← Chapters

လူသတ်ငွေ့

Vol. 1 Ch. 185

လူသတ်ငွေ့

Vol. 1 Ch. 185

တော်ဝင် နန်းတော်ကြီးသည် ကြီးမား လွန်းသည်။ နန်းတော်ကြီး မည်မျှ ကြီးမားမှန်း ကျန်းရီ အတိအကျ မသိသော်လည်း နန်းတော်ရှေ့ရှိ မြေကွက်လပ် တစ်ခုတည်း ကပင် ကောင်းကင် တောင်ပံမြို့ရှိ ကျန်းအိမ်တော်ဝင်း အနေလောက် ရှိလေသည်။ ယခုတွင် မြေကွက်လပ် ကြီးသည် လူတစ်သိန်းထက် မနည်းနိုင်သော လူအုပ်နှင့် ပြည့်လျက်ရှိသည်။

"နိုင်ငံအဆင့် ပြိုင်ပွဲက သေလမ်းနီးတဲ့ နေရာဆိုတာ အသိသာကြီးပါ ... ဘာလို့ ဒီမှာ လာပြိုင်တဲ့ သူတွေ အများကြီး ရှိနေတာလဲ။ ပြီးတော့ သူတို့ ကြည့်ရတာ အတော်လေး တက်ကြွနေတဲ့ ပုံတွေ"

ကျန်းရီသည် ဘေးပတ်လည်ကို ကြည့်လိုက်သော လူအများကြီးကို တွေ့လိုက် ရသည်။ သူသည် သူ့ဘေးတွင် ရပ်နေသော ကျန့်ဝူရွှမ်းအား ညည်းတွား၍ ပြောလိုက်သည်။

ကျန့်ဝူရွှမ်းသည် အသာ ရယ်လိုက်ပြီး ရှင်းပြ လာသည်။

"ဒီသနားစရာ သိုင်းသမားတွေ အားလုံးက ဆန္ဒရှိကြတယ် ... စစ်တပ် ဒါမှမဟုတ် အင်အားကြီး ဂိုဏ်းတွေကို ဝင်ခွင့် ရအောင်ပေါ့။ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေမှာ နိုင်ငံ ခြောက်နိုင်ငံလုံးက စစ်မက် မဖြစ်ပွားအောင် ရှောင်ကြဉ် နေကြတော့ စစ်တပ်ထဲကို ဝင်ခွင့်ရဖို့ အခွင့်အရေးက တော်တော် နည်းသွားပြီ။ ဒါကြောင့် သူတို့မှာ အင်အားကြီး ဂိုဏ်းတွေကို ဝင်ခွင့်ရဖို့ပဲ ရွေးစရာ ရှိတော့တယ်။ နိုင်ငံအဆင့် ပြိုင်ပွဲက အဲဒီလို ဂိုဏ်းကြီးတွေကို ဝင်ခွင့်ရဖို့ အကောင်းဆုံး အခွင့်အရေးပဲ ... မင်းသာ အသက်ရှင်မယ် ဆိုရင် နိုင်ငံက မင်းကို အရာရှိရာထူး ပေးရုံတင် မကဘူး၊ ဂိုဏ်းကြီးတွေ ကလည်း မင်းကိုရဖို့ အလုအယက် စည်းရုံး ကြလိမ့်မယ် ဒါကြောင့် အကုန်လုံးက ချမ်းသာ ကြွယ်ဝမှုနဲ့ ဂုဏ်သရေ ထွန်းပြောင်ဖို့ အတွက် အသက်ကိုတောင် ရင်းနေ ကြတာပဲ"

"ဟူး ..."

ကျန်းရီသည် လောကကြီး၏ ခက်ခဲ ကြမ်းတမ်းပုံကို ပြန်လည် ခံစားမိသောကြောင့် သက်ပြင်း ချလိုက်မိသည်။

နိုင်ငံအဆင့် ပြိုင်ပွဲငယ်သည် တစ်ယောက်ချင်းစီ ပြိုင်ပွဲဖြစ်သည်။ တစ်နည်းအားဖြင့် ပြိုင်ပွဲအတွင်း ရောက်သွား သည်နှင့် ဘယ်နိုင်ငံ ဘယ်သူဖြစ်စေ ထောက်ထား နေစရာ မလိုပေ။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် သတ်ရမည် ဖြစ်ပြီး ရန်သူ၏ တံဆိပ်ပြားကို ယူကာ အမှတ်များ စုဆောင်းရမည်။ ထိုအချက်ကြောင့်ပင် နိုင်ငံအဆင့် ပြိုင်ပွဲသည် ပိုမို ကြောက်စရာ ကောင်းနေခြင်း ဖြစ်လေသည်။ နောက်ဆုံး အသက်ရှင်ကြ သူများသည် ပြိုင်ပွဲဝင်များ၏ ဆယ်ပုံ တစ်ပုံသာ ဖြစ်လေသည်။

ကျန်းရီသည် ပြဿနာ တစ်ခုကို တွေးမိသွားကာ ခပ်တိုးတိုး မေးလိုက်သည်။

"ဒီနိုင်ငံအဆင့် ပြိုင်ပွဲမှာ ဂိုဏ်းကြီး ခုနစ်ခုက လူတွေရော အသတ်ခံရ နိုင်လား"

"ဟီးဟီး"

ချမ်ဝမ်ကွမ်၏ မျက်လုံးများ ထဲတွင် အေးစက်စက် အလင်းများ တောက်ပနေပြီး အသံနှိမ့်၍ ပြန်ဖြေ လာခဲ့သည်။

"အခြေအနေကို ကြည့်ရရင် တစ်ချက်တည်းနဲ့ အပြတ် ရှင်းနိုင်မဲ့ အခွင့်အရေး ရရင် သူတို့ နှစ်ခါပြန် စဉ်းစားနေမှာ မဟုတ်ဘူး ... ဒါပေါ့ ... ကျန့်ဂိုဏ်းနဲ့ ချမ်ဂိုဏ်းနဲ့က တစ်ယောက်နဲ့ တစ်ယောက် မသတ်ကြဖို့ သဘောတူထား ကြတယ် ... ငါ အစ်ကိုဝူရွှမ်းနဲ့ သဘော တူညီချက် လုပ်ထားပြီးပြီ။ ဒါပေမဲ့ အစ်ကိုကြီး ... အထဲကို ရောက်တဲ့အခါ အစ်ကိုဝူရွှမ်းက လွဲရင် ဘယ်သူ့ကိုမှ မယုံနဲ့ ကျွန်တော်တို့ ဂိုဏ်းက လူတွေကိုတောင် မယုံနဲ့ ... သူတို့ကို တွေ့ရင်တောင် ရှောင်ပြီးသွား ကျွန်တော် အဲဒီမှာ မရှိတော့ သူတို့ အဝယ်ခံထား ရရင် ခံထားရမှာ"

ကျန်းရီသည် ခေါင်းညိတ်လိုက်ကာ ကျန့်ဝူရွှမ်းကို လှည့်ကြည့်၍ ပြောလိုက်သည်။

"ဝူရွှမ်း ... မင်းက မင်းတို့ဂိုဏ်းက လူတွေနဲ့သာ သွား ... ငါ ငါ့ဟာငါ သွားမယ် ဒီနည်းနဲ့ဆို ငါတို့ နှစ်ယောက်လုံး ပိုဘေးကင်း လိမ့်မယ်"

ကျန့်ဝူရွှမ်း ခေါင်းညိတ် လိုက်သည်။ ကျန်းရီ သူတို့နှင့် အတူ မသွားလောက်မှန်း သူသိလေသည်။ ထို့ပြင် ကျန်းရီတွင် ငွေလဝံပုလွေ ရှိရာ သူတို့သည်  သူ့အား အမီလိုက်နိုင်သည့် အပြင် သေတွင်းထဲ ဆွဲခေါ် နေသလိုပါ ဖြစ်သွား လိမ့်မည်။

"ရှပ် ... ရှပ် ... ရှပ်"

တော်ဝင် နန်းတော်ထဲမှ ခြေသံများ ထွက်ပေါ် လာခဲ့သည်။ ခမ်းနား ထည်ဝါလှသော ဂိတ်တံခါးကြီး ပွင့်သွားခဲ့ပြီး တော်ဝင် စစ်တပ် ထွက်ပေါ် လာခဲ့ကာ နှစ်ဖွဲ့ခွဲ၍ ရပ်နေ ကြသည်။ တော်ဝင် စစ်တပ်သည် အတွင်းအားများ ထုတ်ဖော် လိုက်ကြပြီး နတ်ဘုရား သတ်ဖြတ်ခြင်းလေး များကို ချိန်ရွယ်ထားကာ ရက်စက်သော မျက်လုံးများနှင့် စိုက်ကြည့် နေကြသည်။ တစ်ယောက်ယောက် မူမမှန်စွာ လှုပ်ရှား လာပါက ချက်ချင်း ဆန်ခါပေါက် ဖြစ်သွား ပေလိမ့်မည်။

ကျန်းရီသည် ရှေ့ကို ဖျတ်ခနဲ တစ်ချက် ကြည့်လိုက်ပြီး ခေါင်းငုံ့ ထားလိုက်သည်။ ရှန်ဝူ နိုင်ငံတော်၏ အရေးပါသူများ မကြာခင် ထွက်လာ တော့မည်ကို သူသိလေသည်။ ရှန်ဝူ နိုင်ငံတော်၏ ဘုရင်မင်းမြတ် မကြာခင် ရောက်လာ ပေလိမ့်မည်။ အရေးအကြီးဆုံး သည်ကား ကျန်းပိုင်လီပင် ထွက်လာ နိုင်သေးသည်။

တစ်ခဏအတွင်း လူတန်းရှည်ကြီး နှစ်ခု ထွက်ပေါ် လာခဲ့သည်။ ဘယ်ဘက်ခြမ်းတွင် ချပ်ဝတ် တန်ဆာများ ဆင်ယင် ထားသော စစ်သူကြီးများ ရှိနေခဲ့ပြီး ညာဘက်ခြမ်းတွင် အနက်ရောင် နန်းတွင်း ဝတ်စုံများ ဝတ်ဆင် ထားကြသည့် နန်းတွင်း အရာရှိများ ရှိနေ လေသည်။ ထိုလူတန်း နှစ်ခုသည် ဘယ်ဘက်နှင့် ညာဘက် ညီညာစွာ လျှောက်လာ လေသည်မှာ မျက်စိပသာဒ ဖြစ်ဖွယ် ကောင်းလှသည်။

ဘယ်ဘက် အုပ်စုကို ဦးဆောင် လာသူသည် ကိုယ်လုံး ကိုယ်ထည် ခပ်သေးသေးနှင့် စစ်သူကြီး တစ်ဦးဖြစ်ပြီး ညာဘက် အုပ်စုကို ဦးဆောင် လာသူသည် မီးခိုးရောင် ဆံပင်များနှင့် သက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက် ဖြစ်လေသည်။

ချမ်ဝမ်ကွမ်သည် ကျန်းရီအား လေသံ တိုးတိုးနှင့် ရှင်းပြ လာသည်။

"အဲဒီ ဒီကိုယ်လုံး ကိုယ်ထည် ခပ်သေးသေးနဲ့ စစ်သူကြီးက လုံရှောင်ထျန်းနဲ့ လုံရှန်းတို့ရဲ့ အဖေ လုံချီနျန်ပဲ ... သူ့ရဲ့ ကိုယ်လုံး အရွယ်အစားကို ကြည့်ပြီးတော့ အထင် မသေးလိုက်နဲ့၊ သူက ဗာဂျရာ အဆင့်မှာ တော်တော်လေး အစွမ်းထက်တယ်။ ရှန်ဝူနိုင်ငံ စစ်တပ်ရဲ့ သုံးပုံတစ်ပုံက သူ့အုပ်ချုပ်မှု အောက်မှာ ရှိပြီး စစ်သားတွေ အားလုံးက သူ့အမိန့်ကို နာခံရတယ် ... လုံချီနျန်ရဲ့ ဘေးကတော့ ထိုက်ရှစ်ရုန်၊ သူက ထိုက်ရှစ်ဂိုဏ်းရဲ့ လက်ရှိ ဂိုဏ်းချုပ် ..."

"မီးခိုးရောင် ဆံပင်တွေနဲ့ သက်လတ်ပိုင်း အရွယ် လူကြီးက ကျန်းစွန်းဝူကျိရဲ့ အဖေ၊ အမတ်ချုပ် ကျန်းစွန်းယွင်။ သူက မင်းကြီးပြီးရင် အာဏာ အရှိဆုံး လူဆိုလည်း ဟုတ်တယ် ..."

ကျန်းရီသည် ခဏသာ ကြည့်လိုက်ပြီး စိတ်ထဲ မထားတော့ပေ။ သူသည် ကျန်းစွန်းဂိုဏ်း၏ ဂိုဏ်းချုပ်ကို တွေ့သော်လည်း ကျန်းပိုင်လီကို မမြင်မိသောကြောင့် စိတ်သက်သာရာ ရကာ သက်ပြင်း ချလိုက်သည်။ ကျန်းပိုင်လီ တော်ဝင် မြို့တော်တွင် ရှိပုံမရချေ။

ထို့နောက် သူပဟေဠိ ဖြစ်လာခဲ့သည်။ နိုင်ငံအဆင့် ပြိုင်ပွဲသည် အရေးကြီးသော အခမ်းအနား ဖြစ်၍ နိုင်ငံ၏ အရေးပါသော လူများအားလုံး တက်ရောက် ကြသည်။ အနောက်ဘက်တွင် စစ်ပွဲလည်း ရှိမနေပေ။ အဘယ့်ကြောင့် ကျန်းပိုင်လီ ရောက်မလာသနည်း။

"မင်းကြီး ကိုယ်စား တော်ဝင် အမိန့်တော်ကို ကြေညာပေးဖို့ အိမ်ရှေ့မင်းသား ရောက်လာပါပြီ"

ကျယ်လောင်သော အသံ ထွက်ပေါ် လာခဲ့သည်။ နန်းတွင်း ဝတ်စုံကို ဝတ်ဆင် ထားသော ရှားဝူဟွေ့သည် သရဖူ တစ်ခုကို ဆင်မြန်း ထားပြီး မြင့်မြတ် ထည်ဝါသော အပြုအမူနှင့် လျှောက်လှမ်း လာခဲ့သည်။ သူ့နောက်တွင် ကုန်းကုန်းများနှင့် တပ်စုတစ်စု လိုက်ပါ လာခဲ့သည်။

လူများစွာ တို့သည် ဒူးတစ်ဖက် ထောက်၍ တညီတညွတ်တည်း  အော်ဟစ် လိုက်ကြသည်။

"အိမ်ရှေ့ မင်းသားကို နှုတ်ဆက်ပါတယ်"

ကျန်းရီနှင့် ကျန်လူများ သည်လည်း ဦးညွတ်၍ အရိုအသေ ပေးလိုက် ကြသည်။ သူတို့သည် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ ကျောင်းသားများ ဖြစ်သော်လည်း ရှန်ဝူ နိုင်ငံတော်၏ နိုင်ငံသားများသာ ဖြစ်လေသည်။ သီးသန့် တွေ့ဆုံချိန်တွင် အရိုအသေ မပေး၍ ရသေးသော်လည်း ဤကဲ့သို့ အခမ်းအနား မျိုးတွင် အရိုအသေ မပေးပါက တော်ဝင် မိသားစုကို ရန်စ လိုက်သည်နှင့် မခြားပေ။

"မင်းကြီးလည်း ရောက်မလာဘူးလား"

ကျန်းရီ၊ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်း တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက် ကြသည်။ ပုံမှန်ဆိုလျှင် မင်းကြီးသည် ပြိုင်ပွဲဝင် တို့၏ စိတ်အင်အားကို မြှင့်တင် ပေးရန်နှင့် လူတိုင်း၏ ယုံကြည် ကိုးစားခြင်းကို သိမ်းကျုံး ယူငင်ရန် ရောက်လာရမည် ဖြစ်လေသည်။ ဤတစ်ခေါက်တွင် ရှန်ဝူ နိုင်ငံတော်သည် ရှားပါး ရတနာများစွာကို ချီးမြှင့်မည် ဖြစ်သော်လည်း အရေးအကြီးဆုံး အချိန်ရောက်မှ မင်းကြီး ရောက်မလာခဲ့ပေ။

"မင်းကြီးနဲ့ ကျန်းပိုင်လီ ဘာတွေ လုပ်နေကြတာလဲ"

ကျန်းရီတို့ အုပ်စုသာ မဟုတ်ပေ။ ရောက်ရှိနေကြသူ အားလုံးသည် သံသယ ဝင်နေ ကြသော်လည်း မည်သူမှ ထုတ်မမေးရဲ ကြပေ။ ရှားဝူဟွေ့သည် မင်းကြီး ကိုယ်စား ရှည်လျား လှသော အမိန့်စာကို ဖတ်ပြ နေလေသည်။ ထိုစာလွှာတွင် ပြိုင်ပွဲဝင်များ အားကြိုး မာန်တက်နှင့် ရန်သူများကို သတ်ဖြတ်ကြ၍ နိုင်ငံ၏ ဂုဏ်ကို ဆောင်ကြရန်၊ အချင်းချင်း စည်းလုံး ညီညွတ်ကြရန်၊ နိုင်ငံသား အချင်းချင်း ပဋိပက္ခများ မဖြစ်ကြရန် စသည့် အဓိပ္ပာယ် မရှိလှသော အကြောင်းအရာ များကို တသီတတန်းကြီး ရေးသား ထားလေသည်။

ကျန်းရီသည် ခဏသာ နားထောင် လိုက်ပြီး အတော်လေး ပျင်းလာ ခဲ့လေသည်။ ကျန်းရီ၏ နှုတ်ခမ်းထက်တွင် လှောင်ပြုံး တစ်ခု တွဲခိုနေခဲ့ပြီး တွေးတော နေခဲ့သည်။ တော်ဝင် မိသားစုမှ လူများသာ နိုင်ငံအဆင့် ပြိုင်ပွဲတွင် ပါဝင်ခဲ့ပါက ပြည်သူများ၏ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံရ လောက်သည် မဟုတ်ပါလား။

သူတွေးလိုက်စဉ် ...

အိမ်ရှေ့စံ တော်ဝင် အမိန့်စာကို ဖတ်နေချိန် ... လူတစ်စုသည် နန်းတော်ထဲမှ ထွက်လာခဲ့သည်။ အံ့အားသင့်စရာ ကောင်းအောင် ထိုလူအုပ်အား ဦးဆောင် လာသူမှာ ရှားထျန်း ဖြစ်လေသည်။ သူသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် အယောက် သုံးဆယ်ခန့်ကို ခေါ်ဆောင် လာခဲ့သည်။ ထိူလူများအား ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်ပင် မြင်ဖူးပုံ မရချေ။ တော်ဝင် မိသားစုသည် လျှို့ဝှက်စွာ လူသူ စုဆောင်းထားပြီး သိုင်းသမား အများစုကို လက်သပ် မွေးမြူ ထားသည်မှာ ထင်ရှားသည်။

ရှားထျန်းသည် ထိုလူစုကို ခေါ်ဆောင်၍ ပြိုင်ပွဲ ဝင်ကြမည့် လူများထဲသို့ တိတ်တဆိတ် ဝင်လာခဲ့သည်။ သူတို့သည်လည်း နိုင်ငံအဆင့် ပြိုင်ပွဲကို ဝင်ရောက် ဆင်နွှဲကြမည်မှာ ထင်ရှားသည်။ ရှားထျန်းက ဘယ်လို လူမျိုးမို့လဲ သူ့လို အပျော်အပါး မက်တဲ့ မင်းသားက နိုင်ငံအဆင့် ပြိုင်ပွဲမှာ ပါမယ် ဟုတ်လား သူတကယ်ပဲ ရှန်ဝူ နိုင်ငံတော်ရဲ့ ဂုဏ်ကို ဆောင်ချင်လို့လား ဒါမှမဟုတ် တော်ဝင် မြို့တော်မှာ နေရတာ ပျင်းလာလွန်းလို့ အပျော်သွားရှာ မှာလား ထိုသို့ မဟုတ်သည်မှာ အသိသာကြီးပင်။

ကျန်းရီသည် မျက်ခုံး နှစ်ဖက်ကို အသာ ပင့်လိုက်သည်။ သူ့နှုတ်ခမ်း ထောင့်များသည် ကွေးညွတ် နေခဲ့ပြီး လှောင်ပြုံး တစ်ခုကို ဆင်မြန်း ထားလေသည်။ ရှားထျန်းသည် သူ့အား ပစ်မှတ် ထားနေခြင်း ဖြစ်ကြောင်း သံသယ ဝင်စရာ မလိုပေ။ ကျန်းရီသည် အခြားဘက်သို့ လှည့်လိုက်သော အခါ ကျန်းစွန်းဝူကျိကို မြင်လိုက် ရသည်။ သူ့ဘေးတွင် လူတစ်ရာခန့် ရှိနေကြပြီး အယောက် သုံးဆယ်၊ လေးဆယ်လောက်မှာ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ ဖြစ်ကြသည်။

ဒီတစ်ခေါက် နိုင်ငံအဆင့် ပြိုင်ပွဲမှာ ကျန်းစွန်းဂိုဏ်းက သူတို့ရဲ့ လူငယ် မျိုးဆက်တွေ အကုန်လုံးကို ခေါ်လာခဲ့တာ များလား သူတို့တွေ ရှန်ဝူ နိုင်ငံတော်ရဲ့ ဂုဏ်ကိုဆောင်ဖို့ အားကုန် ကြိုးစား ကြတော့မည်လော ... တခြား ဂိုဏ်းတွေက ဘာလို့ အစွမ်းကုန် မကြိုးစား ကြတာပါလိမ့်။

"ပြိုင်ပွဲဝင်တွေ ... ထွက်ခွာကြမယ် ... တော်ဝင် စစ်တပ် ... တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်ကို အသက် သွင်းလိုက်တော့ ... ငါတို့ရဲ့ စစ်သည်တော် တွေကို အင်ပါယာ မြို့တော်ဆီ လိုက်ပါ ပို့ဆောင်မယ် မင်းတို့အားလုံး အောင်မြင် ကြပါစေလို့ ငါဆန္ဒပြုတယ် ... ဒီအိမ်ရှေ့ မင်းသားက မင်းတို့ အောင်ပွဲခံပြီး ပြန်လာမှာကို တော်ဝင် မြို့တော်ကနေ စောင့်ကြိုနေမယ်"

ရှားဝူဟွေ့၏ အမိန့်အဆုံးတွင် မြေကွက်လပ်ရှိ တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင် သုံးခု လင်းလက် တောက်ပ လာခဲ့သည်။ လူများသည် အင်ပါယာမြို့တော် ဖြစ်သော ကြယ်ကောင်းကင် မြို့ဆီ ပို့ဆောင် ခံလိုက်ရသည်။  ကျန်းရီသည် ခေါင်းမော့ ကြည့်လိုက်ရာ မနီးမဝေးရှိ ရှားထျန်းနှင့် ကျန်းစွန်းဝူကျိသည် သူ့အား စိုက်ကြည့် နေသည်ကို တွေ့လိုက် ရသည်။

သူတို့၏ မျက်လုံးများ ထဲတွင် ဖုံးကွယ် မထားသော လူသတ်ငွေ့ များကို ကျန်းရီတို့ သုံးယောက်လုံး ထင်ထင်ရှားရှား မြင်လိုက် ရလေသည်။

***

All Chapters