ဒီလောက်ဆို ဧကရာဇ်နဲ့တွေ့လို့ရပြီလား
Vol. 10 Ch. 108
ကျန်းယန် နန်းတော်နားချဉ်းကပ်လာသည်နှင့် ရုတ်တရက် သူ့ရှေ့တွင် ခရမ်းရောင်၀တ်စုံ၀တ်မိန်းမစိုးတစ်ယောက်ရုတ်တရက်ပေါ်ထွက်လာကာ သူ့လမ်းကိုပိတ်လိုက်ပြီး ခပ်တင်းတင်းပြောလိုက်၏။
“ဒါက တားမြစ်နယ်မြေပဲ အတင်းအကြပ်၀င်လာခွင့်မရှိဘူး”
ကျန်းယန် အတင်း၀င်မသွားခဲ့ပေ။ ထိုအစား ခရမ်းရောင်၀တ်စုံ၀တ် မိန်းမစိုးကိုပြောလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းက ကျန်းယန် အလည်အပတ်ရောက်လာတယ်လို့ ဧကရာဇ်ကိုသတင်းပို့ပေးပါ”
မိန်းမစိုးအနည်းငယ်မျက်မှောင်ကြုံ့သွားပြီး မိန်းမစိုးငယ်လေးတစ်ယောက်ကို အသံလွှင့်၍ ပြောလိုက်၏။ မိန်းမစိုးလေးလည်း ဧကရာဇ်ကိုသတင်းပို့ဖို့ အမြန်ထွက်သွားခဲ့လေသည်။
ဧကရာဇ်အဇူရာတိမ်ဂိုဏ်းကမိစ္ဆာများကိစ္စဖြင့် စိတ်ညစ်နေချိန်တွင် အဇူရာတိမ်ဂိုဏ်းက တစ်ယောက်ယောက်ရောက်လာကြောင်း သတင်းကြားသောအခါ ချက်ချင်းခေါ်လာခဲ့ဖို့ ပြောရန် ပြင်လိုက်၏။
သို့သော်လည်း သူ့နဂါးပျံတပ် အဇူရာတိမ်ဂိုဏ်းတွင် ဘယ်လိုခံခဲ့ရသလဲတွေးမိသွားသောအခါ သူဒေါသထွက်သွားခဲ့ပြီး ပြောလိုက်သည်။
“ငါအလုပ်ရှုပ်နေတယ်လို့ပြောလိုက် သူ့ကိုစောင့်ခိုင်းထား”
မိန်းမစိုးလေးလည်း အမြန်ပြန်သွားကာ အကျယ်ကြီးအော်ပြောလိုက်၏။
“မိန်းမစိုးဟုန် အရှင်မင်းကြီးက အလုပ်ရှုပ်နေတဲ့အတွက် လတ်တလော ဧည့်သည်လက်မခံနိုင်သေးပါဘူး”
မိန်းမစိုးဟုန်ကျန်းယန်ကိုကြည့်ကာ ညင်သာစွာပြောလိုက်သည်။
“မင်းကြားတယ်မလား ကျေးဇူးပြုပြီး ငါနဲ့ ပင်မခန်းမထဲလိုက်ခဲ့ပြီး အဲ့မှာစောင့်နေပါ အရှင်မင်းကြီးအားတဲ့အခါ မင်းနဲ့တွေ့ပါလိမ့်မယ်”
“ခင်ဗျားက ဝိညာဉ်အခြေတည်အဆင့်လား” ကျန်းယန် ပြန်မေးလိုက်၏။
“ဒါမှမဟုတ် နတ်ဝိညာဉ်အဆင့်လား”
“ဝိညာဉ်အခြေတည်အဆင့် အထွတ်အထိပ်” မိန်းမစိုးဟုန် အေးအေးဆေးဆေးပြန်ဖြေလိုက်သည်။
ကျန်းယန်ပြုံးလိုက်၏။
“တကယ်လို့ခင်ဗျားကနတ်ဝိညာဉ်အဆင့်ဆိုရင်တော့ ကျွန်တော်လိုက်စောင့်မလို့ပါပဲ ဒါပေမယ့် ခင်ဗျားကဝိညာဉ်အခြေတည်အဆင့်ဆိုမှတော့ မျက်နှာသာမပေးမိလို့ အပြစ်မတင်ပါနဲ့”
သူချက်ချင်းကောင်းကင်ပိုက်ကွန်ကိုထုတ်ကာ အသက်သွင်းလိုက်လေသည်။
မိန်းမစိုးဟုန်မျက်လုံးများအေးစက်သွားကာ
“လူငယ်လေး မင်းကိုလက်လွတ်စပယ်မလှုပ်ရှားဖို့ အကြံေပးလိုက်မယ်”
ကျန်းယန်ဘာမှပြန်မပြောဘဲ ဓားတစ်လက်သာထုတ်လိုက်၏။
ထို့နောက် သူ့ချပ်၀တ်ကိုတိတ်တဆိတ်အသက်သွင်းထားလိုက်ပြီး အစောင်တစ်ထပ်ထုတ်လိုက်ကာ မိန်းမစိုးဟုန်ကိုတိတ်တဆိတ်စိုက်ကြည့်နေခဲ့သည်။
“....ငါ….မင်းကိုအရှင်မင်းကြီးနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်” မိန်းမစိုးဟုန်နောက်ဆုံးတွင် ပြောလိုက်၏။
ကျန်းယန်ထုတ်ထားသော ရတနာများအရ သူတစ်ခုခုလုပ်ချင်ရင်တောင် ကျန်းယန်ကိုဘာမှလုပ်နိုင်မည်မဟုတ်ပေ။ တိုက်ခိုက်မည်ဆိုလျှင်လည်း နန်းတော်ကြီးတစ်ခုလုံးပျက်ဆီးသွားနိုင်သောကြောင့် ကျန်းယန်ဆန္ဒကိုသဘောတူရုံမှလွဲ ရွေးစရာမရှိတော့ပေ။
သူကျန်းယန်ကိုနန်းတော်အတွင်းပိုင်းထဲခေါ်သွားရင်း ဖြစ်ခဲ့သမျှအကြောင်းစုံကို ဧကရာဇ်ဆီအသံလွှင့်၍ သတင်းပို့လိုက်သည်။
ထိုအကြောင်းကြားသောအခါ ဧကရာဇ်ဒေါသထွက်သွားခဲ့၏။ သူဒေါသထွက်သွားသော်လည်း အသိစိတ်တော့ လွတ်မသွားသေးပေ။
မိန်းမစိုးဟုန်တောင်ဘာမှမလုပ်နိုင်လေရာ သူ့တွင်လည်း တတ်နိုင်တာ မရှိတော့ပေ။
မိန်းမစိုးဟုန်နောက်လိုက်လာရင်း ကျန်းယန် ကျင့်ကြံခြင်းခန်းမကြီးတစ်ခုဆီ ရောက်ရှိလာခဲ့သည်။ ရောက်ရောက်ချင်းသူမြင်လိုက်ရသည်မှာ အခုမှအိပ်ယာနိုးလာသလိုပုံစံဖြစ်နေသော ဧကရာဇ်ပင်။
ဧကရာဇ်ဘာမှမပြောရသေးခင်တွင် ကျန်းယန် အေးအေးဆေးဆေးအရင်ပြောလိုက်၏။
“နိုင်ငံကဖျက်ဆီးခံရတော့မယ် ဧကရာဇ်က အိပ်ကောင်းတုန်း ဧကရာဇ်ရဲ့သတ္တိကတော့ မှတ်သားလောက်စရာပါပဲ”
“ဟမ်” ဧကရာဇ်မျက်မှောင်ကြုံ့သွားကာ အမြန်မေးလိုက်လေသည်။
“မိစ္ဆာတွေလွတ်သွားပြီလား”
သူ့စိတ်ထဲအတော်လေးကြောက်လန့်သွားခဲ့မိ၏။ အကယ်၍ မိစ္ဆာများသာလွတ်သွားလျှင် သူအခုထွက်ပြေးသင့်ပါပြီလော!
“မိစ္ဆာတွေ လွတ်တာ မလွတ်တာမှာ ဘာများကွဲပြားတာရှိလို့လဲ” ကျန်းယန်ဧကရာဇ်ကိုစိုက်ကြည့်ကာ ဖြည်းဖြည်းချင်းမေးလိုက်သည်။
“မိစ္ဆာတစ်ကောင်ချင်းစီတိုင်းမှာ ကမ္ဘာဖျက်နိုင်လောက်တဲ့စွမ်းအားရှိတယ် အရှင်မင်းကြီးရဲ့ သေမျိုးခန္ဓာကိုယ်လေးနဲ့ ဘာများလုပ်နိုင်မှာမလို့လဲ”
ဧကရာဇ်ဒေါသထွက်သွားကာ အော်ငေါက်လိုက်၏။
“အဲ့တာက အဇူရာတိမ်ဂိုဏ်းရဲ့တာ၀န်မဟုတ်ဘူးလား မင်းတို့က မိစ္ဆာတွေကိုလွတ်အောင်လုပ်လိုက်ပြီးတော့မှ ဘာလို့ငါ့ကိုအပြစ်လာတင်နေတာလဲ”
“အဇူရာတိမ်ဂိုဏ်းတာ၀န်တဲ့လား” ကျန်းယန်နှာခေါင်းရှုံ့လိုက်သည်။
“တကယ်လို့ ဒါကသာ အရှင်မင်းကြီးရဲ့သဘောထားဆိုရင် တိမ်တောင်အင်ပါယာကိုအပျက်ဆီးခံလိုက်တော့မယ် ယွင်ထန့်အင်ပါယာကိုသွားပြီး သူတို့ဆီမှာ ကမ္ဘာကြီးကိုဦးဆောင်ဖို့ လုံလောက်အောင် ဉာဏ်ရှိတဲ့လူတစ်ယောက်ရှိနေမလား သွားကြည့်ရတာပေါ့”
ဧကရာဇ် ကျန်းယန်ကိုစိုက်ကြည့်နေရင်း အပြုံးတစ်ချက် ဖျစ်ညှစ်ထုတ်လိုက်ကာ ပြောလိုက်၏။
“ငါခုနကပြောလိုက်တဲ့စကားက မသင့်မလျော်ဖြစ်သွားပါတယ် မိစ္ဆာတွေလွတ်သွားတဲ့ကိစ္စက ငါတို့တစ်ယောက်ချင်းစီတိုင်းမှာ တာ၀န်ရှိတဲ့ကိစ္စပါပဲ အမတသခင်ကျန်း ကျေးဇူးပြုပြီးထိုင်ပါဦး ငါတို့ဒီကိစ္စကို တကယ်ပဲသေချာဆွေးနွေးသင့်တယ်”
ကျန်းယန်နောက်ဆုံးတွင် ထိုင်လိုက်ပြီး ပြောလိုက်သည်။
“မိစ္ဆာတွေက အန္တရာယ်ရှိတယ်ဆိုပေမယ့် အခုထိအဇူရာတိမ်ဂိုဏ်းထဲမှာ ဖိနှိပ်ခံထားရတုန်းပါပဲ
အရှင်မင်းကြီး မိစ္ဆာတွေကိုစိတ်ပူမယ့်အစား အခြားအရေးကြီးကိစ္စတွေမှာ အာရုံစိုက်ထားသင့်တယ်”
မိစ္ဆာများလွတ်မသွားသေးဘူးဟု ကြားမှသာ ဧကရာဇ်သက်ပြင်းချလိုက်နိုင်ခဲ့သည်။ သူမေးလိုက်၏။
“အမတသခင်ကျန်း ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်းပြောပေးပါ ဘယ်လိုအရေးကြီးကိစ္စကို ငါသတိမထားခဲ့မိတာလဲ”
ကျန်းယန် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းကမိစ္ဆာတွေကိုဖိနှိပ်ထားတဲ့အကြောင်းသိတဲ့သူက နည်းနည်းပဲရှိတာ
ဒါပေမယ့် အင်ပါယာမြို့တော်ကလူအတော်များများ အဲ့ဒီအကြောင်းသိနေတယ်လို့ ကျွန်တော်ကြားခဲ့ရတယ်
အဲ့တာက တစ်ယောက်ယောက်က ပြည်သူလူထုကြောက်လန့်တကြားဖြစ်အောင်တမင်ကောလာဟလဖြန့်နေတာလို့ ညွှန်ပြနေတာပဲမလား”
ဧကရာဇ်အမြန်ပြောလိုက်၏။
“ဟုတ်တယ် ဟုတ်တယ် မကြာသေးခင်က မင်းသား၃ ငါ့ကိုဒီကိစ္စတင်ပြသေးတယ် သူအဲ့ဒီဂိုဏ်းတွေကို ရှင်းပစ်ဖို့သွားတော့ အဲ့ဒီကောင်တွေက ဂိုဏ်းလုံးကျွတ်ထွက်ပြေးသွားကြပြီတဲ့ အမတသခင်ကျန်း မင်းပြောတဲ့အရေးကြီးကိစ္စက အဲ့ဒီကိစ္စနဲ့များ ဆက်စပ်နေသလား”
“အို့” ကျန်းယန်ထိုအကြောင်းကို အခုမှသိချင်ယောင်ဆောင်လိုက်ပြီး
“ကြည့်ရတာ ကိစ္စတွေက မျှော်လင့်ထားတဲ့အတိုင်းဖြစ်သွားပုံပဲ”
“ဘယ်လိုများလဲ” ဧကရာဇ်အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်၏။
ကျန်းယန်အေးအေးဆေးဆေးပြောပြလိုက်သည်။
“ဧကရာဇ် ရတနာခုနှစ်ပါးဂိုဏ်းနဲ့ ပန်းပွင့်ကြွေဂိုဏ်းတွေက သူတို့အရင်းအမြစ်တွေ တပည့်တွေ အကုန်ယူပြီး ထွက်ပြေးသွားကြတယ် မကြာခင်အခြားဂိုဏ်းတွေလည်းအဲ့လိုပဲလုပ်တော့မယ်လို့ ကျွန်တော်ထင်တယ်
ဒါဆို သူတို့ဘယ်ကိုထွက်ပြေးသွားကြတာလဲ
ကောလာဟလတွေအရဆိုရင်တော့ သူတို့က အခြားကုန်းမြေတိုက်ကြီးတွေဆီ ထွက်ပြေးသွားကြတာပဲ
နောက်ပြီး သူတို့နဲ့အတူ အရင်းအမြစ်ဘယ်လောက်ပါသွားလဲ
ပါရမီရှင်တပည့်တွေရော ဘယ်လောက်ပါသွားသလဲ
ပိုအရေးကြီးတာကတော့ သူတို့အပြုအမူတွေက ကမ္ဘာကြီးတစ်ခုလုံးအပေါ် လွှမ်းမိုးမှုရှိသွားတာပဲ သူတို့လုပ်ရပ်တွေကြောင့် ကျန်တဲ့သူတွေလည်း အကြောက်လွန်လာကြလိမ့်မယ် အဲ့ဒီအကြောက်တရားက ကပ်ရောဂါတစ်ခုလို ကုန်းမြေတစ်ခုလုံးဆီပျံ့နှံ့သွားလိမ့်မယ် အဲ့ဒီအချိန်မှာသာ အဲ့ဒီဖရိုဖရဲဖြစ်နေတဲ့လူအုပ်ကြီးကို ဦးဆောင်မယ့်သူပေါ်လာခဲ့ရင်….အဲ့ဒီအချိန်ကျ တိမ်တောင်အင်ပါယာရော ယွင်ထန့်အင်ပါယာရောပါ မပျက်ဆီးချင်ရင်တောင် ရွေးချယ်စရာမရှိဘူး ပျက်ဆီးသွားရလိမ့်မယ်”
ဧကရာဇ်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်မိ၏။ သူသည် ကောလာဟလပေါ်မှာသာ အာရုံစိုက်နေခဲ့မိပြီး နောက်ဆက်တွဲကို မတွေးခဲ့မိပေ။
ကျန်းယန်အေးအေးဆေးဆေးဆက်ပြောလိုက်သည်။
“အခြားဂိုဏ်းတွေအကုန်လုံးသာထွက်ပြေးသွားကြရင် ဧကရာဇ်ရဲ့ ရုံးတော်က ကျင့်ကြံသူအရာရှိတွေလည်း ထွက်ပြေးကုန်ကြတော့မှာပဲ အရှင်မင်းကြီးကိုမေးပါရစေ အရှင်မင်းကြီးမှာ တိမ်တောင်အင်ပါယာကိုဆက်အုပ်ချုပ်ဖို့ တကယ်ပဲဆန္ဒရှိသေးလား
ရုံးတော်ကအရာရှိတွေလည်းမရှိ အုပ်ချုပ်စရာပြည်သူတွေလည်း မရှိတော့ရင် အရှင်မင်းကြီး ဘာကိုအုပ်ချုပ်တော့မှာလဲ”
ဧကရာဇ်တစ်ခုခုကို နားလည်သွားခဲ့သည်။ ရုံးတော်အရာရှ်ိများက ထိုကိစ္စအပေါ် အရေးမထားသည်မှာ ဘာကြောင့်မှန်း သူသိသွားခဲ့၏။
ထိုလူများတွင် အစီအစဉ်တစ်ခုခုကြိုတင်ရှိထားပြီးသားသာ ဖြစ်ရပေမည်။
သူကျန်းယန်ကိုပိုပြီးလေးလေးနက်နက်ကြည့်လိုက်ပြီး မေးလိုက်လေသည်။
“အမတသခင်ကျန်း ငါဘာလုပ်သင့်လဲ”
“မိစ္ဆာတွေက တကယ်ပဲခြိမ်းခြောက်မှုတစ်ခုပဲ” ကျန်းယန် ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဒါပေမယ့် ရည်ရွယ်ချက်ရှိရှိနဲ့ အဲ့ဒီကိစ္စကိုအကြောင်းပြုပြီး ကပ်ဘေးဖန်တီးချင်တဲ့သူတွေရှိနေတယ် ကုန်းမြေတိုက်ကြီးပေါ်က တိုင်းပြည်တစ်ခုအနေနဲ့ တိမ်တောင်အင်ပါယာမှာ ကမ္ဘာကြီးကိုကာကွယ်ဖို့ တာ၀န်ရှိတယ်
အင်ပါယာထဲက အခြေအနေတွေအားလုံးကိုစောင့်ကြည့်ထားရင်း အင်ပါယာထဲကအရာရှ်ိတွေ မြင့်မြတ်မိသားစုတွေ နောက်ဆုံး ဂိုဏ်းတွေအထိကိုပါ အတတ်နိုင်ဆုံး ကုန်းမြေတိုက်ကြီးထဲက ထွက်မသွားအောင် တားဆီးေပးထားဖို့ တောင်းဆိုချင်ပါတယ်
နောက်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး တမင်သက်သက်ဂယက်ထအောင်လုပ်တဲ့သူတွေအားလုံးကိုလည်း သေဒဏ်ပေးဖို့ အမိန့်ချမှတ်စေချင်ပါတယ်
ဒါမှသာ ကျွန်တော်တို့ကမ္ဘာကြီးကိုဆက်ပြီးတည်ငြိမ်အောင်ထိန်းထားနိုင်ပြီးတော့ ပြည်သူတွေလည်း အမိန့်အာဏာအောက်မှာ အေးအေးချမ်းချမ်းနေနိုင်မှာပါ”
ဧကရာဇ်ခါးသက်သက်ပြုံးလိုက်ပြီး
“အမတသခင်ကျန်း ငါတို့တိမ်တောင်အင်ပါယာကနဂါးပျံတပ်မှာ ဒီလောက်ကြီးတဲ့တာ၀န်မျိုးကိုထမ်းဆောင်နိုင်တဲ့အရည်အချင်းမရှိပါဘူး နောက်ပြီး ဒီလိုအမိန့်ထုတ်လို့ သင့်တော်ပါ့မလား ဒီလိုသာဆို ဂိုဏ်းတွေ မိသားစုကြီးတွေက ပုန်ကန်မလာနိုင်ဘူးလား”
“ကျွန်တော် အဇူရာတိမ်ဂိုဏ်းကိုပြန်ရောက်ရင် တိမ်တောင်အင်ပါယာကိုကူညီဖို့ လူတစ်စုပို့ပေးလိုက်ပါ့မယ် ကျွန်တော်လွှတ်လိုက်မယ့်လူတွေက နဂါးပျံတပ်ထက်အများကြီးပိုပြီး အားကောင်းလိမ့်မယ်”
ကျန်းယန် ဖြည်းဖြည်းချင်းပြောလိုက်သည်။
“အဲ့ဒီမတိုင်ခင်တော့ အရှင်မင်းကြီးအရင်ဆုံး ပထမခြေလှမ်းကို စလှမ်းထားရမယ်”