ရေပြင်အောက်ခြေရှိလေဟာနယ်
Vol. 43 Ch. 596
ခြောက်ရောင်စဉ်ရေကန်၏ အောက်ခြေ၌
ဇူယွမ်မှာ မှေးမှိန်သော စွမ်းအင်လှိုင်းတစ်ခုအား ခံစားခဲ့ရသော နေရာအား ကူးခက်သွားလိုက်သည်။ လုလျိုမှာလည်း ပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးလျက် ဇူယွမ်၏နောက်မှ လိုက်ပါလာသည်။ ဝိဉာဉ်မြွေနဂါးကြီးမှ ရေပြင်အောက်ခြေရှိ လျှို့ဝှက်ချက်အား ပြောပြခဲ့ပါသော်လည်း သူမကိုယ်တိုင် ရေကန်အတွင်းသို့ ဆင်းသက်ခဲ့ဖူးခြင်း မရှိပါချေ။
"ဒီနေရာကနေ ထူးခြားတဲ့ စွမ်းအင်လှိုင်းတစ်မျိုး ထွက်နေတယ်။ ငါ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ဒီနေရာမှာ လေဟာနယ်လေးတစ်ခု ရှိနေလိမ့်မယ်။" ဇူယွမ်မှာ ရေပြင်အောက်ခြေရှိ နေရာတစ်ခုအား ညွှန်ပြကာ စကားဆိုလိုက်သည်။
လုလျိုမှာ ဇူယွမ်ညွှန်ပြသောနေရာအား အပြန်ပြန်အလှန်လှန် ကြည့်ရှုလိုက်ပါသော်လည်း မည်သည့်ထူးခြားမှုမှ တွေ့ရှိရခြင်း မရှိသည့်အတွက် မျက်လုံးလေးကလယ်ကလယ် ဖြစ်သွားရသည်။
ဇူယွမ်မှာ မထူးဆန်းဟန်ဖြင့် ထိုနေရာအား တိတိပပညွှန်ပြကာ မျက်ဝန်းများ ကျဉ်းမြောင်းလျက် စကားဆိုလိုက်သည်။ "ငါလည်း အစတုန်းက ဘာမှမခံစားမိဘူး။ ဒါပေမယ့် ရုတ်တရက် လေဟာနယ်အသေးလေးတစ်ခုကို မြင်လိုက်မိတာ။"
ဇူယွမ်မှာ လုလျိုအား ရှင်းပြလိုက်ပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်သည်။
ရွှေရောင်ချီစွမ်းအင်များ ဇူယွမ်ထံမှ ပေါက်ကွဲထွက်ပေါ်လာကာ ကောင်းကင်ဘုံယွမ်စုတ်တံအတွင်းသို့ စီးဝင်သွားလေသည်။ ကောင်းကင်ဘုံယွမ်စုတ်တံမှာ တုန်ခါလာသောကြောင့် ရေကန်မျက်နှာပြင်၌ ကြီးမားသောလှိုင်းလုံးများကိုပင် ဖြစ်ပေါ်သွားစေသည်။
ဇူယွမ်၏ မျက်ဝန်းများ၌ လေးနက်သော အငွေ့အသက်များ ပြည့်နှက်သွားပြီးနောက် ခန္ဓာကိုယ်မှာ ကျောက်စိမ်းရောင်အလင်းတန်းများ တောက်ပလာရသည်။ ယင်း၏ အသွေးအသားများမှာလည်း ငွေရောင်ခြည်အလင်းတန်းများဖြင့် ပြည့်နှက်သွားတော့၏။
ဝုန်း.....
ရေမျက်နှာပြင်ထက်၌ ကြမ်းတမ်းလှသော လှိုင်းလုံးများစွာ ရိုက်ခတ်သွားရသည်။
ကောင်းကင်ဘုံယွမ်စုတ်တံမှာ မှေးမှိန်သော စွမ်းအင်လှိုင်းတစ်မျိုး ထွက်ပေါ်ရာနေရာသို့ ထိုးစိုက်သွားပြီးနောက် ပြင်းထန်သောစွမ်းအင်များအား ထုတ်လွှတ်လိုက်သည်။
ဝုန်း.....
ရေကန်အောက်ခြေကြမ်းပြင်မှာ ပေါက်ကွဲသွားရသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီးနောက် ဇူယွမ်၏ခန္ဓာကိုယ်အား လေဟာနယ်အတွင်းသို့ ဆွဲခေါ်သွားတော့သည်။
အချိန်ခဏမျှ ကြာမြင့်သွားပြီးနောက် ဇူယွမ်မှာ ညစ်ပတ်ပေကျံလျက် သွေးစများ ယိုစီးနေဟန်ဖြင့် ရေပြင်အောက်ခြေသို့ ပြန်လည်ရောက်ရှိလာလေသည်။ "လေဟာနယ်က အရမ်းကို ကျစ်လစ်နေတယ်။"
လုလျို၏ မျက်နှာလေးမှာ ငြိုးငယ်သွားရ၏။ "အဲ့ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ။"
လျှို့ဝှက်ချက်မှာ ၎င်းတို့၏ မျက်စိရှေ့၌ပင် တည်ရှိနေခြင်း ဖြစ်သည်။ သို့သော် ယင်းတို့နှစ်ဦးလုံး မဝင်ရောက်နိုင်ပဲ ဖြစ်နေရ၏။ ထိုသည်မှာ အမှန်တကယ်ပင် စိတ်အလိုမကျ ဖြစ်စေရလေသည်။
ထိုအချိန်မှာပင် လုလျို၏အင်္ကျီလက်အတွင်းမှ အနက်ရောင်မြွေလေးတစ်ကောင် ပေါ်ထွက်လာကာ သူမ၏လက်အား ရစ်ခွေလိုက်သည်။ ထို့နောက် ဇူယွမ်အားကြည့်ကာ မြည်တွန်လိုက်၏။
"သူဘာပြောတာလဲ။" ဇူယွမ်မှ လုလျိုအားကြည့်ကာ မေးလိုက်သည်။
လုလျိုမှာ အားတုံ့အားနာဖြစ်နေဟန်ဖြင့် တိုးညင်းစွာ ပြောလိုက်သည်။ "သူပြောတာက နင်ကငတုံးမို့လို့ အားသုံးနေတာတဲ့။"
ဇူယွမ်မှာ နှုတ်ခမ်းအားရှုံ့မဲ့လျက် ဝိဉာဉ်မြွေနဂါးအား စူးစိုက်ကြည့်ရှုလိုက်သည်။ ဝိဉာဉ်မြွေနဂါး၏ မျက်ဝန်းများမှာ သူ့အားလှောင်ရယ်နေသည်ဟု ထင်မှတ်ရပေသည်။
"အဲ့ဒါဆို အထဲဝင်ဖို့ မင်းမှာနည်းလမ်းရှိလား။" ဇူယွမ်မှာ ဝိဉာဉ်မြွေနဂါးအားကြည့်ကာ မေးမြန်းလိုက်သည်။ အလွန်အဆင့်မြင့်သော မူလသားရဲများမှာ လူသားများ၏စကားအား နားလည်နိုင်စွမ်းရှိကြောင်း ဇူယွမ်မှ ကောင်းစွာသိရှိထားသည်။
မည်သို့ပင်ဆိုစေကာမူ ဝိဉာဉ်မြွေနဂါးမှာ ဇူယွမ်၏စကားအား အလုံးစုံ လျစ်လျူရှုထားလေသည်။
ဇူယွမ်မှာ လုလျိုအား မျက်စောင်းထိုးလိုက်သည်။ လုလျိုမှာ ရယ်ချင်ပက်ကျိ အမူအရာဖြင့် ဝိဉာဉ်မြွေနဂါး၏ ဦးခေါင်းအားပွတ်ကာ ပြောလိုက်၏။ "ရှောင်လင်း နင်သိတယ်ဆိုရင် ငါ့ကိုတော့ ပြောပြဦးလေ။"
ဝိဉာဉ်မြွေနဂါးမှာ ခွေးပေါက်လေးအလား ချစ်စဖွယ်မျက်လုံးဝိုင်းလေးများဖြင့် လုလျိုအား ကြည့်ရှုလိုက်ပြီးနောက် တိုးညင်းစွာ မြည်တွန်လိုက်သည်။
လုလျို၏ မျက်ဝန်းများမှာ ချက်ချင်းဆိုသလို လင်းလက်တောက်ပသွားရသည်။ "သူပြောတာက လေဟာနယ်က အရမ်းကျစ်လစ်လွန်းလို့ အားသုံးပြီးဝင်လို့ရမှာ မဟုတ်ဘူးတဲ့။ ဒါပေမယ့် အဲ့နေရာက တစ်ချက်တစ်ချက် အားနည်းသွားတတ်တယ်တဲ့။ အဲ့လို အားနည်းသွားတဲ့အချိန်မှာ အားအနည်းဆုံး ဖြစ်နေတဲ့နေရာကိုရှာပြီး ဖွင့်ရမယ်လို့ပြောတယ်။"
ဇူယွမ်မှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။ ထိုနည်းလမ်းမှာ အသုံးဝင်လောက်ပါသော်လည်း အားအနည်းဆုံး နေရာအား ရှာဖွေရန်မှာ ခက်ခဲလိမ့်မည်ပင် ဖြစ်သည်။ ထိုသို့ ရှာဖွေရန်မှာ ပုံမှန်လူတစ်ဦးအတွက် မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပါသော်လည်း ကံကောင်းထောက်မစွာဖြင့် သူ့ထံ၌ အနက်ဖော်သူတော်စင်မှော်စာလုံး ရှိနေလေသည်။
"ငါတို့ကြိုးစားကြည့်တာပေါ့။" ဇူယွမ်မှာ အနည်းငယ်မျှပင် အချိန်ဆွဲလိုခြင်း မရှိတော့ပေ။ ယခုအချိန်၌ ခြောက်ရောင်စဉ်ရေကန် ပတ်ဝန်းကျင်မှာ ခြောက်သွေ့တိတ်ဆိတ်နေပါသော်လည်း တစ်စုံတစ်ဦးမှ အမှတ်မထင် ဤနေရာသို့ ရောက်ရှိလာနိုင်ပေသည်။ ထိုသို့သာ ရောက်ရှိလာပါက ပြဿနာများ ဖြစ်ပွားနေရမည်ပင် ဖြစ်သည်။
"ရှောင်လင်းလေး စလိုက်တော့။" လုလျိုမှ စကားဆိုလိုက်သည်။
ဝိဉာဉ်မြွေနဂါးမှာ ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် လျင်မြန်စွာပင် စွမ်းအင်လှိုင်းများ ထွက်ပေါ်ရာနေရာသို့ ဦးတည်သွားလိုက်သည်။ လေဟာနယ်မှာဖြည်းညင်းစွာဖြင့် လျော့ပါးလာပြီးနောက် ဝိဉာဉ်မြွေနဂါးမှာ တစ်စတစ်စဖြင့် တိုးဝင်သွားလေသည်။
လုလျိုမှ လျင်မြန်စွာပင် အော်ဟစ်လိုက်သည်။ "ဇူယွမ်..."
ဇူယွမ်မှာ မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်းမပြုပဲ အနက်ဖော်သူတော်စင်မှော်စာလုံးကိုသာ စတင်လည်ပတ်စေလိုက်သည်။ တွေ့မြင်နေရသော လေဟာနယ်မှာ ပြောင်းလဲမှုများ အနည်းငယ် ဖြစ်ပေါ်နေသည်ကို တွေ့မြင်လိုက်ရေလသည်။
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်ထားလျက် လေဟာနယ်၏ အလယ်ဗဟိုတည့်တည့်သို့ အလိုက်သင့်ပင် ထိုးစိုက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် လေဟာနယ်မှာ ဆုတ်ပြဲလာပြီးနောက် တစ်ပေခန့်ရှိသော ဝင်ပေါက်တစ်ခု ဖြစ်ပေါ်သွားလေသည်။
"နင်ကအရမ်းတော်တာပဲ ဇူယွမ်။" လုလျိုမှာ ကူကယ်ရာမဲ့စွာဖြင့် ချီးကျူးစကားဆိုလိုက်သည်။ အစောပိုင်း၌ ဇူယွမ်၏ လုပ်ဆောင်ချက်မှာ သပ်ရပ်တိကျလှသည်။
ဇူယွမ်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် ဆုတ်ပြဲနေသော လေဟာနယ်အားကြည့်ကာ လေးနက်စွာဖြင့် ပြောလိုက်သည်။ "ငါတို့ တစ်ချက်လောက် သွားကြည့်ရအောင်။ ဘာရတနာတွေ ရှိနေမလဲ မသိဘူး။"
လုလျိုမှာလည်း စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဇူယွမ်မှာ အရှေ့မှဦးဆောင်၍ လေဟာနယ်အတွင်းသို့ ဝင်ရောက်လိုက်သည်။ သူသည် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် အသင့်အနေအထားဖြင့် ရှိနေ၏။
လေဟာနယ်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင် အသစ်တစ်ခုစီသို့ ရောက်ရှိသွားလေသည်။ ရေလှိုင်းများ ပျောက်ကွယ်သွားကာ ကျစ်လစ်မာကြောသော မြေပြင်ပေါ်သို့ ခြေချလိုက်မိ၏။
ဇူယွမ်မှာ ပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးလိုက်သည်။ ထိုနေရာမှာ အထူးတလည် စစ်ဆေးရန်ပင် မလိုအပ်သော ကျဉ်းမြောင်းသော နေရာတစ်ခုသာ ဖြစ်သည်။ သူသည် မျက်စိရှေ့တွင်ရှိနေသော နေရာအား ကြည့်ရှုလိုက်မိသည်။
ထိုနေရာ၌ ပေအနည်းငယ်မျှ ကျယ်ဝန်းသော ရွှေရောင်ရေအိုင်တစ်ခု တည်ရှိနေကာ ကျောက်စိမ်းသစ်ပင်တစ်ပင် ပေါက်ရောက်နေသည်။ ထိုသစ်ပင်မှာ သစ်ရွက် တစ်ရွက်တလေမျှပင် ရှိမနေပဲ သစ်ကိုင်းသစ်ခက်များမှာ ရှင်းလင်းနေ၏။ ဇူယွမ်နှင့် လုလျိုမှာ သစ်ပင်ထိပ်အား လျင်မြန်စွာ ကြည့်ရှုလိုက်ကြသည်။
သစ်ပင်ထိပ်ဖျား၌ အသက်ရှိနေဟန်တူသော ရောင်စဉ်ခြောက်သွယ် ဖြာထွက်နေသည့် ကလေးငယ်အသွင်ဖြင့် သစ်သီးနှစ်လုံးအား တွေ့ရှိလိုက်ရသည်။
ဇူယွမ်နှင့် လုလျိုမှာ စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြသည်။
ထိုသစ်သီးမှာ ရောင်စဉ်ခြောက်သွယ် ရတနာသစ်သီးများပင် ဖြစ်လေသည်။
ယင်းသစ်သီးနှစ်လုံးမှာ ခြောက်ရောင်စဉ်ရေကန်၏ အစစ်အမှန် ရတနာများပင် ဖြစ်ပေလိမ့်မည်။
ဇူယွမ်မှာ ဤနေရာအား ရှာဖွေတွေ့ရှိနိုင်ခဲ့သည့်အတွက် အလွန်အမင်း ပျော်ရွှင်ကျေနပ်နေမိသည်။
ယခုဆိုလျှင် ကောင်းချီးများအား ရရှိနိုင်တော့မည်ပင် ဖြစ်ပေတော့သတည်း။