← Chapters

သူရဲကောင်းများ စုစည်းမိခြင်း

Vol. 1 Ch. 186

သူရဲကောင်းများ စုစည်းမိခြင်း

Vol. 1 Ch. 186

အင်ပါယာ မြို့တော်၊ ကြယ်ကောင်းကင် မြို့သည် နယ်မြေ၏ ဗဟိုတွင် မရှိဘဲ လျန်နိုင်ငံနှင့် မန့်နိုင်ငံတို့၏ နယ်စပ် မြောက်ဘက် စူးစူးအရပ်တွင် ရှိလေသည်။

ကြယ်ကောင်းကင် မြို့သည် အမြဲပိတ်ထားလေ့ ရှိပြီး သာမန်လူများ ဝင်ထွက် သွားလာခွင့် မရှိပေ။ မြို့အား နိုင်ငံအဆင့် ပြိုင်ပွဲ အချိန်ရောက်မှသာ ဖွင့်လေ့ရှိသည်။ ယနေ့တွင် ကြယ်ကောင်းကင် မြို့သည် လှုပ်ရှား သက်ဝင်နေခဲ့သည်။ နိုင်ငံခြောက်ခုမှ ပြိုင်ပွဲဝင် များသည် ကြယ်ကောင်းကင် မြို့လယ်ရှိ မြေကွက်လပ်တွင် စုရုံး ရောက်ရှိ နေကြသည်။

ကျန်းရီနှင့် ကျန်လူများသည် ထိုနေရာသို့ ပို့ဆောင်ခြင်း ခံရပြီးနောက် လျှောက်သွား မနေနိုင်ပါချေ။ နိုင်ငံ အဆင့်ပြိုင်ပွဲ စတင်တော့မည် ဖြစ်လေသည်။

နိုင်ငံပေါင်းစုံမှ ပြိုင်ပွဲဝင်များ စုစည်း နေကြလေပြီ။ ကျန်းရီသည် အလျင်အမြန် ခွဲခြမ်း စိတ်ဖြာ ကြည့်လိုက်သော် နိုင်ငံတိုင်းမှ ပြိုင်ပွဲဝင် အရေအတွက်သည် အတူတူလောက်ပင် ရှိကြောင်း တွေ့ရလေသည်။ မြောက်ဘက် လျန်နိုင်ငံသည် လူအရေအတွက် အနည်းငယ် ပိုများမည် ဖြစ်ပြီး အယောက် နှစ်သောင်းခန့် ရှိလေသည်။ ရှားနိုင်ငံသည် အရေအတွက် အနည်းဆုံး ဖြစ်ပြီး အယောက် တစ်သောင်း မပြည့်လောက်ပေ။ ရှားနိုင်ငံတော်သည် လွန်ခဲ့သော နှစ်များက အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်၏ လိုက်လံ တိုက်ခိုက်မှုကြောင့် ကောင်းမွန်စွာ ပြန်လည် မထူထောင်နိုင် သေးကြောင်း ထင်ရှားလှသည်။

နိုင်ငံခြောက်ခုမှ သိုင်းသမားများသည် သူ့အဖွဲ့နှင့်သူ ရှိနေကြပြီး ပြိုင်ပွဲဝင် မဟုတ်သူများသည် အလိုလို ဘေးသို့ ရွှေ့ကာ ပတ်ဝန်းကျင်ကို အကဲခတ်နေ ကြလေသည်။ ချမ်ဝမ်ကွမ်၊ ကျန့်လင်းအာ၊ ဆရာများနှင့် ကျောင်းအုပ်ချီ တို့သည်လည်း ဘေးဘက်တွင် ရပ်ကာ အင်ပါယာ မြို့တော်၏ အကြီးအကဲများ လာရောက်၍ နိုင်ငံအဆင့် ပြိုင်ပွဲ စတင်မည်ကို စောင့်နေကြသည်။

ကျန်းရီသည် နိုင်ငံ အသီးသီးမှာ ပြိုင်ပွဲဝင်များကို တိတ်တဆိတ် အကဲခတ်နေ လိုက်သည်။ ရှန်ဝူနိုင်ငံ၊ ရှားနိုင်ငံနှင့် ကျင်းရှန်နိုင်ငံ တို့သည် ဝတ်စား ဆင်ယင်ပုံခြင်း ဆင်တူကြသည်။ ရှန်မိနိုင်ငံမှ လူများ၏ ဝတ်စား ဆင်ယင်ပုံသည် တစ်မျိုး ကွဲထွက် နေလေသည်။ မှော်ဆရာများသည် ထူးထူးဆန်းဆန်း သင်္ကေတများ ရေးထွင်းထားသော အရောင် တောက်တောက် ဝတ်စုံများကို ဝတ်ဆင် ထားလေသည်။ အန်းနီကဲ့သို့ သားရဲအရေပြား တို့ကို ချပ်ဝတ်အဖြစ် ချုပ်လုပ် ဝတ်ဆင် ထားကြသော လူရိုး မျိုးနွယ်ဝင် များလည်း ရှိလေသည်။

မြောက်ဘက် လျန်နိုင်ငံနှင့် မန့်နိုင်ငံမှ လူများသည် အခြားသော တိုင်းပြည်များနှင့် နိုင်းယှဉ်ပါက အရပ်ပိုရှည် ကြလေသည်။ သူတို့ အားလုံးသည် စစ်ဝတ်တန်ဆာများ ဆင်ယင် ထားကြပြီး တကယ့် စစ်တပ်တစ်ခု အလား အေးစက်စက် အရှိန်အဝါ များကို ထုတ်လွှတ်လျက် ရှိသည်။

"မြောက်ဘက် လျန်နဲ့ မန့်တိုင်းပြည် နှစ်ခုက အတော်အေးတဲ့ ဒေသမှာ တည်ရှိတယ် ... အဲဒီ နိုင်ငံတွေမှာ နေတဲ့သူတွေက ငယ်ငယ်လေး ကတည်းက ကွမ်းချင် ရေခဲလွင်ပြင်ကို ဝင်ပြီး သွေးရှင်းတမ်း ပြိုင်ပွဲတွေ ကျော်ဖြတ်ရတယ် ... ဒါကြောင့် သူတို့ရဲ့ အင်အားက အရမ်း ကြောက်စရာ ကောင်းတယ် အဲဒီနှစ်နိုင်ငံက လူတွေကိုတွေ့ရင် မင်းသေချာ ဂရုစိုက်ဖို့ လိုတယ် ... နောက်တစ်ခု ရှိသေးတယ်၊ မိုးပြာနဂါး သင်တန်းကျောင်းက ကျောင်းသားတွေက မြောက်ဘက် မန့်နိုင်ငံမှာ ပါပြီးတော့ ... ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းက ကျောင်းသားတွေ ကတော့ ကျင်းရှန် နိုင်ငံဘက်မှာ ပါလိမ့်မယ်"

ကျန့်ဝူရွှမ်းသည် ကျန်းရီအား လေသံ တိုးတိုးနှင့် အတိုချုပ် ရှင်းပြလိုက်သည်။ သူသည် ဘယ်ဘက်ခြမ်းရှိ ရှန်မိနိုင်ငံတော် အဖွဲ့ဘက် လှည့်ကြည့်ကာ လေးလေးနက်နက် ဆက်ပြော လာခဲ့သည်။

"ရှန်မိ နိုင်ငံတော်က မင်းသမီး ယွင်ဖေးရဲ့ မှော်အတတ်ကို မင်းလည်း မြင်ဖူးတာပဲ ... ဒါကြောင့် မှော်ဆရာတွေ ကိုလည်း ရှောင်ဖို့လိုမယ် မဟုတ်ရင် မင်းဘာကြောင့် သေလိုက် မှန်းတောင် သိရမှာ မဟုတ်ဘူး ... ပြီးခဲ့တဲ့ နိုင်ငံအဆင့် ပြိုင်ပွဲငယ်မှာ ပထမ ရခဲ့တာက ရှန်မိနိုင်ငံရဲ့ မှော်ဆရာမ တစ်ယောက်ပဲ၊ သူမသတ်ခဲ့တာ အနည်းဆုံး လူတစ်သောင်းလောက် ရှိတယ်လို့ ငါကြားမိတယ် ..."

ကျန်းရီသည်လည်း ခေါင်းညိတ် ပြလိုက်ပြီး လေးလေးနက်နက် ပြန်ပြောလိုက်သည်။

"ဝူရွှမ်း ... မင်းလည်း ဂရုစိုက်ပါ၊ မင်းမှာ လူတော်တော် များများ ပါတယ် ဆိုပေမဲ့ အင်အားကြီး ဂိုဏ်းတစ်ခုက သခင်လေး တစ်ယောက် အနေနဲ့ တခြားနိုင်ငံက လူတွေရဲ့ ပစ်မှတ် ထားတာကို ခံရနိုင်တယ်"

"ခွီ"

ကျန့်ဝူရွှမ်းသည် ဝင့်ကြွားစွာ ရယ်ချလိုက်ပြီး ဘာပြဿနာမှ မရှိသည့် အလား အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

"စိတ်မပူနဲ့ ... ငါက ပထမ ရမယ်လို့ သေချာ မပြောနိုင်ပေမဲ့ ငါအသက်ရှင် နိုင်မယ် လို့တော့ အာမခံ နိုင်တယ် ... စစ်နတ်ဘုရား မျိုးနွယ်စုရဲ့ ဆက်ခံသူက သူတို့ သတ်ချင်တိုင်း သတ်လို့ ရနိုင်တဲ့ လူမဟုတ်ဘူး"

ထိုအချိန်တွင် မြေကွက်လပ်ရှိ တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင် တစ်ခုသည် အလင်းတန်းများ ဖြာထွက် လာခဲ့သည်။ ကျန်းရီနှင့် ကျန့်ဝူရွှမ်းတို့ ထိုနေရာသို့ ကြည့်လိုက်သော် မျက်လုံးများ အေးစက် သွားကြ လေသည်။

ရောက်လာကြသူ တစ်အုပ်လုံးသည် မိန်းကလေးများ ဖြစ်ကြ လေသည်။ သူတို့ အားလုံးသည် အစိမ်းရောင် ချပ်ဝတ် တန်ဆာများ ဆင်ယင် ထားကြပြီး အစိမ်းရောင် ဓားရှည်များကို ကိုင်ဆောင် ထားကြသည်။ သူတို့သည် အယောက် ငါးဆယ်ခန့် ရှိမည် ဖြစ်ပြီး လူတစ်ယောက်မှ တစ်ပါး ကျန်လူများ အားလုံးသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ ဖြစ်ကြလေသည်။ ထိုအဖွဲ့မှ အင်အား အကောင်းဆုံးသည် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် စတုတ္ထအဆင့် ဖြစ်လေသည်။

"ဝိုး"

ထိုမိန်းကလေး အုပ်စု ရောက်လာသော အခါ ကြယ်ကောင်းကင် မြို့၏ မြေကွက်လပ် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား လေသည်။ လူအများစုသည် ထိုအုပ်စု၏ ဇာစ်မြစ်ကို သိကြပြီး သူတို့ နိုင်ငံအဆင့် ပြိုင်ပွဲတွင် ဝင်ပြိုင်မည်မှန်း ခန့်မှန်း ထားကြသည်။ သို့သော် ဤမျှ လူအများကြီး ဝင်ပြိုင် လိမ့်မည်ဟု မျှော်လင့် မထားခဲ့ပေ။ ထို့ပြင် အားလုံး သည်လည်း အင်အား ကောင်းလွန်း နေကြသည်။

ရွှေယွဲ့လျန် မျှော်စင်ရဲ့ မိန်းမလှ တပ်ဖွဲ့ …

ရွှေယွဲ့လျန် မျှော်စင်၏ သခင်မသည် အမျိုးသမီး ဖြစ်သောကြောင့် အမျိုးသား တပည့်များကို လက်ခံလေ့ မရှိပေ။ အမျိုးသမီး များသည် အမျိုးသား များထက် ခန္ဓာကိုယ် ကြံ့ခိုင်မှု အားနည်းသောကြောင့် ကောင်းကင် ကြယ်တာရာ နယ်မြေ၏ သမိုင်း တစ်လျှောက်တွင် နံပါတ်တစ် အတော်ဆုံး စစ်သည်တော်တို့မှာ အမျိုးသားများသာ ဖြစ်ကြ လေသည်။ ရွှေယွဲ့လျန် မျှော်စင် ပေါ်ထွက် လာပြီးနောက် သူတို့သည် ထိုကန့်သတ်ချက် တို့ကို ချိုးဖျက် လိုက်ကြ လေသည်။ ရွှေယွဲ့လျန် မျှော်စင်၏ သခင်မ တိုင်းသည် နယ်မြေ၏ အတော်ဆုံး စစ်သည်တော် ဆယ်ယောက်တွင် ပါဝင် ကြလေသည်။ ထို့ကြောင့် ယခု မျိုးဆက်၏ သခင်မ ရွှေယို့လန်သည် သူရဲကောင်း အားလုံးအား အထင်သေး၍ ကိုယ်တိုင်ကလည်း ပြိုင်ဘက်ကင်း လေသည်။

"ရွှေချမ်လော့"

သခင်လေးများစွာ တို့၏ အကြည့်များသည် အစိမ်းရောင် ချပ်ဝတ်များ ဆင်ယင် ထားသော မိန်းကလေး များ၏ အလယ်မှ မိန်းမလှလေးထံ ကျရောက် နေကြပြီး မိန်းကလေး၏ အလှတွင် ဖမ်းစား ခံလိုက် ရလေသည်။ ထိုအလိုလိုက် ခံရ၍ ပျက်စီးနေသော ခပ်ရိုင်းရိုင်း မိန်းကလေးသည် နာမည်ဆိုးဖြင့် ကျော်ကြား လှသော်လည်း သူမ၏ ခန္ဓာကိုယ် အပြည့်အဝ မဖွံ့ဖြိုး သေးခင်ကပင် တိုင်းပြည် ပျက်စေ နိုင်လောက်သည့် အလှအပတို့ ရှိနေခဲ့ပြီး ဖြစ်သည်။ သူမ၏ အမေသည် နယ်မြေ၏ နံပါတ်တစ် စစ်သည်တော် ဖြစ်သောကြောင့် သူမကို ရသောသူ၏ အဆင့်အတန်းသည် မိုးထိအောင် မြင့်မား သွားပေလိမ့်မည်။ နံပါတ်တစ် စစ်သည်တော်၏ သမက် ဖြစ်သွားလျှင် မည်သူက ထိုသူအား အထင်သေးရဲ ပါမည်နည်း။ မည်သူက ထိုသူအား သတ်ရဲ ပါမည်နည်း။

"ကျန်းရီ ... သူမက တော်တော်လေး ကောက်ကျစ်တဲ့ မိန်းမပဲ"

ကျန့်ဝူရွှမ်းသည် စိုးရိမ်မှုများ လွှမ်းနေသော မျက်လုံး အစုံနှင့် ကျန်းရီအား ကြည့်လိုက်သည်။ ကျန်းရီ၏ မျက်နှာသည်လည်း လေးနက် သွားခဲ့သည်။ တော်ဝင် မြို့တော်တွင် ရွှေချမ်လော့အား မတွေ့ရခြင်းမှာ အံ့သြစရာ မရှိတော့ပေ။ သူမသည် တပ်ဖွဲ့ တစ်ခုကို ခေါ်ဆောင်လာရန် ကြယ်တံခွန် ကျွန်းသို့ ပြန်သွားခဲ့ခြင်း ဖြစ်လေသည်။ ထို့ပြင် သူသည် သူမ၏ ဝိညာဉ် ခေါင်းလောင်း ဝတ်စုံကို ဖျက်ဆီးခဲ့ပြီး ဖြစ်ရာ သူမသည် ဝတ်စုံအသစ် တစ်ခုကို ဝတ်ဆင် ထားခဲ့သည်။ ထိုဝတ်စုံသည် ဝိညာဉ် ခေါင်းလောင်း ဝတ်စုံကဲ့သို့ သူတော်စင် အဆင့် ဟုတ်မဟုတ် မသိသော်လည်း ၎င်းသည်လည်း ရှားပါးလှသော အဖိုးတန် ဝတ်စုံ ဖြစ်မည်မှာ သေချာ လှသည်။

ရွှေချမ်လော့သည် သူမ၏ တပ်ဖွဲ့ကို ဦးဆောင်၍ တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင် ထဲမှ ဝင့်ကြွားစွာ  ထွက်လာခဲ့သည်။ သူမသည် ဘေးပတ်လည်ကို ဝေ့ကြည့် လိုက်ပြီး သူမ၏ အကြည့်များသည် ရှန်ဝူနိုင်ငံ အဖွဲ့ရှိ ကျန်းရီထံတွင် ရပ်တန့် သွားခဲ့လေသည်။ သူမသည် ရပ်တန့် လိုက်ပြီး ဘာကိုမှ အလေး မထားဘဲ ပြောချ လိုက်လေသည်။

"ကျန်းရီ ... သိပ်ကောင်းတယ် ... ဒီသခင်မလေးက ရှင့်ကို နိုင်ငံအဆင့် ပြိုင်ပွဲကနေ အသက်ရှင်လျက် ထွက်လာ စေမိရင် ငါရွှေချမ်လော့ ရှင့်မျိုးရိုး နာမည်ကို ယူလိုက်မယ်"

"ဝိုး"

နေရာ တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကြပြီး အကြည့်များစွာသည် ကျန်းရီထံ ရောက်ရှိ လာခဲ့သည်။ သူတို့သည် ကျန်းရီအား သေလူ တစ်ယောက်နှယ် ကြည့်နေ ကြလေသည်။ သူမကို ရန်စ လိုက်ခြင်းသည် သူမကို ပိုးပန်း ချင်နေကြသော ဂိုဏ်းကြီးများမှ မရေမတွက် နိုင်သော  သခင်လေးများကို ရန်စ လိုက်ခြင်းနှင့် အတူတူပင်။ ကျန်းရီသည် ရန်သူ ပတ်လည်ဝိုင်း၍ နိုင်ငံအဆင့် ပြိုင်ပွဲသို့ ဝင်ရောက် ရတော့မည်။

"ခွီ"

ကျန်းရီသည် နှာခေါင်းပွတ်၍ သူ့ကံဆိုးမှု ကိုသာ တိတ်တဆိတ် ဆဲရေး လိုက်သည်။ သူသည် ရန်သူများစွာ ရှိနေသော်လည်း ပြိုင်ပွဲဝင်ရန် ပြင်ဆင်ထားပြီး ဖြစ်ရာ ယခုမှ နောက်မဆုတ် နိုင်တော့ပေ။ သူသည် နှာတစ်ချက် မှုတ်လိုက်ပြီး တွန့်ဆုတ်မှု မရှိ ပြန်ပြော လိုက်သည်။

"ရွှေမိန်းမယုတ် ... မင်းငါနဲ့ မတွေ့ပါစေနဲ့လို့ ဆုတောင်း နေတာ ပိုကောင်းမယ် ... မဟုတ်ရင် ဒီသခင်လေးက မင်းအဝတ်တွေကို ချွတ်ပြီးတော့ သစ်ပင်ပေါ်မှာ ချိတ်ထား ပေးမယ်"

"ဟမ် ... "

ကျန်းရီ၏ အသံသည် မကျယ်လွန်း မတိုးလွန်း သော်လည်း မြေကွက်လပ်ထဲမှ လူများအားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက် ရလေသည်။ မိန်းကလေး အများစုသည် ရှက်သွေး ဖြန်းသွားကြပြီး သခင်လေးများ ထဲမှ လူသတ်ငွေ့များ ဖြာထွက် လာခဲ့သည်။ ရွှေချမ်လော့သည် စိတ်တိုလွန်း၍ သွေးအန်လု နီးပါးပင်။ ရွှေယွဲ့လျန် မျှော်စင်၏ သိက္ခာကို ထောက်ထား နေရ၍သာ မဟုတ်လျှင် ကြယ်ကောင်းကင် မြို့ထဲ၌ပင် လူသတ် မိပေလိမ့်မည်။

ထိုအချိန်တွင် တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင် ကြီးသည် လင်းလက် တောက်ပ လာခဲ့ပြန်သည်။ ကျန်းရီသည် တစ်ချက် ကြည့်လိုက်ရာ ကြောင်တောင်တောင် ဖြစ်သွား ရလေသည်။ သူသည် မယုံနိုင်ဟန်နှင့် မေးလိုက်သည်။

"ဝူရွှမ်း ... ဒီလူတွေကရော ပြိုင်ပွဲ ဝင်ကြမှာလား"

"အင်း"

ကျန့်ဝူရွှမ်းသည် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"ဇင်ဘုရားကျောင်းက နိုင်ငံအဆင့် ပြိုင်ပွဲကြီးမှာ ဝင်မပြိုင်ဘဲ ပြိုင်ပွဲငယ်မှာပဲ ဝင်ပြိုင်ကြတယ် ... သူတို့က လူမသတ်ဘဲ တံဆိပ်ပြားတွေ ကိုပဲ လုကြတယ် ... မင်းက မင်းရဲ့ တံဆိပ်ပြားကို ပေးလိုက် သရွေ့ သူတို့က မင်းကို ဒုက္ခပေးမှာ မဟုတ်ဘူး"

"သူတို့က လူမသတ်ဘဲ ဘာလို့ ဝင်ပြိုင်ကြတာလဲ"

ကျန်းရီသည် တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်ထဲမှ ထွက်လာကြပြီ ဖြစ်သော ဘုန်းကြီးများကို ကြည့်လိုက်သည်။ ထိုအုပ်စုထဲတွင် သူ့အား အပြစ်ကင်းသော အပြုံးလေးနှင့် ကြည့်နေသော ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ် အရွယ် ဘုန်းကြီးလေး တစ်ပါး ရှိလေသည်။ ထိုဘုန်းကြီးလေးသည် အတွေ့အကြုံ မရှိသေးသော ကလေးလေး တစ်ယောက်နှယ်။ ကျန်းရီ၏ စိတ်ထဲတွင်တော့ ပေါက်တတ်ကရ အတွေးလေး တစ်ခု ရှိနေလေသည်။ ဒီဘုန်းကြီးလေးက ပြိုင်ပွဲထဲ ရောက်သွားလို့ ခြေပြတ် လက်ပြတ်တွေ၊ အလောင်းကောင်တွေနဲ့ ငရဲလို ဖြစ်နေတဲ့ မြင်ကွင်းကို မြင်လိုက်ရရင် အော်မငိုလောက်ဘူး မလား။

"ခွီး ... ကျန်းရီ ... မင်း အဲဒီ ဘုန်းကြီးလေးကို အထင်သေး မနေတာ ကောင်းလိမ့်မယ်"

ကျန့်ဝူရွှမ်းသည် ကိုယ်ကို ကိုင်း၍ တီးတိုး ပြောလာလေသည်။

"အဲဒီ ဒီဘုန်းကြီးလေးက ဘုရားကျောင်း အုပ်ချုပ်သူ အကြီးအကဲ ဘုန်းတော်ကြီးရဲ့ နောက်ဆုံး တပည့်ပဲ ... သူက ကိုယ်ပိုင်ဓမ္မကို မဖန်တီးရ သေးပေမဲ့ နှစ်တစ်သောင်း ကြာမှ တစ်ခါသာ တွေ့နိုင်တဲ့ ရှားပါး ပါရမီရှင် ဆိုပြီး ကျော်ကြားနေတယ် ... သူ့ရဲ့ အင်အားကိုလည်း အထူး နည်းလမ်းတွေနဲ့ ဖုံးကွယ် ထားသေးတယ် ... ငါတို့ဂိုဏ်းက ရတဲ့ သတင်းတွေ အရဆို သူက အနည်းဆုံးတော့ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်ကို ရောက်နေပြီ"

"အဲဒီလောက် တောင်လား"

ကျန်းရီ လုံးဝ ဆွံ့အ သွားတော့သည်။ ထိုဘုန်းကြီးလေးသည် သူ့ထက်ပင် ငယ်သေးပုံ ပေါ်ပြီး အန္တရာယ် ကင်းသော အပြုံးလေးလည်း ရှိနေ သေးလေသည်။ သူ့မျက်လုံးလေး များသည် သိချင်စိတ်များ ပြည့်နေ၍ အရာရာကို စူးစမ်း နေလေသည်။ သူသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်နှင့် ဘယ်နေရာမှ မတူပေ။

"ဖုန်း ... ဖုန်း ... ဖုန်း"

မြောက်ဘက် အရပ်မှ ခြေသံများ ထွက်ပေါ် လာခဲ့သည်။ လူအများစုသည် ထိုနေရာသို့ လှည့်ကြည့် လိုက်ကြပြီး ကျန့်ဝူရွှမ်း သည်လည်း လှည့်ကြည့်၍ ကျန်းရီ၏ ပခုံးကို အသာ တို့လိုက်သည်။

"အင်ပါယာ မျိုးနွယ်ရဲ့ အဖွဲ့အစည်းက လူတွေ လာနေကြပြီ ... နိုင်ငံအဆင့် ပြိုင်ပွဲ စတော့မယ်"

***

All Chapters