← Chapters

ရေကန်၏အောက်ခြေ

Vol. 43 Ch. 593

ရေကန်၏အောက်ခြေ

Vol. 43 Ch. 593

ခြောက်ရောင်စဉ်ရေကန်၏ အတွင်းပိုင်း၌

ရွှေရောင်အလင်းမှုန်များ ပြည့်နှက်နေသောကြောင့် ရေကန်အတွင်းရှိ အရာအားလုံးမှာ ဝေဝါးနေသယောင် ထင်မြင်ရသည်။ ဇူယွမ်မှာ ရေပြင်အောက်ရှိ ပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးနေလျက် ရှိသည်။

ရေပြင်အတွင်း မည်သည့်သက်ရှိမှ တည်ရှိနေခြင်းမရှိပဲ အသက်ဓာတ်ကင်းမဲ့နေလေသည်။ အတိတ်ကာလများ၌ ဤရေကန်အတွင်းတွင် ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးကြီး တစ်ကောင်တည်းသာ နေထိုင်ခဲ့ပုံ ရသည်။

ဇူယွမ်မှာ ရေကန်၏ အနက်ရှိုင်းဆုံးနေရာ၌ တစ်စုံတစ်ခု ရှိနေလိမ့်မည်ဟု အာရုံခံနေမိသည်။ ထို့ကြောင့် ရေကန်အောက်ခြေတွင် တစ်မျိုးတစ်မည်သော လျှိူ့ဝှက်ချက်ရှိနေမည်လားဟု စူးစမ်းချင်လာမိ၏။

သို့သော် ရေကန်၏ အနက်ပိုင်းသို့ ရောက်ရှိလာပါသော်လည်း ယခုအချိန်ထိ မည်သည့်ထူးခြားမှုမှ ကောင်းစွာသတိပြုမိခြင်း မရှိသေးချေ။

မည်သို့ပင်ဆိုစေကာမူ ရတနာသစ်ပင်ကြီး ပျောက်ကွယ်သွားသောအခါ၌ အနက်ဖော်သူတော်စင်မှော်စာလုံးထံမှ တုန်ခါမှုအား ခံစားလိုက်ရသည်မှာ တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ပေ။

"စိတ်ဝိဉာဉ်စွမ်းအင်နဲ့တောင် ဘာမှရှာမရပါလား။" ဇူယွမ်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် အနက်ဖော်သူတော်စင်မှော်စာလုံးအား အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

"အနက်ဖော်သူတော်စင်မှော်စာလုံး...."

နှလုံးသားထဲမှ အော်ဟစ်သံနှင့်အတူ အနက်ဖော်သူတော်စင်မှော်စာလုံးမှာ ဇူယွမ်၏ မျက်ခုံးအကြားမှ လင်းလက်တောက်ပလာပြီးနောက် ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာ ပြောင်းလဲသွားရသည်။

မြင်ကွင်းအား ဝေဝါးနေစေသော ရွှေရောင်အလင်းမှုန်များ ပျောက်ကွယ်သွားကာ အရာအားလုံးမှာ ရှင်းလင်းထင်ရှားလာလေသည်။

ဇူယွမ်မှာ ပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးနေရင်းဖြင့် ရေကန်အတွင်းပိုင်းဆီသို့ ကူးခက်သွားလိုက်သည်။

ထိုသို့ကူးခက်နေရင်းမှ ရေကန်အောက်ခြေရှိ နေရာတစ်ခုအား သတိထားလိုက်မိသောအခါ၌ ဇူယွမ်၏လှုပ်ရှားမှုများ ရပ်တန့်သွားရသည်။ အနက်ဖော်သူတော်စင်မှော်စာလုံး၏ အကူအညီဖြင့် ထိုနေရာ၌ အလွန်မှေးမှိန်သော စွမ်းအင်လှိုင်းတစ်မျိုး ထွက်ပေါ်နေသည်ကို တွေ့ရှိလိုက်ရသောကြောင့်ပင် ဖြစ်သည်။

ဇူယွမ်မှာ စိတ်နှလုံးများပင် တုန်လှုပ်သွားရ၏။ ဤရေကန်အတွင်း အမှန်တကယ်ပင် လျှို့ဝှက်ချက်အချို့ ရှိနေဟန်တူသည်။

မည်သို့ပင်ဆိုစေကာမူ ယင်းလျှို့ဝှက်ချက်မှာ စင်စစ်အားဖြင့် မည်သို့မျှ မတွေ့မြင်နိုင်အောင် ဖုံးကွယ်ထားဟန် ရှိသည်။ အနက်ဖော်သူတော်စင်မှော်စာလုံး၏ အကူအညီကြောင့်သာ မဟုတ်ပါက ဇူယွမ်မှာ ရေကန်တစ်ခုလုံးအား မည်မျှပင် ရှာဖွေစေပါမူ မည်သည့်အရာမှ တွေ့ရှိနိုင်လိမ့်မည် မဟုတ်ပေ။

ထိုအချက်မှာ ဇူယွမ်အား ပို၍ပင် စိတ်ဝင်စားစေသည်။ ခြောက်ရောင်စဉ်ရေကန်၏ အနက်ရှိုင်းဆုံးနေရာ၌ ဖုံးကွယ်ထားသောအရာမှာ မည်သို့သော လျှို့ဝှက်ချက်မျိုး ဖြစ်နေလိမ့်မည်နည်း.....

ဇူယွမ်မှာ ရေပြင်အောက်ခြေသို့ ဆင်းသက်ကာ ရွှေရောင်ချီစွမ်းအင် အမျှင်တန်းတစ်ခုအား ထုတ်လွှတ်လိုက်သည်။ ရွှံ့နွံများ ရှင်းလင်းသွားပါသော်လည်း မည်သည့်အရာကိုမှ တွေ့ရှိရခြင်းမရှိသောကြောင့် ဇူယွမ်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။

အနက်ဖော်သူတော်စင်မှော်စာလုံးသည်လည်း မှားယွင်းစွာ အာရုံခံမိတက်ပါသလော.....

ဇူယွမ်မှာ စိတ်ရှုပ်ထွေးစွာဖြင့် ထိုနေရာအား အချိန်ကြာမြင့်စွာ ငေးမောကြည့်ရှုနေမိသည်။ ထို့နောက် ရုတ်တရက်ဆိုသလို ယင်းနေရာ၌ သေးငယ်သောလှုပ်ရှားမှုတစ်ခုအား မြင်တွေ့လိုက်ရသလို ထင်မြင်လိုက်မိ၏။

ဇူယွမ်၏ မျက်ဝန်းများတွင် အတွေးပုံရိပ်များစွာ ဖြတ်ပြေးသွားရသည်။ ရေပြင်အောက်ခြေ၌ နယ်မြေအသစ်တစ်ခုအား သွားရောက်နိုင်မည့် သေးငယ်သော တံခါးဝတစ်ခုရှိနေခြင်းပေလော.....

ထိုသို့သာဆိုလျှင် အတော်ပင် အလုပ်ရှုပ်ရပေလိမ့်မည်။ သေးငယ်သော ကြားခံနယ်တစ်ခုအား ချဲ့ထွင်ရန်မှာ လွယ်ကူရိုးရှင်းသော လုပ်ဆောင်ချက်တစ်ခု မဟုတ်ပါချေ။ ထို့အပြင် ယင်းကြားခံနယ်အား ချဲ့ထွင်လိုက်ပါက ထွက်ပေါ်လာမည့် စွမ်းအင်လှိုင်းများလည်း ကြီးမားလာမည်ပင်ဖြစ်ပြီး အခြားသူများမှ အာရုံခံမိသွားမည်ပင် ဖြစ်သည်။

ဇူယွမ်မှာ ယခုတွေ့ရှိထားသော လျှို့ဝှက်ချက်အား မည်သူနှင့်မျှ ဝေမျှလိုစိတ် မရှိချေ။

ဤခြောက်ရောင်စဉ်ရေကန် ပတ်ဝန်းကျင်၌ ကန်ရွှမ်းကလန်သာမက အလှပန်းတစ်ရာနန်းတော်နှင့် အခြားသူများစွာလည်း ရှိနေကြပေသည်။ ဇူယွမ်မှာ ၎င်းတို့နှင့် ထိုက်တန်သော ဝေစုပမာဏအား ခွဲဝေပေးအပ်လိုက်ပြီဖြစ်သောကြောင့် ယခုလျှို့ဝှက်ချက်မှာ မည်သည့်အရာပင် ဖြစ်နေပါစေ ၎င်းတို့နှင့် ဝေမျှလိုခြင်းမရှိပေ။

ဇူယွမ်မှာ အတွေးများကြား နစ်မြုပ်နေစဉ်မှာပင် ရေကန်အတွင်းသို့ ပုံရိပ်အချို့ ဆင်းသက်လာသည်ကို တွေ့ရှိလိုက်ရသည်။ ထိုသူများမှာ ကျင်ကျန်း၊ ထန်းရှောင်ယန့်နှင့် အခြားသူများပင် ဖြစ်လေသည်။

ထန်းရှောင်ယန့်မှာ ဇူယွမ်အနားသို့ လျင်မြန်စွာ ရောက်ရှိလာပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "တပည့်ခေါင်းဆောင် ဇူယွမ် ဒီနေရာမှာ ထူးခြားတာတစ်ခုခု တွေ့မိလို့လား။"

ဇူယွမ်မှာ တည်ငြိမ်သောအမူအရာဖြင့်ပင် ထန်းရှောင်ယန့်အား ခေါင်းခါယမ်းပြလိုက်သည်။ သူသည် ထန်းရှောင်ယန့် အာရုံခံမိသွားမည်ကို အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိပါချေ။ အဘယ့်ကြောင့်ဆိုသော် သူသည်ပင် အနက်ဖော်မှော်စာလုံး၏ အကူအညီကြောင့်သာ ထူးခြားချက်အား တွေ့ရှိခဲ့ရခြင်း ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ထန်းရှောင်ယန့်မှာ ပတ်ဝန်းကျင်အား သေချာစွာ လေ့လာကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဟုတ်ပါတယ်လေ။ ကျွန်မတို့လည်း ခုနက ဒီနေရာကို အပြန်ပြန်အလှန်လှန် စစ်ဆေးခဲ့သေးတယ်။ ဘာမှထူးခြားတာ မတွေ့ခဲ့ဘူး။"

ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။ "ရတနာသစ်ပင်ကို ရှာတွေ့ခဲ့တာနဲ့တင် ဒီခရီးစဉ်က လုံလောက်နေပါပြီ။"

ထန်းရှောင်ယန့်မှာ အနည်းငယ် ရှက်ရွံ့သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမသည်လည်း လောဘကြီးသော မိန်းမငယ်တစ်ဦးပင် ဖြစ်လေသည်။

"ရေကန်ထဲက ရှန်းဟွချန်ယင်းအဆီအနှစ်တွေကို စုပ်ယူကြရအောင်လေ။" ဇူယွမ်မှာ စကားဆိုလိုက်ပြီးနောက် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ရေမျက်နှာပြင်ထက်သို့ ပြန်လည်ကူးခက်သွားသည်။ ရေပြင်အောက်ခြေရှိ လျှို့ဝှက်ချက်အား ဖော်ထုတ်နိုင်ရန် အလှပန်းတစ်ရာနန်းတော်နှင့် ခွဲခွာသည်အထိ စောင့်ဆိုင်းသင့်သည်ဟု ဆုံးဖြတ်ထားလိုက်သည်။

ထန်းရှောင်ယန့်နှင့် ကျင်ကျန်းတို့မှာလည်း မည်သည့်ထူးခြားမှုမှ တွေ့ရှိရခြင်းမရှိသောကြောင့် လျင်မြန်စွာပင် ရေမျက်နှာပြင်ထက်သို့ ကူးခက်လာလိုက်သည်။ ထိုအချိန်၌ အလှပန်းတစ်ရာနန်းတော်နှင့် ကန်ရွှမ်းကလန်မှ တပည့်များမှာ ရေကန်အတွင်းသို့ ဆင်းသက်လျက် ပျော်ရွှင်မြူးထူးစွာဖြင့် ရှန်းဟွချန်ယင်းအဆီအနှစ်များအား စုပ်ယူနေပြီပင် ဖြစ်သည်။

ဤနေရာတွင် ရှိနေသော ရှန်းဟွချန်ယင်းအဆီအနှစ်၏ အရည်အသွေးမှာ အလွန်ပင် ကောင်းမွန်လွန်းလှသည်။ ထို့ကြောင့် နတ်ဘုံခန်းဝါရတနာ ပြုလုပ်ရာ၌ ပိုမိုကျစ်လစ်စေကာ ကောင်းမွန်သော အကျိုးသက်ရောက်မှုများစွာကိုလည်း ရရှိစေပေသည်။

ရတနာသစ်ပင်ပေါ်၌ နတ်ဘုံခန်းဝါ ရတနာများစွာ ရှိပါသော်လည်း တိုက်ပွဲ၌ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့သော စွမ်းဆောင်ရည်ပြည့်ဝသည့် တပည့်များကသာ ဆုလာဘ်အဖြစ် ရရှိကြခြင်း ဖြစ်သည်။ ထို့ကြောင့် များပြားလှသော သာမန်တပည့်များမှာ ရှန်းဟွချန်ယင်းအဆီအနှစ်များအား ကြိုးစားစုဆောင်းရန် လိုအပ်နေဆဲပင် ဖြစ်သည်။

ဇူယွမ်မှာ ဂရုတစိုက်ဖြင့် နတ်ဘုံခန်းဝါ ရတနာ မရရှိထားသော တပည့်များအား ရှန်းဟွချန်ယင်းအဆီအနှစ် ပိုမိုခွဲဝေပေးအပ်ရန် စနစ်တကျ စီစဉ်ထားပြီးပင် ဖြစ်သည်။

ဇူယွမ် ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိလာသည်နှင့်တကွ ကလန်နှစ်ခုလုံးမှ တပည့်များမှာ လေးစားအားကျသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုလိုက်ကြသည်။ အထူးသဖြင့် အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများမှာ ဇူယွမ်အား တွေ့မြင်လိုက်ရသည်နှင့် မျက်ဝန်းများ လင်းလက်တောက်ပလာကြသည်။ ယင်းမိန်းမငယ်လေးများမှာ ရဲတင်းလှစွာဖြင့် ဇူယွမ်အား ခေါင်းအစ​ခြေအဆုံး စူးရဲစွာ ကြည့်ရှုနေလျက် ရှိသည်။

ထိုမိန်းမငယ်လေးများအားလုံးမှာ ဇူယွမ်ကို အစောပိုင်း တိုက်ပွဲများတွင် ပြသခဲ့သော ထူးချွန်ပြောင်မြောက်လှသည့် တိုက်ပွဲစွမ်းရည်များကြောင့် အလွန်ပင် စိတ်ဝင်စားနေကြပြီ ဖြစ်သည်။

"နင်မျက်စိတစ်ဖက်လောက် မှိတ်ပြလိုက်တာနဲ့ ကောင်မလေးတွေအားလုံး မူးမေ့လဲသွားလိမ့်မယ်လို့တောင် ငါထင်တယ်။" ဂူဟွမ်ချီမှာ ဇူယွမ်ဘေးသို့ ရောက်ရှိလာပြီးနောက် ထေ့ပြုံးပြုံးကာ စကားဆိုလိုက်သည်။

ဇူယွမ်၏ နှုတ်ခမ်းအစုံမှာ ရှုံ့မဲ့သွားရ၏။

ဂူဟွမ်ချီမှာ စိတ်အလိုမကျဖြစ်သွားပုံရသော ဇူယွမ်အား ကျေနပ်အားရနေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ပြီးနောက် စနောက်လိုဟန်ဖြင့် ပြောလိုက်သည်။ "ဟီးဟီး....ဘာပဲဖြစ်ဖြစ် နင်အဲ့လိုမလုပ်ရဲဘူးဆိုတာ ငါသိတယ်။ ဘာလို့လဲဆိုတော့ ယောင်ယောင်သာသိသွားရင် နင်ပြေးစရာနေရာတောင် ရှိမှာမဟုတ်ဘူး။"

ဇူယွမ်မှာ ဂူဟွမ်ချီအား စူးစိုက်ကြည့်ရှုကာ ပြောလိုက်သည်။ "ဘယ်လိုပြောလိုက်တာလဲ။ ငါက ယောင်ယောင့်ကိုကြောက်တယ်လို့ ဆိုလိုချင်တာလား။"

"စီနီယာအကိုတော် ဇူယွမ်..."

ထိုအချိန်မှာပင် သာယာငြိမ့်ညောင်းသော ဂီတသံလေးအလား နူးညံ့ညင်သာသော အသံလေးတစ်ခုအား ကြားလိုက်ရသည်။ ဇူယွမ်မှာ လှည့်ကြည့်လိုက်သောအခါတွင် အလှပန်းတစ်ရာနန်းတော်၏ တပည့်ဝတ်စုံအား ဆင်မြန်းထားသော မိန်းမငယ်လေးတစ်ဦးအား တွေ့ရှိလိုက်ရသည်။ သူမ၏ ရုပ်ရည်သွင်ပြင်မှာ နတ်ဘုရားမလေးအလား လှပလွန်းလှပြီး အသားအရေမှာလည်း နှင်းပွင့်လေးအလား ဖြူစွတ်နေပေသည်။ သူမ၏ အလှတရားမှာ မြင်တွေ့ရန် ခက်ခဲလွန်းလှသော နှင်းပန်းဖြူနတ်မိမယ်လေးအလားပင် ဖြစ်သည်။ သူမသည် ​ရွှန်းစိုလှပသော မျက်လုံးဝိုင်းလေးများဖြင့် ဇူယွမ်အား ငေးမောကြည့်ရှုကာ ရှက်ရွံ့စွာဖြင့် စကားဆိုလိုက်သည်။ "စီနီယာအကိုတော် ဇူယွမ် ကျွန်မကို ရှန်းဟွချန်ယင်းအဆီအနှစ်ကို စုပ်ယူဖို့အတွက် နည်းနည်းလောက် သင်ပြပေးလို့ရမလား။"

သူမ၏ နူးညံ့ပျော့ပျောင်းလှသော တောင်းဆိုသံမှာ မည်သည့်ယောက်ျားလေးကိုမဆို စိတ်နှလုံးများ ညွတ်ခွေသွားစေနိုင်ပေသည်။

သို့သော် ဇူယွမ်မှာ အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ခေါင်းအားခါယမ်းပြလိုက်သည်။ "ခုနက တိုက်ပွဲမှာ ပင်ပန်းထားလို့ နည်းနည်းအနားယူဖို့ လိုအပ်နေသေးတယ်။ အဲ့ဒါကြောင့် ဂျူနီယာညီမတော်က လိုအပ်တယ်ဆိုရင် ကျွန်တော် ကန်ရွှမ်းကလန်​က တပည့်တစ်ယောက်ယောက်ကို သင်ပြပေးဖို့အတွက် ထည့်ပေးလိုက်ပါ့မယ်။"

ထိုမိန်းမငယ်လေး၏ အမူအရာမှာ ခက်ထန်သွားရပြီးနောက် လျင်မြန်စွာပင် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "စီနီယာအကိုတော် အလုပ်များနေပါဦးမယ်။ မလိုအပ်ပါဘူး။"

ထို့နောက် ချက်ချင်းဆိုသလိုပင် ထွက်ပြေးသွားတော့၏။

ဇူယွမ်မှာ တစ်ဖက်သို့ ပြန်လှည့်လာသောအခါတွင် ဂူဟွမ်ချီ၏ ထေ့ပြုံးအား မြင်တွေ့လိုက်ရသည်။ "ငါတကယ် အနားယူဖို့ လိုအပ်နေတာပါဟာ။"

"ဟီးဟီး....ငါနင့်ကို ယုံပါတယ်။" ဂူဟွမ်ချီမှာ ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် တစ်ဖက်သို့လှည့်ကာ ထွက်ခွာသွားသည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ မျက်ဝန်းများ၌ ဝမ်းနည်းသော အရိပ်အယောင်အချို့ ရှိနေလေသည်။

ဇူယွမ်မှာ စိတ်အလိုမကျဟန်ဖြင့် ရေမျက်နှာပြင်ထက်တွင် ထိုင်ချလိုက်ပြီးနောက် သက်ပြင်းချကာ ရေရွတ်လိုက်သည်။ "ငါကပဲ ယောင်ယောင့်ကို ကြောက်တယ်တဲ့လား။ ဖြစ်စရာလား အဲ့လို။ ငါတို့က တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိတာ။ ကြောက်တာမဟုတ်ဘူး။"

ထို့နောက် ဇူယွမ်မှာ အတွေးစများအား ဖြတ်တောက်ကာ ရောင်စဉ်ငါးသွယ်ရတနာတစ်ခုအား ထုတ်ယူလိုက်သည်။ သူသည် ယခုအချိန်၌ အနားယူကာ နတ်ဘုံခန်းဝါရတနာအပေါ်တွင်သာ အာရုံစိုက်ထားရန် ဆုံးဖြတ်လိုက်သည်။

ရေကန်အတွင်းရှိ ရှန်းဟွချန်ယင်းအဆီအနှစ်များ ကုန်ခမ်းသွားပြီးသည့်နောက်တွင်  ဤပတ်ဝန်းကျင်မှာ ယခင်ကဲ့သို့ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားမည်ပင် ဖြစ်သည်။ ထိုအချိန်မှသာ ရေကန်အောက်ခြေအား စူးစမ်းလေ့လာရန် တွေးတောလိုက်၏။

ဇူယွမ်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် မျက်ဝန်းများအား တင်းကြပ်စွာ ပိတ်လိုက်သည်။ ရောင်စဉ်ငါးသွယ်ရတနာထံမှ ရောင်စဉ်ငါးသွယ် အလင်းတန်းများ ထွက်ပေါ်လာကာ ဇူယွမ်၏ လက်ဝါးမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းဝင်ရောက်လာလေတော့သတည်း။

All Chapters