← Chapters

အတွင်းဖက်နယ်မြေသို့သွားရောက်ခြင်း

Vol. 43 Ch. 598

အတွင်းဖက်နယ်မြေသို့သွားရောက်ခြင်း

Vol. 43 Ch. 598

ကျောက်စိမ်းသစ်ပင်၏ အမြစ်များမှာ စက်ဝိုင်းသဏ္ဍာန်ဖြစ်ပေါ်နေပြီး ထူးခြားဆန်းကြယ်သော အလင်းတန်းများလည်း ပေါ်ထွက်နေလျက် ရှိသည်။

ဇူယွမ်မှာ စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် ကျောက်စိမ်းသစ်ပင်၏ အမြစ်များအား ဖယ်ရှားစေကာ အလင်းတန်းများထွက်ပေါ်နေသောအရာအား ထွက်ပေါ်စေလိုက်သည်။

ဇူယွမ်နှင့် လုလျိုနှစ်ဦးစလုံးမှာ စူးစမ်းလိုစိတ်ဖြင့် လျင်မြန်စွာ ကြည့်ရှုလိုက်ကြသည်။

"ဒါက..... "

သစ်မြစ်များအား ဖယ်ရှားလိုက်သောအခါ၌ ၎င်းတို့နှစ်ဦးမှာ လက်ဝါးအရွယ်မျှရှိသော အရာဝတ္ထုတစ်ခုအား တွေ့ရှိလိုက်ရသည်။ ထိုအရာဝတ္ထုမှာ ပြားချပ်သောအသွင်ရှိပြီး ယင်း၏ကိုယ်ထည်တဝက်မှာ ပျောက်ဆုံးနေဟန် ရှိသည်။

ထိုအရာဝတ္ထုမှာ သစ်သားလည်းမဟုတ် သတ္ထုလည်း မဟုတ်ပါချေ။ ထို့အပြင် မည်သည့်ထူးခြားမှုမှလည်း ရှိနေပုံမရပေ။

သို့သော် ဇူယွမ်နှင့် လုလျိုနှစ်ဦးစလုံးမှာ ယခုကဲ့သို့ နေရာမျိုး၌ ကွယ်ဝှက်ထားသောအရာမှာ သာမန်အရာဝတ္ထုတစ်ခုမဟုတ်နိုင်ကြောင်း သိရှိထားပြီး ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ ထိုအရာဝတ္ထုအား သစ်မြစ်အောက်မှ ဖယ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ကျောက်စိမ်းသစ်ပင်ကြီးမှာ အသက်ဓာတ်များ ကုန်ခမ်းသွားရသည့်အလား ညှိုးနွမ်းခြောက်သွေ့သွားခြင်းပင် ဖြစ်သည်။

လုလျိုမှ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။ "ဒါကဘာလဲ။"

ဇူယွမ်မှာ ​ကျိုးပဲ့နေဟန်ရှိသော ပြားချပ်နေသည့် အရာဝတ္ထုအား ဆုပ်ကိုင်လိုက်သည်။ ထိုအရာဝတ္ထုမှာ အလွန်တရာ လေးလံနေသည်မှလွဲ၍ မည်သည့်ထူးခြားမှုမှ မခံစားရသောကြောင့် အနည်းငယ် အံ့အားသင့်သွားရသည်။

ထိုအရာမှာ နတ်ဘုံခန်းဝါရတနာတစ်ခု မည်သို့မျှ မဖြစ်နိုင်ပါချေ။

"ဘာမှန်းမသေချာဘူး။" ဇူယွမ်မှာ အရာဝတ္ထုအား လုလျိုလက်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။

လုလျိုမှာ စူးစမ်းလိုဟန်ဖြင့် အရာဝတ္ထုအား ကိုင်တွယ်ကြည့်လိုက်ပြီးနောက် ဇူယွမ်အား ပြန်လည်ပေးအပ်ကာ ပြောလိုက်သည်။ "ဒီဟာက ဘာမှန်းမသိရသေးပေမယ့် ပုံမှန်အရာဝတ္ထုတော့ မဟုတ်လောက်ဘူး။ ဘာပဲဖြစ်ဖြစ် ဒါကိုနင်ပဲယူထားလိုက်။ တစ်ချိန်ကျ အသုံးဝင်ရင်ဝင်လာမှာပေါ့။"

ဇူယွမ်မှာ အနည်းငယ် တွေဝေနေရသည်။ ယခုအချိန်၌ ထိုအရာဝတ္ထုအကြောင်း မသိရှိရသေးပါသော်လည်း သာမန်အရာဝတ္ထုတစ်ခု မဟုတ်နိုင်ကြောင်း ၎င်းတို့နှစ်ဦးလုံး ကောင်းစွာသိရှိထားကြသည်။ ထို့ကြောင့် လုလျိုအပေါ် မတရားသကဲ့သို့ ဖြစ်နေလိမ့်မည်ကို ပူပန်နေရခြင်း ဖြစ်သည်။

"အရမ်းလည်း တွေးပူမနေပါနဲ့။ ဒီအရာဝတ္ထုက ဘာမှန်းမသိရသေးဘူးဆိုပေမယ့် ငါကလည်း ရှောင်လင်းကိုရထားတာပဲလေ။" လုလျိုမှ ပြုံးကာပြောလိုက်သည်။

လုလျိုအတွက်မူ ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးအား ရရှိနိုင်ခဲ့ခြင်းမှာ သူမအတွက် အကြီးမားဆုံး ဆုလာဘ်တစ်ခုပင် ဖြစ်သည်။

"အဲ့ဒါဆိုလည်း ငါဒါကိုယူထားလိုက်တော့မယ်။" ဇူယွမ်မှာ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ အနာဂတ်၌ အခွင့်အရေးရှိလာပါက လုလျိုအပေါ် တစ်ခုခု ပြန်လည်ပေးဆပ်ရန် တွေးတောထားလိုက်၏။

လုလျိုမှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။

ဇူယွမ်မှာ ကျိုးပဲ့နေဟန်ရှိသော ပြားချပ်နေသည့် အရာဝတ္ထုအား ဂရုတစိုက် သိမ်းဆည်းလိုက်ပြီးနောက် အသက်ဓာတ်များ ကင်းမဲ့နေသော ကျောက်စိမ်းသစ်ပင်ကြီးအား ကြည့်ရှုလိုက်သည်။ "ဒီနေရာမှာ ဘာရတနာမှ မရှိတော့ဘူးပဲ။ ငါတို့သွားကြရအောင်။"

လုလျိုမှာ စိတ်ကျေနပ်နေဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ရောင်စဉ်ခြောက်သွယ် ရတနာနှင့် ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးအား ရရှိခဲ့ခြင်းမှာ သူမအား အလွန်တရာမှပင် ပျော်ရွှင်ကျေနပ်စေသည်။

ဇူယွမ်နှင့်လုလျိုမှာ အနည်းငယ်မျှပင် အချိန်ဆွဲမနေတော့ပဲ လေဟာနယ်အားဖြတ်သန်းကာ ခြောက်ရောင်စဉ်ရေကန်၏အောက်ခြေသို့ ပြန်လည်ကူးခက်လာလိုက်သည်။

ဇူယွမ်တို့နှစ်ဦးလုံး ခြောက်ရောင်စဉ်ရေကန်ထံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ပွင့်ဟနေသော လေဟာနယ်မှာ ပြန်လည်ပျောက်ကွယ်သွားရသည်။

ဇူယွမ်မှာ ခါးတွင်ချိတ်ဆွဲထားသော သိုလှောင်အိတ်အား ညင်သာစွာ ဆုပ်ကိုင်ထားမိသည်။ ​ထိုရတနာနယ်မြေ၌ ရရှိခဲ့သော ရတနာများအနက် အဖိုးအတန်ဆုံးအရာမှာ ရောင်စဉ်ခြောက်သွယ်ရတနာမဟုတ်ပဲ ကျိုးပဲ့နေဟန်ရှိသော ပြားချပ်နေသည့် အရာဝတ္ထုပင် ​ဖြစ်နေလိမ့်မည်ဟု ဇူယွမ်မှ အသေအချာ ခံစားနေမိသည်။

ဇူယွမ်နှင့် လုလျိုမှာ ရေမျက်နှာပြင်ထက်သို့ ကူးခက်လာပြီးနောက် ရှေးဟောင်းတောအုပ်အနီးသို့ ရောက်ရှိလာကြသည်။

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်းချမ်းနေလျက်ရှိကာ မှောင်မှိက်နေဆဲပင် ဖြစ်သည်။

လုလျိုမှာ စိတ်ကျေနပ်နေဟန်ဖြင့် လက်ကလေးအားထုတ်ကာ ဇူယွမ်အားပြုံး၍ ပြောလိုက်သည်။ "ငါတို့နှစ်ယောက် ကောင်းကောင်းပူးပေါင်းခဲ့ကြတာပဲ။"

ဇူယွမ်မှာ ခပ်ဖွဖွပြုံးလျက် လုလျို၏လက်အား ဆွဲကိုင်လိုက်သည်။

"ငါတို့ဒီနေရာကနေပဲ ခွဲခွာရအောင်။ ကန်ရွှမ်းကလန်က တပည့်အုပ်စုဆီကို ငါအချိန်မှီရောက်အောင် ပြန်ရဦးမယ်။ မင်းလည်း အလှပန်းတစ်ရာနန်းတော်ဆီ ပြန်သွားရမှာမလား။"

လုလျိုမှ လျှာလေးထုတ်ကာ စကားဆိုလိုက်သည်။ " ဟီး ငါကအကြောင်းပြချက်ပေးပြီး လစ်ထွက်လာတာ။ မြန်မြန်ပြန်မှတော့ ဖြစ်မယ်။"

ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။ "လမ်းခရီးမှာ ဂရုစိုက်ဦးနော်။"

လုလျိုမှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ အတွင်းပိုင်းနယ်မြေတွေမှာ ငါတို့ပြန်တွေ့ရမှာပါ။"

လုလျိုမှာ ဇူယွမ်အား နှုတ်ဆက်စကားဆိုလိုက်ပြီးနောက် နှင်းခဲလေးအား ရေခဲငှက်ကြီးအသွင်သို့ပြောင်းကာ စီးနင်းပျံသန်းသွားတော့သည်။

ဇူယွမ်မှာ လုလျို ထွက်ခွာသွားသည်ကို ငေးမောကြည့်ရှုနေမိသည်။ မည်သို့ပင်ဆိုစေကာမူ သူမအား အနည်းငယ်မျှပင် စိတ်ပူပန်ခြင်း မဖြစ်မိချေ။ အဘယ့်ကြောင့်ဆိုသော် လုလျိုထံ၌ ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါး ရှိနေခြင်းကြောင့်ပင် ဖြစ်သည်။

"ငါလည်း အတွင်းပိုင်းနယ်မြေတွေဆီ သွားရတော့မှာပဲ။"

ဇူယွမ်မှာ သက်ပြင်းချလိုက်ပြီးနောက် အဝေးသို့ လှမ်းမြော်ကြည့်ရှုလိုက်မိသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အတွင်းပိုင်းနယ်မြေများမှာ ရွေးချယ်ခံများ ကြီးစိုးရာဒေသများပင် ဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်မှုများဖြင့် ပြည့်နှက်နေသော ဒေသများဟုလည်း ခေါ်ဆိုနိုင်ပေသည်။

"ယောင်ယောင်နဲ့ ထန်ထန်ရော အဆင်ပြေကြရဲ့လား မသိဘူး။" ဇူယွမ်မှာ တိုးညင်းစွာ ရေရွတ်လိုက်ပြီးနောက် ခပ်ဖွဖွ ရယ်မောလိုက်မိသည်။ ယောင်ယောင်၏ အရည်အချင်းဖြင့်သာဆိုပါက ရွေးချယ်ခံများအကြားတွင်ပင် အခက်အခဲမရှိ ရှင်သန်နိုင်လိမ့်မည်ပင် ဖြစ်သည်။

ဇူယွမ်မှာ အတွေးစများအား ဖြတ်တောက်လိုက်ပြီးနောက် ချီတိမ်တိုက်တစ်ခုအားဖန်တီးကာ ရှေးဟောင်းတောအုပ်အတွင်းမှ ပျံသန်းထွက်ခွာခဲ့လိုက်တော့သည်။

............

နောက်တစ်ရက်၌

ဇူယွမ်မှာ ကန်ရွှမ်းအဖွဲ့နှင့် ပြန်လည်ပေါင်းစည်းမိသွားပြီပင် ​ဖြစ်သည်။ ထိခိုက်ဒဏ်ရာ ရရှိလာခြင်းမရှိသော ဇူယွမ်အားကြည့်ကာ ကျင်ကျန်းနှင့် ဂူဟွမ်ချီတို့မှာ စိတ်သက်သာရာ ရနေကြသည်။

၎င်းတို့အားလုံးမှာ အဖွဲ့မှ ခေတ္တထွက်ခွာသွားသော ဇူယွမ်အား စူးစမ်းမေးမြန်းလိုပါသော်လည်း လူတိုင်း၌ လျှို့ဝှက်ချက် ရှိကြစမြဲပင်ဖြစ်သောကြောင့် စစ်ဆေးမေးမြန်းခြင်းများ မပြုလုပ်ကြပေ။

ဤသို့ဖြင့် ၎င်းတို့အဖွဲ့မှာ ပုံမှန်အ​ခြေအနေအတိုင်းပင် ရှိနေကြလေသည်။

အတွင်းပိုင်းနယ်မြေဆီသို့ ထွက်ခွာလာသော ခရီးတလျှောက် ၎င်းတို့မှာ အဖွဲ့ပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ကြရသည်။ သို့သော် ထိုအဖွဲ့များမှာ ဇူယွမ်အား မြင်တွေ့လိုက်ရသည်နှင့်တကွ ထွက်ပြေးသွားကြသည်ချည်းပင် ဖြစ်သည်။

မြင့်မြတ်သောနန်းတော်အား ပညာပေးနိုင်ခဲ့သော ဇူယွမ်၏ဂုဏ်သတင်းကြောင့် ၎င်းတို့အဖွဲ့မှာ စိတ်အေးချမ်းသာစွာဖြင့်ပင် ခရီးတလျှောက် ငြိမ်းချမ်းနေခဲ့ရသည်။

အေးချမ်းငြိမ်သက်လွန်းသောကြောင့် ဇူယွမ်မှာ ​အားလပ်ချိန်များ၌ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်ကိုပင် ကျင့်ကြံဖြစ်လေသည်။ ညနေခင်းတိုင်းတွင် တပည့်များမှာ ဇူယွမ်သည် ကြီးမားလှသော သစ်သားစည်ပိုင်း တစ်ခုအတွင်း ဝင်ရောက်သွားသည်ကို တွေ့မြင်နေရစမြဲ ဖြစ်သည်။ ဇူယွမ်၏ နာကျင်စွာ အော်ဟစ်သံများမှာ ၎င်းတို့အား အလွန်ပင် ထိတ်လန့်ကြောက်ရွံ့စေသည်။

အတွင်းပိုင်းနယ်မြေများဆီသို့ ရောက်ရှိလာသည်နှင့်အမျှ ၎င်းတို့မှာ စွမ်းရည်ပြည့်ဝသော အဖွဲ့များနှင့် ကြုံတွေ့လာရသည်။ သို့သော် ဇူယွမ်မှာ အနည်းငယ်မျှပင် အနားယူခြင်းမပြုပဲ ပြင်ပသန်မာမှုကျင့်စဉ်အား ကျင့်ကြံနေခဲ့၏။

အတွင်းပိုင်းနယ်မြေများရှိ ရွေးချယ်ခံများ ကြီးစိုးရာ အရပ်ဒေသများသို့ မရောက်ရှိမီ ဇူယွမ်မှာ သူ၏ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်အား ရွှေအိုရောင်သွေးစက်အဆင့်သို့ ​တိုးမြှင့်ထားရန် အမှန်တကယ် လိုအပ်နေသောကြောင့်ပင် ဖြစ်ပေတော့သတည်း။

All Chapters