တာအိုကိုနားလည်ခြင်း
Vol. 10 Ch. 116
ကျန်းယန်အ၀တ်အစားများက စုတ်ပြဲနေကာ သူ့ကိုယ်မှသတ်ဖြတ်ခြင်းအရှိန်အဝါများထွက်ပေါ်နေပြီး လက်ထဲတွင်တော့ ဝံပုလွေသေနှစ်ကောင်ကို ကိုင်ထားရင်း သူ ကျားတောင်ဟုနာမည်ပေးထားသောတောင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ဟေးး ညစာစားချိန်ရောက်ပြီ”
သူဝံပုလွေနှစ်ကောင်ကို တောင်ပေါ်ပစ်တင်လိုက်၏။ ကျားကတော့ သွေးနီရောင်ရဲနေသောမျက်လုံးများဖြင့် ကျန်းယန်ကိုစိုက်ကြည့်နေရင်း ဖြည်းဖြည်းချင်းလမ်းလျှောက်၍ ထွက်လာခဲ့သည်။
ဒီမုန်းစရာကောင်းတဲ့လူသား….လာပြန်ပြီ!
သူထိုလူသားနှင့်တိုက်ခိုက်နေသည်မှာ ခုနှစ်ရက် ရှစ်ရက်တော့ ရှိသွားပြီဖြစ်သည်။ သူအကြိမ်တိုင်း ပင်ပန်းနွမ်းနယ်သွားသည်ထိ တိုက်ခိုက်ခဲ့ပါသော်လည်း ထိုလူသားကိုဘာမှမလုပ်နိုင်ခဲ့ပေ။
ထိုအရာက စိတ်တိုစရာကောင်းလွန်းလှ၏။
သို့သော် ခုနှစ်ရက် ရှစ်ရက်လောက်တိုက်ခိုက်ပြီးချိန်မှာတော့ ထိုလူသားထွက်သွားခဲ့သည်။
ဗိုက်လည်းဆာလောင်ေနပြီဖြစ်ေသာေကြာင့် အစာရှာထွက်ဦးမည်ဟု သူစီစဉ်ထားခဲ့သော်လည်း ဘယ်မှမထွက်ရသေးခင်တွင်ပင် ထိုလူသားက ပြန်ရောက်လာခဲ့ပြန်၏။
“ငါမင်းအတွက်အမဲလိုက်လာတာ စား” ကျန်းယန် ဝံပုလွေနှစ်ကောင်ကိုညွှန်ပြလိုက်ကာ
“မင်းဗိုက်ပြည့်ရင် ဆက်တိုက်ခိုက်ကြမယ်”
ထိုကျားသည် အမှန်တကယ်ပင်ကြောက်စရာကောင်းလွန်းလှသည်။ သူ၇ရက်၈ရက်လောက်တိုက်ခိုက်ခဲ့တာတောင် ကျားကိုဘာမှမလုပ်နိုင်ခဲ့ပေ။
သူ့ဘယ်မှော်သိုင်းကမှ ကျားအပေါ်အလုပ်မဖြစ်ခဲ့ပေ။
ကံကောင်းသည်မှာ ကျားကမပျံသန်းနိုင်၍သာ တော်သေးသည်။ မဟုတ်လျှင်တော့ သူလျှို့ဝှက်နယ်မြေထဲတွင် ခွေးပြေး၀က်ပြေး ပြေးနေရပေလိမ့်မည်။
သို့သော် ရက်ပေါင်းများစွာတိုက်ခိုက်ပြီးနောက်တွင် သူ့လက်နက်မဲ့တိုက်ခိုက်နိုင်စွမ်းလည်း တိုးတက်လာမှန်း သူခံစားမိနေခဲ့၏။
ဤဝံပုလွေနှစ်ကောင်က သူ့တိုးတက်မှု၏သက်သေပင်။ သူထိုဝံပုလွေများကို ဝံပုလွေအုပ်ထဲကဖမ်းလာကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ကျားအတွက် အစာအဖြစ်ယယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
ကျားကအစာကိုမစားဘဲ စိုက်သာကြည့်နေသည်ကိုမြင်သော်လည်း ကျန်းယန် ဂရုမစိုက်ခဲ့ပေ။ သစ်ကိုင်းများကို စုစည်းကာ မီးမွှေးလိုက်ပြီးသာ ဝံပုလွေခြေထောက်ကိုကင်လိုက်၏။
သူသည်ရွှေအမြုတေအဆင့်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် အစာစားစရာမလိုပေ။
သို့သော်လည်း ၇ရက် ၈ရက် ဆက်တိုက်တိုက်ခိုက်ခဲ့ပြီးနောက်တွင် ဗိုက်ဆာလာသလိုခံစားလာခဲ့ရပြီး သူ့စိတ်ဝိညာဉ်စွမ်းအားများလည်းကျဆင်းလာခဲ့သည်။
သိုလှောင်လက်စွပ်လည်းမပါသောကြောင့် သူ့တွင်းအားပြန်ဖြည့်မှ ဘာဆေးမှရှိမနေခဲ့ပေ။
တဖြည်းဖြည်းရွှေရောင်သန်းကာ အနံ့သင်းလာသော ဝံပုလွေခြေထောက်ကိုကြည့်နေရင်း ကျားရုတ်တရက်ဆိုသလို ကျန်းယန်ကိုခုန်အုပ်လိုက်၏။
ဝံပုလွေခြေထောက်ကင်ရာ၌ အာရုံစိုက်နေပံုေပါ်ေသာကျန်းယန် ကျားလှုပ်ရှားသည်ကိုမြင်သည်နှင့် ချက်ချင်း ပျံတက်သွားခဲ့သည်။
“ဘာလဲ မင်းကခိုးချင်လို့လား”
ထို့နောက် လေထဲတွင် တပလ္လင်ခွေထိုင်ကာ ဝံပုလွေခြေအောက်ကိုကျားရှေ့၌ အားရပါးရစားပြလေတော့သည်။
ကျားသူ့ကိုအကြိမ်အနည်းငယ်ကြည့်ရှုပြီးနောက်တွင်တော့ သည်းမခံနိုင်တော့ဘဲ ဝံပုလွေသေနှစ်ကောင်ကို အားရပါးရ ကိုက်ဖြတ်စားသုံးပစ်လိုက်၏။
“မင်းကငါကျွေးတဲ့အစာကို စားလိုက်ပြီဆိုတော့ အခုကစပြီး ငါ့နောက်ကိုလိုက်ရတော့မယ်” ကျန်းယန် ပျင်းရိစွာကြည့်ရှုနေရင်း ပြောလိုက်သည်။
“ငါမင်းကိုနာမည်တစ်ခုပေးမယ် မင်းကို ၀မ်ချိုက်လို့ခေါ်မယ်ကွာ”
ကျားကတော့ သူ့စကားကိုနားလည်ပုံမပေါ်ပေ။ လျစ်လျူရှုထားတာလည်း ဖြစ်နိုင်၏။ ဝံပုလွေနှစ်ကောင်လုံးကို စားသောက်ပြီးသောအခါ ကျား၏ဗိုက်ပင်အနည်းငယ်ဖောင်းလာခဲ့သည်။
“ကောင်းပြီ စားလို့သောက်လို့လည်းပြီးပြီဆိုတော့ အလုပ်စလိုက်ကြရအောင် ဒီတစ်ခေါက် ငါအရင်လှုပ်ရှားမယ် …ရွှံ့နွံနည်းစနစ်!”
ကျန်းယန် ကျားအောက်ရှိမြေပြင်ကိုလက်ညှိုးညွှန်လိုက်ရာ မြေပြင်က စိုလာပြီး ရွှံ့နွှံအဖြစ်ပြောင်းလဲသွားခဲ့၏။
ဤနည်းစနစ်က သူတိုက်ပွဲအတွင်းရရှိခဲ့သော အတွေ့အကြုံများမှတစ်ဆင့် ထွင်ထားသောနည်းစနစ်ဖြစ်ပေသည်။ ရေဒြပ်စင်နိယာမနှင့် ကမ္ဘာမြေဒြပ်စင်နိယာကိုတွဲသုံးသောအခါ အခုလို ရွှံ့နွံတစ်ခု ဖြစ်ပေါ်သွားစေနိုင်၏။
သို့သော် ကျားကလည်း အတွေ့အကြုံရှိနေခဲ့ချေပြီ။
သူ့အောက်ကမြေပြင်ပြောင်းလဲလာသည်နှင့် သူချက်ချင်းရှေ့သို့ ခုန်လိုက်ပြီး ရွှံနွံဧရိယာမှ လွတ်မြောက်သွားခဲ့သည်။ ထို့နောက် သူ့ပါးစပ်ကိုဟကာ အမြှောက်ဆံများဖြင့်တူသည့် ဖိသိပ်ထားသောလေဘောလုံးများဖြင့် ပစ်လွှတ်ခဲ့၏။
ဤအကွက်က သူအခုမှ တီထွင်ထားသောအကွက်ဖြစ်သည်။ အရင်က ကျန်းယန်လေပေါ်ရောက်နေလျှင် သူလိုက်ပြီးဟိန်းဟောက်ဖို့သာ တတ်နိုင်ခဲ့၏။
အခုတော့ တိုက်ကွက်အသစ်တစ်ခုရှိနေပြီ ဖြစ်သည်။
ကျန်းယန်တုန်လှုပ်သွားခဲ့၏။ လေဘောလုံးများကိုမြင်သောအခါ ချက်ချင်းသူ့လက်များကိုမြှောက်၍ လေအကာအကွယ်အလွှာတစ်ခု ဖွဲ့တည်လိုက်သည်။
သို့သော် အလွှာနှင့်လေဘောလုံးများထိလိုက်သည်နှင့် သူပြင်းထန်သောဖိအားကိုခံစားလိုက်ရပြီး လွင့်ထွက်သွားခဲ့ရ၏။
ကျန်းယန်အရှိန်ထိန်းလုိက်ကာ အမြန်ပြန်ပျံသန်းလာခဲ့ပြီး ကျားကိုအံ့ဩ၀မ်းသာဖြစ်နေဟန်ဖြင့် ကြည့်လိုက်သည်။
“၀မ်ချိုက် မဆိုးဘူး မင်းကအကွက်သစ်တောင်ထွင်ထားသေးတာပဲ နားလည်နိုင်စွမ်းမြင့်လိုက်တဲ့ မိစ္ဆာကျား ကြည့်ရတာ ဒီတိုက်ပွဲက ငါတို့နှစ်ယောက်လုံးကို အကျိုးရှိသွားစေတယ်ထင်တယ်”
လူနှင့်ကျားတို့ နောက်တစ်ကြိမ်တိုက်ခိုက်ခဲ့ကြပြန်၏။
နေ့၀က်တိုက်ခိုက်ပြီးနောက် ကျန်းယန်နောက်တစ်ကြိမ်ပျံသနး်ထွက်ခွာသွားခဲ့ပြန်သည်။ ကျားလည်းဒေါသတကြီးမြေပြင်ကို လက်သည်းများဖြင့် ကုတ်ပြီးနောက် အိပ်စက်ရန် တောင်ပေါ်သို့ ပြန်သွားခဲ့၏။
ယခုအချိန်တွင် သူအဘယ်ကြောင့်မပျံသန်းနိုင်ရပါသလဲ ဟူသောအချက်ကို သူအလွန်မုန်းတီးနေခဲ့မိသည်။
ကျန်းယန်တောင်တစ်လုံးပေါ်တွင်ဆင်းသက်လိုက်ပြီး ထိုင်ချလိုက်ကာ အသက်ကိုမှန်မှန်ရှူနေရင်း တိုက်ပွဲအကြောင်း ပြန်စဉ်းစားနေခဲ့၏။ သူကောင်းကင်နှင့်မြေပြင်နိယာမများကိုဆက်လက်နားလည်သဘောပေါက်နေရင်း အတိတ်တုန်းက သူသင်ကြားခဲ့သောစွမ်းရည်များနှင့်ပေါင်းစပ်နေခဲ့သည်။
သူ့ဆရာသည် သူ့ကိုတာအိုအကြောင်းကိုသင်ကြားပေးခဲ့ရုံသာမကဘဲ အခြားသော သူ့စွမ်းရည်များကိုလည်း သင်ကြားပေးခဲ့၏။
ထို့အပြင် သူ့ဆရာဦးလေးများ သင်ကြားပေးထားသော ပညာရပ်များလည်း ရှိနေသေးသည်။
သူသင်ကြားထားသည်များမှာ လင်းယွင်ကျိ၏ဓားပညာ၊ တန်ချန်ကျိ၏ဆေးတာအို၊ ပိလင်းကျိ၏အစီအရင်ပညာရပ်၊ ဟွာလင်းကျိ၏အဆောင်ပညာရပ်၊ ဟော်လင်းကျိ၏ လက်နက်သွန်းလုပ်ခြင်းပညာရပ်နှင့် ပိုင်ယွင်ကျိ၏ စိတ်ဝိညာဉ်ပညာရပ်များ ဖြစ်ကြ၏။
ဟုတ်ပေသည်။ ပိုင်ယွင်ကျိသည် စိတ်စွမ်းအားကို လေ့ကျင့်သူဖြစ်၏။
ထိုကြောင့်လည်း သူမကအမြဲ သန့်ရှင်းကာစင်ကြယ်သူပုံပေါ်နေခဲ့ခြင်းဖြစ်သည်။
သူမ၏ပညာရပ်က သူမအား တာအိုစွမ်းအားကိုအသုံးပြုကာ အခြားသူများ၏ စိတ်အခြေအနေကို လွှမ်းမိုးနိုင်အောင် ခွင့်ပြုပေး၏။
ကျန်းယန် သူမဆီကအနည်းငယ်သင်ယူခဲ့သော်လည်း ထိုပညာရပ်ကို အပြည့်အ၀မဖမ်းဆုပ်နိုင်ခဲ့ပေ။ သို့သော် သူမသင်ကြားချက်များနှင့် သူ့ကိုယ်ပိုင်အမြင်များကိုပေါင်းစပ်ပြီး စကားလုံးတိုက်ခိုက်မှုဟူသော ဘယ်သူနှင့်မှမတူသည့် သူ့ကိုယ်ပိုင်နည်းစနစ်တစ်ခုကို ထွင်နိုင်ခဲ့သည်။
ယခုအခါ သူသည် သူသင်ကြားထားသမျှအားလုံးကို သူ့ကိုယ်ပိုင်ခွန်အားအဖြစ်ပြောင်းလဲနေခဲ့ခြင်းဖြစ်၏။
မဟုတ်လျှင် သူသည် သူ့အကြီးအကဲများ၏ ကလေးမိတ္တူပုံစံသာ အမြဲဖြစ်နေပေလိမ့်မည်။
လျှို့ဝှက်နယ်မြေကိုအမြဲစောင့်ကြည့်နေသောချင်းယွင်ကျိ ကျန်းယန်၏ပြောင်းလဲမှုများကိုမြင်သောအခါ အလွန်ပျော်နေခဲ့ပြီး ထိုပျော်ရွှင်မှုများက သူ့မျက်နှာပေါ်တွင်ပင် မဖုံးနိုင်မဖိနိုင်ပေါ်လွင်နေခဲ့သည်။
သူသည် ကျန်းယန်၏ မူလအပျက်အစီးရွှေအမြုတေအပေါ် အတော်လေးကျေနပ်မှုရှိ၏။
ကျန်းယန်၏ စိတ်ဝိညာဉ်ရတနာများကို ဆယ်စုနှစ်တစ်ခုလုံးသုံး၍ သိမ်းပိုက်ခဲ့သော ဇွဲမျိုးကိုလည်း ကျေနပ်အားရပေသည်။
အခုတော့ ကျန်းယန် ဉာဏ်အလင်းပွင့်နေသည်ကိုမြင်ရသောအခါ သူပိုပြီးပင် နှစ်ထောင်းအားရဖြစ်နေခဲ့၏။
ကျင့်ကြံသူတစ်ယောက်အတွက် ဉာဏ်အလင်းပွင့်ခြင်းကဘယ်လောက်အရေးကြီးမှန်း သူကောင်းကောင်းကြီး နားလည်ပေသည်။
တကယ်တော့ ဉာဏ်အလင်းပွင့်ခြင်းဟူသောအခြေအနေမျိုးက လူတစ်ယောက် သူတို့တာအိုမျိုးစေ့ဖြစ်ပေါ်ချိန်၌ ဖြစ်ပွားတတ်သော အခိုက်အတန့်မျိုး ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဉာဏ်အလင်းပွင့်ခြင်းမှ တာအိုမျိုးစေ့ကိုဖြစ်ပေါ်လာစေမည်ဖြစ်ပြီး ထိုမှတစ်ဆင့် သူတို့လမ်းကြောင်းကို ဆက်လျှောက်ရမည်ဖြစ်သောကြောင့် ဖြစ်သည်။
သူအစကတော့ ကျန်းယန် ဉာဏ်အလင်းပွင့်ပြီးသားဟု ထင်ထားခဲ့ခြင်းဖြစ်၏။ သူ့သင်ကြားပေးထားမှုများအရ ထိုအရာက ကျန်းယန်အတွက်ခက်မနေသင့်ပေ။
သို့သော်မျှော်လင့်မထားဘဲ ထိုကောင်လေးက မူလအပျက်အစီးရွှေအမြုတေပိုင်ရှင်ဖြစ်နေခဲ့ပြီး သူ့တွင်ကိုယ်ပိုင်တာအိုသန္ဓေသားပင် ရှိမနေခဲ့ပေ။
ချင်းယွင်ကျိ အလွန်စိတ်၀င်စားနေခဲ့သည်။ ကျန်းယန်သည် ယခုအခါ စတင်ဉာဏ်အလင်းပွင့်နေပြီဖြစ်လေရာ ဤဖြစ်စဉ်ပြီးပါက သူ့တွင် တာအိုသန္ဓေသားရှိလာနိုင်ပါမည်လော။
“စီနီယာဘာလို့များ အရမ်းပျော်နေရတာလဲ” စန်းစုန့် ပျော်ရွှင်မှုများဖြင့် ပြည့်နေသောချင်းယွင်ကျိမျက်နှာကိုမြင်သောအခါ မမေးဘဲ မနေနိုင်တော့ပေ။
သူအစက ချင်းယွင်ကျိ၏ပျော်နေသောစိတ်အခြေအနေကိုအခွင့်ကောင်းယူပြီးကိစ္စများကိုဆွေးနွေးဖို့ကြံထားခြင်း ဖြစ်သည်။
နောက်ဆုံးတွင် အနာဂတ်၌သူဘယ်လိုရှင်သန်အောင်နေရမလဲဆိုတာ အဖြေရှာဖို့က လိုနေသေး၏။
ချင်းယွင်ကျိ သူ့ကိုတစ်ချက်ကြည့်ကာ မေးလိုက်သည်။
“မင်းဘာပြောချင်လို့လဲ”
စန်းစုန့် ဂရုတစိုက်ပြောလိုက်၏။
“စီနီယာ….မဟာဂိုဏ်းကြီးတွေမှာ ရှေးခေတ်တုန်းကလို ငြိမ်းငြိမ်းချမ်းချမ်းယှဉ်တွဲနေထိုင်သွားကြဖို့ အခွင့်အရေးများ ရှိနေနိုင်သေးလား”
လူတိုင်းအေးအေးချမ်းချမ်းယှဉ်တွဲနေထိုင်မည်ဆိုလျှင် သူလည်းေဘးကင်းသွားမည် မဟုတ်ပါလော။
ချင်းယွင်ကျိ ပြန်မေးလိုက်သည်။
“မင်းတို့က ငါတို့အမတရတနာတွေအပေါ် လောဘမတက်တော့ဘူးလား”
စန်းစုန့်တခဏတွေးတောလိုက်ကာ ပြောလိုက်၏။
“တကယ်လို့ လူတိုင်းသာ စီနီယာက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဆိုတာ သိသွားကြရင် သူတို့ပြန်ပြီးစဉ်းစား…”
ချင်းယွင်ကျိ အသာအယာပြုံးလိုက်ကာ
“ငါက ကပ်ဘေးဖြတ်ကျော်ထားတော့ ဘာဖြစ်လဲ အဇူရာတိမ်ဂိုဏ်းကဟိုးအရင်အင်အားကြီးစဥ်ကတည်းက မိစ္ဆာတွေကိုဖိနှိပ်လာခဲ့တာ အခုလောက် ကပ်ဘေးဖြတ်ကျော်တာလေးကို ဘယ်သူကဂရုစိုက်မှာလဲ အချိန်ကျလာရင် မင်းတောင်ငါ့ကိုနောက်ကျောကဓားနဲ့ထိုးသွားနိုင်သေးတယ်”
အဇူရာတိမ်ဂိုဏ်း၏ခွန်အားနှင့် သူတို့ပိုင်ဆိုင်ထားသော အမတရတနာများက ကပ်ဘေး၏အရင်းအမြစ်များ ဖြစ်ကြပေသည်။
စန်းစုန့်ပါးစပ်ဟလိုက်သော်လည်း ဘာမှတော့ထပ်မပြောတော့ပေ။
ချင်းယွင်ကျိကို သိမ်းသွင်းဖို့ကမလွယ်မှန်း သူသိ၏။
ချင်းယွင်ကျိအစား ငါအဲ့ဒီကလေးကိုပဲ သိမ်းသွင်းဖို့ ကြိုးစားကြည့်ရမလား