ရေပြင်အောက်ခြေမှရတနာ
Vol. 43 Ch. 597
ကျောက်စိမ်းဖြင့် ထုလုပ်ထားဟန်ရှိသော ကလေးငယ်အသွင်ရှိသည့် သစ်သီးနှစ်လုံးသည် ရှေးဟောင်းကျောက်စိမ်းသစ်ပင်ကြီး၏ ထိပ်ဖျား၌ တွဲလဲခိုနေလျက် ရှိသည်။ ယင်းသစ်သီးနှစ်လုံးထံမှ ရောင်စဉ်ခြောက်သွယ် အလင်းတန်းများ ဖြာထွက်နေလေသည်။
ဇူယွမ်နှင့် လုလျိုနှစ်ဦးစလုံးမှာ မည်သည့်စကားမှပင် မဆိုနိုင်ပဲ ထိုသစ်သီးနှစ်လုံးအား အချိန်ကြာမြင့်စွာ ငေးမောကြည့်ရှုနေမိကြသည်။
"ဝါး...."
အချိန်များစွာ ကြာမြင့်သွားပြီးနောက် ဇူယွမ်မှာ အသိစိတ်ပြန်ဝင်လာကာ စကားဆိုလိုက်သည်။ "ခြောက်ရောင်စဉ်ရေကန် အပေါ်ဖက်မှာ ရတနာတွေ အများကြီး ရခဲ့တယ်ဆိုပေမယ့် ကန်ရဲ့နာမည်နဲ့ မကိုက်ညီဘူးလို့ ငါထင်နေခဲ့တာ။ အခုမှပဲ ခြောက်ရောင်စဉ်ရေကန်ရဲ့ အစစ်အမှန် ရတနာတွေက ဒီနေရာမှာ ကွယ်ဝှက်ထားတာ ဖြစ်နေပါလား။"
လုလျိုမှာလည်း လောဘရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် ဇူယွမ်၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်သည်။ သူမသည် အလှပန်းတစ်ရာနန်းတော်၏ တပည့်တစ်ဦးအနေဖြင့် ဝေစုခွဲတမ်းများ ရရှိခဲ့ပါသော်လည်း ရောင်စဉ်လေးသွယ် ရတနာကိုသာ ရရှိနိုင်ခဲ့သည်။
ထို့ကြောင့် လုလျိုမှာ နတ်ဘုံခန်းဝါရတနာများ ရရှိနိုင်ရန်အတွက် စိတ်ဆန္ဒများစွာ ရှိနေဆဲပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လုလျိုပါဝင်သော အလှပန်းတစ်ရာနန်းတော်၏ တပည့်အုပ်စု၌ ထန်းရှောင်ယန့်နှင့် ကျောက်ရူတို့ကသာ တပည့်ခေါင်းဆောင်များ ဖြစ်ကြသည်။ ထို့ကြောင့် သာမန်တပည့်တစ်ဦးဖြစ်သော သူမအတွက် များပြားလှသော ဝေစုခွဲတမ်း ရရှိနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် လုလျိုမှာ သူမ၏အဖွဲ့အား ချန်ထားရစ်ကာ တစ်ဦးတည်း ခြောက်ရောင်စဉ်ရေကန်ဆီသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဇူယွမ်မှာ လုလျိုအားကြည့်လျက် ပြုံးကာမေးလိုက်သည်။ "တစ်ယောက်တစ်လုံးစီ ယူကြမယ်မလား။"
လုလျိုမှာ ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အကယ်၍ ယခု သူမနှင့် လိုက်ပါလာသူမှာ အခြားတစ်စုံတစ်ယောက်သာ ဖြစ်နေပါက ရောင်စဉ်ခြောက်သွယ် ရတနာသစ်သီးများအား မြင်စဉ်အချိန်တည်းကပင် ထိုသူအား သတ်ပစ်ရန် တွေးတောနေလောက်ပြီပင် ဖြစ်သည်။
ရောင်စဉ်ခြောက်သွယ် ရတနာမှာ မည်မျှပင် အဖိုးတန်းလှကြောင်း ကောင်းစွာသိရှိထားကြမည်ပင် ဖြစ်သည်။ ထိုသို့သော ရှားပါးရတနာအား မည်မျှပင် ရရှိစေကာမူ မည်သူကမျှ လောက်ငှနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် လုလျိုမှာ ဇူယွမ်အား အလွန်ပင် ယုံကြည်မှုရှိလေသည်။ အဘယ့်ကြောင့်ဆိုသော် သားရဲများနှင့် စိတ်နှလုံးချင်း ဆက်နွယ်နိုင်သူ တစ်ဦးအနေဖြင့် လုလျိုမှာ အခြားသူများ၏ စိတ်သဘောထားကိုလည်း ဖတ်နိုင်သောကြောင့်ပင် ဖြစ်သည်။
ဇူယွမ်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် ရွှေရောင်ချီစွမ်းအင် အမျှင်တန်းတစ်ခုအား ထုတ်လွှတ်ကာ ကလေးငယ်အသွင် ကျောက်စိမ်းသစ်သီးနှစ်လုံးအား ညင်သာစွာ ဆွတ်ခူးစေလိုက်သည်။
သစ်သီးများအား ဆွတ်ခူးရသည်မှာ ညင်သာချောမွေ့နေပြီး မည်သည့်အနှောင့်အယှက်မှ ပေါ်ပေါက်လာခြင်း မရှိပါချေ။ ဝိဉာဉ်မြွေနဂါးကြီးမှာ ကန်၏အစောင့်အရှောက်ဖြစ်ပါသော်လည်း လုလျိုနှင့် စိတ်နှလုံးချင်း ဆက်နွယ်ထားသောကြောင့် မည်သည့်တိုက်ခိုက်မှုမှ မပြုလုပ်ပေ။
ရွှေရောင်ချီစွမ်းအင် အမျှင်တန်းမှာ ကျောက်စိမ်းသစ်သီးနှစ်လုံးအား သယ်ဆောင်လျက် ဇူယွမ်၏လက်ပေါ်သို့ ဆင်းသက်လာသည်။
ဇူယွမ်မှာ ကျောက်စိမ်းသစ်သီးအား ဆာလောင်တပ်မက်စွာ ကြည့်ရှုလိုက်ပြီးနောက် လုလျိုအား သစ်သီးတစ်လုံး ပေးအပ်လိုက်သည်။
လုလျိုမှာ စိတ်လှုပ်ရှားစွာဖြင့် ပျော်ရွှင်ခုန်ပေါက်ကာ ရယူလိုက်သည်။ သူမ၏ မျက်ဝန်းများမှာ စိတ်ကျေနပ်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။
လုလျိုသည် ချိုမြိန်လှသော အသံလေးဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ကျေးဇူးပဲ ဇူယွမ်..."
ဇူယွမ်မှာ ပြုံးပြလိုက်ပြီးနောက် ရွှေရောင်ရေအိုင်အနီးသို့ တိုးကပ်သွားလိုက်သည်။ လက်ရှိအချိန်၌ ဝိဉာဉ်မြွေနဂါးကြီးမှာ ယင်းရွှေရောင်ရေအိုင်အတွင်း ရစ်ခွေနေခြင်း ဖြစ်လေသည်။ ၎င်း၏ခန္ဓာကိုယ်မှာ ရေအိုင်အတွင်း နစ်မြုပ်နေပြီး အနည်းငယ်မျှ တုန်ခါနေလျက် ရှိသည်။ ဇူယွမ်မှာ ဝိဉာဉ်မြွေနဂါး၏ ထိခိုက်ဒဏ်ရာများသည် တစ်စတစ်စဖြင့် သက်သာပျောက်ကင်းလာသည်ကို ခံစားလိုက်မိသည်။
ဤရွှေရောင်ရေအိုင်လေးမှာ ထူးခြားသော အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပုံ ရ၏။
"ဒီရေအိုင်ကရောဘာလဲ။" လုလျိုမှာ လျင်မြန်စွာပင် လျှောက်လှမ်းလာပြီးနောက် ရေအိုင်အနီး ထိုင်ချလိုက်ကာ လက်တစ်လက်အား ရေပြင်နှင့် ထိတွေ့ကြည့်လိုက်သည်။
သို့သော် ချက်ချင်းဆိုသလိုပင် အလွန်ပင် နာကျင်သွားရဟန်ဖြင့် လက်ချောင်းအား ပြန်လည်ရုတ်သိမ်းလိုက်လေသည်။ လုလျို၏ လက်ချောင်းလေးများမှာ ရဲတွတ်သွားရသည်။
လုလျိုမှ အလွန်ပင် နာကျင်သွားရဟန်ဖြင့် အော်ဟစ်လိုက်သည်။ "အား...."
ဇူယွမ်မှာ အနည်းငယ်မျှ စိတ်ရှုပ်ထွေးသွားပြီးနောက် လက်တစ်ဖက်အား ရေပြင်နှင့် ထိတွေ့စေလိုက်သည်။ ချက်ချင်းဆိုသလိုပင် ချော်ရည်ပူနှင့် ထိတွေ့လိုက်ရသည့်အလား စူးရှလှသော နာကျင်မှုကို ခံစားလိုက်ရပေသည်။
သို့သော် ဇူယွမ်မှာ လက်ချောင်းအား အလျင်စလို ပြန်လည်ရုတ်သိမ်းခြင်း မရှိပါချေ။ အဘယ့်ကြောင့်ဆိုသော် ထိုနာကျင်မှုအား ဇူယွမ်မှ ခံနိုင်ရည်ရှိနေသောကြောင့်ပင် ဖြစ်သည်။
ဇူယွမ်မှာ အသက်ရှူချိန် အနည်းငယ်မျှ လက်ချောင်းအား ရေပြင်အတွင်း နှစ်ထားလိုက်ပြီးနောက် မျက်ဝန်းများ၌ ပျော်ရွှင်ဝမ်းမြောက်မှု အရိပ်အယောင်များ ပြည့်နှက်လာရသည်။ ထိုရွှေရောင်ရေအိုင်နှင့် ထိတွေ့ရသည်မှာ အလွန်အမင်း နာကျင်ရပါသော်လည်း ခန္ဓာကိုယ်အား မထင်မှတ်ထားလောက်အောင် ကောင်းမွန်စေနိုင်လေသည်။
"မူလသူတော်စင်တောင်ထွတ်က ယင်ယန်းနဂါးစင်မြင့်မှာ လေ့ကျင့်ရတာထက်တောင် ပိုပြီးပြင်းထန်တာပဲ။" ဇူယွမ်မှာ စိတ်နှလုံးများ တုန်လှုပ်သွားရလောက်အောင်ပင် ပျော်ရွှင်ဝမ်းမြောက်သွားမိသည်။ သူ၏ ကြီးမြတ်သောခန္ဓာကျင့်စဉ်ငယ်မှာ ငွေရောင်ခြည်အသွေးအသားအဆင့်၌ ရပ်တန့်နေရသည်မှာ အတော်ပင် ကြာမြင့်နေပြီဖြစ်ပြီး ဖြစ်သော်လည်း ရွှေအိုရောင်သွေးစက်အဆင့်သို့ တက်လှမ်းနိုင် ခြင်းမရှိခဲ့ချေ။
ပြင်ပသန်မာမှုကျင့်စဉ်မှာ အဆင့်တက်ရန် အလွန်ပင် ခက်ခဲလွန်းလှသည်။ ကျင့်ကြံခြင်းအား အကူအညီပေးနိုင်မည့်အရာများ မရှိပါက ခန္ဓာကိုယ် သန်မာလာစေရန်သာ ဖြည်းညင်းစွာ ကြိုးစားရခြင်း ဖြစ်သည်။
ထို့ကြောင့် ဇူယွမ်မှာ အဆင့်တက်ရန် အကူအညီဖြစ်စေနိုင်မည့် မည်သည့်နည်းလမ်းကိုမဆို စိတ်ဝင်တစား ရှိ၏။ ဥပမာအားဖြင့် ဆိုရလျှင်မူ ယင်ယန်းနဂါးစင်မြင့်နှင့် ယခုမြင်တွေ့နေရသော ရွှေရောင်ရေအိုင်ကဲ့သို့သော အရာများပင် ဖြစ်သည်။
အစောပိုင်း၌ စမ်းသပ်မှုအရ ရွှေရောင်ရေအိုင်၏ အကူအညီဖြင့်သာဆိုလျှင် ဇူယွမ်မှာ ကြီးမြတ်သောခန္ဓာကျင့်စဉ်ငယ်၏ ရွှေအိုရောင်သွေးစက်အဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ခံစားနေရသည်။
ထိုသို့သာ အဆင့်တက်နိုင်ခဲ့ပါက ဇူယွမ်မှာ ပြင်ပခန္ဓာသန်မာမှုနှင့်ပင် ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်များအားလုံးထက် သာလွန်သွားမည်ပင် ဖြစ်သည်။
လုလျိုမှာ လက်ချောင်းကို ရေအိုင်အတွင်း ကြာမြင့်စွာ နှစ်ထားသော ဇူယွမ်အား စိုးရိမ်ပူပန်လာဟန်ဖြင့် မေးမြန်းလိုက်သည်။ "ဇူယွမ် နင်အဆင်ပြေရဲ့လား။"
ဇူယွမ်မှာ ပြုံး၍ခေါင်းခါပြလိုက်ပြီးနောက် မည်သည့်အရာမှ ဖုံးကွယ်ထားခြင်းမရှိပဲ လုလျိုအား ရှင်းပြလိုက်သည်။ "ဒီရွှေရောင်ရေအိုင်က တကယ့်ရတနာကောင်းပဲ။ ပြင်ပသန်မာမှုကျင့်စဉ်အတွက် အရမ်းအသုံးဝင်တယ်။ ငါတို့ဒီကိုရောက်လာမှတော့ ဒီရေအိုင်ကိုလည်း ခွဲယူကြတာပေါ့။"
လုလျိုမှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "နင်လိုချင်ရင် ယူလိုက်လေ။ ငါက ပြင်ပသန်မာမှုကျင့်စဉ်ကို စိတ်မဝင်စားဘူး။"
ပြင်ပသန်မာမှုကျင့်စဉ်များမှာ ခန္ဓာကိုယ်အား အလွန်အမင်း နာကျင်စေရသည်ချည်းသာ ဖြစ်သည်။ လုလျိုမှာမူ သူမ၏ ချစ်စဖွယ် သားရဲလေးများကိုသာ စိတ်ဝင်စားခြင်းဖြစ်ပြီး ခန္ဓာကိုယ် နာကျင်စေရမည်အား အလွန်အမင်း ကြောက်ရွံ့သူပင် ဖြစ်သည်။
ဇူယွမ်မှာ ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီးနောက် သိုလှောင်အိတ်အတွင်းမှ သစ်သားစည်ပိုင်း ဆယ်ခုကို ထုတ်ယူလိုက်သည်။ သစ်သားစည်ပိုင်းများမှာ လူတစ်ရပ်ထက်ပင်မြင့်သော ကြီးမားသော စည်ပိုင်းကြီးများပင် ဖြစ်သည်။
ဇူယွမ်မှာ စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် ရွှေရောင်ရေအိုင်အတွင်းမှ ရေများအား သစ်သားစည်ပိုင်းအတွင်းသို့ ပြောင်းရွှေ့လိုက်၏။
ရွှီး.....ရွှီး.....
ထိုအချိန်မှာပင် ဝိဉာဉ်မြွေနဂါးမှာ အလွန်ပင် ဒေါသထွက်နေဟန်ဖြင့် မြည်တွန်လိုက်သည်။ ၎င်းသည် စူးရဲနေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေလျက် ရှိသည်။
လုလျိုမှာ လျင်မြန်စွာပင် ထလာပြီးနောက် ဝိဉာဉ်မြွေနဂါးနှင့် ဆက်သွယ်စကားပြောလိုက်သည်။ ထို့နောက် ဇူယွမ်အားကြည့်ကာ အားတုံ့အားနာဖြစ်နေဟန်ဖြင့် စကားဆိုလိုက်သည်။ "ဇူယွမ် အဲ့ရေအိုင်ထဲက ရေနည်းနည်းကို ရှောင်လင်းကို ပေးလို့ရမလား။ သူ့ရဲ့ကျင့်စဉ်အတွက် အဲ့ရေကိုလိုအပ်တယ်တဲ့။"
ဇူယွမ်မှာ အလျင်အမြန်ပင် နားလည်သဘောပေါက်သွားရသည်။ ပြင်းထန်သော ထိခိုက်ဒဏ်ရာများဖြင့်ပင် မြွေနဂါးကြီးမှ အသက်မသေပဲ အသက်ဘေးမှ လွတ်မြောက်လာခဲ့ခြင်းမှာ ပြင်ပခန္ဓာသန်မာမှုကြောင့်ပင် ဖြစ်ပေလိမ့်မည်။
"ကိစ္စမရှိပါဘူး။ ဒီနေရာမှာ ရှိတဲ့အရာတိုင်းကို ငါတို့အတူဝေမျှရမှာပဲလေ။" ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။ ဤရွှေရောင်ရေအိုင်အတွင်းရှိ ရေတဝက်ခန့်ဖြင့်ဆိုလျှင် ရွှေအိုရောင်သွေးစက်အဆင့်သို့ တက်ရောက်ရန် လုံလောက်နေပြီ ဖြစ်သည်။
လုလျိုမှာ သစ်သားစည်ပိုင်းကြီးများအား ကြည့်ရှုလိုက်ပြီးနောက် လက်နှစ်ချောင်းထောင်ပြကာ စကားဆိုလိုက်သည်။ "အဲ့ဒါဆို ငါတို့ကို စည်ပိုင်းနှစ်ခုပေး။"
"မင်းတို့သုံးခုယူလို့ရပါတယ်။" ဇူယွမ်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် ဝိဉာဉ်မြွေနဂါးအားကြည့်ကာ ပြောလိုက်သည်။ "ဒီလောက်ဆို မင်းလုံလောက်ပြီမလား။"
"ရွှီး....ရွှီး...."
ဝိဉာဉ်မြွေနဂါးမှာ နှစ်ချက်မျှ မြည်တွန်လိုက်ပြီးနောက် ရွှေရောင်ရေအိုင်အား တပ်မက်သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။
"ရှောင်လင်း ငါ့ဆီပြန်လာတော့..."
ဝိဉာဉ်မြွေနဂါးမှာ အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် လုလျို၏အင်္ကျီလက်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ဇူယွမ်မှာ စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် ရွှေရောင်ရေအိုင်အတွင်းမှ ရေများအား သစ်သားစည်ပိုင်းအတွင်းသို့ ပို့ဆောင်နေလျက် ရှိသည်။
သစ်သားစည်ပိုင်းများအား ဖြည့်တင်းပြီးသည့်နောက် ရွှေရောင်ရေအိုင်မှာ ရေအနည်းငယ်မျှသာ ကျန်ရစ်ပြီး ကျောက်စိမ်းသစ်ပင်၏ အမြစ်များ မြင်တွေ့နေရပြီ ဖြစ်သည်။
ဇူယွမ်မှာ ကျေနပ်အားရစွာဖြင့် သစ်သားစည်ပိုင်းများအား ကြည့်ရှုလိုက်ပြီးနောက် လုလျိုထံသို့ သုံးခုခွဲပေးလိုက်သည်။
"ဒီနေရာမှာရှိတဲ့ ရတနာတွေအားလုံးကို တစ်ခုမကျန် ယူသွားကြမယ်မလား။" ဇူယွမ်မှာ အကြောများကို ဆန့်ထုတ်လိုက်ရင်းဖြင့် စကားဆိုလိုက်သည်။
လုလျိုမှာ ရေအိုင်အောက်ခြေအား ကြည့်ရှုနေရင်းဖြင့် ဇူယွမ်၏လက်အားဆွဲကာ ပြောလိုက်သည်။ "ဇူယွမ် အဲ့ဒါကဘာလဲ။"
ဇူယွမ်မှ ကြည့်ရှုလိုက်သောအခါတွင် ကျောက်စိမ်းသစ်ပင်၏ အမြစ်များမှာ စက်ဝိုင်းသဏ္ဍာန်များ ဖြစ်ပေါ်နေသည်ကို တွေ့ရှိလိုက်ရလေသည်။
ထိုစက်ဝိုင်းသဏ္ဍာန် အမြစ်များထံမှ ဆန်းကြယ်သော အလင်းတန်းတစ်မျိုး ထွက်ပေါ်နေလျက် ရှိနေလေတော့သတည်း။