လူတိုင်းအံ့အားသင့်သွားခြင်း
Vol. 43 Ch. 591
ရှေးဟောင်းတောအုပ်ကြီးအတွင်း၌ ရှိနေကြသော လူပေါင်းများစွာမှာ ဇူယွမ်ကိုင်ဆောင်ထားသော အရိုးဖြူတောင်ဝှေးအား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုနေကြသည်။ ယင်းတို့အားလုံးမှာ ဦးနှောက်များ အဓမ္မပြုကျင့်ခံလိုက်ရသကဲ့သို့ မျက်စိရှေ့၌ မြင်တွေ့နေရသော အမှန်တရားအား လက်မခံနိုင် ဖြစ်နေကြရသည်။
ဝမ့်ယွမ်၏အမူအရာမှာ ခက်ထန်သွားရပြီးနောက် အံကိုကြိတ်လျက် ဒေါသထွက်စွာ လှောင်ပြောင်ရယ်မောလိုက်သည်။ "ဟားဟားဟား ဇူယွမ် မင်းငါတို့ကို ငတုံးတွေလို့ ထင်နေတာလား။"
"မင်းတို့ဒီနေရာမှာ တိုက်ကြတာ ဘယ်လောက်မှတောင် မရှိသေးဘူး။ အပေါ့သွားသလောက်တောင် မကြာတဲ့ အချိန်အတွင်းမှာ မင်းကဖန့်ယောင်ကို သတ်လိုက်တယ်လို့ ပြောချင်နေတာလား။"
အခြားလူများမှာလည်း ဝမ့်ယွမ်၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ဤနေရာ၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်မှာ အချိန်အနည်းငယ်မျှသာ ရှိသေး၏။
ဤမျှတိုတောင်းလှသော အချိန်အတွင်း ဖန့်ယောင်အား သတ်ပစ်နိုင်ရန်မှာ ကန်ရွှမ်းကလန်မှ ရွေးချယ်ခံများသာလျှင် ပြုလုပ်နိုင်မည့် အရာဖြစ်သည်။
"ဖန့်ယောင် ထွက်လာခဲ့တော့။ မင်းဘယ်ကိုရောက်နေတာလဲ။" ဝမ့်ယွမ်မှာ ကောင်းကင်ထက်သို့ ပျံဝဲလျက် ပတ်ဝန်းကျင်တစ်ခွင် ကြည့်ရှုစစ်ဆေးလိုက်သည်။
ဇူယွမ်မှာလည်း ကောင်းကင်ထက်တွင် ပျံဝဲလျက် ဝမ့်ယွမ်အား တည်ငြိမ်သောအမူအရာဖြင့်ပင် ကြည့်ရှုနေလျက် ရှိသည်။
ဝမ့်ယွမ်မှာ အော်ဟစ်ရှာဖွေနေရင်းဖြင့် စိတ်နှလုံးများ တစ်စထက်တစ်စ အေးခဲလာရသည်။ ဖန့်ယောင်သာ ဤနေရာတွင် ရှိနေပါက တုံ့ပြန်မှုတစ်ခုခု ပြုလုပ်သင့်ပြီပင် ဖြစ်သည်။
ဝမ့်ယွမ်မှာ ဇူယွမ်လက်ထဲတွင် ရှိနေသော အရိုးဖြူတောင်ဝှေးအား ထပ်မံကြည့်ရှုလိုက်ပြီးနောက် မယုံကြည်နိုင်သော စိတ်ခံစားချက်များစွာ ဖြစ်ပေါ်လာရသည်။ ဇူယွမ်မှာ အမှန်တရားကို ပြောနေခြင်းဖြစ်သည်ဟုလည်း တစ်စထက်တစ်စ ခံစားလာမိသည်။
သို့သော် ဤနေရာ၌ အရိုးဖြူတောင်ဝှေးတစ်ခုမှလွဲ၍ ဖန့်ယောင်၏ အရိုးအရေမျှပင် မကျန်ရစ်ခဲ့ပေ။ ဇူယွမ်သည် ထိုမျှလောက်ထိပင် ကြောက်မက်ဖွယ်ကောင်းသူပေလား။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် အစောပိုင်း၌ ခြောက်ရောင်စဉ်ရေကန်ထံမှ ထွက်ပြေးသွားရပါသနည်း။
လက်ရှိအချိန်၌ ဇူယွမ်မှာ ထိခိုက်ဒဏ်ရာ အနည်းငယ်မျှပင် ရှိမနေပဲ အကောင်းပကတိ အနေအထားဖြင့်သာ ရှိနေသည်။ ယင်းအား ကြည့်ရှုရသည်မှာ တိုက်ခိုက်ထားရသည့်သူနှင့်ပင်မတူပဲ ဂူအောင်းကျင့်ကြံရာမှ ထွက်ခွာလာသည့်သူအလား သပ်ရပ်နေ၏။
ထိုသို့ဆိုလျှင် ဖန့်ယောင်မှာ မည်သို့ပျောက်ဆုံးသွားရပါသနည်း။
ဝမ့်ယွမ်မှာ မေးခွန်းများစွာအား တွေးတောနေရင်းဖြင့် စိတ်နှလုံးအတွင်း ကြောက်ရွံ့မှုများ ကြီးစိုးလာရသည်။ ဇူယွမ်ကိုလည်း မျက်နှာဖုံးစွပ်ထားသော မိစ္ဆာတစ်ကောင်ဟုပင် ထင်မှတ်လာမိ၏။
ဝမ့်ယွမ်မှာ အတွေးများအား လျင်မြန်စွာ ဖြတ်တောက်လိုက်ပြီးနောက် ထိုနေရာမှ တစ်ချိုးတည်းသာ ထွက်ပြေးလိုက်တော့သည်။
ရှေးဟောင်းတောအုပ်အတွင်း ရှိနေကြသော အခြားသူများမှာလည်း ဝမ့်ယွမ်၏ အပြုအမူကြောင့် ဖန့်ယောင် အသတ်ခံရသည်မှာ အမှန်တရားဖြစ်နိုင်သည်ဟု ယူဆလာမိကြတော့သည်။
ထိုသူများမှာ တံထွေးများအားမြိုချလျက် ကြောက်ရွံ့ထိတ်လန့်သော မျက်ဝန်းများဖြင့် ဇူယွမ်အား ငေးမောကြည့်ရှုလိုက်ကြသည်။
ဝမ့်ယွမ်မှာလည်း ထွက်ပြေးနေရင်းမှ တစ်စုံတစ်ခုအား ပြန်လည်သတိရသွားဟန်ဖြင့် နောက်ပြန်လှည့်ကာ စကားဆိုလိုက်သည်။
"မြင့်မြတ်သောနန်းတော်ကလူတွေ ပြန်ဆုတ်ကြ။"
ယခုဆိုလျှင် ဖန့်ယောင်မှာ သေဆုံးသွားပြီဖြစ်သောကြောင့် အခြေအနေများမှာ များစွာကွာဟသွားပြီပင် ဖြစ်သည်။ ဝမ့်ယွမ် မည်မျှပင်ကြိုးစားစေကာမူ အလှပန်းတစ်ရာနန်းတော်နှင့် ကန်ရွှမ်းကလန်တို့အား ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပါချေ။
ထို့ကြောင့် ရတနာသစ်ပင်နှင့် ခြောက်ရောင်စဉ်ရေကန်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ မြင့်မြတ်သောနန်းတော်၏ တပည့်များအား ပြန်လည်ဆုတ်ခွာရန် အမိန့်ပေးလိုက်ရခြင်းပင် ဖြစ်သည်။
မြင့်မြတ်သောနန်းတော်မှ တပည့်များမှာလည်း ဝမ့်ယွမ်၏စကားအား ကြားလိုက်ရသည်နှင့်တကွ အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ချက်ချင်းဆိုသလိုပင် အလင်းအလျင်ကဲ့သို့ ကြောက်လန့်တကြား ထွက်ပြေးကြလေတော့သည်။
ကျင်ကျန်းနှင့် ထန်းရှောင်ယန့်မှာ မြင့်မြတ်သောနန်းတော်မှ တပည့်များအား လိုက်လံသတ်ဖြတ်လိုပါသော်လည်း စိတ်လျှော့ထားလိုက်ကြရသည်။ ယခုအချိန်တွင် အရေးအကြီးဆုံးအရာမှာ ရတနာသစ်ပင်သာ ဖြစ်၏။ ၎င်းတို့သည်သာ မြင့်မြတ်သောနန်းတော်မှ တပည့်များနောက်သို့ လိုက်လံသတ်ဖြတ်မည်ဆိုပါက ဤနေရာသို့ ရောက်ရှိနေကြသော အခြားကလန်များမှ တပည့်များမှာ အကျိုးအမြတ်များ ရရှိသွားလိမ့်မည်ပင် ဖြစ်သည်။
ထို့ကြောင့် ထွက်ပြေးသွားကြသော မြင့်မြတ်သောနန်းတော်မှ တပည့်များအား သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့်သာ လိုက်လံကြည့်ရှုနေရသည်။
အခြားကလန်များမှ တပည့်များမှာလည်း ထွက်ပြေးသွားကြသော မြင့်မြတ်သောနန်းတော်မှ တပည့်များအား ကြည့်ရှုနေရင်းဖြင့် သက်ပြင်းချလိုက်မိကြသည်။ ဤနှစ်များအတွင်း မြင့်မြတ်သောနန်းတော်မှာ မာန်မာနထောင်လွှားလျက် အမြဲတစေ မောက်မာနေခဲ့၏။
ထို့ကြောင့် မြင့်မြတ်သောနန်းတော်အား ယခုကဲ့သို့ မြင်ကွင်းမျိုးဖြင့် မြင်တွေ့ရသည်မှာ အမှန်တကယ် ရှားပါးလွန်းလှသည်။ မြင့်မြတ်သောနန်းတော်အား ဤအခြေအနေမျိုး ရောက်သည်အထိ ပြုလုပ်သွားသူမှာ ဇူယွမ်ဟူသော ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်လေး တစ်ဦးတစ်ယောက်တည်းသာ ဖြစ်၏။
မူလစဦး သတ္တမအဆင့်သာရှိသေးသော ဇူယွမ်မှာ မည်သို့ပြုလုပ်၍ ဖန့်ယောင်အား သတ်ဖြတ်နိုင်ခဲ့သည်ကို မသိရှိပါသော်လည်း ယနေ့အဖြစ်အပျက်မှစ၍ ၎င်း၏အမည်နာမမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ တစ်ခွင်လုံးသို့ ပျံ့နှံ့ရောက်ရှိသွားတော့မည်ပင် ဖြစ်လေသည်။
ဇူယွမ်မှာ တည်ငြိမ်သောအမူအရာဖြင့်ပင် ထန်းရှောင်ယန့်နှင့် ကျင်ကျန်းအနီးသို့ ပျံဝဲလာလိုက်သည်။
"တပည့်ခေါင်းဆောင် ဇူယွမ် ဖန့်ယောင်က တကယ်သေသွားတာလား။" ထန်းရှောင်ယန့်မှာ ဇူယွမ်ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသောအခါ၌ ကူကယ်ရာမဲ့စွာဖြင့် လျင်မြန်စွာပင် မေးမြန်းလိုက်သည်။
ဇူယွမ်မှ ခပ်ဖွဖွပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ "ငါစွမ်းအင်တွေကို မထိန်းလိုက်နိုင်ဘူး။ အဲ့ဒါကြောင့် အလောင်းတောင်မကျန်ဘူး ဖြစ်သွားတာ။"
ထန်းရှောင်ယန့်မှာ မျက်လုံးဝိုင်းလေးများဖြင့် ဇူယွမ်အား အံ့အားသင့်စွာ ငေးမောကြည့်ရှုလိုက်မိသည်။ အချိန်အတော်ကြာသည်ထိ မျက်တောင်ပင်မခတ်ပဲ ငေးမောကြည့်ရှုနေမိပြီးသည့်နောက် သတိပြန်ဝင်လာကာ ရှက်ရွံ့ဟန်ဖြင့် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "တပည့်ခေါင်းဆောင် ဇူယွမ်က တကယ်တော်တာပဲ။"
ထိုအချိန်မှာပင် အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများမှာလည်း ထန်းရှောင်ယန့်အနီးသို့ ရောက်ရှိလာကြလေသည်။ ထိုမိန်းမငယ်လေးများ၏ရှေ့ဆုံးတွင်ရှိနေသော လုလျိုမှာ လင်းလက်တောက်ပနေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ချီးကျူးစကားဆိုလိုက်သည်။ "ဇူယွမ် နင်ဘယ်တုန်းက ဒီလောက်ထိ တော်သွားတာလဲ။ အရမ်းမိုက်တာပဲ သိလား။"
ဖန့်ယောင်မှာ အလွန်ပင် စွမ်းအားကြီးလှပြီး စီနီယာအမတော် ရှောင်ယန့်ပင် မတိုက်ခိုက်နိုင်သောသူမျိုးဖြစ်သည်။ သို့သော် ၎င်းသည် ဇူယွမ်၏လက်ထဲ၌ ရုပ်အလောင်းပင် မကျန်ရစ်ရသည်အထိ ပျက်စီးသွားရလေသည်။ သူမသည် ဇူယွမ်၏ တိုက်ပွဲစွမ်းရည်အပေါ် အမှန်တကယ် အံ့အားသင့်မိရခြင်းပင် ဖြစ်၏။
ဇူယွမ်အား လုလျိုအား ရယ်ပြလိုက်ပြီးနောက် အခြားသူများအားကြည့်ကာ စကားဆိုလိုက်သည်။ "ခြောက်ရောင်စဉ်ရေကန်ကို သွားကြရအောင်။"
ယခုဆိုလျှင် မြင့်မြတ်သောနန်းတော်မှာ ဆုတ်ခွာထွက်ပြေးသွားပြီဖြစ်သောကြောင့် ရတနာသစ်ပင်အား ကောင်းမွန်စွာ ခွဲဝေရယူနိုင်တော့မည် ဖြစ်သည်။
ခြောက်ရောင်စဉ်ရေကန်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများမှာ ကျောက်ရူအား ရေပြင်အတွင်းမှ ဆယ်ထုတ်လိုက်ကြသည်။ ကျောက်ရူသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားသော်လည်း အနည်းငယ်မျှ ပြုစုကုသလိုက်ပြီးနောက်တွင် သတိပြန်လည်လာလေသည်။
ကျောက်ရူမှာ ရှက်ရွံ့လွန်းလှသဖြင့် ဇူယွမ်နှင့် အကြည့်ချင်းပင် မဆုံရဲပါချေ။ အစောပိုင်း၌ပင် တပည့်တစ်ဦးမှာ သူမအား ပြုစုပေးနေရင်းဖြင့် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအား ရှင်းပြပြောဆိုထားသောကြောင့်ပင် ဖြစ်သည်။
ဇူယွမ်ကြောင့်သာ မဟုတ်ပါက ယခုအချိန်၌ အလှပန်းတစ်ရာနန်းတော်အုပ်စုသည်ပင် ပျက်စီးသွားလောက်ပြီ ဖြစ်၏။
ကျောက်ရူမှာ တပည့်တစ်ဦး၏ အကူအညီဖြင့် မတ်တပ်ရပ်လိုက်ပြီးနောက် သတ္တိများကိုစုစည်းကာ ဇူယွမ်အား စကားဆိုလိုက်သည်။ "တပည့်ခေါင်းဆောင် ဇူယွမ် ငါကတကယ် ရူးမိုက်တဲ့သူပါပဲ။"
ဇူယွမ်မှာ လက်ကိုသာခါယမ်းပြလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ ကျောက်ရူအပေါ် အေးစက်စက်ဖြစ်နေဆဲသာ ဖြစ်၏။
ကျောက်ရူမှာလည်း ဇူယွမ်၏ အပြုအမူအား နားလည်နေသောကြောင့် မည်သည့်စကားမှ ထပ်မံပြောဆိုခြင်း မပြုတော့ပဲ ရှက်ရွံ့စွာဖြင့်သာ အနောက်သို့ ဆုတ်သွားလိုက်သည်။
ဇူယွမ်မှာ ရတနာသစ်ပင်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ထန်းရှောင်ယန့်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "အခုအချိန်က ငါတို့ဝေစုခွဲရမယ့်အချိန်ပဲ။"
ကန်ရွှမ်းကလန်နှင့် အလှပန်းတစ်ရာနန်းတော်မှ တပည့်များမှာ ဇူယွမ်၏စကားကြောင့် အလွန်ပင် ပျော်ရွှင်သွားကြရသည်။ ဤအချိန်သည် ၎င်းတို့အားလုံး မျှော်လင့်စောင့်ဆိုင်းနေခဲ့ရသော အချိန်ပင် ဖြစ်သည်။
၎င်းတို့သည်သာမက တပည့်ခေါင်းဆောင်များဖြစ်ကြသော ထန်းရှောင်ယန့်နှင့် ကျင်ကျန်းတို့သည်ပင် မျက်ဝန်းများ၌ စိတ်လှုပ်ရှားသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားရလေတော့သတည်း။