရစ်ပေ....

Vol. 43 Ch. 590

အရိုးတစ်ချောင်း သွေးတစ်စပင်မကျန်ရစ်ပေ....

Vol. 43 Ch. 590

ဖန့်ယောင်၏ ကျယ်လောင်လှသော အော်ဟစ်သံမှာ ရှေးဟောင်းတောအုပ်တစ်ခွင်လုံး၌ ပဲ့တင်ထပ်သွားလေသည်။

ဇူယွမ်မှာ တည်ငြိမ်နေသော အမူအရာဖြင့်ပင် မြေပြင်အက်ကွဲကြောင်းကြီးအား ကြည့်ရှုလိုက်သည်။ သူ၏ ညာဖက်လက်ပေါ်၌ ပါးလွှာသော အဝါရောင် သလင်းလွှာတစ်ခု ဖြစ်တည်နေလျက် ရှိသည်။

"အ့..."

ထိုအဝါရောင် သလင်းလွှာ စွမ်းအင်များ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်နှင့်အတူ ဇူယွမ်၏ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားရသည်။ သူ၏ အသားအရေများမှာ စတင်ဆုတ်ပြဲလာရပြီး သွေးစများ ယိုစီးကျလာသည်။

အထူးသဖြင့် ယင်း၏လက်မောင်းမှာ အလွန်ပင် နာကျင်နေရသည်။ လက်မောင်းတလျှောက် အသားအရေများ ဆုတ်ပြဲလာပြီး သွေးစများမှာ လက်ချောင်းထိပ်ထိပင် စီးဆင်းကျလာသည်။

ဇူယွမ်မှာ နာကျင်မှုဒဏ်အား တောင့်ခံနေရ၏။ အစောပိုင်းတွင် အသုံးပြုခဲ့သော ကမ္ဘာမြေပြင်၏စွမ်းအင်မှာ ကြီးမားပြင်းထန်လွန်းလှသဖြင့် သူ၏ခန္ဓာကိုယ်မှာ ခံနိုင်ရည်မရှိပဲ ဆုတ်ပြဲသွားရခြင်းပင် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်အား တက်မြောက်ထားသည့်အပြင် ပြင်ပခန္ဓာအား သန်မာအောင် ကျင့်ကြံရာ၌ နာကျင်မှုဒဏ်များစွာအား ခံစားခဲ့ဖူးပေသည်။ ထိုသို့သာမဟုတ်ပါက ယခုလက်ရှိ နာကျင်မှုဒဏ်အား ခံနိုင်ရည်ရှိနေလိမ့်မည်ပင် မဟုတ်ပေ။

အသားအရေးများမှာ ဆက်လက်ဆုတ်ပြဲနေပါသော်လည်း သူ၏အသွေးအသားများအတွင်း၌ အစိမ်းရင့်ရောင် အလင်းမျှင်များ စတင်ပေါ်ပေါ်လာပြီပင် ဖြစ်သည်။ ထိုအစိမ်းရင့်ရော် အလင်းမျှင်များထံမှ ​ကြွယ်ဝလှသော အသက်ဓာတ်စွမ်းအင်များ ထွက်ပေါ်လာကာ ယင်း၏အသွေးအသားများထံ စိမ့်ဝင်သွားတော့သည်။

အသက်ရှူချိန် အနည်းငယ်မျှ အချိန်လေးအတွင်းမှာပင် ဇူယွမ်၏ခန္ဓာကိုယ်ပေါ်ရှိ ဆုတ်ပြဲဒဏ်ရာများမှာ ပြန်လည်ပျောက်ကွယ်သွားသည်။ သူသည် အသက်စွမ်းအင်များ ပြန်လည်ပြည့်ဝလာသည်ကို ကောင်းမွန်စွာ ခံစားလိုက်ရ၏။

"ထိုက်ရိသစ်စိမ်းပင်အမှတ်အသား...."

ဇူယွမ်မှာ ကျေနပ်အားရစွာဖြင့် ရေရွတ်လိုက်သည်။ ထိုက်ရိသစ်စိမ်းပင်အမှတ်အသားမှာ အမှန်တကယ်ပင် ကောင်းမွန်လွန်းလှ၏။ ယခုဆိုလျှင် ဇူယွမ်မှာ ပြင်းထန်လှသော တိုက်ပွဲတစ်ခုအား တိုက်ခိုက်ခဲ့ရသည့်သူဟု မထင်မှတ်ရလောက်အောင်ပင် ထိခိုက်ဒဏ်ရာ အနည်းငယ်မျှပင် မရှိတော့ပဲ ပကတိအတိုင်း ကောင်းမွန်သော အသားအရေဖြင့်သာ ရှိနေလေသည်။

ဇူယွမ်မှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ထိုက်ရိသစ်စိမ်းပင်အမှတ်အသားမှာ ကန်ရွှမ်းသိုင်းကျမ်းခုနစ်ခုနှင့် နှိုင်းယှဉ်နိုင်လောက်အောင်ပင် အသုံးဝင်လွန်းလှသည်။

"မြေဓာတ်စွမ်းအင်သူတော်စင်မှော်ဟာလုံးက တော်တော်ကြောက်စရာကောင်းတာပဲ။"

သူသည် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံး၏ စွမ်းအားကြီးမားပုံကို အံ့အားသင့်စွာဖြင့် မှတ်ချက်ပြုလိုက်မိသည်။

အစောပိုင်းတွင် ထိုမှော်စာလုံးအား အသုံးပြုခဲ့စဉ်၌ ကမ္ဘာမြေပြင် အတွင်းပိုင်းမှ ပြင်းထန်လှသော စွမ်းအင်လှိုင်းများအား ထိန်းချုပ်အသုံးပြုနိုင်ခဲ့သည်။

ထိုစွမ်းအင်လှိုင်းများမှာ ကမ္ဘာမြေပြင်၏ အနက်ရှိုင်းဆုံးနေရာတွင်သာ ဖြစ်တည်နိုင်သော ရှားပါးလှသည့် စွမ်းအင်မျိုးပင် ဖြစ်၏။ ထို့အပြင် ယင်းစွမ်းအင်များမှာ အလွန်ပင် ကြမ်းတမ်းလွန်းလှပြီး ပုံမှန်အားဖြင့် ၎င်းအား အသုံးပြုနိုင်ရန် မဖြစ်နိုင်ပေ။ သို့သော် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံး၏စွမ်းအင်ဖြင့် ထိုအဝါရောင် စွမ်းအင်လှိုင်းများအား မြေပြင်ထက်သို့ ဆုပ်ယူကာ အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုစွမ်းအင်များမှာ အလွန့်အလွန်ပင် ပြင်းထန်လွန်းလှသောကြောင့် အသုံးပြုသူ၏ ခန္ဓာကိုယ်အား ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရစေနိုင်ပေသည်။

သို့သော် ထိုသို့ပြင်းထန်လှသည့် စွမ်းအင်များသည်ပင် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံး၏ အကန့်အသတ်သို့ ရောက်ရှိသေးခြင်းမရှိဟု ဇူယွမ်မှ ခံစားနေမိသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ပေါ်တွင် မူတည်၍သာ မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံး၏ စွမ်းအင်မှာလည်း ပြောင်းလဲနေခြင်း ဖြစ်၏။

အနာဂတ်၌ ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ ရောက်ရှိလာပါက တိုက်ကြီးတစ်ခုလုံးထံမှ စွမ်းအင်လှိုင်းများကိုပင် စုပ်ယူခြင်းပြုနိုင်လိမ့်မည်ဟု ထင်ရသည်။

မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံး၏ စွမ်းအင်များမှာ မခန့်မှန်းနိုင်လောက်အောင်ပင် အကန့်အသတ် မဲ့လွန်းလှသည်။

"သူတော်စင်မှော်စာလုံးလို့ကို ပြောစရာမလိုဘူး။"

"မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးက တကယ်ကို ကောင်းချီးတစ်ခုပဲ။" ဇူယွမ်မှာ ခပ်ဖွဖွပြုံးလိုက်မိသည်။ သူသည် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးအား ထိုမျှလောက် စွမ်းအားကြီးလိမ့်မည်ဟု ထင်မှတ်မထားချေ။

ဝှစ်.....

ဇူယွမ်မှာ အက်ကွဲကြောင်းကြီးအတွင်းမှ ထွက်လာလိုက်သည်။ ထိုအချိန်မှာပင် ယင်းနေရာသို့ လူများစွာမှ ရောက်ရှိလာကြလေသည်။ ထိုလူများမှာ ရှေးဟောင်းတောအုပ်ကြီးထံသို့ ရောက်လျှင်ရောက်ချင်း ပေထောင်ကျော်မျှအထိ ပျက်စီးနေသော ပတ်ဝန်းကျင်ကိုသာ တွေ့ရှိလိုက်ရသည်။

သစ်ပင်များမှာလည်း အတုံးအရုံး လဲကျနေပြီး မြေပြင်မှာလည်း အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေ၏။ ဤနေရာတွင် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲတစ်ခု ဖြစ်ပေါ်ခဲ့သည်မှာ ထင်ရှားလှပေသည်။

လူတိုင်းမှာ ပါးစပ်အဟောင်းသားဖြင့် ပတ်ဝန်းကျင်အား မယုံကြည်နိုင်စွာ ငေးမောကြည့်ရှုနေမိကြသည်။ ခေတ္တမျှသော အချိန်လေးအတွင်းမှာပင် ထိုမျှလောက် ပျက်စီးသွားခြင်းက ၎င်းတို့အား ​ကြောက်ရွံ့ထိတ်လန့်စေ၏။

"တိုက်ပွဲအခြေအနေ ဘယ်လိုရှိလဲ။"

"မပြောတက်ဘူး။ ဖန့်ယောင်ကို အရိပ်ကလေးတောင် မတွေ့မိသလိုပဲ။"

"ဘာတွေဖြစ်သွားတာလဲ။"

"........"

လူတိုင်းမှာ ဇူယွမ်အား အကောင်းပကတိအတိုင်း တွေ့မြင်နေရပါသော်လည်း ဖန့်ယောင်၏ အရိပ်အယောင်ကိုမျှ တွေ့မြင်ရခြင်း မရှိသောကြောင့် စိတ်ရှုပ်ထွေးနေကြရသည်။

ဝှစ်....

ထန်းရှောင်ယန့်နှင့် ကျင်ကျန်းတို့မှာလည်း တပည့်များအား ဦးဆောင်လျက် ထိုနေရာသို့ ရောက်ရှိလာလေသည်။ ဝမ့်ယွမ်မှာလည်း မြင့်မြတ်သောနန်းတော်မှ တပည့်များအား ဦးဆောင်လျက် ပျံဝဲရောက်ရှိလာ၏။

၎င်းတို့အားလုံးမှာ ဇူယွမ်နှင့် ဖန့်ယောင်တို့၏ တိုက်ပွဲမှာ အရေးကြီးလှကြောင်း ကောင်းစွာသိရှိထားကြသည်။ ၎င်းတို့နှစ်ဦး၏ အနိုင်အရှုံးပေါ်မူတည်၍ အခြေအနေမှာလည်း များစွာကွဲပြားသွားမည်သာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထန်းရှောင်ယန့်နှင့် ကျင်ကျန်းတို့၏ မျက်ဝန်းများမှာ သိသာစွာပင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေရသည်။ အဘယ့်ကြောင့်ဆိုသော် အစောပိုင်း၌ တွေ့မြင်ခဲ့ရသော ဖန့်ယောင်၏ အသွင်သဏ္ဍာန်မှာ မိစ္ဆာတစ်ကောင်အလား အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။

"ဖန့်ယောင်ဘယ်မှာလဲ။" ထန်းရှောင်ယန့်မှ တိုးညင်းစွာ မေးမြန်းလိုက်သည်။

ကျင်ကျန်းမှ ခေါင်းအားခါယမ်းပြလိုက်သည်။ ထိုအချိန်မှာပင် ဝမ့်ယွမ်လည်း ရောက်ရှိလာပြီးနောက် ပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးကာ အော်ဟစ်မေးမြန်းလိုက်သည်။ "ဇူယွမ် တပည့်ခေါင်းဆောင် ဖန့်ယောင် ဘယ်မှာလဲ။"

ဇူယွမ်မှာ ဝမ့်ယွမ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် တည်ငြိမ်သော အမူအရာဖြင့်ပင် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "သေပြီ။"

ဝမ့်ယွမ်မှာ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ "မင်းဟာသတွေ ပြောနေတာလား။"

"ဒါမှမဟုတ် ရူးသွားတာလား။"

မြင့်မြတ်သောနန်းတော်မှ တပည့်များမှာလည်း ဇူယွမ်အားကြည့်ကာ ရယ်မောလိုက်ကြသည်။ အစောပိုင်း၌ ထွက်ပြေးသွားသူမှာ ဇူယွမ်ဖြစ်ကြောင်း ၎င်းတို့အားလုံး သိရှိထားကြ၏။ ထို့ကြောင့် ယင်း၏လက်ထဲ၌ တပည့်ခေါင်းဆောင် ဖန့်ယောင်သေဆုံးသွားရသည်မှာ မည်သို့မျှ မဖြစ်နိုင်ပါချေ။

ဇူယွမ်မှာ ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် မည်သည့်စကားမှမဆိုပဲ ရွှေရောင်ချီစွမ်းအင်အမျှင်တန်းတစ်ခုအား တောအုပ်၏နေရာတစ်ခုဆီသို့ တည့်ပို့လွှတ်လိုက်သည်။

အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ထိုရွှေရောင်ချီစွမ်းအင်အမျှင်တန်းမှာ အရိုးဖြူတောင်ဝှေးအား သယ်ဆောင်လျက် ဇူယွမ်ထံသို့ ပြန်လည်ရောက်ရှိလာလေသည်။ ထိုအရိုးဖြူတောင်ဝှေးမှာ ဖန့်ယောင်ကိုင်ဆောင်ခဲ့သော အဆင့်နိမ့် ကောင်းကင်လက်နက်ပင် ဖြစ်သည်။

"ဒါကို သေဆုံးသူရဲ့ ကျန်ရစ်ပစ္စည်းလို့ပဲ ခေါ်ရတော့မလား။"

အရိုးဖြူတောင်ဝှေးအား မြင်တွေ့လိုက်ရပြီးနောက် လှောင်ပြောင်ရယ်မောသံများ ပျောက်ကွယ်သွားရသည်။

ဝမ့်ယွမ်မှာ ဇူယွမ်လက်ထဲမှ အရိုးဖြူတောင်ဝှေးအား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေမိသည်။

ထန်းရှောင်ယန့်နှင့် ကျင်ကျန်းတို့၏ မျက်ဝန်းများမှာလည်း ပြုတ်ကျမတက်ပင် ပြူးကျယ်သွားရ၏။

ထိုနေရာ၌ ရှိနေကြသူများမှာလည်း အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားရပြီးနောက် ဇူယွမ်အား တစ္ဆေသရဲတစ်ကောင်အလား ကြည့်ရှုလိုက်မိကြသည်။

ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက် နေလေတော့သတည်း။

All Chapters