← Chapters

မာနကိုခဝါချသွားသော ကောင်းကင်ဒဏ္ဍာရီ

Vol. 10 Ch. 113

မာနကိုခဝါချသွားသော ကောင်းကင်ဒဏ္ဍာရီ

Vol. 10 Ch. 113

ကျန်းယန်ကအသေးစိတ်တွက်ချက်ပြလိုက်ရာ ကောင်းကင်ဒဏ္ဍာရီစိတ်ထဲ အလွန်ရှုပ်ထွေးသွားခဲ့လေသည်။

သူကိုယ်တိုင်တည်ထောင်ထားသော ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကို သူအခုလိုမျိုး ပျက်ဆီးမသွားစေချင်ပေ။

အဇူရာတိမ်ဂိုဏ်းထဲက စည်းကိုချိုးဖြတ်၍ထွက်လာသော မိစ္ဆာသန္ဓေသားများအကြောင်းကို သူသိရှိ၏။

ထို့ကြောင့်လည်း သူ့စိတ်ထဲ အဇူရာတိမ်ဂိုဏ်းဖိနှိပ်ထားသောမိစ္ဆာများက တစ်ချိန်ချိန်တော့ ထွက်ကိုထွက်လာမှာဟု ကျိန်းသေတွက်ထားခဲ့ခြင်းဖြစ်သည်။

ထိုအ‌ေခြအ‌ေနတွင် ဂိုဏ်းတစ်ဂိုဏ်း၏ တည်ထောင်သူတစ်ယောက်အနေနှင့် သူ့ဂိုဏ်း၏ မျိုးဆက်ကိုတော့ ချန်ခဲ့ချင်သေး၏။

ထို့ကြောင့်လည်း သူ့တပည့်များထွက်သွားချင်သည်ပြောသောအခါ သူလက်ခံခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် သူကတော့ ထိုမိစ္ဆာများကို ရင်ဆိုင်ရပေလိမ့်မည်။

သူ့အမြင်တွင် သူထိုမိစ္ဆာများကိုဖိနှိပ်ရင်း သေဆုံးသွားခဲ့လျှင်တောင် သူ့ဂိုဏ်း၏မျိုးဆက်ကတော့ အခြားတစ်နေရာတွင်ကျန်ရစ်နေဦးမည်ဟု တွေးထားခဲ့ခြင်း ဖြစ်၏။

ကျန်းယန်ပြောသောစကားကိုကြားမှသာ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက ဆိုးရွားသောဥပမာတစ်ခုဖြစ်သွားပြီဟု တွေးမိပြီး သူအပြစ်ရှိစိတ်ကို ခံစားလိုက်ရလေသည်။

“ငါတို့အခုဘာလုပ်သင့်လဲ” ကောင်းကင်ဒဏ္ဍာရီမေးလိုက်၏။

“ဒီအဖိုးကြီးက ဘာလုပ်နိုင်မှာလဲ”

ကျန်းယန်တခဏတွေးတောပြီးမှ ပြောလိုက်သည်။

“အခု အဇူရာတိမ်ကုန်းမြေတိုက်ကြီးရဲ့ အခြေအနေအရ ငယ်ရွယ်တဲ့ကျင့်ကြံသူတွေအများကြီးထွက်သွားကြပြီ သူတို့ထဲမှာ ပါရမီရှင်တွေလည်း အများကြီးပါကြတယ် အဲ့တာကြောင့် အနာဂတ်မှာ ဒီကုန်းမြေတိုက်ကြီးရဲ့ ကျင့်ကြံသူပမာဏက သိသိသာသာလျော့ကျသွားလိမ့်မယ်

အဲ့ဒီဆုံးရှုံးမှုက အဇူရာတိမ်ကုန်းမြေတိုက်ကြီးအတွက် ကြီးမားလွန်းတယ်

အခု ကျွန်တော်တို့လုပ်နိုင်တဲ့ ပထမဆုံးအရာက အဲ့ဒီဂိုဏ်းတွေ ထွက်မသွားအောင်တားဖို့ပဲ

သူတို့ရှိနေသေးသ၍ သူတို့က အဇူရာတိမ်ကုန်းမြေတိုက်ကြီးရဲ့ အုတ်မြစ်ဖြစ်နေမှာပဲ သူတို့ကအရမ်းအရေးကြီးတယ်

ပြီးတော့ ကျွန်တော်တို့တွေ သာမန်လူတွေကိုလည်း ကာကွယ်ပေးရမယ်

ဒီကုန်းမြေတိုက်ကြီးပေါ်မှာ လူပေါင်းဘီလီယံနဲ့ချီပြီးရှိတယ် အဲ့ဒီဂိုဏ်းတွေက ကျင့်ကြံခြင်းအလားအလာရှိတဲ့ လူတစ်ယောက်ချင်းစီတိုင်းကိုတော့ တူးယူသွားနိုင်မှာမဟုတ်ဘူး

သူတို့ကိုကာကွယ်နေသရွေ့ ကျွန်တော်တို့အုတ်မြစ်ကတဖြည်းဖြည်းပြန်ပြီးအားကောင်းလာလိမ့်မယ်

လူတွေရှိမနေရင် တာအိုကျင့်စဉ်တွေ အရင်းအမြစ်တွေဆိုတာကလည်း ဘာအဓိပ္ပာယ်မှရှိနေတော့မှာ မဟုတ်ဘူး

နောက်ဆုံးအချက်အနေနဲ့ကတော့ အဲ့ဒီအဓိကဂိုဏ်းကြီးတွေပစ်မှတ်ထားနေတာက သန်မာတဲ့ဂိုဏ်းကြီးတွေကိုပဲ ရွှေအမြုတေအဆင့်နဲ့ ဝိညာဉ်အခြေတည်အဆင့်လောက်ပဲရှိတဲ့ မထင်မရှားဂိုဏ်းမျိုးတွေကိုတော့ သူတို့ပစ်မှတ်မထားကြဘူး

ကျွန်တော်တို့ အဲ့ဒီဂိုဏ်းတွေကို သိမ်းသွင်းပြီး စုစည်းပစ်ရမယ်

ဒါက အဇူရာတိမ်ကုန်းမြေတိုက်ကြီးနဲ့ အခြားကုန်းမြေတိုက်ကြီးတွေကြားက စစ်ပွဲပဲ ကျွန်တော်တို့ တတ်နိုင်သမျှဂိုဏ်းတိုင်းကို စုစည်းထားရမယ် မဟုတ်ရင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးက အန္တရာယ်ရှိလာလိမ့်မယ်”

ကောင်းကင်ဒဏ္ဍာရီခါးသက်သက်ပြုံးကာခေါင်းခါလိုက်ပြီး

“နောက်ကျလွန်းသွားပါပြီ

အခြေခံတည်ဆောက်ခြင်းအဆင့်ကနေ ရွှေအမြုတေအဆင့်ကိုတက်ဖို့တောင် ပုံမှန်အားဖြင့် နှစ်အနည်းတော့ယူရတာပဲ သူတို့ပါရမီကဆိုးရွားနေရင် နှစ်ရာနဲ့ချီပြီးတော့တောင် အချိန်ယူရလိမ့်မယ်

ဝိညာဉ်အခြေတည်အဆင့်တွေ တာအိုပေါင်းစည်းခြင်းအဆင့်တွေကို လေ့ကျင့်ပေးဖို့ကတော့ ပိုတောင်ခက်သေးတယ်

ဂိုဏ်းကြီးတွေစလှုပ်ရှားပြီဆိုကတည်းက သူတို့က ငါတို့ကိုအချိန်အများကြီးပေးတော့မှာမဟုတ်ဘူးလို့ ငါထင်တယ်”

“အလွန်ဆုံးဆယ်နှစ်မတိုင်ခင် အဲ့ဒီဂိုဏ်းကြီးတွေတိုက်ခိုက်ကြလိမ့်မယ်”

ကျန်းယန်လေးလေးနက်နက်ပြောလိုက်၏။

“တကယ်တော့ ဆယ်နှစ်တောင်မကြာလောက်ပါဘူး ကျွန်တော်တွက်ထားသလောက်တော့ ၇နှစ်မဟုတ်ရင် ၈နှစ်အတွင်းမှာ တိုက်ခိုက်ကြလိမ့်မယ်”

ကောင်းကင်ဒဏ္ဍာရီလေးပင်စွာသက်ပြင်းချလိုက်ကာ

“ဘာလို့ အဲ့ဒီဂိုဏ်းကြီးတွေက တိုက်ခိုက်မှကိုဖြစ်မှာလဲ”

ကျန်းယန်အေးအေးဆေးဆေးပြန်ဖြေလိုက်သည်။

“သူတို့ဘာလို့တိုက်ခိုက်ချင်ကြလဲ ကျွန်တော်ဂရုမစိုက်ဘူး ကျွန်တော်တို့လုပ်ရမှာက ရှိသမျှအားကိုသုံးပြီးခုခံဖို့ပဲ စီနီယာ တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်အနေနဲ့ စီနီယာဂိုဏ်းတစ်ခုခုကိုရွေးချယ်ပြီး အဲ့ဒီမှာပဲ အကြီးအကဲလုပ်ပြီးသွားနေလို့ရပါတယ် ဒါပေမယ့် ကျွန်တော်တို့ဂိုဏ်းကလူတွေကတော့ ဘယ်တော့မှနောက်ဆုတ်မှာမဟုတ်ဘူး ဒီတစ်ကြိမ်မှာ ဒီကပ်ဘေးမှာ ရှင်သန်နိုင်ဖို့ ရှိသမျှအားလုံးသုံးပြီး ကြိုးစားမယ်”

ကောင်းကင်ဒဏ္ဍာရီနှာခေါင်းရှုံ့လိုက်ကာ

“တကယ်လို့ ဒီအဖိုးကြီးသာနောက်ဆုတ်ဖို့ရွေးချယ်ထားရင် ဘာလို့ဒီနေရာမှာမင်းနဲ့တွေ့နေတော့မလဲ”

“စီနီယာ့လို တာအိုပေါင်းစည်းခြင်းအဆင့်မျိုးတောင် နေကျန်ခဲ့တယ်ဆိုရင် ကျွန်တော်တို့မှာ လုံးလုံးမျှော်လင့်ချက်မဲ့နေတာတော့ မဟုတ်သေးပါဘူး” ကျန်းယန်ပြုံးကာပြောလိုက်၏။

“ခက်တယ် ခက်တယ်!” ကောင်းကင်ဒဏ္ဍာရီခေါင်းယမ်းလိုက်ကာ ကျန်းယန်ကို ကြည့်၍ ဆက်ပြောလိုက်သည်။

“ငါတောင် ဘာမျှော်လင့်ချက်မှမမြင်မိတာ ဘာလို့မင်းက စိတ်ပျက်အားလျော့နေတဲ့ပုံ ပေါ်မနေတာလဲ”

ကျန်းယန် သူ့လက်များကို ဖြန့်ကားပြလိုက်ကာ

“ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ရွေးစရာမရှိတော့လို့ပေါ့”

“စိတ်ပျက်အားလျော့နေဖို့ထက် အခက်အခဲကိုရင်ဆိုင်ဖို့ ဖြစ်နိုင်သမျှနည်းလမ်းအားလုံးကိုရှာဖွေတာ ပိုကောင်းပါတယ်”

ကောင်းကင်ဒဏ္ဍာရီ ကျန်းယန်ကို လေးစားအားကျစွာ ကြည့်လိုက်ကာ

“နှမြောဖို့ကောင်းလိုက်တာ တကယ်လို့ မင်းသာ လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက မွေးခဲ့ရင် မင်းရဲ့တာအိုနှလုံးသားမျိုးနဲ့ဆိုရင် မင်းကအဇူရာတိမ်ဂိုဏ်းရဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဖြစ်လာမှာပဲ”

“စီနီယာ အဲ့ဒီလိုအရာတွေကိုစိတ်ကူးယဉ်မနေပါနဲ့ ကျွန်တော်တို့ရှေ့မှာရှိနေတဲ့ပြဿနာအပေါ်ပဲ အာရုံစိုက်ထားသင့်တယ်”

“စီနီယာကဆက်နေဖို့ ရွေးချယ်ထားတယ်ဆိုတော့ ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းနဲ့အတူတူ တိုက်ခိုက်မယ်မဟုတ်လား အရိုးသားဆုံးပြောရရင် စီနီယာ့ရဲ့အခြားစွမ်းရည်တွေက အားနည်းပေမယ့်….တာအိုပေါင်းစည်းခြင်းအဆင့်ခွန်အားကတော့ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်”

ကောင်းကင်ဒဏ္ဍာရီသူ့ကိုတစ်ချက်ကြည့်လိုက်ကာ

“ဆိုတော့ မင်းမျက်လုံးထဲမှာ ဒီအဖိုးကြီးက ကျင့်ကြံခြင်းအဆင့်ကလွဲပြီး ဘယ်နေရာမှမကောင်းဘူးပေါ့”

နှစ်ပေါင်းရာချီအတွင်း သူ့ကိုထိုကဲ့သို့ပြောရဲသူတစ်ယောက်မှမရှိခဲ့ပေ။

လင်းယွင်ကျိ အမြန်ရှေ့တက်လာပြီး

“စီနီယာ ကျေးဇူးပြုပြီးစိတ်မဆိုးပါနဲ့ ကျွန်တော့်ဂျူနီယာတူလေးက ကလေးဘ၀ကတည်းက အဲ့လိုပဲ ရှေ့မကြည့်နောက်မကြည့် ပြောတတ်လို့ပါ ကျွန်တော့်စီနီယာအစ်ကိုကြီးတောင် သူ့ကိုလက်မြှောက်ထားရတယ်”

“မင်းတို့က သူ့အဲ့လိုအပြောအဆိုတွေကို သည်းခံနိုင်တယ်လား” ကောင်းကင်ဒဏ္ဍာရီမေးလိုက်၏။

လင်းယွင်ကျိရယ်မောလိုက်ကာ

“သူ့စရိုက်ကလွဲရင် အားလုံးကအဆင်ပြေနေတော့ ကျွန်တော်တို့က သူနဲ့ပတ်သက်ပြီးအရမ်းကိုစိတ်ကျေနပ်ကြပါတယ်”

ကျန်းယန်လည်းပြုံးလိုက်ပြီး

“စီနီယာ စကားလုံးလေးအနည်းငယ်က စီနီယာ့ကိုပျော်စေနိုင်မယ်ဆိုရင် ကျွန်တော်စီနီယာ့ကိုပြောပေးနိုင်ပါတယ် ဒါပေမယ့် စီနီယာအဲ့လိုစကားတွေကို နှစ်ရာနဲ့ချီကြားလာရတာ နားရည်‌၀နေလောက်ပြီ အဲ့တာကြောင့် ရိုးရိုးသားသားကြားရတာက ပိုကောင်းပါတယ်”

“အမှန်ပဲ” ကောင်းကင်ဒဏ္ဍာရီခေါင်းညိတ်ပြလိုက်သည်။

“အရင်ဆုံးက ငါမင်းဆရာဆီက လမ်းပြမှုတစ်ခုရခဲ့တယ် အဲ့တာကြောင့်လည်း အခုငါဆိုတာဖြစ်လာတာပဲ တကယ်တော့ ငါက အဇူရာတိမ်ဂိုဏ်းအပေါ် အကြွေးတင်နေပြီးသားပါ အခုလိုကိစ္စကြီးမျိုးဖြစ်လာတော့လည်း ငါအဇူရာတိမ်ကုန်းမြေတိုက်ကြီးအပေါ် အကျိုးဆောင်ကိုဆောင်ရတော့မှာပေါ့လေ ပြောပါ မင်းငါ့ကိုဘာလုပ်စေချင်လဲ”

ကျန်းယန် ဖြည်းဖြည်းချင်းပြောလိုက်၏။

“ကျွန်တော်စီနီယာ့ကို ဂိုဏ်းငယ်လေးတွေဆီကိုယ်တိုင်သွားပြီး ရနိုင်သမျှအင်အားစုအားလုံးကိုစုစည်းပြီး နောက်နှစ်အနည်းငယ်မှာ ရင်ဆိုင်ရမယ့် ကပ်ဘေးအတွက် ပြင်ဆင်ထားစေချင်ပါတယ်

တိမ်တောင်အင်ပါယာကိုတော့ ကျွန်တော်သတိပေးပြီးသွားပါပြီ သူတို့ကြိုတင်ပြင်ဆင်ထားပါလိမ့်မယ်

ကျွန်တော့်ဂျူနီယာညီမလေးလည်း ယွင်ထန့်အင်ပါယာကိုသွားပါတယ် သူအောင်မြင်မယ်လို့ ကျွန်တော်ယုံပါတယ် နောက်ပြီး ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းကိုယ်တိုင်ကလည်း ပြင်ဆင်မှုတွေလုပ်ထားပြီးပါပြီ”

ကောင်းကင်ဒဏ္ဍာရီတခဏတွေးတောပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

“ပြဿနာမရှိဘူး”

တာအိုပေါင်းစည်းခြင်းအဆင့်ဖြစ်သော သူကိုယ်တိုင် ထိုဂိုဏ်းငယ်လေးများဆီသွားခဲ့လျှင် ထိုဂိုဏ်းငယ်လေးများက သူ့ကိုမျက်နှာသာပေးမှာ သေချာပေသည်။

သူမေးလိုက်၏။

“အဲ့ဒီဂိုဏ်းတွေကိုရင်ဆိုင်တဲ့နေရာမှာ မင်းဆရာရဲ့သဘောထားကရော ဘယ်လိုရှိလဲ”

“ဆရာလား သေချာတာပေါ့ ဆရာက အဲ့ဒီထိပ်ပိုင်းကပညာရှင်တွေကိုရင်ဆိုင်ဖို့ ပြင်ဆင်နေတယ်” ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။

“အခြားကိစ္စတွေအတွက်တော့ စီနီယာအဇူရာတိမ်ဂိုဏ်းကို အချိန်မရွေးလာပြီး ဆရာနဲ့ဆွေးနွေးလို့ရပါတယ်”

ကောင်းကင်ဒဏ္ဍာရီအသာအယာခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

“ငါ့မှာ မေးခွန်းအချို့ရှိသေးတယ် ငါအရင်ဆုံးအဇူရာတိမ်ဂိုဏ်းကိုတစ်ခေါက်လောက်အလည်လာသင့်တယ် ပြီးမှ ထပ်ပြီးဆွေးနွေးကြတာပေါ့”

ချင်းယွင်ကျိက ကိစ္စများအားလုံးကို ကျန်းယန်ဆီလွှဲထားသည်ပြောသော်လည်း ကောင်းကင်ဒဏ္ဍာရီစိတ်ထဲတွင် ချင်းယွင်ကျိကို ပို၍ယုံကြည်ပေသည်။

ကျန်းယန်ပြုံးလိုက်၏။

“အဲ့လိုလည်းရပါတယ် စီနီယာကျွန်တော်တို့နဲ့အတူတူ ဂိုဏ်းကိုပြန်လိုက်ခဲ့ပါလား”

ဂိုဏ်းကိစ္စများစီစဉ်ပြီးသောအခါ ကောင်းကင်ဒဏ္ဍာရီ ကျန်းယန်တို့နှင့်အတူ အဇူရာတိမ်ဂိုဏ်းဆီ လိုက်လာခဲ့လေသည်။

သူတို့ဂိုဏ်းဆီရောက်သောအခါ ဂိုဏ်းထဲတွင် စန်းစုန့်ကိုမြင်လိုက်ရသောကြောင့် ကြောင်အကုန်ကြ၏။

ဒီလူက ဂိုဏ်းကြီးကလူမဟုတ်ဘူးလား!

ဘာလို့ အဇူရာတိမ်ဂိုဏ်းထဲ လာရပ်နေတာတုန်းဟ!

ကောင်းကင်ဒဏ္ဍာရီ စန်းစုန့်ကိုမသိသော်လည်း သူ့ထံမှထွက်နေသော ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားမိပေသည်။ သူလေးနက်စွာ မေးလိုက်၏။

“တာအိုမိတ်ဆွေက ဘယ်သူများပါလဲ”

စန်းစုန့်ပြုံးကာ ဖြေလိုက်သည်။

“ဒီနိမ့်ကျတဲ့တာအိုပညာရှင်က ရှို့ယိဘုရားကျောင်းက စန်းစုန့်ပါ”

ကောင်းကင်ဒဏ္ဍာရီချက်ချင်းကျန်းယန်ကိုလှည့်ကြည့်လိုက်၏။ ရှို့ယိဘုရားကျောင်းက တာအိုပေါင်းစည်းခြင်းအဆင့်က အဘယ်ကြောင့် အဇူရာတိမ်ဂိုဏ်းထဲရောက်နေရပါသနည်း။

ကျန်းယန်ကြောက်လန့်လာခဲ့သည်။ ဂိုဏ်းကြီးများသည် ချက်ချင်းကြီး စတင်လှုပ်ရှားခဲ့ခြင်းပေလော။

“ဆရာ!” ကျန်းယန် အော်ခေါ်လိုက်၏။

ချင်းယွင်ကျိ ချက်ချင်းသူ့ရှေ့တွင်ပေါ်လာခဲ့သည်။ သူစန်းစုန့်ကိုကြည့်ကာ ပြောလိုက်၏။

“သူက ငါတို့အဇူရာတိမ်ဂိုဏ်းကရှုခင်းတွေကလှလို့ ဒီမှာနေချင်တယ်တဲ့လေ စိတ်မပူပါနဲ့ သူကအဆင်ပြေပါတယ်”

စန်းစုန့်အပြုံးက အီလည်လည်ဖြစ်သွားခဲ့သော်လည်း သူဘာမှမပြောခဲ့ပေ။

သူ့ဝိညာဉ်ကို ချင်းယွင်ကျိက ချိတ်ပိတ်ထားလေရာ သူဘာပြောနိုင်ပါတော့မည်နည်း။

All Chapters