ဆုလာဘ်
Vol. 43 Ch. 592
ခြောက်ရောင်စဉ်ရေကန်၏ မျက်နှာပြင်ထက်၌
ဇူယွမ်၊ ကျင်ကျန်း၊ ထန်းရှောင်ယန့်နှင့် တပည့်များအားလုံးမှာ ရတနာသစ်ပင်အနီးတဝိုက်တွင် စုစည်းနေလျက် ရှိသည်။ ၎င်းတို့အားလုံးမှာ လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် ရတနာသစ်ပင်၏ အကိုင်းအခက်များ၌ ဝေဆာနေသော နတ်ဘုံခန်းဝါရတနာသစ်သီးများအား ငေးမောကြည့်ရှုနေကြသည်။
ကျင်ကျန်းမှာ ထိုသစ်သီးများအား စနစ်တကျ ရေတွက်လိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ရောင်စဉ်ငါးသွယ်ရတနာ လေးခု၊ ရောင်စဉ်လေးသွယ်ရတနာ ခုနစ်ခုနဲ့ ရောင်စဉ်သုံးသွယ်ရတနာ သုံးဆယ့်ရှစ်ခု ရှိတယ်။"
ဇူယွမ်မှာ များပြားလှသော ရတနာအရေအတွက်အား အံ့အားသင့်သွားဟန်ဖြင့် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်မိသည်။ ယခုအချိန်ထိ ကန်ရွှမ်းကလန်အုပ်စုနှင့် တပည့်ခေါင်းဆောင်များဖြစ်သော သူနှင့်ကျင်ကျန်းသည်သာ ရောင်စဉ်လေးသွယ်ရတနာတစ်ခုစီ ရရှိထားခြင်း ဖြစ်သည်။
တပည့်များတွင်မူ အလွန်စွမ်းရည်ပြည့်ဝသော တပည့်အနည်းငယ်ကသာ ရောင်စဉ်သုံးသွယ်ရတနာအား ရရှိနိုင်ခဲ့ပြီး အများစုမှာ ရောင်စဉ်နှစ်သွယ်ရတနာကိုသာ ရရှိထားကြခြင်း ဖြစ်သည်။
ထိုသည်ကို ကြည့်ရုံမျှနှင့်ပင် နတ်ဘုံခန်းဝါရတနာတစ်ခု ပေါ်ပေါက်လာရန်မှာ မည်မျှခက်ခဲလှကြောင်း သိရှိနိုင်ပေသည်။ ထို့ကြောင့် ဤရတနာသစ်ပင်ပေါ်တွင် နတ်ဘုံခန်းဝါရတနာ အများအပြား ရှိနေသည်ကို သိရှိလိုက်ရသောအခါ၌ ဇူယွမ်မှာ အံ့အားသင့်သွားရခြင်း ဖြစ်သည်။
"တကယ်ကို ရတနာတွေ ပေါများတဲ့နေရာပဲ။" ဇူယွမ်မှ သက်ပြင်းချကာ ရေရွတ်လိုက်သည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း၌ နတ်ဘုံခန်းဝါရတနာအား အမြန်ဆုံး ရရှိစေနိုင်မည့်နည်းလမ်းမှာ ယခုကဲ့သို့ အလိုအလျောက် ရတနာဖြစ်တည်နေသော နေရာများအား ရှာဖွေရန်ပင်ဖြစ်သည်ဟု ဇူယွမ်မှ ကောင်းစွာသိရှိနားလည်သွားရသည်။
သန့်စင်သော ရှန်းဟွချန်ယင်းအဆီအနှစ်များကိုသာ လိုက်လံရှာဖွေနေပါက ၎င်းတို့၏ နတ်ဘုံခန်းဝါရတနာမှာလည်း အဆင့်တစ်ခုတက်ရန်အတွက် အလွန်နှေးကွေးနေလိမ့်မည်ပင် ဖြစ်သည်။
"ရောင်စဉ်ခုနစ်သွယ်ရတနာရဖို့ဆိုရင် ဒီလိုနေရာမျိုးတွေကိုပဲ ဆက်ပြီးရှာရမယ်ထင်တယ်။" ဇူယွမ်မှာ စိတ်နှလုံးထဲမှ တိုးညင်းစွာ ရေရွတ်လိုက်မိသည်။
ကျင်ကျန်းမှ ဇူယွမ်အားကြည့်ကာ မေးမြန်းလိုက်သည်။ "ငါတို့ဘယ်လို ဝေစုခွဲကြမလဲ။"
ထန်းရှောင်ယန့်မှာလည်း ရတနာသစ်ပင်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ခပ်ဖွဖွပြုံး၍ စကားဆိုလိုက်သည်။ "တပည့်ခေါင်းဆောင် ဇူယွမ် ဒီရတနာသစ်ပင်ကိုရဖို့ ရှင်ကကြိုးစားခဲ့ရဆုံးသူပဲ။ အဲ့ဒါကြောင့် ဝေစုတွေကိုလည်း ရှင်ပဲခွဲတမ်းချပေးပါ။"
ထန်းရှောင်ယန့်သည် ဆင်ခြင်သုံးသပ်နိုင်စွမ်း မြင့်မားသူတစ်ယောက်ဖြစ်သောကြောင့် ယခုအချိန်၌ အသိဉာဏ်မဲ့သော မည်သည့်လုပ်ရပ်မျိုးကိုမှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။
နှိုင်းယှဉ်ကြည့်ရမည်ဆိုပါက ထန်းရှောင်ယန့်သည် ကျောက်ရူထက် အဆပေါင်းများစွာ တွေးတောတက်သူတစ်ဦးပင် ဖြစ်သည်။ ထို့အပြင် သူမသည် သဘောကောင်းကာ ကြင်နာနွေးထွေးတက်သူလည်း ဖြစ်၏။ ထို့အတွက်ကြောင့် အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများသည်ပင် သူမအနီး၌ ပို၍သက်တောင့်သက်သာ ရှိကြလေသည်။ ဇူယွမ်သည်ပင် သူမအား ကျောက်ရူထက်ပို၍ ခင်မင်ရင်းနှီးပေသည်။
ဇူယွမ်မှာ ထန်းရှောင်ယန့်၏ ဝေစုခွဲတမ်းချပေးရန် တောင်းဆိုမှုအပေါ် ငြင်းပယ်ခြင်းမရှိပါချေ။ မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန်၌ ဇူယွမ်မှာ ကန်ရွှမ်းကလန်မှ အုပ်စုနှစ်ခုအား ဦးဆောင်နေရသော တပည့်ခေါင်းဆောင်တစ်ဦးပင် ဖြစ်သည်။ ဤနေရာသို့ လာရောက်ခဲ့ခြင်းကြောင့် သာမန်တပည့်ပေါင်းများစွာမှာ ၎င်းတို့၏အသက်ကိုပင်စွန့်စားလျက် လိုက်ပါလာခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ယင်းတပည့်များ မျှတစွာ ဝေစုရရှိရန်မှာ သူ၏တာဝန်ပင် ဖြစ်သည်။
ဇူယွမ်မှာ ရတနာသစ်ပင်အား အချိန်အနည်းငယ်မျှ ငေးမောကြည့်ရှုနေပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ကျွန်တော်တို့က ရောင်စဉ်ငါးသွယ်ရတနာသုံးခုကို ယူမယ်။ နောက်ဆုံးတစ်ခုကိုတော့ တပည့်ခေါင်းဆောင် ထန်းရှောင်ယန့်ကယူလိုက်ပါ။ အဲ့လိုဆိုရင်ရော ဘယ်လိုသဘောရလဲ။"
အလှပန်းတစ်ရာနန်းတော်၌ တပည့်ခေါင်းဆောင် နှစ်ဦးရှိနေခြင်းဖြစ်ပါသော်လည်း ကျောက်ရူမှာ တိုက်ပွဲအတွင်း မည်သည့်လုပ်ဆောင်ချက်ကိုမှ ပါဝင်လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ဇူယွမ်မှာ သူမသည် ရောင်စဉ်ငါးသွယ်ရတနာနှင့် ထိုက်တန်ခြင်းမရှိဟု ယူဆလိုက်ခြင်း ဖြစ်သည်။
ထန်းရှောင်ယန့်မှာ နှုတ်ခမ်းသားလေးအားဖိကိုက်လျက် အချိန်ကြာမြင့်စွာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ခေါင်းညိတ်သဘောတူလိုက်သည်။
ထန်းရှောင်ယန့်သည်လည်း ကျောက်ရူသည် ဇူယွမ်အပေါ် မည်မျှပင် ဆိုးရွားစွာ ဆက်ဆံခဲ့ကြောင်း ကောင်းစွာသိရှိထားပေသည်။ ထို့အပြင် အဓိကအကြောင်းအရင်းမှာ ကျောက်ရူသည် တိုက်ပွဲအစမှအဆုံးထိ အနည်းငယ်မျှပင် ပါဝင်တိုက်ခိုက်ခဲ့ခြင်း မရှိပါချေ။ ထို့ကြောင့် ဇူယွမ်၏ ဆုံးဖြတ်ချက်မှာ မျှတမှန်ကန်သောအရာပင် ဖြစ်သည်။
သို့သော် ထန်းရှောင်ယန့်မှာ အဘယ့်ကြောင့် ရောင်စဉ်ငါးသွယ်ရတနာတစ်ခုအား အလှပန်းတစ်ရာနန်းတော်သို့ မပေးအပ်သည်ကို နားမလည်နိုင် ဖြစ်နေမိ၏။
ဇူယွမ်မှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။ ထန်းရှောင်ယန့်သည်သာ သူ၏ဆုံးဖြတ်ချက်အား လက်ခံခြင်းမရှိပါ ပြဿနာများ ဆက်လက်ဖြစ်ပွားနေရမည်ပင် ဖြစ်သည်။
"ရောင်စဉ်လေးသွယ် ရတနာကတော့ ကန်ရွှမ်းကလန်က လေးခုယူမယ်။ အလှပန်းတစ်ရာနန်းတော်က သုံးခုယူပါ။"
"ရောင်စဉ်သုံးသွယ်ရတနာကတော့ သုံးဆယ့်ရှစ်ခုရှိတယ်။ ကျွန်တော်တို့ ကန်ရွှမ်းကလန်က အခုနှစ်ဆယ် ယူမယ်။ အလှပန်းတစ်ရာနန်းတော်ကိုတော့ ဆယ့်ရှစ်ခု ပေးပါ့မယ်။"
"နောက်ဆုံးခွဲရမှာကတော့ ခြောက်ရောင်စဉ်ရေကန်ပေါ့။ အဲ့တာကိုတော့ ကျွန်တော်တို့ ကန်ရွှမ်းကလန်က ခြောက်ဆယ်ရာခိုင်နှုန်းယူပြီး အလှပန်းတစ်ရာနန်းတော်ကို လေးဆယ်ရာခိုင်နှုန်း ပေးပါ့မယ်။" ဇူယွမ်မှာ ဝေစုများကို အပြီးသတ် ခွဲဝေပေးလိုက်သည်။
ထန်းရှောင်ယန့်မှာ ဝေစုခွဲတမ်းများအား လျင်မြန်စွာပင် တွက်ချက်လိုက်ပြီးနောက် နီထွေးသောနှုတ်ခမ်းပါးထက်၌ ကျေနပ်အားရသော အပြုံးလေးတစ်ခု တွဲလဲခိုသွားသည်။ သူမသည် လင်းလက်တောက်ပနေသော မျက်ဝန်းများဖြင့် ချိုသာစွာ စကားဆိုလိုက်သည်။ "ကျွန်မတို့ အလှပန်းတစ်ရာနန်းတော်ကို ဝေစုကောင်းကောင်း ပေးတဲ့အတွက် တပည့်ခေါင်းဆောင် ဇူယွမ်ကို ကျေးဇူးတင်ပါတယ်။"
ထန်းရှောင်ယန့်သည် လျင်မြန်စွာ တွက်ချက်ကြည့်လိုက်ပြီးနောက် ဇူယွမ်မှာ အလှပန်းတစ်ရာနန်းတော်အား ကောင်းမွန်သော ဝေစုခွဲတမ်းပေးထားသည်ကို သိရှိသွားရသည်။ ထို့ကြောင့် ကျေနပ်ပျော်ရွှင်နေမိခြင်းပင် ဖြစ်၏။
ဇူယွမ်ပေးအပ်သော ဝေစုခွဲတမ်းမှာ လေးဆယ်ရာခိုင်နှုန်းခန့်ပင် ရှိလေသည်။ အကယ်၍ ဖန်ယောင်သာဆိုပါက အလှပန်းတစ်ရာနန်းတော်အား ဝေစုခွဲတမ်း ဆယ်ရာခိုင်နှုန်းကျော်မျှသာ ပေးအပ်လိမ့်မည် ဖြစ်သည်။
ဇူယွမ်မှာ ထန်းရှောင်ယန့်အား ပြုံးပြလိုက်ပြီးနောက် ကျင်ကျန်းနှင့် အကြည့်ချင်းဖလှယ်လိုက်မိသည်။ ထို့နောက် နှစ်ဦးလုံး တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်ကြ၏။ ထန်းရှောင်ယန့်မှာ နွေးထွေးကြင်နာပါသော်လည်း အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများအတွက် ခေါင်းဆောင်ကောင်းတစ်ယောက်ပင် ဖြစ်သည်။ ထို့ကြောင့် အလှပန်းတစ်ရာနန်းတော်အား မတရားဆက်ဆံနေသည်ဟု ခံစားမိပါက သူမပြဿနာရှာလိမ့်မည်မှာ သေချာပေသည်။ ကံကောင်းထောက်မစွာဖြင့် ဇူယွမ်မှာ ဝေစုခွဲတမ်းအား မျှတမှန်ကန်စွာ ချမှတ်ပေးနိုင်ခဲ့သည်။
"ကျွန်တော်တို့ သဘောတူညီချက် ရပြီဆိုတော့ အသီးတွေ ခူးလိုက်ကြရအောင်။" ဇူယွမ်မှ စကားဆိုလိုက်သည်။
ထန်းရှောင်ယန့်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် အရှေ့သို့တိုးကာ ချီစွမ်းအင်အမျှင်တန်းများအား ထုတ်လွှတ်၍ ရတနာသစ်သီးများအား ခူးဆွတ်လိုက်သည်။ ထို့နောက် ယင်းသစ်သီးများအား ဇူယွမ်ရှေ့သို့ စုပုံပေးလိုက်၏။
ဇူယွမ်မှာ ရောင်စဉ်ငါးသွယ်ရတနာနှစ်ခုအား ရယူလိုက်ပြီးနောက် ထန်းရှောင်ယန့်နှင့် ကျင်ကျန်းတို့အား ပေးအပ်လိုက်သည်။ ၎င်းတို့မှာ ပျော်ရွှင်လွန်းလှသဖြင့် ပါးစပ်ပင်မစိနိုင်အောင် ပြုံးရယ်နေမိလေသည်။
"ရောင်စဉ်ငါးသွယ်ရတနာပဲ..." ကျင်ကျန်းမှာ အလွန်ပင် ပျော်ရွှင်သွားရသည်။ ယင်းကဲ့သို့ တပည့်ခေါင်းဆောင် တစ်ဦးအတွက်ပင် ရောင်စဉ်ငါးသွယ်ရတနာမှာ ရှားပါးလှသော အရာဖြစ်သည်။ ထိုရောင်စဉ်ငါးသွယ် ရတနာဖြင့်သာဆိုပါက နောင်တစ်ချိန် နတ်ဘုံခန်းဝါအဆင့်သို့ တက်ရောက်သောအခါတွင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ငါးခုအား ဖွင့်လှစ်နိုင်တော့မည်ပင် ဖြစ်လေသည်။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ဝင်ရောက်ခဲ့ရသော သူ၏ရည်ရွယ်ချက်များမှာ ပြည့်မြောက်သွားရပြီပင် ဖြစ်သည်။
"ကြည့်ရတာ တပည့်ခေါင်းဆောင် ဇူယွမ်နောက်ကိုသာလိုက်ရင် ကျွန်မတို့အကုန်လုံး အမြဲအဆင်ပြေနေမယ် ထင်တယ်။ ရွေးချယ်ခံတွေနဲ့ မတွေ့ရမချင်းကတော့ ဘယ်တပည့်ခေါင်းဆောင်ကမှ ကျွန်မတို့ရဲ့ တပည့်ခေါင်းဆောင် ဇူယွမ်ကို ယှဉ်နိုင်မှာမဟုတ်ဘူး။" ထန်းရှောင်ယန့်မှာ ဇူယွမ်အားကြည့်လျက် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
ထန်းရှောင်ယန့်မှာ အမှန်တရားအား ဆိုလိုနေခြင်းပင် ဖြစ်သည်။ ဇူယွမ် တိုက်ခိုက်ခဲ့သော ဖန့်ယောင်မှာ မြင့်မြတ်သောနန်းတော်၏ တတိယမြောက် အထူးချွန်ဆုံး တပည့်ခေါင်းဆောင်ဖြစ်ပါသော်လည်း နင်မော့၏ ရုပ်အလောင်းထံမှ အသွေးအသားများ စုပ်ယူစားသုံးပြီးနောက်တွင် အဆမတန် စွမ်းအင်မြင့်တက်သွားလေသည်။ ထို့ကြောင့် ယင်းအချိန်၌ ဖန့်ယောင်၏စွမ်းအင်မှာ မြင့်မြတ်သောနန်းတော်၏ ပထမ အထူးချွန်ဆုံး တပည့်ခေါင်းဆောင်တစ်ယောက်အလားပင် ပြင်းထန်သွားရသည်။
သို့သော် ထိုသို့သော အခြေအနေမျိုး၌ပင် ဖန့်ယောင်မှာ ဇူယွမ်၏လက်ချက်ဖြင့် အလောင်းပင်မကျန်အောင် ဖျက်စီးခံခဲ့ရလေသည်။ ထိုအဖြစ်အပျက်အား ကြည့်ရှုခြင်းဖြင့်ပင် ဇူယွမ်၏ တိုက်ပွဲစွမ်းရည်အား လွယ်ကူစွာ ခန့်မှန်းနိုင်ပေသည်။
ထို့ကြောင့် ဇူယွမ်မှာ ရွေးချယ်ခံအဆင့်ရှိသူနှင့် မတွေ့ဆုံသမျှ ကာလပတ်လုံး ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း အလိုရှိသလို သွားရောက်နိုင်မည်ပင် ဖြစ်သည်။
ဇူယွမ်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် ရောင်စဉ်ငါးသွယ်ရတနာနှစ်ခုအား ဆုပ်ကိုင်ကာ စကားဆိုလိုက်သည်။ "ဒီနှစ်ခုကိုတော့ ကျွန်တော်ယူမယ်။"
ကျင်ကျန်းမှာ ထိုကိစ္စနှင့်ပက်သက်၍ အနည်းငယ်မျှပင် ကန့်ကွက်ခြင်း မရှိပေ။ တိုက်ပွဲအတွင်း ဇူယွမ်ဆောင်ရွက်ခဲ့သော လုပ်ဆောင်ချက်များနှင့် နှိုင်းယှဉ်ကြည့်ပါက ရောင်စဉ်ငါးသွယ် ရတနာနှစ်ခု ရယူခြင်းမှာ ဖြစ်သင့်သောကိစ္စပင် ဖြစ်သည်။
"ကျန်တဲ့ နတ်ဘုံခန်းဝါ ရတနာတွေကိုတော့ တပည့်တွေကို လုပ်ဆောက်ချက်အလိုက် ခွဲဝေပေးလိုက်ပါ။" ဇူယွမ်မှာ ရတနာများအား ထန်းရှောင်ယန့်နှင့် ကျင်ကျန်းတို့အားပေးအပ်ကာ စကားဆိုလိုက်သည်။
ကျင်ကျန်းနှင့် ထန်းရှောင်ယန့်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် တပည့်များအား ခွဲဝေပေးအပ်လိုက်သည်။
ဤသို့ဖြင့် ရတနာသစ်သီးများ မရှိတော့သည့် ရှေးဟောင်းသစ်ပင်ကြီးမှာ တစ်စထက်တစ်စ အရောင်အဝါများ ပိုမိုမှေးမှိန်လာပြီးနောက် အဆုံးတွင်မူ ခြောက်ရောင်စဉ်ရေကန်အတွင်းသို့ အရည်ပျော်ကျကာ ပြန်လည်ပျောက်ကွယ်သွားတော့သည်။
ရှေးဟောင်းသစ်ပင်ကြီးမှာ နတ်ဘုံခန်းဝါ ရတနာများ ကုန်ဆုံးသွားသည့်အတွက် အသက်ဓာတ်များ ကုန်ခမ်းသွားရခြင်းပင် ဖြစ်သည်။ သစ်ပင်ကြီး ပျောက်ကွယ်သွားပြီးသည့်နောက် ခြောက်ရောင်စဉ်ရေကန်အတွင်းမှ ထွက်ပေါ်နေသော ထူးခြားဆန်းကြယ်လှသည့် စွမ်းအင်ဖိအားမှာလည်း ဖြည်းညင်းစွာ လျော့ပါးလာရသည်။ ယခုဆိုလျှင် ရောင်စဉ်လေးသွယ် ရတနာမရှိသော သာမန်တပည့်များသည်ပင် ရေကန်အတွင်းသို့ ဝင်ရောက်နိုင်ပြီပင် ဖြစ်သည်။
"ခြောက်ရောင်စဉ်ရေကန်ကိုတော့ ခုနက ကျွန်တော်တို့ သဘောတူထားတဲ့အတိုင်း ခွဲဝေကြတာပေါ့။ ကလန်နှစ်ခုလုံးက တပည့်တွေကို တစ်ချိန်တည်းမှာ ယူခိုင်းလိုက်ပါ။" ဇူယွမ်မှ စကားဆိုလိုက်သည်။
ထန်းရှောင်ယန့်မှာ တိုးညင်းသောအသံဖြင့် ပြောလိုက်၏။ "တပည့်ခေါင်းဆောင် ဇူယွမ် ဒီနေရာမှာ တခြားကလန်က လူတွေလည်းရှိနေတယ်။"
ဇူယွမ်မှာ ပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးလိုက်သည်။ ခြောက်ရောင်စဉ်ရေကန်အတွင်းမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများ ပျောက်ကွယ်သွားပြီးသည့်နောက် တခြားကလန်များမှ တပည့်များမှာလည်း ရေပြင်အား လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် တပ်မက်စွာ ကြည့်ရှုနေကြပြီပင် ဖြစ်သည်။
"သူတို့ကို မောင်းထုတ်လိုက်ရမလား။" ကျင်ကျန်းမှ ဇူယွမ်အားကြည့်ကာ မေးလိုက်သည်။
ဇူယွမ်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "ပင်ပန်းတာပေါ့။ ကန်ရဲ့ထောင့်တစ်နေရာလောက်ကို သူတို့အတွက် ပိုင်းပေးလိုက်။ အဲ့နေရာက ရေတွေကို သူတို့ဘာသာ အလိုရှိသလို ခွဲနိုင်တယ်။ သူတို့ဘာသာ သတ်ချင်သတ် ဖြတ်ချင်ဖြတ်ပစေ။ ငါတို့ဝေစုကိုတော့ လာမထိနဲ့လို့ပြောထားလိုက်။ ငါတို့စကားကို သူတို့ပျော်ပျော်ကြီး နာခံလိမ့်မယ်ဆိုတာ သေချာတယ်။"
ထန်းရှောင်ယန့်မှာ အကြံကောင်းလှသော ဇူယွမ်၏ညွှန်ကြားချက်ကြောင့် စိတ်ကျေနပ်သွားရသည်။ ဇူယွမ်၏ ညွှန်ကြားချက်မှာ အလုပ်ရှုပ်သက်သာလှသလို ပြဿနာများကိုလည်း ငြိမ်းစေ၏။
ဇူယွမ်မှာ ရှေးဟောင်းသစ်ပင်ကြီး အရည်ပျော်သွားသော နေရာကိုသာ အာရုံစူးစိုက်၍ ငေးမောကြည့်ရှုနေမိသည်။ အခြားသူများမှာ သစ်ပင်ကြီး ပျောက်ကွယ်သွားပြီဟု ထင်မှတ်နေပါသော်လည်း ဇူယွမ်မှာမူ အနက်ဖော်သူတော်စင်မှော်စာလုံးကြောင့် တစ်စုံတစ်ခုအား အာရုံခံနေမိသည်။
"ဒီနေရာမှာ တခြားထူးခြားတာတစ်ခုခု ရှိနေသေးတာလား...."
ဇူယွမ်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ခြောက်ရောင်စဉ်ရေကန်အတွင်းသို့ ခုန်ချလိုက်တော့သည်။ မည်သည့်ထူးခြားမှုပင် ဖြစ်နေပါစေ ဦးစွာပထမ လေ့လာကြည့်ရှုရမည်ပင် မဟုတ်ပါလော....