လုလျို၏စွမ်းရည်
Vol. 43 Ch. 595
ရွှီး.....
ခြောက်ရောင်စဉ်ရေကန်အနီး၌
ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးကြီးမှာ အေးစက်ခက်ထန်လှသော မျက်ဝန်းများဖြင့် တောင်ထိပ်ပေါ်ရှိ ပုံရိပ်တစ်ခုအား စူးရဲစွာ ကြည့်ရှုနေလျက် ရှိသည်။ ထို့နောက် ရုတ်ချည်းဆိုသလိုပင် များပြားလှသော အနက်ရောင်ချီစွမ်းအင်များအား မှုတ်ထုတ်လိုက်၏။
တောင်ထိပ်ပေါ်တွင်ရှိနေသော ဇူယွမ်၏မျက်ဝန်းများမှာ ခက်ထန်သွားရသည်။ သူသည် ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးကြီး၏ စွမ်းအားအစစ်အမှန်အား သိရှိနေသူတစ်ဦးပင် ဖြစ်လေသည်။
ဇူယွမ်မှာ ဒြပ်မဲ့အသွင်သို့ ပြောင်းလဲသွားပြီးနောက် လျင်မြန်စွာပင် ဆုတ်ခွာလိုက်သည်။
ဝုန်း.....
တောင်ထိပ်တစ်ခုလုံးမှာ ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးကြီး၏ ချီစွမ်းအင်များကြောင့် ကြေမွပျက်စီးသွားရသည်။
ရွှီး.....
ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးကြီးမှာ ဟိန်းဟောက်လိုက်ပြီးနောက် ဇူယွမ်၏ပုံရိပ်အား အမုန်းတရားများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။ မြွေနဂါးကြီးသည် ဇူယွမ်အား ၎င်းအား ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သူအဖြစ် တေးထားဟန်ရှိသည်။
"တကယ်ကိုမင်းပဲ...." ဇူယွမ်မှာ မြွေနဂါးကြီး၏ မျက်ဝန်းအား စူးစိုက်ကြည့်ရှုလိုက်ပြီးနောက် မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ ထိုခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးကြီးမှာ အမှန်တကယ်ပင် ၎င်းတိုက်ခိုက်ခဲ့ရသော မြွေနဂါးကြီးပင် ဖြစ်သည်။
သို့သော် လက်ရှိအချိန်၌ မြွေနဂါးကြီးမှာ အတော်ပင် စွမ်းအင်လျော့ပါးနေဟန် ရှိသည်။ ဇူယွမ်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးကြီးမှာ အသက်ဘေးမှ လွတ်မြောက်သွားပါသော်လည်း အားအင်များ အတော်ကုန်ဆုံးသွားရဟန် ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ အနည်းငယ်မျှပင် သတိလက်လွတ် ပြုမူရဲခြင်း မရှိပါချေ။ အဘယ့်ကြောင့်ဆိုသော် ဝိဉာဉ်မြွေနဂါးကြီး၏ ဘေးတစ်ဖက်တစ်ချပ်စီ၌ ပုံရိပ်ယောင်ဦးခေါင်းနှစ်ခု ပါဝင်နေခြင်းကြောင့် ဖြစ်သည်။ ဝိဉာဉ်မြွေနဂါးကြီး၏ စွမ်းအင်မှာ ထိုပုံရိပ်ယောင်များနှင့် ပေါင်းစည်းလိုက်သည်နှင့်တကွ တဟုန်ထိုး မြင့်တက်လာပြီပင် ဖြစ်ပေသည်။
"ရွှီး...."
မြည်တွန်သံနှင့်အတူ ဝိဉာဉ်မြွေနဂါးကြီးမှာ ထပ်မံလှုပ်ရှားလိုက်သည်။
ဇူယွမ်မှာ ရှေးဟောင်းသစ်ပင်ကြီးများအား တွန်းတိုက်လျက် အနောက်သို့ ဆက်လက်ဆုတ်ခွာနေ၏။ မြွေနဂါးကြီးမှာ ဇူယွမ်၏နောက်သို့ အဆက်မပြတ် လိုက်ပါနေလျက်ရှိကာ တောအုပ်အတွင်း လူသားနှင့်မြွေနဂါးတို့ ကခုန်နေသကဲ့သို့ပင် ဖြစ်နေသည်။
တောအုပ်အတွင်းပိုင်းသို့ ရောက်ရှိလာပြီးသည့်နောက် ဇူယွမ်၏မျက်ဝန်းများမှာ အေးစက်ခက်ထန်လာကာ လက်ဝါးထက်၌ မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံး လင်းလက်တောက်ပလာသည်။ သူသည် ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးကြီးအား အပြီးသတ် ဖျက်စီးရန်အတွက် ကြံစည်နေခြင်းပင် ဖြစ်သည်။
သို့သော် အဝေးတွင်ရှိနေသော ပုံရိပ်မှာ တိုက်ပွဲအခြေအနေအား ခန့်မှန်းမိသွားပြီးနောက် အပြာရောင်အလင်းတန်းတစ်ခုအား ထုတ်လွှတ်လိုက်လေသည်။ ထိုအလင်းတန်းမှာ အပြာရောင်ရေခဲငှက်တစ်ကောင်အသွင်သို့ ပြောင်းလဲသွားတော့သည်။
ရေခဲငှက် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်အပူချိန်မှာ ရုတ်ချည်းဆိုသလို ကျဆုံးသွားရသည်။
"နှင်းခဲလေး သူ့ကိုသွားသတ်လိုက်..." ထိုပုံရိပ်မှ အော်ဟစ်လိုက်သည်။
"ဂီး...."
ရေခဲငှက်ကြီးမှာ မြည်တွန်လိုက်ပြီးနောက် ဇူယွမ်ရှိရာအရပ်ဆီသို့ တစ်ဟုန်ထိုး ပျံဝဲလာသည်။
ဇူယွမ်မှာ ရေခဲငှက်ကြီးအား မြင်တွေ့လိုက်ရသောအခါ၌ စိတ်ရှုပ်ထွေးသွားရပြီးနောက် ထိုပုံရိပ်အားကြည့်ကာ အော်ဟစ်လိုက်သည်။ "မင်း.....မင်း လုလျိုလား.."
ထိုနှင်းခဲလေးဟု အမည်တွင်သော ရေခဲငှက်ကြီးမှာ လုလျို၏ဘေးတွင် အမြဲတစေ လိုက်ပါနေတက်သော အကောင်ငယ်လေးပင် ဖြစ်သည်။
ထိုပုံရိပ်မှာ ဇူယွမ်၏အသံအား ကြားလိုက်ရပြီးနောက် အံ့သြထိတ်လန့်သွားဟန်ဖြင့် စကားဆိုလိုက်သည်။ "ဇူ....ဇူယွမ်လား..."
ယင်းပုံရိပ်၏အသံမှာ ယခင်ကဲ့သို့ပင် ချစ်စဖွယ် မိန်းမငယ်လေးတစ်ဦး၏အသံသို့ ပြန်လည်ပြောင်းလဲသွားသည်။
သူမသည် လွှမ်းခြုံထားသော အနက်ရောင်ခြုံထည်အား ဖယ်ခွာလိုက်သောကြောင့် အစိမ်းရောင်ဆံနွယ်လေးများနှင့် ချစ်စဖွယ် မျက်နှာငယ်လေးအား တွေ့မြင်လိုက်ရသည်။ ကလေးငယ်လေးတစ်ဦးနှယ် ချစ်စဖွယ်ကောင်းလှသော ထိုမျက်နှာပိုင်ရှင်မှာ လုလျိုမှလွဲ၍ မည်သူဖြစ်နိုင်ဦးမည်နည်း။
လုလျို၏ ဝိုင်းစက်သော မျက်ဝန်းလေးများမှာ အဝေးတွင်ရှိနေသော ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုနေရင်းဖြင့် အတော်ပင် အံ့အားသင့်နေဟန် ရှိသည်။
ဇူယွမ်မှာလည်း အံ့အားသင့်နေသော မျက်ဝန်းများဖြင့် အစိမ်းရောင် ဆံနွယ်များ လေပြေနှင့်အတူ ယိမ်းနွဲ့ကခုန်နေသော လုလျိုအား ငေးမောကြည့်ရှုနေမိသည်။ ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးကြီးအား ထိန်းချုပ်နေသူမှာ လုလျိုဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
"ရွှီး..."
ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးကြီးမှာ ဒေါသထွက်စွာဖြင့် ဟိန်းဟောက်လိုက်သည်။
လုလျိုမှ လျင်မြန်စွာပင် အော်ဟစ်ပြောဆိုလိုက်သည်။ "ရှောင်လင်း ပြန်လာတော့။"
ဝိဉာဉ်မြွေနဂါးကြီးမှာ လုလျို၏အမိန့်အား မနာခံလိုဟန် ရှိနေသည်။ သို့သော် အဆုံးတွင်မူ အနက်ရောင်အလင်းတန်းတစ်ခုပြောင်းလဲကာ လုလျို၏ အင်္ကျီလက်အတွင်းသို့ ဝင်ရောက်သွားသည်။
ကြီးမားလှသော ရေခဲငှက်ကြီးမှာလည်း သေးငယ်သော အကောင်ပေါက်လေးအဖြစ်သို့ ပြောင်းလဲသွားကာ လုလျို၏ ပုခုံးထက်သို့ ပျံဝဲသွားလေသည်။
လုလျိုမှာ ရွှန်းစိုတောက်ပနေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဇူယွမ်....နင်ဘာလို့ ဒီကိုရောက်နေတာလဲ။"
ဇူယွမ်မှာ လုလျို၏ဘေးသို့ ရောက်ရှိလာပြီးနောက် သူမအားကြည့်ကာ ပြောလိုက်သည်။ "မင်းဘာလို့ ဒီကိုရောက်နေတာလဲဆိုတာကို ငါကမေးရမှာ။"
"ပြီးတော့ ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးကရော ဘယ်လိုဖြစ်တာလဲ။" ဇူယွမ်မှာ လုလျို၏ အင်္ကျီလက်အား ကြည့်ရှုလိုက်သည်။ လုလျိုသည် ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးကြီးအား မည်သူမှမသိအောင် လျှို့ဝှက်စွာ ကွယ်ဝှက်ထားနိုင်ခဲ့သည်။
လုလျိုမှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "အမှန်တော့ နင်တို့နဲ့ တိုက်ခိုက်တည်းက သူကမသေသေးဘူးဟ။ သူ့ရဲ့ခန္ဓာကိုယ်ကို စွန့်ပစ်သွားပြီးတော့ ပုန်းကွယ်နေလိုက်တာ။"
"ဒါပေမယ့် ငါကသူ့ကို ရှာတွေ့သွားတယ်လေ။ ငါ့ရဲ့ စွမ်းရည်က ဘာလဲဆိုတာကိုတော့ နင်မမေ့သေးဘူး မဟုတ်လား။"
ဇူယွမ်မှ လုလျိုအားကြည့်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "သားရဲတွေနဲ့ စိတ်နှလုံးချင်း ဆက်နွယ်နိုင်တဲ့သူ..."
လုလျိုမှ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်။ အဲ့ဒါကြောင့်ပဲ သူ့ကိုရှာတွေ့သွားတာ။ ပြီးတော့ ရှောင်လင်းလေးကလည်း လိလိမ္မာမ္မာနဲ့ ငါ့နောက်ကို လိုက်လာတယ်လေ။"
ဇူယွမ်မှာ မည်သည့်စကားမှ မဆိုနိုင်လောက်အောင်ပင် အံ့အားသင့်သွားရသည်။ ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးကြီးအား တိုက်ခိုက်နိုင်ရန်အတွက် ၎င်းတို့ တပည့်ခေါင်းဆောင်များအားလုံး ခေါင်းခြောက်အောင် စဉ်းစားလျက် စွမ်းအင်များစွာ အသုံးပြုခဲ့ကြရသည်။ သို့သော် တစ်ဖက်တွင်မူ လုလျိုမှာ ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးကြီးအား စိတ်နှလုံးချင်းဆက်နွယ်လျက် လွယ်ကူစွာပင် ထိန်းချုပ်လိုက်နိုင်သည်။
ဝိဉာဉ်မြွေနဂါးကြီးအား အားအင်များ ကုန်ခမ်းနေပါသော်လည်း သာမန်တပည့်ခေါင်းဆောင်တစ်ဦးထက်ပို၍ သန်မာနေဆဲပင် ဖြစ်သည်။ စင်စစ်အားဖြင့် ၎င်း၏ပုံရိပ်ယောင် ဦးခေါင်းများနှင့်သာ ပေါင်းစည်းလိုက်ပါက ရွေးချယ်ခံတစ်ဦးမျှပင် သန်မာသွားမည် ဖြစ်သည်။
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ရသော အလှပန်းတစ်ရာနန်းတော်၏ တပည့်အုပ်စု၌ အသန်မာဆုံးသူမှာ ဦးဆောင်သူဖြစ်သော တပည့်ခေါင်းဆောင် ထန်းရှောင်ယန့် မဟုတ်ပါပဲ ဤချစ်စဖွယ် မိန်းမငယ်လေး လုလျိုဖြစ်နေပေသည်။
လုလျိုမှာ သူမ၏ရင်ဘတ်လေးအားဖိလျက် ဇူယွမ်အား မေးမြန်းလိုက်သည်။ "နင်ကရော ဘာလို့ဒီကိုလာတာလဲ။"
ဇူယွမ်မှာ လုလျိုအား စူးစိုက်ကြည့်ရှုလိုက်ပြီးနောက် တည်ငြိမ်သောအမူအရာဖြင့်ပင် တုံ့ပြန်လိုက်သည်။ "မင်းလည်း ရေကန်အောက်ခြေက လျှို့ဝှက်ချက်ကို သိနေတယ်မလား။"
လုလျိုမှာ အလွန်ပင် အံ့အားသင့်သွားလျက် မျက်ဝန်းများ ပြူးကျယ်သွားရကာ ဇူယွမ်အား မေးမြန်းလိုက်သည်။ "နင်....နင်....ဘယ်လိုသိတာလဲ။"
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။ ပထမ၌ ရေပြင်အောက်ခြေရှိ လျှို့ဝှက်ချက်အား သိရှိနေသူမှာ သူတစ်ဦးတည်းဟုသာ ထင်မှတ်နေပါသော်လည်း ယခုတွင်မူ ယုံကြည်ချက်လွန်ကဲနေခြင်းသာ ဖြစ်နေသည်။
ယခုအချိန်၌ အဓိက အကြောင်းအရာမှာ လုလျိုသည် တစ်ဦးတည်းသာ ဤနေရာသို့ လာရောက်ခဲ့သည်လား.... သို့မဟုတ် အလှပန်းတစ်ရာနန်းတော်မှ သူမ၏ စီနီယာအမတော်များကိုပါ ခေါ်ဆောင်လာခဲ့သည်လားဟူသော မေးခွန်းပင် ဖြစ်သည်။
ဇူယွမ်မှာ ပတ်ဝန်းကျင်အား တစ်ချက်မျှ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် လုလျိုအားကြည့်ကာ မေးလိုက်သည်။ "အလှပန်းတစ်ရာနန်းတော်က တပည့်တွေရော ဘယ်မှာလဲ။"
လုလျိုမှ တိုးညင်းစွာ စကားဆိုလိုက်သည်။ "ဒီလျှို့ဝှက်ချက်က ငါ့ဘာသာတွေ့ခဲ့တာလေ။ သူတို့ကို ပြောပြစရာလား။"
ဇူယွမ်မှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။ အလှပန်းတစ်ရာနန်းတော်မှ အခြားတပည့်များပါ ပါဝင်လာပါက ကိစ္စများမှာ ပိုမိုရှုပ်ထွေးသွားရမည်သာ ဖြစ်သည်။
လုလျိုမှာ သွယ်လျသော လက်ချောင်းလေးများဖြင့် သူမ၏ သေးသွယ်သောခါးလေးအား ထောက်လိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ မေးလိုက်သည်။ "နင်ဒီလျှို့ဝှက်ချက်ကို ဘယ်လိုသိခဲ့တာလဲဆိုတာ ငါ့ကိုမပြောရသေးဘူးနော်။"
ဇူယွမ်မှာ လုလျိုအားကြည့်ကာ ဖြေကြားလိုက်သည်။ "ရေကန်ထဲဆင်းတုန်းက အာရုံခံမိခဲ့တာ။"
"မင်းကရော ဘယ်လိုရှာတွေ့တာလဲ။"
ဇူယွမ်မှာ အတွေးထဲ၌ မေးခွန်းများစွာဖြင့် ပြည့်နှက်နေရသည်။ သူသည် အနက်ဖော်သူတော်စင်မှော်စာလုံးကြောင့်သာ လျှို့ဝှက်ချက်အား တွေ့ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်တွင်မူ လုလျို၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုပါက မည်သို့မျှပင် အာရုံခံနိုင်ခြင်း ရှိမည်မဟုတ်ပေ။
လုလျိုမှာ ကျေနပ်အားရနေဟန်ဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။ "ရှောင်လင်း ပြောပြတာလေ။"
"အော်...." ဇူယွမ်မှာ နားလည်သဘောပေါက်သွားရသည်။ ခေါင်သုံးလုံးဝိဉာဉ်မြွေနဂါးကြီးမှာ ဤနေရာ၏ အစောင့်အရှောက် သားရဲတစ်ကောင် ဖြစ်နေသောကြောင့် ရေပြင်အောက်ခြေရှိ လျှို့ဝှက်ချက်အား သိရှိနေလိမ့်မည်ပင် ဖြစ်သည်။
ဇူယွမ်မှာ သက်ပြင်းချလျက် လုလျိုအား ကြည့်ရှုလိုက်မိသည်။
လုလျိုမှာ ကြောက်ရွံ့ဟန်ဖြင့် ဇူယွမ်အားကြည့်ကာ မေးလိုက်သည်။ "ဇူယွမ် နင်နှုတ်ပိတ်ဖို့အတွက်တော့ ငါ့ကိုမသတ်ဘူးမလား။"
ဇူယွမ်မှာ လုလျိုအား စူးရဲစွာ ကြည့်ရှုလိုက်၏။
သို့သော် လုလျိုမှာ ကြောက်ရွံ့ဟန်မရှိပဲ ကျယ်လောင်စွာပင် အော်ဟစ်ရယ်မောလိုက်လေသည်။
ဇူယွမ်မှာလည်း ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ဒီလျှို့ဝှက်ချက်ကို သိခဲ့ရတာလည်း မင်းရဲ့ကံတရားပဲလေ။ ဒီလိုလုပ်...ငါတို့အတူပူးပေါင်းပြီး လုပ်ကြမယ်။ ရလာတဲ့ အရာတွေကို ငါးဆယ်-ငါးဆယ်စီ ခွဲကြတာပေါ့။ ဘယ်လိုသဘောရလဲ။"
လုလျိုမှာ ကျေနပ်အားရစွာဖြင့် ပြုံးရယ်လိုက်ပြီးနောက် ဇူယွမ်၏လက်မောင်းအားဖက်တွယ်ကာ ပြောလိုက်သည်။ "ဇူယွမ်က အကောင်းဆုံးပဲ။"