← Chapters

ဖရိုဖရဲဖြစ်ရခြင်း၏ အကြောင်းအရင်း

Vol. 10 Ch. 107

ဖရိုဖရဲဖြစ်ရခြင်း၏ အကြောင်းအရင်း

Vol. 10 Ch. 107

ကျန်းယန်က သူ့လာရင်းကိစ္စအကြောင်းပြောမပြသောအခါ မင်းသား ၃လည်း အတင်းမေးမနေတော့ပေ။ စကားအနည်းငယ်ပြောပြီးနောက် သူရုတ်တရက်တစ်ခုခုကို သတိရသွားခဲ့သည်။ ထို့နောက် သူ့အသံကို နှိမ့်လိုက်ကာ ဆန်းကြယ်စွာဖြင့်

“ဆရာ ကျွန်တော်ကြားတာတော့ အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတစ်အုပ်ကိုဖိနှိပ်ထားတယ်ဆို အဲ့တာအမှန်ပဲလား”

“ဟမ်” ကျန်းယန် မျက်မှောင်ကြုံ့လိုက်၏။

“မင်းဘယ်ကကြားလာတာလဲ”

ကောင်းကင်ဒဏ္ဍာရီဂိုဏ်းသည် တိမ‌်တောင်အင်ပါယာတွင် ထိုသတင်းကို လွှင့်နေခြင်းပေလော။

“ဘယ်ကထွက်လာတဲ့သတင်းလည်းဆိုတာ ကျွန်တော်လည်းသေချာမသိဘူး” တတိယမင်းသားခေါင်းယမ်းလိုက်သည်။

“အဲ့ဒီသတင်းက အင်ပါယာရဲ့ အထက်ပိုင်းကလူတွေကြားထဲမှာ ပျံ့နေတာကြာပြီ သတင်းကြောင့် နေရာတိုင်းမှာလည်း ထိတ်လန့်တကြားဖြစ်နေမှုတွေ ရှိနေကြတယ် အခု ခမည်းတော်နဲ့၀န်ကြီးတွေက အဲ့ဒီကိစ္စကိုဘယ်လိုကိုင်တွယ်ရမလဲ ဆွေးနွေးနေကြတယ်”

“သတင်းထွက်နေတာ ဘယ်လောက်ကြာသွားပြီလဲ” ကျန်းယန် မေးလိုက်၏။

“လွန်ခဲ့တဲ့လ၀က်လောက်ကမှ စထွက်လာတာ ကောလာဟလတွေကတော့ အမျိုးမျိုးပဲ ပြောနေကြတာတော့ အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတစ်အုပ်ကိုဖိနှိပ်ထားတယ်တဲ့ တကယ်လို့အဲ့ဒီမိစ္ဆာတွေသာ လွတ်သွားရင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံး ဖျက်ဆီးခံလိုက်ရလိမ့်မယ်တဲ့ အဲ့တာကြောင့် အသက်ရှင်ချင်ရင် တစ်ခုတည်းသောနည်းလမ်းက အခြားကုန်းမြေတိုက်ကြီးတွေဆီ ထွက်ပြေးကြဖို့ပဲလို့တောင် ပြောနေကြတယ်”

တတိယမင်းသား သူကြားထားသော ကောလာဟလများကို ဆက်ပြောလိုက်သည်။

“မင်းဆရာတောင် သူ့ဂိုဏ်းကိုပြန်သွားတယ် သူ့ကိုအင်ပါယာထဲမှာမတွေ့ရတာ ရက်အတော်ကြာသွားပြီ အဲ့လိုကိစ္စမျိုးက အရင်ကတစ်ခါမှမဖြစ်ဖူးတဲ့ ကိစ္စမျိုးပဲ

ပြီးတော့ ဘယ်ကမှန်းမသိတဲ့ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူအချို့ကိုလည်း အင်ပါယာထဲမှာတွေ့လာရတယ်

ခမည်းတော်ကတော့ ၀န်ကြီးတွေကိုခေါ်ပြီး ဒီရက်ထဲဖြစ်နေတဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲ တိုင်ပင်နေကြတယ် ဒါပေမယ့် အဖြေတော့မထွက်သေးဘူး”

ကျန်းယန် မျက်လုံးများမှေးကျဉ်းသွားခဲ့သည်။ တစ်ခုခုတော့ မှားနေပြီဖြစ်မှန်း သူခံစားမိနေခဲ့၏။

ကောင်းကင်ဒဏ္ဍာရီဂိုဏ်းသည် လွန်ခဲ့သော ၇လ ၈လကတည်းက မိစ္ဆာများအကြောင်းသိရှိသွားခဲ့ကြခြင်း ဖြစ်သည်။ ထိုစဉ်က ဂိုဏ်းပေါင်းများစွာ အဇူရာတိမ်ဂိုဏ်းဆီလာပြီး ထိုကိစ္စအကြောင်းအတည်ပြုဖို့ ကြိုးစားခဲ့ကြ‌ေသး၏။ သို့သော်လည်း ချင်းယွင်ကျိ၏မောင်းထုတ်ခြင်းကိုသာ ခံလိုက်ကြရသည်။

အကယ်၍ ထိုသတင်းကိုလွှင့်လိုက်သည်က ထိုဂိုဏ်းများလက်ချက်သာဆိုလျှင် အဘယ်ကြောင့် အခုမှလွှင့်ရပါသနည်း။

ကျန်းယန် သူ့အကြီးအကဲများကိုပင် စိတ်ဆိုးလာခဲ့၏။ သူတို့သည် အပြင်တွင်ဘာတွေဖြစ်နေသလဲ ဘာမှကိုမသိခဲ့ကြပေ။ အပြင်ဘက်တွင် ဤကဲ့သို့သော ကိစ္စကြီးဖြစ်ပွားနေခဲ့ပြီး အကယ်၍သူသာ တိမ်တောင်အင်ပါယာကိုရောက်မလာခဲ့လျှင် သူတို့ထိုကိစ္စအကြောင်းဘာမှပင် သိလိုက်ရမည်မဟုတ်ပေ။

“မင်းကူညီလို့ရတာတစ်ခုတော့ရှိတယ်” ကျန်းယန် မင်းသား ၃ ကိုလေးလေးနက်နက်ပြောလိုက်သည်။

“ငါ့ကို ဒီကောလာဟလတွေဘယ်ကထွက်လာသလဲဆိုတာ ကူစုံစမ်းပေး ပြီးတော့ မင်းပတ်၀န်းကျင်ကကျင့်ကြံသူတွေရဲ့ သဘောထားနဲ့ မင်းခမည်းတော်နဲ့၀န်ကြီးတွေဘာတွေစီစဉ်နေလဲဆိုတာကိုပါ စုံစမ်းပေးထား အမြန်လှုပ်ရှားတော့ အခုက ဒီမြို့တော်မှာ မင်းဘယ်လောက်လွှမ်းမိုးနိုင်စွမ်းရှိသလဲဆိုတာ ပြရမယ့်အချိန်ပဲ”

“ဟုတ်ကဲ့ပါဆရာ” မင်းသား ၃ စိတ်လှုပ်ရှားသွားခဲ့၏။

နောက်ဆုံးတော့ သူ့တွင် သူ့ဆရာကိုကူညီဖို့အခွင့်အရေးရှိလာခဲ့ချေပြီ။

မင်းသား ၃ စုံစမ်းထောက်လှမ်းနေတုန်း ကျန်းယန် အခြေအနေကိုတိတ်တဆိတ်တွေးတောသုံးသပ်နေခဲ့သည်။

အဇူရာတိမ်ဂိုဏ်းကမိစ္ဆာများဖိနှိပ်ထားသည့် သတင်းပျံ့သွားခြင်းကို သူစိတ်မပူပေ။ အဇူရာတိမ်ဂိုဏ်းနှင့် ထိုဂိုဏ်းများကြားပဋိပက္ခအရ ထိုသတင်းက အနှေးနှင့်အမြန်လူထုကြားထဲ ပျံ့နှံ့သွားမည်သာ။

သို့သော် တကယ့်ပြဿနာမှာ သူကုန်းမြေတိုက်ကြီးတစ်ခုလုံး၏စွမ်းအားကို စုစည်းဖို့စတင်ကြိုးစားချိန်ကျမှ အချိန်ကိုက် သတင်းပျံ့သွားခဲ့ခြင်း ဖြစ်၏။

ဤသတင်းက သူ့အစီအစဉ်ကိုနှောင့်ယှက်နေခဲ့သည်။

ဂိုဏ်းကြီးများ၏လုပ်ရပ်များကြောင့် သူ့အမူအရာမည်းမှောင်လာခဲ့သည်။

ထိုဂိုဏ်းများသည် သူ့ရည်ရွယ်ချက်ကိုကြိုတင်ခန့်မှန်းနိုင်ခဲ့ခြင်းပေလော။

တကယ်လို့ ထိုဂိုဏ်းများသာ ယခုလိုကောလဟလများဖြန့်၍ လူထုကြားထဲမွှေနေလျှင် အဇူရာတိမ်ဂိုဏ်း၏ အနာဂတ်အစီအစဉ်များအပေါ် ထိခိုက်မှုရှ်ိလာနိုင်၏။

“မင်းသား ၃ စုံစမ်းပြီးတဲ့အချိန်ထိစောင့်လိုက်မယ် ပြီးမှ ငါကိုယ်တိုင်ဧကရာဇ်ဆီသွားလိုက်တာပေါ့”

ကျန်းယန်စိတ်ထဲ‌တွေးထားလိုက်သည်။

ဤပြဿနာကိုဖြေရှင်းဖို့ သူ‌တိမ်တောင်အင်ပါယာ၏ အကူအညီကို လိုအပ်၏။ ယွင်ထန့်အင်ပါယာ၏အကူအညီကိုပင် လိုကောင်းလိုလာနိုင်သေးသည်။

သူယခုအချ်ိန်ဧကရာဇ်နှင့်တွေ့ဖို့စီစဉ်လိုက်လျှင် သူ့သရုပ်မှန်ကလည်း ဘူးပေါ်သလို ပေါ်သွားတော့မည်သာ။ သို့သော်လည်း ကိစ္စများကပြောင်းလဲသွားသောကြောင့် သူ့တွင်ရွေးချယ်စရာမရှိတော့ပေ။

ထို့ကြောင့် သူမင်းသား၃၏စုံစမ်းထောက်လှမ်းခြင်းပြီးမည့်အချိန်ကိုသာ စောင့်နေခဲ့ရ၏။

သုံးရက်ကြာပြီးနောက် မင်းသား၃ စံအိမ်ဆီပြန်ရောက်လာခဲ့ပြီး သူ့ဆီ လာသတင်းပို့ခဲ့လေသည်။

“ဆရာ ကျွန်တော့်အင်အားစုတွေအကုန်သုံးပြီးရှာလိုက်တာ နောက်ဆုံးတော့ တစ်ခုခုတွေ့ခဲ့ပြီ ကောလာဟလတွေက အရင်းအမြစ်သုံးခုဆီကလာတာပဲ တစ်ခုက ကောင်းကင်ဒဏ္ဍာရီဂိုဏ်း အခြားနှစ်ခုကတော့ ရတနာခုနှစ်ပါးဂိုဏ်းနဲ့ ပန်းပွင့်ကြွေဂိုဏ်းဆီက အဲ့ဒီဂိုဏ်းသုံးဂိုဏ်းက မြို့တော်မှာ တစ်ချိန်တည်းတစ်ပြိုင်တည်း ကောလာဟလတွေဖြန့်ခဲ့ကြတာ သတင်းဖြန့်တဲ့သူတွေထဲမှာအရင်ကမြို့တော်ကိုရောက်ဖူးတဲ့သူတွေပါလို့ အချို့ကသူတို့ကိုမှတ်မိကြတယ် မှားစရာမရှိဘူး”

ထိုကိစ္စကထူးဆန်းသည်ဟု ကျန်းယန်ခံစားလိုက်ရသည်။ အကယ်၍ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကသာ ကောလာဟလဖြန့်လိုလျှင် အဘယ်ကြောင့်အရင်ကတည်းကမလုပ်ဘဲ အခုမှထလုပ်ရပါသနည်း။

“ရတနာခုနှစ်ပါးဂိုဏ်းနဲ့ ပန်းပွင့်ကြွေဂိုဏ်းတွေက ဘယ်လိုဂိုဏ်းတွေလဲ” ကျန်းယန် မေးလိုက်၏။

တတိယမင်းသားရယ်မောလိုက်ကာ

“သူတို့က အောက်ဆုံးအဆင့်က‌ဂိုဏ်းတွေပါပဲ သူတို့မှာ နောက်ခံဆိုလို့ ဝိညာဉ်အခြေတည်အဆင့် ၂ ယောက်ပဲရှိကြတာ တကယ်လို့ သူတို့သာအရင်ကတည်းက အင်ပါယာနဲ့မဟာမိတ်ဖွဲ့ထားတာမဟုတ်လျှင် သူတို့ဖျက်ဆီးခံလိုက်ရတာကြာပေါ့”

ကျန်းယန် မျက်လုံးများထက်ရှသွားကာ

“သူတို့က အခုအင်ပါယာမှာ ကောလာဟလတွေဖြန့်နေပြီလေ ဘာလို့အခုချက်ချင်း ရှင်းမပစ်ရမှာလဲ”

“ရှင်းပစ်ဖို့လား”

တတိယမင်းသား တခဏကြက်သေသေသွားခဲ့၏။

“သူတို့ကအရင်ကောလာဟလတွေဖြန့်တာဆိုတော့…ဒါကအခွင့်အရေးပဲ ဆရာ ကျေးဇူးပြုပြီး ခဏစောင့်ပါဦး ကျွန်တော်ဒီကိစ္စအကြောင်း ခမည်းတော်ကိုမေးဖို့လိုသေးတယ်”

ထိုဂိုဏ်းနှစ်ဂိုဏ်းကိုရှင်းဖို့က သူ့အတွက် နဂါးပျံအစောင့်တပ်ကိုခေါ်သွားဖို့ လိုနေသေးသည်။

ထိုစစ်တပ်က ဧကရာဇ်၏ရတနာတပ်ကြီးဖြစ်သောကြောင့် ခွင့်ပြုချက်မရဘဲ သုံးခွင့်ရှ်ိမည် မဟုတ်ပေ။

ကျန်းယန်ခေါင်းညိတ်ပြလိုက်ကာ ညွှန်ကြားလိုက်၏။

“မင်း မင်းအဖေကိုနားချကိုချရမယ် အဲ့ဒီဂိုဏ်းထဲက ဂိုဏ်းသားတစ်ယောက်ချင်းစီတိုင်းကိုဖမ်းပြီး ကောလာလဟဘယ်ကထွက်လာသလဲဆိုတာ စစ်မေးရမယ်”

သူအတော်လေးအကူအညီမဲ့သလို ခံစားနေခဲ့ရသည်။ အဇူရာတိမ်ဂိုဏ်းလို ဂိုဏ်းကြီးတစ်ဂိုဏ်းက သတင်းစုဆောင်းဖို့အတွက် သာမန်မင်းသားလေးတစ်ပါးကို အသုံးပြုနေခဲ့ရ၏။

အကယ်၍ ထိုမင်းသားသာ သူ့တပည့်ဖြစ်မနေခဲ့လျှင် အခုအချိန်သူတို့မျက်ကန်းများလို ဖြစ်နေရမည်သာ။

ထို့နောက် မင်းသား ၃ သူ့ခမည်းတော်နှင့်တွေ့ရန် နန်းတော်သို့၀င်သွားခဲ့လေသည်။

“ခမည်းတော်” သူပြောလိုက်၏။

“တစ်ယောက်ယောက်က အခုတလော မြို့တော်ထဲမှာကောလာဟလတွေဖြန့်နေပါတယ် အဲ့ဒီကောလာဟလတွေက အင်ပါယာကိုဒုက္ခဖြစ်စေနိုင်ပါတယ် အဲ့တာကြောင့် သားတော်သေချာသတိထားပြီး စုံစမ်းလိုက်တဲ့အခါ ကောလာဟလဖြန့်နေတာက ရတနာခုနှစ်ပါးဂိုဏ်းနဲ့ ပန်းပွင့်ကြွေဂိုဏ်းတွေဆိုတာ တွေ့ရှိခဲ့ပါတယ်

သူတို့ကအင်ပါယာအကြပ်အတည်းနဲ့ကြုံနေရချိန်မှာ လူထုကြားထဲအကြောက်တရားတွေပြည့်ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ကောလာဟလတွေကိုရည်ရွယ်ချက်ရှိရှိဖြန့်နေကြတာပါ သူတို့ရည်ရွယ်ချက်က ဆိုးယုတ်လှပါတယ်

အဲ့တာကြောင့် နဂါးပျံစစ်တပ်ကိုခေါ်ပြီး အဲ့ဒီဂိုဏ်းတွေကိုသုတ်သင်ပစ်ဖို့ ခမည်းတော်ဆီက ခွင့်ပြုချက်တောင်းခံချင်ပါတယ်”

မင်းသား ၃ သူ့ခမည်းတော်ကိုကြည့်ပြီး ပြောနေပုံက လုံး၀ရိုကျိုးကာ သစ္စာရှ်ိပုံပေါက်နေခဲ့သည်။

“နောက်ပြီး ဒီကောလာဟလတွေကိုလည်း တားဆီးခွင့်ပေးပါခမည်းတော် ကောလာဟလတွေကြောင့် ပြည်သူလူထုမငြိမ်မသက်ဖြစ်ကုန်ကြရင် တိုင်းပြည်အုပ်ချုပ်ရေးအတွက် ပိုပြီးအခက်တွေ့လာနိုင်ပါတယ်”

ဧကရာဇ်သူ့ကိုတစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

“ခွင့်ပြုတယ်”

သူသည် သူ့သားတော်ကိုအတော်လေးသဘောကျနေသူဖြစ်သည်။ ထိုအချိန်တွင် ယခုလို အကျိုးသင့်အကြောင်းသင့်သောတောင်းဆိုမှုရှိလာလေရာ သူ့တွင်ငြင်းစရာမရှိပေ။

ထို့အပြင် ထိုဂိုဏ်းများကိုရှင်းပစ်ခြင်းဖြင့် နဂါးပျံအစောင့်တပ်အတွက် အရင်းအမြစ်များရရှိနိုင်သောကြောင့် သူအရင်ကတည်းက ရှင်းပစ်ဖို့ချောင်းနေခဲ့ခြင်း ဖြစ်၏။

အခုတော့ ပြီးပြည့်စုံသောအကြောင်းပြချက်ရှိလာပြီဖြစ်လေရာ သူ့တွင်တွန့်ဆုတ်နေစရာအကြောင်းမရှိပေ။

ထို့နောက် ချက်ချင်းဆိုသလိုပင် မင်းသား ၃ နဂါးပျံတပ်ကိုခေါ်ကာ ထိုဂိုဏ်းနှစ်ဂိုဏ်းဆီ ချီတက်သွားခဲ့လေသည်။

……

သို့သော် သူတို့ရောက်ရှိသွားသော ထိုဂိုဏ်းနှစ်ဂိုဏ်းလုံးက ကန္တာရကြီးတစ်ခုလိုပြောင်သလင်းခါနေပြီး ခွေးတစ်ကောင် ကြောင်တစ်မြှီးမှမရှိသလို စိတ်ဝိညာဉ်ပင်လည်း တစ်ပင်ပင် ကျန်မနေခဲ့ပေ။

ထို့ကြောင့် မင်းသား ၃ နန်းတော်သို့မည်းမှောင်နေသောအမူအရာဖြင့် ပြန်လာခဲ့ရ၏။

ကိစ္စကြီးတစ်ခုခုတော့ ဖြစ်နေခဲ့ချေပြီ။

မဟုတ်လျှင် ထိုဂိုဏ်းနှစ်ဂိုဏ်းလုံး ဂိုဏ်းလုံးကျွတ်ထွက်ပြေးစရာအကြောင်းမရှိပေ။

သူဧကရာဇ်ဆီသို့အခစား၀င်လိုက်ပြီး မည်းမှောင်နေသောမျက်နှာဖြင့် လျှောက်တင်လိုက်သည်။

“ခမည်းတော် သူတို့က သူတို့အပြစ်ကိုသိထားပုံပေါ်တယ် ကျွန်တော်တို့ မရောက်ခင် ကြိုပြီးထွက်ပြေးသွားကြပြီ ကြည့်ရတာ သူတို့မှာအကြံအစည်ကြီးတစ်ခုခုရှိနေကြပုံပဲ”

ဧကရာဇ်မျက်မှောင်ခပ်တင်းတင်းကြုံ့လိုက်၏။ တစ်ခုခုတော့ မှားနေပြီဖြစ်မှန်း သူလည်းသတိထားမိသွားခဲ့သည်။

အဇူရာတိမ်ဂိုဏ်းသတင်းက တကယ်ပဲ မှန်နေခြင်းပေလော။

သူမင်းသား၃ကိုထွက်သွားဖို့ လက်ဟန်ပြလိုက်ပြီး တိတ်တဆိတ်ထိုင်တွေးတောနေခဲ့၏။

တကယ်လို့ အဇူရာတိမ်ဂိုဏ်းကသာ မိစ္ဆာတွေကိုတကယ်ဖိနှိပ်ထားတာဆိုရင် တိမ်တောင်အင်ပါယာက ဘာလုပ်သင့်သလဲ…

နန်းတော်ကထွက်လာပြီးနောက် မင်းသား၃ ချက်ချင်း ကျန်းယန်ဆီရောက်ရှိသွားခဲ့သည်။ သူလေးနက်သောအမူအရာဖြင့် ပြောလိုက်၏။

“ဆရာ သူတို့ထွက်ပြေးသွားပြီ”

“ထွက်ပြေးသွားတာလား” ကျန်းယန်ပင်ကြောင်သွားခဲ့သည်။

“သူတို့တပည့်တွေ အရင်းအမြစ်တွေ အကုန်ယူပြီးကိုထွက်ပြေးသွားကြတာ တပည့်အသစ်တွေလည်းအများကြီး ခန့်အပ်ပြီးခေါ်သွားကြသေးတယ်တဲ့”

မင်းသား၃ ကျန်းယန်ကို လေးလေးနက်နက်ကြည့်လိုက်ကာ

“ဆရာ….အဲ့ဒီမိစ္ဆာတွေက တကယ်ကြီး ထွက်လာနိုင်တာလား”

ကျန်းယန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ

“နောက်ဖြစ်လာမယ့်ကိစ္စတွေထဲ မင်း၀င်ပါစရာမလိုတော့ဘူး ငါမင်းအဖေနဲ့ အရင်သွားတွေ့ရမယ်”

ထို့နောက် သူမင်းသား၃ စံအိမ်မှထွက်ခွာကာ နန်းတော်ဆီသို့ တိုက်ရိုက်ပျံသန်းသွားခဲ့လေသည်။

All Chapters