ရွှေအိုရောင်သွေးစက်အဆင့်
Vol. 43 Ch. 599
မိုးကုပ်စက်ဝိုင်းပေါ်၌ သူရိန်နေမင်းကြီးမှာ အာရုဏ်ဦးရောင်ခြည်များအား ဖြာဆင်းတောက်ပစေလျက် ညကောင်းကင်ယံကိုဖြိုခွဲကာ နွေးထွေးသောအလင်းရောင်များ ဆောင်ကျဉ်းလာပြီပင် ဖြစ်သည်။
တောင်ထိပ်တစ်ခုပေါ်၌ ဇူယွမ်မှာ သစ်သားစည်ပိုင်းကြီးအတွင်း ထိုင်နေလျက် ရှိပေသည်။ စည်ပိုင်းအတွင်းတွင် ထူးခြားသော ဆီကဲ့သို့ ပွက်ပွက်ဆူနေသည့် ရွှေရောင်အရည်များနှင့် ပြည့်နှက်နေသည်။ ဇူယွမ်၏ အမူအရာမှာ အလွန်ပင် တည်ငြိမ်နေဟန်ရှိပြီး နာကျင်မှုအား တောင့်ခံထားဟန် ရှိသည်။
အတွင်းပိုင်းနယ်မြေများထံသို့ ခရီးနှင်ခဲ့သည်မှာ ရှစ်ရက်ခန့်ပင် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ညစဉ်ညတိုင်းတွင် ဇူယွမ်မှာ သစ်သားစည်ပိုင်းအတွင်းသို့ဝင်၍ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်အား ကျင့်ကြံနေခဲ့သည်။
ထိုသို့ကျင့်ကြံရသည်မှာ အလွန်ပင် နာကျင်လွန်းရပါသော်လည်း ခန္ဓာကိုယ်၏ ပြောင်းလဲလာမှုများအား သိသာစွာ ခံစားမိသောကြောင့် ဇူယွမ်မှာ စိတ်ကျေနပ်နေရသည်။
ယင်းရွှေရောင်အရည်များမှာ ပြင်ပသန်မာမှုကျင့်စဉ်များအတွက် အလွန်ပင် ကောင်းမွန်လှလေသည်။
နွေးထွေးသော နေရောင်ခြည်များမှာ လေပြေလေညှင်းများအား ဖြတ်သန်းလျက် ဇူယွမ်၏ကိုယ်ပေါ်သို့ ဖြာကျလာသည်။
တင်းကြပ်စွာပိတ်ထားသော ဇူယွမ်၏ မျက်ဝန်းများမှာ ဖြည်းညင်းစွာ ပွင့်ဟလာ၏။ သူ၏ခန္ဓာကိုယ်မှာ ကျစ်လစ်တောင့်တင်းနေပြီး စွမ်းအင်များဖြင့် ပြည့်နှက်နေသည်ဟု ခံစားနေရပေသည်။
"ဟူး....."
ဇူယွမ်မှာ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လိုက်သည်။ ခန္ဓာကိုယ်ရှိ ချွေးပေါက်များမှာ ပွင့်ဟလာပြီးနောက် ရွှေရောင်အရည်များထံမှ ရွှေရောင်ချီစွမ်းအင်များမှာ ၎င်း၏ကိုယ်အတွင်းသို့ ဝင်ရောက်သွားလေတော့သည်။
ရွှေရောင်ချီစွမ်းအင်များမှာ ချွေးပေါက်များထံမှတဆင့် ဇူယွမ်၏ အသွေးအသားများထဲသို့ စိမ့်ဝင်သွားသည်။
အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် ဇူယွမ်မှာ ခန္ဓာကိုယ်အတွင်းရှိ သွေးများစီးဆင်းနေသံကိုပင် ကြားနေရလေသည်။ သွေးစီးဆင်းသံများမှတဆင့် တစ်စုံတစ်ခု ဖြစ်တည်လာသည့်အသံအား ဖြည်းညင်းစွာ ကြားသိလိုက်ရသည်။
ထိုအရာမှာ ရွှေအိုရောင်သွေးစက်ပင် ဖြစ်သည်။
ယင်းသွေးစက်မှာ ဇူယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးအား လှည့်ပတ်စီးဆင်းနေပြီးနောက် နှလုံးသို့ရောက်သောအခါ၌ ရပ်တန့်သွား၏။
ဇူယွမ်မှာ စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် ကြည့်ရှုစစ်ဆေးလိုက်သည်။ ရွှေအိုရောင်သွေးစက်မှာ နှလုံးရှိ ဆံခြည်မျှင်သွေးစက်များနှင့် ချိတ်ဆက်နေပြီး အသွေးအသားများထံသို့ စွမ်းအင်များ စီးဆင်းစေလျက် ရှိသည်။
ဝုန်း....
စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသောကြောင့် ဇူယွမ်၏ ခန္ဓာကိုယ်သည်ပင် တုန်ခါသွားရသည်။ သစ်သားစည်ပိုင်းမှာလည်း ကွဲထွက်သွားရပြီး ကြည်လင်နေသောရေများ ထွက်ကျကုန်ရသည်။
ဇူယွမ်မှာ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ၏ တိုးတက်မှုကို ကောင်းစွာခံစားလိုက်ရသောကြောင့် ကျေနပ်အားရစွာ ပြုံးလိုက်မိသည်။
ယခုဆိုလျှင် ရွှေအိုရောင်သွေးစက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သောကြောင့် ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်အား အစစ်အမှန် တက်မြောက်နိုင်ခဲ့ပြီပင် ဖြစ်သည်။
ဇူယွမ်မှာ စိတ်လှုပ်ရှားစွာဖြင့် တိုးညင်းစွာ ရေရွတ်လိုက်သည်။ " ပြင်ပသန်မာမှုကျင့်စဉ်ရဲ့ အထွတ်အထိပ်ကိုရောက်သွားရင် အဲ့လူရဲ့ခန္ဓာကိုယ်က အဆင့်တစ်ခုကို ရောက်ရှိသွားလိမ့်မယ်တဲ့။ အဲ့အချိန်ကိုရောက်ရင် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ သွေးစက်တိုင်းက ရွှေရောင်အဖြစ် ပြောင်းလဲသွားပြီးတော့ ကျင့်ကြံသူရဲ့ အဆင့်ပေါ်မူတည်ပြီး သွေးတစ်စက်တိုင်းကို လောကတစ်ခုအဖြစ်တောင် ပြောင်းလဲလို့ရတယ်ဆိုပဲ။"
ထိုအဆင့်မှာ ဇူယွမ်မမျှော်မှန်းနိုင်သေးသော အဆင့်တစ်ခုပင် ဖြစ်သည်။ ခန္ဓာကိုယ်မှ သွေးတစ်စက်အား ရွှေအိုရောင်အဆင့်သို့ ပြောင်းလဲနိုင်ရန် ခက်ခဲပင်ပန်းစွာ ကြိုးစားခဲ့ရ၏။ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးစက်များအား ရွှေအိုရောင်အဖြစ် ပြောင်းလဲရန်မှာ မည်မျှပင် ပင်ပန်းလိမ့်ပါမည်နည်း။
ယခုအချိန်၌ ဖန့်ယောင်နှင့်သာ ပြန်လည်တိုက်ခိုက်ရပါက ပြင်ပခန္ဓာသန်မာမှုဖြင့်ပင် အလဲထိုးနိုင်လိမ့်မည် ဖြစ်သည်။ ချီစွမ်းအင်ကိုသာ ထပ်ပေါင်းထည့်ရလျှင်မူ ဖန့်ယောင်မှာ သူ၏ကြီးမြတ်သောသွေးမိစ္ဆာဖြင့်ပင် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။
ရွှေအိုရောင်သွေးစက်အဆင့်။ လက်ရှိအချိန်၌ ကန်ရွှမ်းကလန်တစ်ခုလုံးတွင် ဟုန်ယာတောင်ထွတ်မှ ရွေးချယ်ခံ ရှန့်ချွမ်ချူးသည်ပင် ထိုအဆင့်အား တက်ရောက်နိုင်ခြင်း မရှိသေးပေ။
သို့သော် ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်ကိုသာ ကျင့်ကြံနေရပါသော်လည်း ဟုန်ယာတောင်ထွတ်၏ ရွေးချယ်ခံဖြစ်သူ ရှမ့်ချွမ်ချူးမှာ အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်အား ကျင့်ကြံနေခြင်း ဖြစ်သည်။ ထို့ကြောင့် ရှန့်ချွမ်ချူးမှာ ငွေရောင်ခြည်အသွေးအသားအဆင့်၌သာ ရှိသေးပါသော်လည်း ဇူယွမ်၏ ရွှေအိုရောင်သွေးစက်အဆင့်ထက် အနည်းငယ်မျှပင် နိမ့်ကျလိမ့်မည် မဟုတ်ပါချေ။
"အခွင့်အရေးသာ ရှိလို့ကတော့ အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်ကို အရယူပစ်မယ်။" ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်သည် ထူးခြားကောင်းမွန်ပါသော်လည်း အလယ်အလတ် ကောင်းကင်ကျင့်စဉ်အဆင့်သာ ရှိသည်။ အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်မှာမူ အဆင့်မြင့် ကောင်းကင်ကျင့်စဉ်တစ်ခုပင် ဖြစ်၏။
ဝှစ်....
ထိုအချိန်မှာပင် အနီးနားမှ လေတိုးသံအချို့အား ကြားလိုက်ရသည်။ လှပသော ပုံရိပ်တစ်ခုမှာ တောင်ထိပ်ပေါ်သို့ ဆင်းသက်လာလေသည်။ ထိုပုံရိပ်မှာ ဂူဟွမ်ချီပင် ဖြစ်သည်။
ဂူဟွမ်ချီမှာ အပေါ်ပိုင်းဗလာဖြစ်နေသော ဇူယွမ်၏ခန္ဓာကိုယ်အား ကြည့်ရှုလိုက်ပြီးနောက် စိတ်ဝင်စားဟန်ဖြင့် ပြောလိုက်သည်။ "နင်က ခန္ဓာကိုယ်မိုက်သားပဲ။"
လက်ရှိအချိန်၌ ဇူယွမ်၏ ခန္ဓာကိုယ်မှာ ကျစ်လစ်နေပြီး ဝမ်းဗိုက်တွင်လည်း ကြွက်သားအမြှောင်းများ ထနေလေသည်။
ဇူယွမ်မှာ သိုလှောင်အိတ်ထဲမှ အင်္ကျီအားထုတ်ကာ လျင်မြန်စွာ ဝတ်ဆင်လိုက်ပြီးနောက် ဂူဟွမ်ချီအားကြည့်၍ စကားဆိုလိုက်သည်။ "ဘာကိစ္စရှိလို့လဲ။"
ဂူဟွမ်ချီ၏ အမူအရာမှာ လေးနက်သွားရပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ "ငါတို့ ရွေးချယ်ခံတွေနဲ့ အဆက်အသွယ်ရပြီ။ သူတို့ရှိနေတဲ့ နေရာကိုလည်း သိရပြီ။ မြေပုံအတိုင်းဆိုရင် နေ့တဝက်လောက်ဆက်သွားလိုက်တာနဲ့ သူတို့ကို တွေ့ရလိမ့်မယ်။"
ဇူယွမ်၏ မျက်ဝန်းများမှာ ပျော်ရွှင်ဝမ်းမြောက်သော အရိပ်အယောင်များ ပြည့်နှက်သွားရသည်။ "ကောင်းတာပေါ့။ ငါတို့အမြန်ဆုံး သွားကြရအောင်။"
ဇူယွမ်မှာ ရောင်စဉ်ခြောက်သွယ်ရတနာအား ရရှိထားပါသော်လည်း စိတ်ကျေနပ်ခြင်း မရှိသေးချေ။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အတွင်းပိုင်းနယ်မြေများသို့ သွားရောက်မှသာ သူ၏နတ်ဘုံခန်းဝါရတနာအား အဆင့်မြှင့်တင်နိုင်ရန်အတွက် အခွင့်အရေးများ တွေ့ရှိလိမ့်မည်ပင် ဖြစ်သည်။
ဇူယွမ်၏ရည်ရွယ်ချက်မှာ အနိမ့်ဆုံး ရောင်စဉ်ခုနစ်သွယ် ရတနာအား ရရှိနိုင်ရန်ပင် ဖြစ်လေသည်။
...........
ဇူယွမ်တို့အုပ်စုမှာ နေ့တဝက်မျှ မနားမနေ ခရီးနှင်လာခဲ့ပြီးနောက် ရွေးချယ်ခံများနှင့် ချိန်းဆိုထားသောနေရာသို့ ရောက်ရှိလာပြီပင် ဖြစ်သည်။
ထိုနေရာတွင် ကြီးမား၍ သစ်ပင်များစွာ အုံ့ဆိုင်းနေသော တောင်တန်းတစ်ခု ရှိနေသည်။ တောင်များမှာ တိမ်များအကြား ထိုးဖောက်သည်အထိ မြင့်မားလွန်းလှပြီး အလွန်ပင် ခမ်းနားလှပေသည်။
ထိုတောင်တန်းများအကြား၌ မိုးကြိုးလျှပ်စီးများအား မကြာခဏ တွေ့မြင်နေရပြီး မိုးများလည်း သည်းထန်စွာ ရွာသွန်းလေ့ရှိပုံရသည်။
ပတ်ဝန်းကျင်၌ ဖြစ်ပေါ်နေသော လေပွေရူးများတွင် ပြင်းထန်လှသော အဖျက်စွမ်းအင်များ ပါဝင်နေပြီး ထိတွေ့မိပါက တပည့်ခေါင်းဆောင် အဆင့်ရှိသူသည်ပင် တစ်စစီဖြစ်သွားလိမ့်မည်ဟု ခံစားရစေသည်။
ဤနေရာနှင့် နှိုင်းယှဉ်ကြည့်ပါက ခြောက်ရောင်စဉ်ရေကန်မှာ ရွှံ့နွံအိုင်တစ်ခုမျှသာ အဆင့်ရှိပေသည်။
"တပည့်ခေါင်းဆောင် ဇူယွမ် ကျွန်တော်တို့ တောင်တန်းအပြင်ဖက်မှာပဲ ခရီးစဉ်ကို ရပ်နားပါမယ်။ ကြီးမြတ်သောရှန်းဟွတောင်တန်းက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ အတွင်းပိုင်းနယ်မြေထဲမှာကို အတော်အန္တရာယ်များတဲ့နေရာမို့ ရွေးချယ်ခံတွေကို အရင်စောင့်ဆိုင်းပေးကြပါ။"
ရွေးချယ်ခံများမှ ပို့ဆောင်လိုက်သော စာပို့ငှက်မှ ဇူယွမ်နှင့် အခြားသူများအား စကားပါးလိုက်သည်။ "အဲ့နေရာမှာ သူတို့ရဲ့ ရွေးချယ်ခံတွေကို စောင့်ဆိုင်းနေကြတဲ့ တခြားအဖွဲ့တွေလည်း အများကြီး ရှိနေပါတယ်။ အဲ့ဒါကြောင့် လူတိုင်းသတိထားကြပါ။"
ဇူယွမ်နှင့် အခြားသူများမှ ခေါင်းညိတ်ပြလိုက်ကြသည်။
စာပို့ငှက်မှာ ဇူယွမ်တို့အား တောင်တန်းအပြင်ဖက်သို့ ဦးဆောင်ခေါ်သွားလိုက်သည်။ အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ၎င်းတို့မှာ မြို့တစ်မြို့ထံသို့ ရောက်ရှိလာကြ၏။
ယင်းမြို့ရှိ အဆောက်အဦးများမှာ သစ်သားများဖြင့်သာ တည်ဆောက်ထားလေသည်။
မြို့တလျှောက် အလွန်ပင် စည်ကားသိုက်ဝန်းနေပြီး ကလန်အသီးသီးမှ အုပ်စုအဖွဲ့များစွာ ရှိနေကြသည်။
ဇူယွမ်တို့မှာ မြို့ဝင်ပေါက်သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် လူများစွာမှာ နေရာတစ်ခု၌ စုဝေးနေကြသည်ကို သတိပြုမိလိုက်ကြသည်။
"ဘာတွေဖြစ်နေတာလဲ။" ဇူယွမ်မှ မေးမြန်းလိုက်သည်။
ဇူယွမ်အနီးတွင်ရှိနေသော တပည့်တစ်ဦးမှာ လူတစ်ဦးအားတားဆီး၍ ဖြစ်ပျက်နေသည်များကို စုံစမ်းလိုက်၏။
တားဆီးခံလိုက်ရသူမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရဟန် ရှိပါသော်လည်း ဇူယွမ်၏ အင်္ကျီလက်မောင်းပေါ်မှ ကန်ရွှမ်းတံဆိပ်အား တွေ့ရှိလိုက်ရပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "မင်းတို့က ကန်ရွှမ်းကလန်လူတွေပဲ။ ဘာတွေဖြစ်နေလဲဆိုတာ မသိကြဘူးလား။"
"မင်းတို့ကလန်က ဇူယွမ်ဆိုတဲ့ တပည့်ခေါင်းဆောင်က မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင် နှစ်ယောက်ကိုတောင် သတ်ပစ်ခဲ့တာလေ။"
"အဲ့ဒါကို တုံ့ပြန်တဲ့အနေနဲ့ မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင် ရှစ်ယောက်ကလည်း မင်းတို့ကလန်က တပည့်ခေါင်းဆောင် ငါးယောက်ကို ဝိုင်းထားတာ။ ပြီးတော့ ဟုန်ယာတောင်ထွတ်က တပည့်ခေါင်းဆောင်ကို လက်တစ်ဖက်တောင် ဖြတ်ပစ်ခဲ့တယ်။"
"ဟီးဟီး....မြင့်မြတ်သောနန်းတော်က မင်းတို့ကလန်က တပည့်ခေါင်းဆောင်တွေကို ဇူယွမ်ကို သူတို့ဆီပေးဖို့ ဖိအားပေးနေကြတာ။ ငြင်းလိုက်မယ်ဆိုရင်တော့ ဒီနေ့ဝိုင်းခံထားရတဲ့ မင်းတို့ကလန်က တပည့်ခေါင်းဆောင်တွေ အသက်ရှင်နိုင်ပါ့မလားတောင် မသိဘူး။"
"မင်းတို့တွေလည်း ပြေးသင့်နေပြီနော်။ ငါ့ကိုမေးခွန်းတွေမေးဖို့ အချိန်ရှိသေးတယ်လား။" ထိုလူမှာ လှောင်ပြောင်သရော်ဟန်ဖြင့် ဇူယွမ်တို့အား မေးမြန်းလိုက်သည်။
ကန်ရွှမ်းတပည့်တစ်ဦးမှ စိတ်တိုစွာဖြင့် အော်ဟစ်လိုက်သည်။ "မင်း...."
ဇူယွမ်မှာ ထိုတပည့်အား ပုခုံးပုတ်ကာ စိတ်လျှော့စေလိုက်ပြီးနောက် ပြောပြပေးနေသူအား ယဉ်ကျေးစွာ စကားဆိုလိုက်သည်။ "အဲ့နေရာကို ကျွန်တော်တို့ကို ညွှန်ပြပေးလို့ရမလား။"
ထိုလူမှာ ဇူယွမ်အားကြည့်ရှုလိုက်ပြီးနောက် မထီမဲ့မြင် ပြုစွာ ပြောလိုက်သည်။ "မင်းကဘာကောင်မို့လို့လဲ။"
ဇူယွမ်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ကျွန်တော်က မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင် နှစ်ယောက်ကို သတ်ခဲ့တဲ့ ကန်ရွှမ်းကလန်ရဲ့ မူလသူတော်စင်တောင်ထွတ်က တပည့်ခေါင်းဆောင် ဇူယွမ်ပါ။ ခင်ဗျားက တော်တော်စကားများတာပဲနော်။"
ဇူယွမ်၏ နှုတ်ခမ်းများမှာ ပြုံးယောင်သမ်းနေပါသော်လည်း မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေသည်။
ထိုလူ၏ အမူအရာမှာ ကြောက်ရွံ့ထိတ်လန့်သွားရလေတော့သတည်း။