← Chapters

ဝိညာဉ်အခြေတည်အဆင့်ပေးတဲ့ နွေးထွေးမှု

Vol. 10 Ch. 110

ဝိညာဉ်အခြေတည်အဆင့်ပေးတဲ့ နွေးထွေးမှု

Vol. 10 Ch. 110

ဝိညာဉ်အခြေတည်အဆင့် သူ့မျက်လုံးထဲက လောဘမီးတောက်များကိုပင် မဖုံးကွယ်နိုင်ခဲ့ပေ။ သူကျန်းယန်ကိုစိုက်ကြည့်ကာ အလောတကြီးမေးလိုက်၏။

“မင်းမှာ စိတ်ဝိညာဉ်အဆင့်ရတနာတွေအများကြီးရှိနေတာပဲ ငါအများကြီးမလိုပါဘူး တစ်ခုပဲ တစ်ခုဆို ငါ့အတွက်လုံလောက်တာထက်တောင် ပိုနေပြီ”

ကျန်းယန် တံတွေးမြိုချနေသော‌ဝိညာဉ်အခြေတည်အဆင့်ကိုကြည့်ကာ ရွံစရာကောင်းသလို ခံစားလိုက်ရသည်။ သို့သော် ထိုမြင်ကွင်းက ရယ်စရာလည်းကောင်းနေသေး၏။

ကျန်းယန် သူ့ကိုလည်း ကောင်းကောင်းနားလည်ပေသည်။ ကျင့်ကြံခြင်းလောကတွင် အားနည်းသူက အားကြီးသူ၏ သားကောင်သာ ဖြစ်၏။ ဤအရာက သဘာ၀ပင်။

“မင်းကို စိတ်ဝိညာဉ်အဆင့်လက်နက်ငှားဖို့က မခက်လှပါဘူး မင်းယူနိုင်ရင်ပေါ့” ကျန်းယန် သူ့ကိုစိုက်ကြည့်ကာ မကြောက်မရွံ့ပြောလိုက်သည်။

“လူငယ်လေး မင်းမှာ နက်ရှိုင်းလွန်းတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေရှိနေရင်တောင် အဲ့ဒီလက်နက်တွေကို ဘယ်လောက်ကြာအောင် ကိုင်တွယ်နိုင်မှာလဲ” ဝိညာဉ်အခြေတည်အဆင့် သူ့ကိုကြမ်းကြုတ်စွာ စိုက်ကြည့်ပြီး ပြောလိုက်၏။

“တကယ်လို့ ငါစလှုပ်ရှားရရင်တော့ မင်းအတွက်လွယ်မှာမဟုတ်ဘူးနော်”

တကယ်တော့ သူကျန်းယန်ကိုသက်ညှာချင်၍ ပြောနေခြင်းမဟုတ်ပေ။ သူတိုက်ခိုက်လိုက်ပါက အနီးနားရှိ ဝိညာဉ်အခြေတည်အဆင့်များလည်း ရောက်လာမှာစိုးနေခြင်း ဖြစ်သည်။

“ကျေးဇူးပြုပြီးတော့”

ကျန်းယန် တိုက်ခိုက်ဖို့ လက်ဟန်ပြလိုက်၏။

ဝိညာဉ်အခြေတည်အဆင့်လည်း အကွာအဝေးတစ်ခုသို့ ပျံသန်းသွားခဲ့လေသည်။

“ငါကစိတ်ဝိညာဉ်အဆင့်လက်နက်လေးပဲလိုချင်တာကို မင်းကဒီလိုပြုမူရဲတယ်ပေါ့ ဒါဆိုရင်တော့ မင်းဆန္ဒကိုဖြည့်ဆည်းပေးရတာပေါ့ကွာ”

ထို့နောက် သူကျန်းယန်ကိုလက်ညှိုးထိုးပြလိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်များ တိုးထွက်သွားပြီး ကျန်းယန်ကိုရစ်ပတ်သွားခဲ့၏။ တစ်ချိန်တည်းမှာပင် သူ့ဓားကိုထုတ်၍ မြှောက်လိုက်ရာ ကောင်းကင်မိုးကြိုးတစ်စင်းက ကျန်းယန်ဆီဆင်းသက်လာခဲ့လေသည်။

ကျန်းယန် အလိုလိုကာကွယ်မသွားအောင် သူ့ကိုယ်ပေါ်က ချပ်၀တ်ကိုဖိနှိပ်ထားလိုက်၏။

တစ်ဆက်တည်းပင် သူ့ဘယ်လက်ကိုမြှောက်ပြီး စိတ်ဝိညာဉ်စွမ်းအားသုံး၍ သူ့ပတ်၀န်းကျင်က ကောင်းကင်နှင့်မြေပြင်နိယာမများကိုမွှေနှောက်ပစ်လိုက်ရာ သူ့ကိုရစ်ပတ်ထားသော စိတ်ဝိညာဉ်စွမ်းအားများက ပျက်ဆီးသွားခဲ့သည်။ ထို့နောက် ညာလက်ကိုမြှောက်ပြီး တွန်းလိုက်ရာ သူ့ခေါင်းပေါ်တွင် လေဒြပ်စင်ဖြင့် ဖွဲ့စည်းထားသော အကာအကွယ်တစ်ခုပေါ်လာခဲ့၏။

“ခရက်….ဝုန်းးး”

မိုးကြိုးက လေအကာအကွယ်ကို ရိုက်ခတ်သွားခဲ့သည်။ လေအကာအကွယ်မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများပေါ်လာသော်လည်း ကျိုးတော့ကျိုးပြတ်မသွားခဲ့ပေ။

အစက အနည်းငယ်စိတ်ပူနေသောကျန်းယန်လည်း ထိုအခါမှ လုံး၀ စိတ်အေးသွားခဲ့၏။

အရင်က သူသည် ရန်သူများကိုဖိနှိပ်ရန် သူ့စိတ်ဝိညာဉ်ရတနာများကိုသာ အားကိုးခဲ့သည်။ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲ ၀င်ရတော့မည်ဆိုခါမှသာ ပုံမှန် မှော်သိုင်းကွက်များကို စတင်လေ့လာခဲ့ခြင်း ဖြစ်၏။

အခုတော့ သူလေ့လာထားသော မှော်သိုင်းကွက်များက လုံလောက်သည်ထက်ပင် ပိုနေမှန်း သူသိသွားခဲ့ချေပြီ။

ဝိညာဉ်အခြေတည်အဆင့်၏အမူအရာချက်ချင်းပြောင်းလဲသွားခဲ့လေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!”

သူသည် ကျန်းယန်ထက် အဆင့်ကြီးတစ်ဆင့်လုံးမြင့်သူဖြစ်၏။ သူ့စိတ်ဝိညာဉ်စွမ်းအားက ကျန်းယန်ထက်များစွာပိုအားကောင်းသင့်ပေသည်။

သို့သော်လည်း သူ့မှော်သိုင်းက ကာကွယ်ခံလိုက်ရသည်တဲ့လား။

“အခု ငါ့မိုးကြိုးအလှည့်ပဲ” ကျန်းယန်ပြောလိုက်ကာ မိုးကြိုးနိယာမများကိုထိန်းချုပ်လိုက်ပြီး မိုးကြိုးတစ်စင်းပစ်ချလိုက်၏။

ဝိညာဉ်အခြေတည်အဆင့် နှာခေါင်းရှုံ့လိုက်ကာ ကျန်းယန်ကိုအထင်သေးဟန်ဖြင့် ခေါင်းပေါ်တွင် ချီအကာအကွယ်တစ်ခုသုံးကာ ကာကွယ်ထားလိုက်သည်။

အကယ်၍ ကျန်းယန်သာ သူ့အကွက်ကိုကာကွယ်နိုင်သေးလျှင် သူကရောဘာကြောင့်မလုပ်နိုင်ရပါမည်နည်း။

သို့သော် သူအမှားလုပ်ခဲ့မိချေပြီ။

ကျန်းယန်၏ စိတ်ဝိညာဉ်စွမ်းအားများက သမုဒ္ဒရာကြီးတစ်စင်းလိုပင် နက်ရှိုင်းလွန်း၏။

အခုတော့ ထိုစွမ်းအားများသုံးကာ အားအပြည့်ဖြင့် မိုးကြိုးတစ်စင်းပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ရေပုံးတစ်ပုံးခန့်တုတ်သော မိုးကြိုးကြီးက ကောင်းကင်ပေါ်မှကျဆင်းလာခဲ့ပြီး ဝိညာဉ်အခြေတည်အဆင့်၏ အကာအကွယ်အလွှာကိုဖောက်ကာ သူ့ခေါင်းဆီတိုက်ရိုက်တိုး၀င်းသွားခဲ့ပြီး ခေါင်းနှစ်ခြမ်းကွဲသွားခဲ့၏။ သူ့တွင် စိတ်ဝိညာဉ်အဆင့်အကာအကွယ်ရတနာလည်း ရှိမနေပေ။ ရှိသော အကာအကွယ်ရတနာကိုလည်း အသက်သွင်းရန် အချိန်မမီလိုက်ပေ။

သို့သော် သူသည် ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ဖြစ်သောကြောင့် ခေါင်းနှစ်ခြမ်းကွဲတာတောင် မသေသေးပေ။

သူကျန်းယန်ကိုမယုံကြည်နိုင်စွာ စိုက်ကြည့်နေပြီး အဘယ်ကြောင့် သူ့မိုးကြိုးကဒီလောက်အားကောင်းနေသလဲ တွေးမရ ဖြစ်နေခဲ့သည်။

သို့သော်လည်း သူသေချာနားလည်သွားသည်မှာ ဒီနေ့ သူအသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

“ကောင်လေး…ငါသေရင်တောင် မင်းကိုလည်းအပါခေါ်သွားမယ်ကွ!”

သူ့အခြေတည်ဝိညာဉ်က သူ့ကိုယ်ထဲမှထွက်ကာ ကျန်းယန်ဆီ ပြေး၀င်သွားခဲ့၏။

ထို့နောက် လျက်တပြတ်ဆိုသလိုပင် ကျန်းယန်ကိုယ်ထဲတိုး၀င်ပျောက်ကွယ်သွားခဲ့သည်။

ကျန်းယန်သည် ဝိညာဉ်အခြေတည်အဆင့်မရောက်သေးသောကြောင့် သူ့တွင် ခရမ်းနန်းဆောင် မပွင့်သေးပေ။ ထို့ကြောင့် ထိုဝိညာဉ်အခြေတည်အဆင့်က သူ့တာအိုမျိုးစေ့နှင့်ရွှေအမြုတေကိုဖျက်ဆီးရန် ဒန်တျန်ထဲ၀င်သွားခဲ့ခြင်းဖြစ်ပြီး ၀င်ပြီးပြီးချင်းပင် ဘာမှမသိလိုက်ဘဲ ပျောက်ကွယ်သွားခဲ့ရသည်။

ကိစ္စများက ရုတ်တရက်ဖြစ်ပွားသွားသောကြောင့် ကျန်းယန်တုန့်ပြန်ချိန်မရှိလိုက်ပေ။ ဝိညာဉ်အခြေတည်အဆင့်နှင့်တစ်ခါမှ မတိုက်ခိုက်ဖူးသောကြောင့် ထိုအဆင့်များ၏နောက်ဆုံးတိုက်ကွက်က အခုလိုအလုပ်လုပ်မှန်း သူမသိခဲ့ပေ။

ဝိညာဉ်အခြေတည်အဆင့် သူ့ကိုယ်ထဲ၀င်သွားပြီး ရွှေအမြုတေထဲပျောက်ကွယ်သွားသည်ကိုသာ သူကြည့်နေခဲ့ရသည်။

ဤရုတ်တရက်ပြောင်းလဲမှုကြီးက သူ့ကိုကြောင်အသွားစေခဲ့၏။

အစက မိစ္ဆာသန္ဓေသားက နွေးထွေးမှုပေးမယ် အခု ဝိညာဉ်အခြေတည်အဆင့်က နွေးထွေးမှုပေးနေပြန်ပြီလား။

ကျန်းယန် သတိပြန်၀င်သွားသောအခါ သူ့ဘေးတွင် တင်းမာသောအမူအရာဖြင့်ရပ်နေသော လင်းယွင်ကျိကို တွေ့လိုက်ရသည်။

“ဆရာဦးလေး ဘာလို့ဒီရောက်နေတာလဲ” ကျန်းယန် အံ့အားသင့်သွားကာ မေးလိုက်၏။

လင်းယွင်ကျိ သူ့ကိုထူးဆန်းသောအမူအရာဖြင့်ကြည့်နေခဲ့ပြီး ဘာမှတော့မပြောခဲ့ပေ။

သူသည် ကျန်းယန်ကိုကာကွယ်ရန် အရိပ်ထဲတွင် အမြဲပုန်းနေခဲ့ခြင်းဖြစ်သည်။ ခုနက ဝိညာဉ်အခြေတည်အဆင့် ကျန်းယန်ကိုယ်ထဲ၀င်သွားသောအခါမှ သူစိတ်ပူသွားပြီး ရုတ်တရက်ထွက်လာခဲ့ခြင်း ဖြစ်၏။

ဤကလေးက အဇူရာတိမ်ဂိုဏ်း၏ရတနာလေးဖြစ်သောကြောင့် တစ်ခုခုအဖြစ်ခံလိုက်၍ မဖြစ်ပေ။

သို့သော်လည်း ထွက်လာပြီးမှ ကျန်းယန်သည် မိစ္ဆာသန္ဓေသားကိုပင် ဝါးမြိုခဲ့မှန်း သူသတိရသွားခဲ့သည်။ မိစ္ဆာသန္ဓေသားနှင့်ယှဉ်လျှင် ဤဝိညာဉ်အခြေတည်အဆင့်က ဘာမှကိုမဟုတ်ပေ။

မူလအပျက်အစီးရွှေအမြုတေက မွန်းစတားဆန်လွန်းတယ်!

လင်းယွင်ကျိ ကြိတ်၍သက်ပြင်းချလိုက်ပြီး မေးလိုက်၏။

“မင်းအဆင်ပြေလား”

ကျန်းယန် အားရပါးရရယ်မောလိုက်ပြီး

“ကျွန်တော်က အဖြူထည်‌ရွှေအမြုတေပဲလေ တာအိုသ‌န္ဒေသားမှမရှိတာ အဲ့ဒီငတုံးတွေက အမြဲ ကျွန်တော့်တာအိုမျိုးစေ့ကိုပဲတိုက်ခိုက်ဖို့ကြံနေကြတာ ဒါပေမယ့် အထဲမှာက ဘာမှမှမရှိတာ ဆရာဦးလေး ကျွန်တော်ကတော့ အဖြူထည်ရွှေအမြုတေက အသန်မာဆုံး ရွှေအမြုတေလို့ထင်တယ် ဆရာ့ရဲ့ ရွှေအမြုတေထက်တောင် ကောင်းသေးတယ်”

သူတကယ်ထိုသို့ယုံနေခြင်းဖြစ်ပြီး ဂုဏ်ယူသလိုပင် ခံစားနေခဲ့ရသည်။

လင်းယွင်ကျိ မျက်နှာရှုံ့မဲ့သွားခဲ့၏။ သူခဏတိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

“ဒီလိုကြည့်တော့လည်း မင်းပြောတာဟုတ်သလိုလိုပါပဲ”

“ဆရာဦးလေး ကျွန်တော့်ကိုလိုက်ကာကွယ်ရတာ ဆရာဦးလေး တံခါးပိတ်ကျင့်ကြံဖို့ နှောင့်နှေးသွားပြီလား” ကျန်းယန်မေးလိုက်၏။

လင်းယွင်ကျိသည် သူ့ကိုကာကွယ်ဖို့မှမဟုတ်လျှင် အဇူရာတိမ်ဂိုဏ်းက ထွက်လာမည်မဟုတ်မှန်း သူသိပေသည်။ ထို့ကြောင့် သူ့စိတ်ထဲပင် ခံစားသွားခဲ့ရပြီး သူ့ကြောင့် သူ့ဆရာဦးလေး အဆင့်ချိုးဖြတ်ခြင်းနှောင့်နှေးရမှာ စိတ်ပူသွားခဲ့၏။

လင်းယွင်ကျိ ယုံကြည်မှုရှိရှိပြုံးလိုက်ပြီး

“ငါက စီနီယာအစ်ကိုကြီးနောက်ကို အကြာဆုံးလိုက်ခဲ့တဲ့သူပဲလေ အခြားဂျူနီယာလေးတွေထက် အစ်ကိုကြီးဆီကပိုပြီးသင်ယူထားတယ် ငါ့အတွက် တာအိုပေါင်းစည်းခြင်းအဆင့်ဆိုတာက သူ့အလိုလိုရောက်လာမယ့်အရာပဲ

ငါတံခါးပိတ်ကျင့်ကြံကြံ မကြံကြံ ကိစ္စမရှိဘူး မင်းလုံခြုံရေးကပိုအရေးကြီးတယ် အဲ့တာကြောင့်အစ်ကိုကြီးကငါ့ကိုလွှတ်လိုက်တာ စိတ်မပူပါနဲ့ ဒီနှစ်တွေအတွင်း ငါတာအိုပေါင်းစည်းခြင်းအဆင့်ကို ကျိန်းသေရောက်မှာ”

ကျန်းယန်လည်း ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်‌၏။

“အဲ့တာဆို ကောင်းတယ် ဆရာဦးလေးရှိနေမှတော့ ကျွန်ဝောာ်တို့ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကိုတစ်ခါတည်းသွားလိုက်ကြရအောင်”

လင်းယွင်ကျိ အနည်းငယ်တွန့်ဆုတ်သွားသော်လည်း သဘောတူလိုက်လေသည်။

“သွားကြတာပေါ့ ငါမင်းကိုအဖော်ပြုပေးမယ်”

သူ တာအို‌ေပါင်းစည်းခြင်းအဆင့် ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ကိုတော့ အနည်းငယ်စိတ်ပူ၏။

ထို့အပြင် ထိုဂိုဏ်းတွင် နတ်ဝိညာဉ်အဆင့်အကြီးအကဲများလည်း ရှိနေသေးသည်။

သို့သော်လည်း သူ့တွင်စိတ်ဝိညာဉ်အဆင့်ရတနာများရှိသောကြောင့် တိုက်ခိုက်ရလျှင်တောင် အချိန်ခဏတော့ တောင့်ခံနိုင်လောက်၏။

ကျန်းယန်တွင်လည်း စိတ်ဝိညာဉ်ရတနာများ ရှိနေသေးသည်။

အကယ်၍ တိုက်ပွဲဖြစ်လာလျှင် သူ့အစ်ကိုကြီးသတိထားမိမည်ဖြစ်ပြီး သူ့ကျင့်ကြံခြင်းနှင့်ဆိုလျှင် အချိန်ခဏလေးအတွင်း ထိုနေရာသို့ ရောက်လာနိုင်ပေလိမ့်မည်။ သူတို့လုပ်ရမည်က ခဏကြာအောင် တောင့်ခံထားဖို့သာ ဖြစ်၏။

ကျန်းယန် ဝိညာဉ်အခြေတည်အဆင့်၏သိုလှောင်လက်စွပ်ကိုယူကာ အတွင်းထဲကပစ္စည်းများအားလုံးကိုယူလိုက်ပြီး ထိုလူ့အလောင်းကိုတော့ မီးရှို့ကာ ပြာချလိုက်လေသည်။ ထို့နောက် သူတို့နှစ်ယောက် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းဆီ ထွက်ခွာလာခဲ့ကြသည်။

ပထမအဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သောကြောင့် ကောင်းကင်ဒဏ္ဍာရီဂိုဏ်း၏ တောင်ဂိတ်တံခါး ၀င်ပေါက်တွင် စောင့်ကြပ်နေသော အကြီးအကဲတစ်ယောက် ရှိနေခဲ့၏။

“အဇူရာတိမ်ဂိုဏ်းက လင်းယွင်ကျိ ဂျူနီယာ‌တူလေးကျန်းယန်နဲ့အတူ စီနီယာကောင်းကင်ဒဏ္ဍာရီကိုဂါရ၀ပြုဖို့ ရောက်ရှိလာပါတယ်” လင်းယွင်ကျိ ဂိတ်စောင့်အကြီးအကဲကို ယဉ်ကျေးစွာ ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ အကြီးအကဲ၏အမူအရာရုတ်ချည်းပြောင်းလဲသွားခဲ့၏။ သူကျန်းယန်တို့ကို ယဉ်ကျေးပျူငှာစွာ ကြိုဆိုနေချိန်တွင် ထိုသတင်းကို အသံကူးပြောင်း၍ ဂိုဏ်းထဲသို့ ပို့လိုက်လေသည်။

All Chapters