← Chapters

ကွဲကွာသွားသော မိသားစု

Vol. 10 Ch. 111

ကွဲကွာသွားသော မိသားစု

Vol. 10 Ch. 111

ကောင်းကင်ဒဏ္ဍာရီဂိုဏ်းထဲတွင် တင်းမာနေသော ဆွေးနွေးမှုတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

ခန်းမကြီးထဲ၌ လေထုက လေးလံနေခဲ့၏။

ထိပ်ဆုံးတွင်ထိုင်နေသော ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်၏မျက်ခုံးများ အနည်းငယ်တွန့်ကွေးနေကာ သူ့စိတ်ထဲဝေခွဲမရ ဖြစ်နေခဲ့သည်။

“စီနီယာကောင်းကင်ဒဏ္ဍာရီ ဆက်ပြီးတွန့်ဆုတ်နေစရာမလိုတော့ပါဘူး” ထိုင်နေသော ၀မ်လင်းဂိုဏ်းမှ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ပြုံးကာ ပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းရဲ့ မိစ္ဆာ‌သန္ဓေသားတွေကစည်းထဲက ချိုးဖြတ်ထွက်ကုန်ကြပြီ အခု အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးက ပျက်ဆီးလုဆဲဆဲအခြေအနေမှာ ရောက်နေရပြီ

တကယ်လို့ စီနီယာကောင်းကင်ဒဏ္ဍာရီသာ ဆုံးဖြတ်ချက်စောစောချခဲ့မယ်ဆိုရင် ဂိုဏ်းရဲ့အုတ်မြစ်ကိုမပျက်ဆီးအောင် ဆက်ပြီးထိန်းသိမ်းထားနိုင်လိမ့်မယ်”

“မဟုတ်ရင်တော့ မိစ္ဆာတွေဆင်းသက်လာတဲ့အခါ နောင်တရဖို့တောင် နောက်ကျသွားလိမ့်မယ်”

“ကျွန်တော်တို့ ၀မ်လင်းဂိုဏ်းက ကောင်းကင်ဒဏ္ဍာရီဂိုဏ်းအပေါ် ဒီလိုကပ်ဘေးကြီးမျိုး မကျရောက်စေချင်ပါဘူး အဲ့တာကြောင့်လည်း အခုလို ကောင်းကင်ဒဏ္ဍာရီဂိုဏ်းအခြေချဖို့ ရတနာကုန်းမြေတစ်ခု လာကမ်းလှမ်းနေတာပါ

စီနီယာစိတ်ချထားလို့ရပါတယ် အဲ့ဒီနယ်မြေက လက်ရှိကောင်းကင်ဒဏ္ဍာရီဂိုဏ်းတည်ထားတဲ့ နယ်မြေအောက် လုံး၀မလျော့စေရပါဘူး”

စုမင်းယန်နှင့်တုန်လုတို့ ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ကို စိတ်မရှည်စွာကြည့်နေကာ သူဆုံးဖြတ်ချက်ချမည့်အချိန်ကိုစောင့်နေခဲ့ကြသည်။

“ဆရာ ကျွန်တော်တို့မှာဘာများတွန့်ဆုတ်နေစရာရှိလို့လဲ” စုမင်းယန်အလောတကြီးပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းက ဒီလိုကိစ္စကြီးမျိုးကိုဘယ်သူမှမသိအောင် ဖုံးကွယ်ထားခဲ့တယ်ဆိုကတည်းက သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်ဆိုတာ ရှင်းနေတာပဲ

အခု မရှူနိုင်မကယ်နိုင်ဖြစ်မှ လူတိုင်းဆီကအရင်းအမြစ်လိုက်တောင်းနေတယ် ဖိနှိပ်တဲ့နေရာမှာ ကျွန်ဝောာ်တို့၀င်ကူညီမယ်ဆိုတော့လည်း လက်မခံပြန်ဘူး ဘယ်လောက်မုန်းစရာကောင်းလိုက်လဲ

သူတို့ကဒီလိုဆိုမှတော့ ကျွန်တော်တို့လည်း ၀င်ပါစရာမလိုတော့ဘူး မိစ္ဆာတွေကိစ္စကို သူတို့ဖာသာပဲ ဖြေရှင်းပါစေ”

“ဆရာက ဒီကောင်းကင်ဒဏ္ဍာရီဂိုဏ်းကို အခက်အခဲတွေအများကြီးကြားထဲက တည်ထောင်ခဲ့ရတာပါ ဂိုဏ်းတည်တံ့လာခဲ့တာ နှစ်ပေါင်းရာချီနေပြီဖြစ်သလို ဂိုဏ်းတပည့်ပေါင်းလည်း ရာချီရှိတယ် ကျွန်တော်တို့အဲ့တာတွေအားလုံးကို မြေကြီးအောက်မှာ မြှုပ်နှံမပစ်နိုင်ဘူး”

တုန်လုလည်း အမြန်၀င်ပြောလိုက်ပြန်၏။

“ဆရာ ဒီကိစ္စကို သေချာဂရုစိုက်ပြီး စဉ်းစားရမယ်နော် အဓိကပြဿနာကတော့ အဇူရာတိမ်ဂိုဏ်းရဲ့ခေါင်းမာမှုပဲ

အခြေအနေကို သူတို့မကိုင်တွယ်နိုင်တော့ဘူးဆိုရင်တောင် ဘာလို့အခြားသူတွေ၀င်ပါမှာကို ငြင်းဆန်နေရသေးတာလဲ အဲ့ဒီစိတ်ဝိညာဉ်အဆင့်ရတနာတွေကိုသာ ကျွန်တော်တို့ဆီက နတ်ဝိညာဉ်အဆင့်တွေသုံးမယ်ဆိုရင် စွမ်းအားကိုအပြည့်အ၀ဖော်ထုတ်နိုင်မှာပဲ အခုတော့ ကျွန်တော်တို့ဒီမှာဆက်နေလို့မဖြစ်တော့ဘူး ဆက်နေရင် ကပ်ဘေးကြီးနဲ့ရင်ဆိုင်ရလိမ့်မယ်”

အလယ်အလတ်အဆင့်တပည့်များကြားထဲတွင်လည်း မတူညီသော သဘောထားများ ရှိနေခဲ့ကြသည်။

သို့သော်လည်း သူတို့ထုတ်ပြောခွင့်တော့မရှိပေ။ အကြီးအကဲများ၏ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းနေခဲ့ကြရ၏။

ထိုအခိုက်တွင် ဂိတ်စောင့်အကြီးအကဲက ကျန်းယန်တို့ရောက်လာမှန်း သတင်းပို့လိုက်သောအခါ စုမင်းယန်ချက်ချင်း ထုတ်ပြောလိုက်သည်။

“ဆရာ တွေ့ပြီလား သူတို့လောဘကအဆုံးအစမရှိဘူးလို့ ကျွန်တော်ပြောပါတယ် သူတို့ကဒီကို အရင်းအမြစ်တွေထပ်တောင်းဖို့လာတာသေချာတယ်”

“အရှက်မဲ့အဇူရာတိမ်ဂိုဏ်းရဲ့စရိုက်တွေပေါ်လာတာပဲ ဆရာ ဘာတွေတွန့်ဆုတ်နေဦးမှာလဲ”

၀မ်လင်းဂိုဏ်းမှ ဝိညာဉ်အခြေတည်အဆင့်လည်း ဆိုးယုတ်စွာ အေးစက်စက်ရယ်မောလိုက်ပြီး

“တံခါး၀ထိရောက်လာရဲမှတော့ ငါတို့ဘက်ကလည်း အမှောက်သိပ်ပစ်လိုက်ရုံပဲပေါ့ ငါကြားတာတော့ သူတို့ကိုယ်‌ေပါ်မှာ စိတ်ဝိညာဉ်အဆင့်ရတနာတွေအများကြီး သယ်ဆောင်ထားတယ်တဲ့ ရှားပါးတဲ့အခွင့်အရေးပဲ”

စုမင်းယန်နှင့်တုန်လုတို့၏မျက်လုံးများလည်း တောက်ပသွားခဲ့လေသည်။ သူတို့ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ကိုသာ စိုက်ကြည့်နေခဲ့ကြ၏။

တကယ်လို့ သူ့ဆရာသာဆန္ဒရှိလျှင် လင်းယွင်ကျိကိုဖမ်းဖို့က ပြဿနာရှိမည် မဟုတ်ပေ။

သူတို့နတ်ဝိညာဉ်အဆင့်များ ပူးပေါင်းလိုက်လျှင် ကျန်းယန်ကိုခဏလေးအတွင်းအလွယ်တကူဖမ်းနိုင်မည်ဖြစ်ပြီး ထိုနှစ်ကောင်ကိုဖမ်းပြီးပြီးချင်း အဇူရာတိမ်ကုန်းမြေတိုက်ကြီးမှ ထွက်သွားခဲ့လျှင် အဇူရာတိမ်ဂိုဏ်းလည်း သူတို့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

ချင်းယွင်ကျိသည် စွမ်းအားကြီးသော်လည်း မိစ္ဆာများကို ဖိနှိပ်နေရ‌ေသာ‌ေကြာင့် အဇူရာတိမ်ဂိုဏ်းမှထွက်ခွာနိုင်မည်မဟုတ်ပေ။

အခြားအဇူရာတိမ်ဂိုဏ်းသားများကလည်း စိတ်ပူလောက်စရာမဟုတ်ပေ။

ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင် ကျန်းယန်တို့ရောက်လာကြောင်းကြားလိုက်သောအခါ သူ့အမူအရာပြောင်းလဲသွားခဲ့ပြီး သူ့နှလုံးသားထဲမှလှိုင်းများလည်း ရုတ်တရက် ငြိမ်သက်သွားခဲ့လေသည်။

“တော်လောက်ပြီ ထပ်မပြောကြနဲ့တော့” ကောင်းကင်ဒဏ္ဍာရီ အသံနက်ကြီးဖြင့် ပြောလိုက်၏။

“ငါက ဒီမြေပေါ်မှာမွေးပြီး ဒီမြေပေါ်မှာကြီးပြင်းလာတဲ့လူ အခုဒီမြေခြိမ်းခြောက်ခံနေရတဲ့အချိန် ငါကဘယ်လို စွန့်ပစ်ခဲ့နိုင်မှာလဲ”

ထိုစကားကိုကြားသောအခါ ၀မ်လင်းဂိုဏ်းမှကျင့်ကြံသူများနှင့် စုမင်းယန် တုန်လု တို့ အမူအရာများ ရုပ်ဆိုးသွားခဲ့ကြသည်။

ကောင်းကင်ဒဏ္ဍာရီအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ဖြည်းဖြည်းချင်း ဆက်ပြောလိုက်၏။

“ဒါကငါ့ပုဂ္ဂိုလ်‌ေရး ရွေးချယ်မှုပဲ ငါမင်းတို့ဆုံးဖြတ်ချက်တွေကိုတော့ ၀င်စွက်ဖက်မှာမဟုတ်ဘူး မင်းတို့ဘာကိုပဲရွေးချယ်ချယ် ငါမင်းတို့ကိုနားလည်ပါတယ်”

“တကယ်လို့ မင်းတို့တကယ်ပဲဒီနေရာမှာ နေချင်စိတ်မရှိတော့ရင်…ထွက်သွားကြပါ”

သူအလယ်အလတ်အဆင့်တပည့်များကိုကြည့်လိုက်ကာ ဆက်ပြောလိုက်ပြန်သည်။

“မင်းတို့အတွက်လည်းအတူတူပါပဲ မင်းတို့ထွက်သွားချင်ကြရင် သူတို့နဲ့လိုက်သွားနိုင်တယ် တကယ်လို့မင်းတို့ထွက်မသွားချင်ကြရင်လည်း ဒီမှာနေပြီး ငါနဲ့အတူ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကိုကာကွယ်လို့ရတယ် မိစ္ဆာတွေထွက်လာတဲ့အခါ ငါတို့ဂိုဏ်းရဲ့ခွန်အားကို ပြကြတာပေါ့”

၀မ်လင်းဂိုဏ်းမှနတ်ဝိညာဉ်အဆင့် ချင်းယွင်ကျိကိုမ‌ဆွဲဆောင်လိုက်နိုင်သောကြောင့် အနည်းငယ် နောင်တရသွားခဲ့၏။

ဤအရာက တာအိုပေါင်းစည်းခြင်းအလယ်အဆင့်ပညာရှင်ကြီးတစ်ယောက် ဖြစ်ပေသည်။

သို့သော်လည်း စုမင်းယန် တုန်လုနှင့် အခြားအကြီးအကဲများကို ဆွဲဆောင်နိုင်ခဲ့လျှင်လည်း ရလဒ်က မဆိုးလှပေ။

“တာအိုပညာရှင်စု တာအိုပညာရှင်တုန် ကျေးဇူးပြုပြီး အမြန်ဆုံးဖြတ်ပေးကြပါ” ၀မ်လင်းဂိုဏ်းကပညာရှင် ခပ်တည်တည်ပြောလိုက်၏။

“ငါတို့ကတိကရှိနေတုန်းပါပဲ ငါတို့ကပြောပြီးသားကတိကို ဘယ်တော့မှပြန်မရုတ်သိမ်းဘူး”

စုမင်းယန်လေးပင်စွာ ခေါင်းညိတ်ပြလိုက်လေသည်။

“ကောင်းပြီ ဒီလိုဆိုမှတော့ ငါနဲ့လိုက်ချင်ခဲ့တဲ့သူတွေအားလုံး ငါ့ဘက်မှာ လာရပ်ပေးကြပါ”

လူပေါင်းများစွာ အလျင်အမြန်ပင် အကြည့်ချင်းဖလှယ်လိုက်ကြပြီး စုမင်းယန်ဘေးသို့ရောက်ကုန်ကြ၏။

သို့သော်လည်း ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ကို ရှုပ်ထွေးနေသော အကြည့်များဖြင့်ကြည့်ရှုနေသော လူအနည်းငယ်လည်း ကျန်ရှိနေသေးသည်။

ထိုလူအနည်းငယ်ထဲတွင် ကျိယန်လည်း ပါ၏။

“ကျိယန် နင်ငါတို့နဲ့ ၀မ်လင်းကုန်းမြေတိုက်ကြီးဆီမလိုက်ဘူးလား” စုမင်းယန် သူ့တပည့်ကိုအံ့အားသင့်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

“နင့်ရဲ့ ပါရမီနဲ့ဆိုရင် အဲ့ဒီနေရာမှာ အကြီးအကျယ်တိုးတက်လာမှာ အသေအချာပဲ အဇူရာတိမ်ကုန်းမြေတိုက်ကြီးမှာ နေကျန်ခဲ့တာက နင့်အလားအလာကိုဖြုန်းတီးပစ်တာပဲ”

သူမသည် သူ့တပည့်ဖြစ်သော်လည်း သူ့နောက်သို့ မလိုက်လိုခဲ့ပေ။

ကျိယန် တိတ်တဆိတ်သာရပ်နေပြီး သူ့ဆရာကိုဘာမှပြန်မပြောခဲ့ပေ။

၀မ်လင်းဂိုဏ်းက နတ်ဝိညာဉ်အဆင့် ကျိယန်ကိုတစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက်ပြောလိုက်၏။

“နောက်နှစ်နှစ်နေရင် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကစတော့မှာ တကယ်လို့ သခင်မလေးကျိယန်က ပါ၀င်ချင်တယ်ဆိုရင် ငါတို့၀မ်လင်းဂိုဏ်းက တစ်နေရာစာ ပေးပါ့မယ် ဒါပေါ့ အဲ့ဒီနေရာဘယ်လောက်အန္တရာယ်များသလဲဆိုတာကတော့ ပြောစရာလိုမယ်မထင်ပါဘူး တကယ်လို့ သခင်မလေးပါ၀င်ချင်တယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပါ ဒါပေမယ့် ငါတို့ဂိုဏ်းကပါရမီရှင်တွေနဲ့အတူတူသွားတာဆိုရင်တော့ အန္တရာယ်ကအတော်လေးနည်းသွားမှာပါ”

ကျိယန်မတုန့်ပြန်နိုင်ခင်တွင် ကောင်းကင်ဒဏ္ဍာရီသူမအစား ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးလိုက်၏။

“၀မ်လင်းကုန်းမြေတိုက်ကြီးကိုလိုက်သွား သမီးအတွက် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်က အကြီးဆုံးအခွင့်အရေးပဲ လက်မလွှတ်မိစေနဲ့”

“ဆရာဘိုးဘိုး…”

“ဘိုးဘိုးစကားကိုနားထောင် မင်းဆရာနဲ့လိုက်သွားလိုက်” ကောင်းကင်ဒဏ္ဍာရီနွေးထွေးစွာပြုံးကာ ပြောလိုက်လေသည်။

ထို့နောက် သူစုမင်းယန်နှင့်အခြားသူများကိုကြည့်ကာ ပြောလိုက်၏။

“မင်းတို့တွေ ဂိုဏ်းရဲ့အရင်းအမြစ်ရတနာတစ်၀က်ကို မင်းတို့နဲ့အတူယူသွားလို့ရတယ်”

သူဂိုဏ်း၏လူငယ်မျိုးဆက်အတွက် မျှော်လင့်ချက်ပေးထားချင်သေးသည်။

စုမင်းယန်လည်း အလွန်ပျော်သွားခဲ့၏။

“ကျေးဇူးတင်ပါတယ် ဆရာ”

အကယ်၍ ဂိုဏ်း၏အရင်းအမြစ်တစ်၀က်ကိုသာ ရခဲ့လျှင် သူတို့အတွက် ၀မ်လင်းဂိုဏ်းတွင်အစမှ ပြန်စနေစရာလိုတော့မည် မဟုတ်ပေ။

၀မ်လင်းဂိုဏ်းမှ ပညာရှင်မျက်နှာပေါ်တွင်တော့ ခန့်မှန်းမရသော အပြုံးတစ်ပွင့်ပေါ်လာခဲ့လေသည်။

ကောင်းကင်ဒဏ္ဍာရီ၏ နားချမှုအောက်တွင် ကျိယန်လည်း စုမင်းယန်တို့နှင့်လိုက်သွားဖို့ သဘောတူခဲ့ရ၏။ ထို့နောက် ထိုအဖွဲ့ ကောင်းကင်ဒဏ္ဍာရီဂိုဏ်း၏ အရင်းအမြစ်တစ်၀က်ကိုရွေးချယ်ကာ ဂိုဏ်းထဲမှ ထွက်ခွာသွားခဲ့ကြသည်။

သူတို့ထွက်သွားသောအခါမှ ကောင်းကင်ဒဏ္ဍာရီ ဂိတ်တံခါးစောင့်အကြီးအကဲကို လင်းယွင်ကျိတို့ကိုခေါ်လာဖို့ အသံလွှင့်ကာ အချက်ပြလိုက်၏။

“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ဘိုးဘေးမှာအရေးကြီးကိစ္စရှိနေတာကြောင့် ဧည့်သည်တော်တို့ကို စောင့်ခိုင်းလိုက်ရပါတယ် အခုတော့ ဘိုးဘေးအားပါပြီ ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပေးပါ” အကြီးအကဲနွေးထွေးစွာ ဖိတ်ခေါ်လိုက်လေသည်။

တောင်ခြေတွင် အတန်ကြာအောင်စောင့်ဆိုင်း‌ခဲ့ရသော်လည်း ကျန်းယန်မျက်နှာပေါ်တွင် စိတ်မရှည်သောအမူအရာတစ်ချက်မှ ပေါ်မလာခဲ့ပေ။

ဤအရာသည် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်နှင့်တွေ့ဆုံရာ၌ ကြုံတွေ့ရမည့် သာမန်ကိစ္စတစ်ရပ်သာ ဖြစ်၏။

တောင်ပေါ်ရောက်သောအခါ ကျန်းယန် တစ်ခုခုတော့မှာ‌းနေသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့် ဂိုဏ်းထဲတွင် သူထင်ထားသလောက် လူအများကြီးမရှိဘဲ ရှိသောတပည့်များကလည်း အသက်ဓာတ်ကင်းမဲ့နေသလို စိတ်ဓာတ်ကျနေကြရပါသနည်း။

သူတို့ခန်းမထဲရောက်ရှိသောအခါတွင်လည်း ကောင်းကင်ဒဏ္ဍာရီကတစ်နေရာကို ငေးကြောင်ကြည့်နေပြီး သူတို့ရောက်ရှိလာသည်ကို သတိထားမိပုံမပေါ်ခဲ့ပေ။

“ဘိုးဘေး! ဘိုးဘေး! အဇူရာတိမ်ဂိုဏ်းက ဂုဏ်သရေရှိဧည့်သည်တော်နှစ်ယောက် ရောက်ရှိလာပါပြီ” တောင်‌ဂိတ်တံခါးစောင့်အကြီးအကဲ အော်ပြောလိုက်၏။

ထိုအခါမှသာ ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင် အသိ၀င်သွားခဲ့သည်။ သူကျန်းယန်နှင့်လင်းယွင်ကျိတို့ကိုကြည့်ကာ ပြောလိုက်၏။

“ကျေးဇူးပြုပြီး ထိုင်ကြပါ ဧည့်သည်တော်တို့ ဘာလို့ရောက်လာကြတာလဲ ကိစ္စတစ်ခုခုများရှိလို့လား”

All Chapters