← Chapters

လျှို့ဝှက်နယ်မြေတွင် တံခါးပိတ်ကျင့်ကြံခြင်း

Vol. 10 Ch. 115

လျှို့ဝှက်နယ်မြေတွင် တံခါးပိတ်ကျင့်ကြံခြင်း

Vol. 10 Ch. 115

အကြီးအကဲစန်းစုန့် ဆွံအသွားခဲ့သည်။ အဇူရာတိမ်ဂိုဏ်းဆီရောက်လာခြင်းက သူ့ဆန္ဒဟုတ်နိုင်ပါမည်လော။

သူခပ်ဟဟရယ်မောကာ ပြောလိုက်၏။

“ဒီနိမ့်ကျတဲ့ တာအိုပညာရှင်က အဇူရာတိမ်ဂိုဏ်းကိုသတိရလို့ပါ အဲ့တာကြောင့် တစ်ချက်လာကြည့်ကြည့်တာ”

ကျန်းယန် စန်းစုန့်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် လမ်းလျှောက်လာရင်း ရေကန်ဘေးက ပက်လက်ကုလားထိုင်ပေါ်ရောက်သောအခါ လှဲချလိုက်လေသည်။ စန်းစုန့်မလှုပ်မယှက်ဖြစ်နေသည်ကိုမြင်သောအခါ သူ့ဘေးက ကုလားထိုင်ကိုပုတ်ပြလိုက်ပြီး ပြောလိုက်၏။

“လာစမ်းပါ လှဲပြီးပြောရအောင် ဒီနေရာကအတော်လေးဇိမ်ကျတယ်”

စန်းစုန့်နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။ အတော်လေးထူးဆန်းသည်ဟု ခံစားလိုက်ရသော်လည်း ကုလားထိုင်ပေါ်တွင် လှဲလျောင်းလိုက်၏။ ထို့နောက် သူရေရွတ်လိုက်မိသည်။

“အတော်လေး ဇိမ်ရှိတာပဲ”

ကျန်းယန်ရယ်မောလိုက်၏။

“ခင်ဗျားက အဇူရာတိမ်ဂိုဏ်းကို သတိရတယ်ဆိုမှတော့ ဘာလို့ဒီမှာပဲ မနေ‌ေတာ့တာလဲ ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းရဲ့ တောတောင်ရှုခင်းတွေက လှပတယ် လူတွေကလည်း ဖော်ရွေကြတယ် တကယ်နေချင်စရာကောင်းတဲ့နေရာလေးပဲ”

“ဟီးဟီး ဟုတ်ပါတယ်” စန်းစုန့်သံယောင်လိုက်လိုက်သည်။

ကျန်းယန် စန်းစုန့်ဘက်လှည့်ကြည့်လိုက်ကာ မေးလိုက်၏။

“ကျွန်တော်ခင်ဗျားကိုနွေးနွေးထွေးထွေးဆက်ဆံနေတာပဲလေ…ဘာလို့ ခင်ဗျားက ကျွန်တော်တို့ကိုဘယ်လိုတိုက်ခိုက်ဖို့ စီစဉ်ထားသလဲဆိုတာကို ပြောမပြသေးတာလဲ”

“မင်းကအတွေးလွန်နေတာပဲ မိတ်ဆွေလေး ငါတို့ကမင်းနဲ့သဘောတူညီမှုရပြီးပြီပဲလေ ဘာလို့မင်းကိုတိုက်ခိုက်ရဦးမှာလဲ” စန်းစုန့် သဘာ၀ကျကျပြုံးကာပြောလိုက်ပြီး သူ့ပုံစံကတကယ့်အမှန်တရားကိုပြောနေသလိုပင်။

ကျန်းယန်နှုတ်ခမ်းများတွန့်ကွေးသွားခဲ့ပြီး

“ဘာပဲဖြစ်ဖြစ်ပါ ခင်ဗျားတို့ဘယ်လိုစီစဉ်စီစဉ် ကျွန်တော်တို့ဘက်က ပြင်ဆင်ထားပြီးသားပဲ”

“အို့” စန်းစုန့်စိတ်၀င်စားသွားဟန်ဖြင့် မေးလိုက်၏။

“ပြောပါဦး မင်းတို့ကဘယ်လိုပြင်ဆင်ထားတာလဲ”

သူတကယ်ကြီးသိချင်နေခဲ့သည်။

ကျန်းယန်သူ့ကိုစိုက်ကြည့်လိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။

“ဒီနိမ့်ကျတဲ့တာအိုပညာရှင်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေလို့လား” စန်းစုန့်ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်၏။

ကျန်းယန်ဖြည်းဖြည်းချင်း မေးလိုက်သည်။

“တာအိုပညာရှင်အဖိုးကြီး ခင်ဗျားဘယ်လိုအသက်ရှင်အောင်နေရမလဲဆိုတာ အဖြေရှာပြီးပြီလား”

“ဟမ်”

ကျန်းယန်တင်ပလ္လင်ခွေထိုင်လိုက်ပြီး စန်းစုန့်ကိုမျက်နှာချင်းဆိုင်၍ ကြည့်လိုက်ကာ လေးလေးနက်နက်ပြောလိုက်၏။

“နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်က ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကိုသွားရတော့မှာ ခင်ဗျားတို့ဘယ်လိုပဲစီစဉ်ထားထား ကျွန်တော့်ဆရာကနည်းလမ်းရှာပြီး ကျွန်တော့်ကိုပြန်ခေါ်လာမှာပဲ အဲ့ဒီအချိန်ရောက်လာရင် ကျွန်တော့်လုံခြုံရေးအတွက် ဆရာရော ဆရာဦးလေးတွေပါလှုပ်ရှားရလိမ့်မယ်

အဲ့ဒီအခါကျ ခင်ဗျားလိုတာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ကို အဇူရာတိမ်တောင်ထွတ်မှာတစ်ယောက်တည်းထားခဲ့ရမှာက ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်လာလိမ့်မယ် အဲ့တာကြောင့် ထွက်မသွားခင်ဆရာကခင်ဗျားကိုသတ်ပစ်ခဲ့မှာ သေချာတယ်

အဲ့တာကြောင့် ကျွန်တော်ကခင်ဗျားကို အဖြေရှာပြီးပြီလားလို့ မေးလိုက်တာ”

စန်းစုန့်လည်းထထိုင်နေရင်းတိတ်ဆိတ်နေခဲ့သည်။

ကျန်းယန်သူ့ကိုကြည့်ကာ ဆက်ပြောလိုက်၏။

“ဒီနှစ်တွေထဲမှာ ကျွန်တော့်ဆရာခင်ဗျားကိုမသတ်ချင်အောင် ခင်ဗျားစည်းရုံးကြည့်လို့ရတယ် ဒီနည်းလမ်းနဲ့ပဲခင်ဗျားအသက်ရှင်နိုင်မှာ ဒါပေါ့ ခင်ဗျားကျွန်တော့်ကိုလည်း အားကိုးလို့ရတယ် ကျွန်တော်က ဆရာ့ရှေ့မှာ ခင်ဗျားကောင်းကြောင်းလေးတွေ ပြောပေးရင် ပေးမှာပေါ့

တကယ်လို့ အဲ့ဒီနည်းလမ်း‌နှစ်ခုထဲက တစ်ခုအောင်မြင်ရင် ခင်ဗျားအသက်ရှင်ပြီ

မဟုတ်ရင်‌တော့….သေရလိမ့်မယ်”

စန်းစုန့်ကျန်းယန်ကိုကြည့်ကာ မေးလိုက်သည်။

“မင်းကဘာလို့ဒီနိမ့်ကျတဲ့တာအိုပညာရှင်ကို ဒါတွေအကုန်ပြောပြနေတာလဲ”

“တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ဆိုတာ အဖိုးတန်တယ် သေသွားရင်နှမြောစရာကြီး” ကျန်းယန်အေးအေးဆေးဆေးဆက်ပြောလိုက်၏။

“ခင်ဗျားက လုံလောက်အောင်ဉာဏ်မကောင်းဘဲ ကျွန်တော့်ဆရာရှေ့မှာ ပေါတောတောတွေသွားလုပ်နေမိမှာတော့ ကျွန်တော်ကြောက်မိတယ် ကျွန်တော့်ဆရာက မိစ္ဆာတွေကိုနှစ်ရာနဲ့ချီပြီး ဖိနှိပ်လာတဲ့လူပဲ သူ့နှလုံးသားက သံမဏိလိုပဲမာကျောတယ် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ကို သတ်ရတာကသူ့အတွက်ဘာမှမဟုတ်ဘူး

လူသားတွေကိုအကြမ်းဖျင်းအားဖြင့်သုံးမျိုးခွဲလို့ရတယ် ပထမတစ်မျိုးက သူတို့ဘာအတွက်အသက်ရှင်နေလဲဆိုတာ မသိတဲ့လူတွေ ဒုတိယတစ်မျိုးက သူတို့ကိုယ်တိုင်အတွက်အသက်ရှင်ကြတဲ့လူတွေ နောက်ဆုံးတစ်ခုကတော့ ကမ္ဘာကြီးအတွက်အသက်ရှင်ကြတဲ့လူတွေ

ကျွန်တော့်ဆရာက တတိယမျိုးထဲမှာပါတယ် အဲ့တာကသူတော်စင်တစ်ပါးရဲ့စိတ်ဓာတ်မျိုးပဲ

“ကောင်းကင်ကအညှာအတာကင်းမဲ့တယ် အရာအားလုံးကို ကောက်ရိုးခွေးတွေလိုဆက်ဆံတယ်

သူတော်စင်တစ်ပါးကလည်းအညှာအတာကင်းမဲ့တယ် သက်ရှိအားလုံးကို ကောက်ရိုးခွေးတွေလိုဆက်ဆံတယ်တဲ့ အဲ့တာကြောင့် ဆရာသာခင်ဗျားကိုသတ်ချင်ရင် သူလုံး၀တွန့်ဆုတ်နေမှာ မဟုတ်ဘူး ခင်ဗျားတော့ ဒုက္ခရောက်ပြီ”

စန်းစုန့် ကျန်းယန်ကိုစိုက်ကြည့်နေခဲ့သည်။ ဤခွေးကောင်လေးသည် တကယ်ကြီးကောင်းကင်နှင့်မြေပြင်၏နက်ရှိုင်းလှသော သဘောတရားများကိုနားလည်နေခြင်းပေလော။

“ဒါ‌ဆိုမင်းကဘာအတွက်အသက်ရှင်တာလဲ” စန်းစုန့်ပြန်မေးလိုက်၏။

ကျန်းယန်ပြုံးကာ

“ကျွန်တော်က ခြံစည်းရိုးမှာခွထိုင်နေတဲ့လူ တစ်ခါတလေတော့ ကိုယ့်အတွက်ကိုယ်နေထိုင်တယ် တစ်ခါတလေတော့ ကမ္ဘာကြီးအတွက်နေထိုင်တယ်”

ကောင်းကင်ဒဏ္ဍာရီလည်းအခန်းထဲမှထွက်လာမှန်း သူသတိထားမိခဲ့သည်။ ကြည့်ရတာ သူတို့ဆွေး‌နွေးမှုက ပြီးဆုံးသွားပုံပင်။ သူစန်းစုန့်၏ပုခုံးကို အားပေးဟန်ဖြင့်ပုတ်လိုက်ပြီး ပြောလိုက်၏။

“သေချာတွေးကြည့်”

စန်းစုန့်မျက်နှာရှုံ့မဲ့သွားခဲ့သည်။ သူ့ကို အခုလိုတစ်ယောက်ယောက်ကပုခုံးမပုတ်ရဲတာ အနည်းဆုံးနှစ်တစ်ထောင်လောက်တော့ ရှိခဲ့ချေပြီ။

“စီနီယာကောင်းကင်ဒဏ္ဍာရီ ကျွန်တော့်ဆရာနဲ့ဆွေးနွေးရတာ အဆင်ပြေခဲ့လား” ကျန်းယန်ပြုံးကာမေးလိုက်၏။

ကောင်းကင်ဒဏ္ဍာရီလည်းပေါ့ပေါ့ပါးပါးပြုံးလိုက်ပြီး

“ငါအခုကမ္ဘာပေါ်ကအခြားဂိုဏ်းတွေနဲ့ဆက်သွယ်တော့မလို့ မင်းဖက်ခြမ်းက ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် ငါ့ဆီကိုအချိန်မရွေးလာရှာလို့ရတယ်”

“ကောင်းပါပြီ ကျေးဇူးပါစီနီယာ” ကျန်းယန် ကျေးဇူးတင်စကားပြောလိုက်လေသည်။

“ဒါဆို ငါသွားတော့မယ်” ပြောပြီးသည်နှင့် သူထွက်ခွာသွားခဲ့၏။

အနားတွင်ရပ်နေသော စန်းစုန့်၏စိတ်ထဲတွင်တော့ လှုပ်ရှားသွားခဲ့ရသည်။

ဆိုတော့ ဒါကသူတို့အစီအစဉ်ကိုး!

သူစိတ်၀င်စား‌ေသာ်လည်း ထုတ်တော့မမေးရဲ‌ခဲ့ပေ။

ထိုအခိုက်တွင် သူ့အသက်သေမလားရှင်မလားကတောင် သေချာမနေခဲ့ပေ။

ကောင်းကင်ဒဏ္ဍာရီထွက်သွားပြီးနောက် ကျန်းယန်အခန်းထဲပြန်၀င်သွားပြီး အထဲတွင် ချင်းယွင်ကျိကိုတွေ့လိုက်ရ၏။

ချင်းယွင်ကျိသူ့ကိုကြည့်ကာပြုံးလိုက်ပြီး

“ကောင်စုတ်လေး မင်းဆရာက မင်းပြောသလောက်စွမ်းအားမကြီးသေးဘူး”

ရှင်းလင်းစွာပင် သူကျန်းယန်စန်းစုန့်အားပြောခဲ့သောစကားများကို ကြားခဲ့ခြင်း ဖြစ်သည်။

ကျန်းယန်ခပ်ဟဟရယ်မောလိုက်ပြီး

“ကျွန်တော်ကသူ့ကိုခြောက်နေရုံပါ သူ့ကိုသိမ်းသွင်းလိုက်နိုင်ရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် သူ့စိတ်ကိုနည်းနည်းလောက်လှုပ်သွားအောင်လုပ်လိုက်နိုင်ရင်တောင် တန်ပါတယ် ဆရာ အခုသူ့အကြောင်းမေ့ထားလိုက်ဦး ကျွန်တော့်ကိုလျှို့ဝှက်နယ်မြေထဲပို့ပေးပါဦး ကျွန်တော်လေ့ကျင့်ရင်း အဲ့ဒီမှာ တံခါးပိတ်ကျင့်ကြံတော့မယ်”

“မင်းနောက်‌ဆုံးတော့ ကျင့်ကြံချင်ပြီပေါ့” ချင်းယွင်ကျိ သူ့ကိုမျက်စောင်းထိုးကာ ပြောလိုက်၏။

ကျန်းယန်ပြုံးလိုက်ပြီး သူ့စိတ်ဝိညာဉ်ရတနာများအားလုံးကိုထုတ်ကာ အခန်းထဲတွင် ထားခဲ့လိုက်လေသည်။ သူ့သိုလှောင်လက်စွပ်ကိုပင် ယူမသွားခဲ့ပေ။

ချင်းယွင်ကျိ အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်၏။

“မင်းဘာမှယူမသွားဘူးလား”

ပြင်ဆင်နေရင်း ကျန်းယန်လေးလေးနက်နက်ပြောလိုက်သည်။

“လျှို့ဝှက်နယ်မြေထဲမှာက ဆရာကျွန်တော့်ကိုတစ်ချိန်လုံးစောင့်ကြည့်ပေးနေမှာပဲလေ ဒါပေမယ့် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာတော့ ကြည့်ပေးတဲ့သူရှိမှာမဟုတ်ဘူး ကျွန်တော့်ဖာသာရှင်သန်ရမှာ အဲ့တာကြောင့် ကျွန်တော်သေခြင်းရှင်ခြင်းတိုက်ပွဲတွေနဲ့ အသားကျနေဖို့လိုတယ်”

“သွားတော့” ချင်းယွင်ကျိ သူ့မေးခွန်းကိုအလွန်ကျေနပ်သွားခဲ့ပြီး ပြောလိုက်၏။

ထို့နောက် သူ့လက်ကိုဝေ့ယမ်းလိုက်ကာ ကျန်းယန်ကိုလျှို့ဝှက်နယ်မြေထဲပို့လိုက်ပြီး သူကတော့ နယ်မြေတစ်ခုလုံးကို သေချာစောင့်ကြည့်နေခဲ့သည်။

ကျန်းယန်ထိုနယ်မြေထဲသို့ လက်ဗလာဖြင့်၀င်သွားခဲ့ခြင်းဖြစ်၏။

ကျန်းယန်ရောက်ရောက်ချင်းပင် သူသည် ဧရာမကျားကြီးတစ်ကောင်ရှေ့တွင်ရပ်နေခြင်းဖြစ်မှန်း သိရှိသွားခဲ့သည်။

ရှင်းလင်းးစွာပင် ချင်းယွင်ကျိက သူ့ကိုတမင်သက်သက် ဤနေရာသို့ပို့ပေးလိုက်ခြင်းဖြစ်၏။

ကျားမိစ္ဆာသည်အိပ်ပျော်နေခဲ့ခြင်းဖြစ်ပြီး သူ့ရှေ့ကတစ်ခုခုကို အာရုံခံမိလိုက်သောအခါ ချက်ချင်းနိုးလာခဲ့သည်။

သူ့ရှေ့ကအရာက လူသားမှန်းသိသွားသောအခါ သူ့မျက်လုံးထဲ အလင်းတစ်ချက်လက်သွားခဲ့၏။ အိပ်နေတုန်း အစာက တံခါး‌၀ရှေ့ထိရောက်လာခဲ့ခြင်းပေလော။

ကျန်းယန်ပြုံးဖြဲဖြဲဖြင့် ကျား၏မျက်နှာကိုဖြတ်ရိုက်လိုက်လေသည်။

“ထလိုက်တော့ ငါနဲ့လာတိုက်ခိုက်”

“ဂါးးးးးး”

မိစ္ဆာကျားတစ်ချက်ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ခုန်အုပ်ခိုက်၏။

သူအလွန်ဒေါသထွက်နေခဲ့ခြင်းဖြစ်သည်။ သူအေးချမ်းစွာအိပ်နေစဉ် ထိုလူသားကသူ့ရှေ့ရောက်လာပြီး သူ့မျက်နှာကိုဖြတ်ရိုက်သွားခြင်း မဟုတ်ပါပေလော။

ကျန်းယန် ကျားဆီကထွက်ပေါ်လာသော လေဟုန်ကိုစီးကာ လေစိတ်ဝိညာဉ်နည်းစနစ်တစ်ခုကိုသုံး၍ လျင်မြန်စွာ ဆုတ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူ့ဘယ်လက်ကိုမြှောက်ကာ လက်ညှိုးဖြင့်ထိုးချလိုက်၏။

ထိုအခါ မိုးကြိုးတစ်စင်းက ကျားခေါင်းပေါ် ကျဆင်းသွားခဲ့သည်။

ကျား ခေါင်းကိုယမ်းကာမိုးကြိုးကိုရှောင်လိုက်ပြီး သူ့သုံးမီတာရှည်သောအမြှီးကြီးဖြင့် ကျန်းယန်ကိုရိုက်ချလိုက်၏။

ကျန်းယန် အမြှီးရိုက်ချက်ကိုခုန်၍ ရှောင်လိုက်သည်။ ထို့နောက် လေထဲတွင် သူ့ညာလက်ကိုမြှောက်၍ စိတ်ဝိညာဉ်စွမ်းအင်ကိုမှင်အဖြစ်အသုံးပြုကာ အဆောင်တစ်ခုရေးဆွဲလိုက်၏။ တစ်ချိန်တည်းမှာပင် ကမ္ဘာမြေနိယာမကိုအသုံးပြုကာ ဧရိယာတစ်ခုလုံး၏မြေဆွဲအားကိုအဆပေါင်းများစွာ တိုးမြှင့်ထားလိုက်သည်။

ထိုစဉ် နောက်ထပ်မိုးကြိုးတစ်စင်းကလည်း ကျားခေါင်းပေါ်ကျရောက်လာခဲ့ပြန်၏။

မြေဆွဲအားဖိအားအောက်တွင် သူ့အလျင်က ပိုပိုပြီးနှေးကွေးလာသောကြောင့် ဒီတစ်ခါတော့ ကျား မိုးကြိုးကိုမရှောင်နိုင်တော့ပေ။

ကျားခေါင်းပေါ်တွင် မီးခိုးများထွက်လာခဲ့သော်လည်း သူ့သားရေကထူလွန်းသောကြောင့် သူ့ကိုအများကြီးမထိခိုက်စေခဲ့ပေ။

ဒေါသထွက်သွားသောကျား ကောင်းကင်ကိုမော့ကြည့်၍ဟိန်းဟောက်လိုက်လေရာ အသံလှိုင်းကြီးတစ်လှိုင်း ကျန်းယန်ဆီပြေး၀င်သွားခဲ့လေသည်။

ကျန်းယန်အမူအရာပြောင်းလဲသွားခဲ့၏။ ဤအသံလှိုင်းကိုနားပိတ်ထားရုံဖြင့် မကာကွယ်နိုင်မှန်း သူသိပေသည်။

သူအမြန်ပင် ရေအရိပ်နည်းစနစ်ကို သုံးလိုက်၏။

သူ့ရှေ့တွင် ထူထဲသော ရေလိုက်ကာကြီးတစ်ချပ်ပေါ်လာခဲ့ပြီး တစ်ချပ်ပြီးတစ်ချပ်ဆက်ပေါ်လာခဲ့ကာ နောက်ဆုံးတွင် သူ့ရှေ့၌ အလွှာသုံးလွှာဖြစ်တည်သွားခဲ့သည်။

အသံလှိုင်းနှင့်ရင်ဆိုင်ရသောအခါ ရေလွှာများကြောင့် အသံလှိုင်းက အားနည်းသွားပါသော်လည်း သူ့ချီသွေးများ ဆူပွက်သွားပြီး သူ့ရင်ဘတ်ပင်လေးသွားသလို ခံစားလိုက်ရ၏။

“အကွက်ကောင်းပဲ မင်းကိုအမှတ်နည်းနည်းတော့ပေးရမယ်” ကျန်းယန် စိတ်လှုပ်ရှားလာခဲ့သည်။

သူ့ပြိုင်ဘက်က ပြည့်စုံနေသောကြောင့် သူ့အတွက် အနီးကပ်တိုက်ခိုက်ရေး လေ့ကျင့်ဖော်ကောင်းတစ်ယောက် ဖြစ်နေခဲ့ချေပြီ။

All Chapters