ဖြတ်တောက်ခံရသော အမြစ်များ
Vol. 10 Ch. 112
ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်သည် ထူးဆန်းနေသည်ဟု ကျန်းယန်ခံစားနေရပါသော်လည်း သူလေးစားစွာ ဦးညွတ်အရိုအသေပေးလိုက်၏။
သူတင်မဟုတ်ဘဲ လင်းယွင်ကျိလည်း လေးစားစွာအရိုအသေပေးလိုက်သည်။
ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်သည် တာအိုပေါင်းစည်းခြင်းအလယ်အဆင့်ပညာရှင်တစ်ယောက်ဖြစ်သည့်အပြင် အသက်အားဖြင့်လည်း ၈၀၀ ၉၀၀ လောက် ရှိနေသူဖြစ်သောကြောင့် သူသည်လေးစားမှုဖြင့် ထိုက်တန်၏။
ဂါရ၀ပြုပြီးသောအခါ ကျန်းယန်ပြောလိုက်သည်။
“ကျွန်တော်တို့ဒီနေ့ရောက်လာရတဲ့ အကြောင်းအရင်းကတော့ အခြားဂိုဏ်းကြီးတွေက ကျွန်တော်တို့ကုန်းမြေတိုက်ကြီးက ကျင့်ကြံသူတွေကို အဝေးကိုခေါ်သွားဖို့ ကြိုးစားနေကြပုံပေါ်လို့ပါပဲ”
သူဆုံးအောင် မပြောရသေးခင်တွင် ကောင်းကင်ဒဏ္ဍာရီခါးသက်သက်ပြုံးလိုက်ကာ ဖြတ်ပြောလိုက်၏။
“ငါသိပါတယ်!”
ကျန်းယန်တခဏကြောင်အသွားပြီးနောက် ချက်ချင်းနားလည်သွားခဲ့သည်။ သူမေးလိုက်၏။
“ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကလူတွေလည်း ထွက်သွားကြပြီလား”
“သူတို့သွားကြပြီ” ကောင်းကင်ဒဏ္ဍာရီသက်ပြင်းချကာ ပြောလိုက်သည်။
ကျန်းယန် သူ့ကိုမယုံကြည်နိုင်ဟန်ဖြင့်ကြည့်ကာ အကူအညီမဲ့စွာ မေးလိုက်ပြန်၏။
“စီနီယာ သူတို့ထွက်သွားတာကို ဒီတိုင်းထိုင်ကြည့်နေခဲ့တာလား”
“ငါဘာများလုပ်နိုင်မှာလဲ” ကောင်းကင်ဒဏ္ဍာရီပြန်ပြောလိုက်သည်။
“တပည့်အများစုက သူတို့စိတ်ထဲမှာ ဆုံးဖြတ်ထားကြပြီးသား ငါကအဲ့လူတွေအကုန်လုံးကို သတ်ပစ်လိုက်ရမှာလား”
ကျန်းယန် ဆွံ့အသွားခဲ့၏။ ဒီအဖိုးကြီးသည်လည်း သူတို့အဇူရာတိမ်ဂိုဏ်းကအကြီးအကဲများလိုပင် တုံးအသည်ဟု သူခံစားလိုက်ရသည်။
သို့သော်လည်း တစ်ခါတစ်ရံတွင် ထိုအရူးကြီးများက စစ်မှန်သောလေးစားမှုနှင့်ထိုက်တန်သည်ကိုလည်း သူ၀န်ခံရပေလိမ့်မည်။
ဘာလို့သူတို့ခေါင်းတွေနည်းနည်းလောက်ပိုမထက်နိုင်သလဲဆိုတာကိုသာ သူသိချင်နေခဲ့၏။
“စီနီယာ စီနီယာကရော ဘာလို့ထွက်မသွားတာလဲ” ကျန်းယန်မေးလိုက်သည်။
ကောင်းကင်ဒဏ္ဍာရီသူ့ကိုကြည့်ကာ ပြန်မေးခွန်းထုတ်လိုက်၏။
“မင်းတို့အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတွေကိုနှစ်ပေါင်းများစွာဖိနှိပ်ထားခဲ့ကာ အဲ့ဒီမိစ္ဆာတွေထွက်လာခဲ့ရင် အရင်ဆုံးသေကြရမှာက မင်းတို့ပဲ မင်းတို့ရောဘာလို့ထွက်မသွားကြတာလဲ”
လင်းယွင်ကျိ တိတ်ဆိတ်သွားခဲ့သည်။
ကောင်းကင်ဒဏ္ဍာရီပေါ့ပေါ့ပါးပါးသာပြောလိုက်၏။
“ငါလူငယ်မျိုးဆက်တွေကို ထွက်မသွားဖို့မတားနိုင်သလို သူတို့အတွေးတွေကိုလည်း မထိန်းချုပ်နိုင်ဘူး ဒါပေမယ့် ငါကိုယ့်ကိုယ်တော့ ထိန်းချုပ်နိုင်တယ် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက လူအများစုထွက်သွားခဲ့ရင်တောင် ငါကျန်နေခဲ့မှာပဲ အချို့ထွက်မသွားချင်တဲ့တပည့်အချို့လည်း ရှိသေးတယ် သူတို့ရှိနေသေးသ၍ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက ဆက်ပြီးတည်မြဲနေဦးမှာပဲ
ဒီအဖိုးကြီးက အသက်ကြီးနေပြီဆိုပေမယ့် တာအိုစွမ်းအားအချို့တော့ကျန်ပါသေးတယ် အဲ့ဒီမိစ္ဆာကောင်တွေက ဘယ်လိုပုံစံတွေလဲဆိုတာ ကြည့်ချင်သေးတယ်”
“စီနီယာက ကြီးမြတ်တဲ့လေးစားမှုမျိုးနဲ့ထိုက်တန်ပါတယ်” လင်းယွင်ကျိ ဦးညွတ်ကာ အရိုအသေပေးလ်ုက်လေသည်။
ကောင်းကင်ဒဏ္ဍာရီလက်ကာပြကာ ခေါင်းယမ်းလိုက်ပြီး
“ငါရှက်ရွံ့မိပါတယ် ငါမင်းတို့ကိုအကူအညီနည်းနည်းပဲ ပေးနိုင်ခဲ့တယ် ဒါပေမယ့် ငါအပါအ၀င် ဒီမှာကျန်ခဲ့တဲ့လူတိုင်းက ငါတို့တတ်နိုင်တာရှိရင် ဘာကိုမှမငဲ့ဘဲ စွန့်လွှတ်ပေးကြမှာပါ”
အဇူရာတိမ်ဂိုဏ်းက လူလွှတ်လိုက်ခြင်း၌ အကြောင်းအရင်းတစ်ခုခုတော့ ရှိမှန်း သူနားလည်၏။
ကျန်းယန် သူ့အတွေးများကိုဖိနှိပ်ထားလိုက်ကာ မေးလိုက်သည်။
“စီနီယာ စီနီယာက အဇူရာတိမ်ကုန်းမြေတိုက်ကြီးနဲ့အတူ သေဆုံးဖို့ ဆန္ဒရှိတာလား”
“သေချာတာပေါ့” ကောင်းကင်ဒဏ္ဍာရီပြတ်ပြတ်သားသား ပြောလိုက်သည်။
ကျန်းယန် မျက်ခုံးများ တွန့်ကွေးသွားပြီး မေးလိုက်၏။
“အဲ့ဒီဂိုဏ်းတွေက တမင်တကာ ကောလာဟလတွေဖြန့်ပြီး ဂိုဏ်းအသီးသီးက ကျင့်ကြံသူတွေကို ဆွဲထုတ်သွားကြတာကို စီနီယာသိပြီးဖြစ်မှာပါ သူတို့ရည်ရွယ်ချက်က မရိုးသားဘူး အနာဂတ်တစ်နေ့မှာ အဲ့ဒီအဇူရာတိမ်ကုန်းမြေတိုက်ကြီးက ထွက်ခွာသွားတဲ့သူတွေ ဒီနေရာကို ကောင်းကောင်းကြီးပြန်လာပြီး အခြားကုန်းမြေတိုက်ကြီးတွေက သူတွေနဲ့အတူ ဒီနေရာကိုတိုက်ခိုက်ကြရင်ေရာ
ကျွန်တော်စီနီယာ့ကိုမေးချင်ပါတယ် တကယ်လို့ စီနီယာ့တပည့်တွေနဲ့ ပြန်ရင်ဆိုင်ရရင် စီနီယာဘယ်လိုပြုမူမှာလဲ”
“သူတို့လုံး၀ပြန်လာမှာမဟုတ်ဘူး”ကောင်းကင်ဒဏ္ဍာရီ ပြန်ပြောလိုက်၏။
ကျန်းယန်ပြုံးလိုက်ကာ
“စီနီယာ အဖြေကိုစီနီယာကောင်းကောင်းသိပါတယ် သူတို့ပြန်လာကြမှာ အဲ့တာကြောင့် စီနီယာကျွန်တော့်ကို တိကျတဲ့အဖြေတစ်ခုပေးလို့ရမလား မပေးနိုင်ရင်တော့ စီနီယာပြောတဲ့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးနဲ့ အတူတူရှင်ပြီး အတူတူသေမယ်ဆိုတဲ့စကားက ဟာသတစ်ခုလို့ပဲ ယူဆရလိမ့်မယ်”
ကောင်းကင်ဒဏ္ဍာရီကျန်းယန်ကိုအတန်ကြာအောင် တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။
လင်းယွင်ကျိ အမြန်တောင်းပန်လိုက်ပြီး ကျန်းယန်ကိုကြည့်ကာ အော်ပြောလိုက်၏။
“စီနီယာ့ကို အမြန်တောင်းပန်လိုက်စမ်း!”
သူ့အတွက်တော့ အခုလိုမျိုး ကောင်းကင်ဒဏ္ဍာရီကို အတင်းအကြပ်ကောင်းကင်နှင့်တိုင်တည်၍ ကျိန်ဆိုခိုင်းခြင်းမျိုးက အလွန်ရိုင်းပျလွန်းသော အပြုအမူပင်။
ကျန်းယန်နောက်တွန့်မသွားခဲ့ပေ။ သူ ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ကိုပြန်စိုက်ကြည့်နေခဲ့ကာ သူ့အဖြေကို စောင့်နေခဲ့သည်။
ထိုအခိုက်တွင် သူမပြတ်မသားအဖြေမျိုးမလိုအပ်ပေ။ တိကျပြတ်သားသောအဖြေကိုလိုအပ်နေခြင်းဖြစ်၏။
အတန်ကြာရပ်တန့်နေပြီးနောက် ကောင်းကင်ဒဏ္ဍာရီပြတ်ပြတ်သားသားပြောလိုက်လေသည်။
“အခုရော နောက်ရော ငါကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ဟာ ဒီတစ်ဘ၀သက်တမ်းတစ်ခုလုံးမှာ အဇူရာတိမ်ကုန်းမြေတိုက်ကြီးနဲ့ အတူတူရှင်ပြီး အတူတူသေမယ်လို့ ကောင်းကင်တာအိုကိုတိုင်တည်ပြီး ကျိန်ဆိုတယ် ဒါပေမယ့် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းသားချင်းတော့ ပြန်ပြီးတိုက်ခိုက်မှာမဟုတ်ဘူး”
“စီနီယာ စီနီယာဆိုလိုချင်တာက စီနီယာက အခြားကုန်းမြေတိုက်ကြီးတွေက ကျင့်ကြံသူတွေကိုတော့ ပြန်တိုက်ခိုက်ဖို့ စိတ်ကူးမရှိဘူးပေါ့” ကျန်းယန် လွယ်လွယ်နှင့် အလွှတ်မပေးခဲ့ပေ။ ကျိန်ဆိုမှုလေးတစ်ခုက တကယ်ပဲ အလုပ်ဖြစ်မည်ဟု သူမယုံပေ။ တာအိုသည် ကျယ်ပြန့်လွန်းသောအရာဖြစ်ပြီး ကျိန်ဆိုမှုတိုင်းတွင် ဟကွက်များ ရှိနေတတ်သည်။
သူက ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ထံမှ တိကျသောအဖြေကိုလိုချင်ခြင်း ဖြစ်၏။
ကျန်းယန်ဆီမှထပ်ခါထပ်ခါဖိအားပေးခံရသောအခါ ကောင်းကင်ဒဏ္ဍာရီစိတ်အနှောင့်အယှက်ဖြစ်လာခဲ့ပြီး မေးလိုက်သည်။
“ငါထင်တာတော့ အခြားကုန်းမြေတိုက်ကြီးတွေက ဂိုဏ်းကြီးတွေက အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်က ကျင့်ကြံသူတိုင်းကို တိုက်ခိုက်နေတာ မဟုတ်ဘူးမလား”
နောက်ဆုံးတွင် ထိုသူများသည် အဇူရာတိမ်ဂိုဏ်းကိုသာ ပစ်မှတ်ထားနေခြင်း မဟုတ်ပါလော။
ထို့ကြောင့် ကျန်းယန်က သူ့ကို အဇူရာတိမ်ဂိုဏ်း၏စစ်သင်္ဘောတွင် တွဲချည်ချင်နေတာလားဆိုတာ သူသိချင်နေခဲ့မိ၏။
“စီနီယာ့ရဲ့အကြောင်းပြချက်က အကျိုးအကြောင်းမသင့်လှဘူး” ကျန်းယန် အမူအရာလေးနက်လာခဲ့ကာ
“ဒီကုန်းမြေတိုက်ကြီးကို ဘာလို့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးလို့ ခေါ်လဲဆိုတော့ လွန်ခဲ့တဲ့နှစ်ထောင်ချီတုန်းက အဇူရာတိမ်ဂိုဏ်းက သူတို့ကို အခြားဂိုဏ်းကြီးတိုင်းက လေးစားအောင်ပြုလုပ်နိုင်ခဲ့လို့ပဲ ဒါကြောင့် သူတို့ရှိတဲ့နေရာကို အဇူရာတိမ်ကုန်းမြေတိုက်ကြီးလို့ ခေါ်ခဲ့ကြတယ်
ပွင့်ပွင့်လင်းလင်းပြောရရင် နှစ်ထောင်ပေါင်းများစွာ ဒီကုန်းမြေတိုက်ကြီးပေါ်ကလူတွေ အခြားဂိုဏ်းတွေရဲ့ ဖိနှိပ်တာ အနိုင်ကျင့်တာကိုမခံခဲ့ရတာက အဇူရာတိမ်ဂိုဏ်းရှိနေတာကြောင့်ပဲ စီနီယာ ကျွန်တော့်စကားတွေက မှန်တယ်လို့ထင်လား”
ကောင်းကင်ဒဏ္ဍာရီတိတ်ဆိတ်နေပြီး သူ့ကိုပြန်မငြင်းနိုင်ခဲ့ပေ။
ကျန်းယန်သူ့ကိုစိုက်ကြည့်ကာ ဆက်ပြောလိုက်၏။
“အဇူရာတိမ်ဂိုဏ်း မကျဆင်းခင်က အခြားကုန်းမြေတိုက်ကြီးတွေပေါ်က ကျင့်ကြံသူတွေ ဒီကုန်းမြေတိုက်ကြီးပေါ်က ဘယ်သူ့ကိုမှ မဖိနှိပ်ရဲခဲ့ဘူး ဒီနေရာကို ခြေတောင်လာမချရဲခဲ့ကြဘူး
ပြောရရင် ဒီကုန်းမြေတိုက်ကြီးပေါ်က ကျင့်ကြံသူတိုင်းက အဇူရာတိမ်ဂိုဏ်းရဲ့ ကာကွယ်ခြင်းကို နှစ်ထောင်နဲ့ချီပြီး ခံလာခဲ့ကြရတာပဲ
တကယ်လို့ အဇူရာတိမ်ဂိုဏ်းသာမတည်ရှိခဲ့ရင် အခုချိန် အဇူရာတိမ်ကုန်းမြေတိုက်ကြီးက ဘာဖြစ်နေမယ်ထင်သလဲ ဂိုဏ်းကြီးတိုင်းက ဒီကုန်းမြေတိုက်ကြီးကို အမဲဖြတ်သလို ခွဲယူလိုက်ကြမှာပဲ
တကယ်တော့ အခုလည်းသူတို့အဲ့လိုလုပ်နေကြတာပဲမဟုတ်လား လူတွေလွှတ်ပြီး ကျွန်တော်တို့အုတ်မြစ်ကိုနှဲ့ပစ်ကြတယ် ကျွန်တော်တို့ အမွေအနှစ်ကို သိမ်းပိုက်ချင်နေကြတယ်
တကယ်လို့ ကျွန်တော်သာမှန်နေရင် အဲ့ဒီဂိုဏ်းတွေ အဇူရာတိမ်ဂိုဏ်းကိုပဲ အဆက်မပြတ်ပစ်မှတ်ထားနေခြင်းမှာ အခြားရည်ရွယ်ချက်တစ်ခုရှိသေးတယ် ဘာလို့လဲဆိုတော့ အဇူရာတိမ်ဂိုဏ်းက ဒီကုန်းမြေတိုက်ကြီးရဲ့ ရှေ့တန်းမှာအမြဲရှိနေလို့ပဲ အဇူရာတိမ်ဂိုဏ်းသာမရှိရင် ဒီကုန်းမြေတိုက်ကြီးတစ်ခုလုံးက သူတို့လက်ထဲက အမဲဖြတ်စရာ နေရာတစ်ခုပဲ ဖြစ်သွားလိမ့်မယ်”
ကောင်းကင်ဒဏ္ဍာရီအတန်ကြာအောင်တိတ်ဆိတ်ပြီးနောက် ခြောက်သွေ့သွေ့ပြုံးလိုက်ပြီး
“ငါမင်းကိုပြိုင်မငြင်းနိုင်ပါဘူး”
ကျန်းယန် ခပ်တည်တည်ပြောလိုက်သည်။
“စီနီယာ မငြင်းနိုင်ရတဲ့အကြောင်းပြချက်က ကျွန်တော်မှန်နေလို့ပဲ မဟုတ်လား”
ကောင်းကင်ဒဏ္ဍာရီတခဏတွေးတောပြီးနောက် မေးလိုက်၏။
“ဘာလို့မင်းတို့ငါ့ဆီရောက်လာတာလဲ”
“ကျွန်တော်တို့ရောက်လာတဲ့အကြောင်းအရင်းကတော့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးရဲ့ နာမည်ကျော်ဂိုဏ်းကြီးတစ်ဂိုဏ်းအနေနဲ့ ဒီလိုအကြပ်အတည်းအခြေအနေမျိုးမှာ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက ဥပမာတစ်ခုအနေနဲ့ ရပ်တည်ပြေစချင်လို့ပါပဲ” ကျန်းယန် ခါးသက်သက်ပြုံးလိုက်ကာ
“ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက ဒီလိုဥပမာဖြစ်နေလိမ့်မယ်လို့တော့ မျှော်လင့်မထားခဲ့မိဘူးပေါ့ မကြာခင်မှာ အခြားဂိုဏ်းတွေလည်း အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်က ထွက်ပြေးသွားကြတော့မယ်
အဲ့တာက အနာဂတ်အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်မှာ ကျင့်ကြံသူအရေအတွက်က ဆိုးဆိုးရွားရွားကျဆင်းသွားတော့မယ်လို့ ဆိုလိုနေတယ်
အထူးသဖြင့် အဲ့ဒီဂိုဏ်းတွေထွက်သွားတုန်း ယူသွားကြတဲ့ ကျင့်ကြံသူတွေ ကျင့်ကြံခြင်းအရင်းအမြစ်တွေကြောင့် အဇူရာတိမ်ကုန်းမြေတိုက်ကြီးရဲ့ အုတ်မြစ်ကိုထိခိုက်စေတော့မယ်
ဒီအခြေအနေကိုရင်ဆိုင်ရတာက အခြားဂိုဏ်းတွေတိုက်ခိုက်တာကိုခံရတာထက်တောင် ပိုဆိုးသေးတယ် ဒီဂိုဏ်းတွေရဲ့ နည်းလမ်းက အတော်လေးရက်စက်လွန်းတယ်လို့ပဲ ပြောရေတာ့မယ်”
အခြားဂိုဏ်းတွေ၏အမြင်တွင် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းတောင်ထွက်ပြေးသွားလျှင် သူတို့လည်းဘာလို့ထွက်မပြေးရမှာလဲဟူသော အတွေးမျိုး ၀င်သွားပေလိမ့်မည်သာ။
ထို့ကြောင့် ဒိုမီနစ်သက်ရောက်မှုကို ရှောင်လွှဲ၍ရတော့မည် မဟုတ်ပေ။
ထိုအကြောင်းတွေးမိသွားသောအခါ ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင် ဆွံ့အသွားခဲ့ရသည်။
လင်းယွင်ကျိလည်း မျက်မှောင်ကြုံ့နေပြီး ဘာပြောရမလဲ မသိတော့ပေ။