အဖွဲ့အားလုံးမှစောင့်ကြည့်နေကြခြင်း
Vol. 43 Ch. 600
မြို့၏အနောက်ဖက်၌
ခမ်းနားလှသော အဆောက်အဦးကြီးတစ်လုံး မားမားမတ်မတ် ရှိနေသည်။ အဆောက်အဦးမှာ အသစ်စက်စက် ဖြစ်ပုံရကာ ခမ်းနားကြီးကျယ်လှသည်။ ထိုအဆောက်အဦးအတွင်းသို့ ကန်ရွှမ်းကောင်းကင်ဒေသမှ အင်အားကြီးကလန်များကသာ ဝင်ရောက်ခွင့်ရှိပေသည်။
ထိုအဆောက်အဦးသည် ကန်ရွှမ်းကောင်းကင်ဒေသ၏ အင်အားကြီးကလန်များ စုဝေးအနားယူရာအရပ် ဖြစ်သည်။ လက်ရှိအချိန်တွင်မူ အဆောက်အဦးတစ်ခုလုံးရှိသူများမှာ ခြံဝန်းအတွင်းရှိ နေရာတစ်ခုကိုသာ အာရုံစိုက်နေကြလေသည်။
ခြံဝန်းအတွင်း၌ အင်အားကြီးကလန်ကြီးနှစ်ခုမှ တပည့်များ ရှိနေကြခြင်းပင် ဖြစ်သည်။
ကန်ရွှမ်းကလန်......
မြင့်မြတ်သောနန်းတော်....
ကန်ရွှမ်းကလန်ဖက်၌ ပုံရိပ်ငါးခု ရပ်နေလျက်ရှိသည်။ ထိုသူများမှာ ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင် ငါးဦးဖြစ်ပြီး ၎င်းတို့၏နောက်၌ များပြားလှသော ကန်ရွှမ်းတပည့်များ ရှိနေကြသည်။
မြင့်မြတ်သောနန်းတော်ဖက်၌မူ ရက်စက်ကြမ်းကြုတ်ဟန်ရှိသော ပုံရိပ်ရှစ်ခုရှိနေကာ ၎င်းတို့၏နောက်၌ မြင့်မြတ်သောနန်းတော်မှ တပည့်များ ရှိနေကြသည်။
လက်ရှိအချိန်၌ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်အကြားမှ အခြေအနေမှာ အလွန်ပင် တင်းမာနေလျက်ရှိပြီး ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားတော့မည့်အသွင် ရှိသည်။
အခြားကလန်များမှာလည်း အားရကျေနပ်စွာဖြင့် ကလန်ကြီးနှစ်ခု အသေအကြေတိုက်ခိုက်ရန် စောင့်ဆိုင်းနေကြ၏။ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်တို့ အသေအကြေ တိုက်ခိုက်ကြပါက အကျိုးအမြတ်ရရှိမည်မှာ ယခုစောင့်ဆိုင်းနေကြသော အခြားကလန်များမှ တပည့်များပင် ဖြစ်သည်။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကဲ့သို့သော နေရာမျိုး၌ လူတိုင်းမှာ ယုံကြည်၍မရသော ဝံပုလွေများသာ ဖြစ်ကြသည်။
ခြံဝန်းနှင့် မလှမ်းမကမ်း၌ မြင့်မားသော လသာဆောင်တစ်ခုရှိသည်။ ထိုလသာဆောင်မှဆိုလျှင် ခြံဝန်းအတွင်း ဖြစ်ပျက်နေသည်များကို ကောင်းစွာမြင်တွေ့ရပေသည်။
"ဟားဟား......ပြဿနာကတော့ မသေးဘူးဟေ့။ တကယ်သာ တိုက်ကြမယ်ဆိုရင် တော်တော်ကြည့်ကောင်းမယ့်ပွဲပဲ။ ကန်ရွှမ်းကလန်က တပည့်ခေါင်းဆောင်တွေရဲ့ ဘဝကတော့ မတွေးရဲစရာပဲ။" လသာဆောင်ထက်မှ ကျောချမ်းဖွယ်ကောင်းလှသော အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုစကားအားဆိုလိုက်သူမှာ အနက်ရောင်ဝတ်စုံအား ဝတ်ဆင်ထားလျက်ရှိပြီး ရင်ဘတ်ပေါ်၌ တစ္ဆေမျက်နှာတံဆိပ်အား ရေးထိုးထားလျက် ရှိသည်။ သူ၏ မျက်နှာမှာ အလွန်ပင် ပိန်လှီလွန်းလှပြီး သွေးဆုတ်အားလျော်နေသကဲ့သို့ပင် ဖြစ်နေသည်။
သူ၏အမည်မှာ လျှိုဖူဖြစ်ကာ ကန်ရွှမ်းကောင်းကင်ဒေသ၏ အင်အားကြီးကလန်ကြီးတစ်ခုဖြစ်သော ကောင်းကင်တစ္ဆေကလန်မှ တပည့်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
လျှိုဖူ၏ စကားအသွားအလာကို ကြည့်ခြင်းအားဖြင့်ပင် ၎င်းမှာ ကန်ရွှမ်းကလန်အား ပျက်စီးစေချင်ဟန် ရှိ၏။ သူသည် အစောပိုင်း၌ ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်တစ်ဦးဖြစ်သော ထန်းမုရှင်းနှင့်တိုက်ခိုက်ကာ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့်ပင် ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်များ ဒုက္ခခံစားရသည်ကို ကျေနပ်အားရနေရခြင်း ဖြစ်သည်။
လျှိုဖူ၏ဘေးတွင်မူ ကောင်းကင်တစ္ဆေကလန်မှ တပည့်များ ရှိနေကြပြီး ၎င်းတို့ထဲတွင် ကျိန်းရွှီးလည်း ပါဝင်ပေသည်။
သူတော်စင်အကြွင်းအကျန်ဒေသမှ ထွက်ခွာလာခဲ့ပြီးနောက် ကျိန်းရွှီးမှာ ကောင်းကင်တစ္ဆေကလန်ဆီသို့ ရောက်ရှိသွားခဲ့ခြင်းပင် ဖြစ်သည်။
ကျိန်းရွှီးမှာ ယခင်ကကဲ့သို့ပင် ဖြူရော်လျက် ကြင်နာတက်မည့်ဟန်ရှိနေဆဲပင် ဖြစ်သည်။ ယခင်ကနှင့် မတူတော့သည့် တစ်ခုတည်းသော ကွာခြားချက်မှာ သူ၏ချီစွမ်းအင်သန်မာမှုပင် ဖြစ်သည်။
ကျိန်းရွှီးမှာလည်း ခြံဝန်းထဲရှိ အဖြစ်အပျက်များအား စောင့်ကြည့်နေလျက် ရှိသည်။ သို့သော် ကန်ရွှမ်းကလန်၏ တပည့်အုပ်စု၌ သူဖွေရှာနေခဲ့သော ရင်းနှီးကျွမ်းဝင်သည့်သူအား တွေ့ရှိရခြင်း မရှိချေ။
ကျိန်းရွှီးမှာ အကြည့်များကို ရုတ်သိမ်းလိုက်ပြီးနောက် အခြားတဖက်သို့လှည့်လိုက်သည်။ ဤလသာဆောင်၌ သူ၏ ကောင်းကင်တစ္ဆေကလန်သာမဟုတ်ပဲ အလှပန်းတစ်ရာနန်းတော်၊ ဓားလမ်းစဉ်ကလန်နှင့် မြောက်ပိုင်းနဂါးပင်လယ်ခန်းမတို့ပါ ရောက်ရှိနေကြခြင်း ဖြစ်သည်။
ကျိန်းရွှီးသည် ရောက်ရှိနေကြသူများအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ရင်းနှီးကျွမ်းဝင်သော မျက်နှာများအား တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွားရ၏။
ထိုသူမှာ အလှပန်းတစ်ရာနန်းတော်မှ ကျိုးချူးချင်ယုဖြစ်ပြီး အနက်ရောင်ဝတ်စုံအား ဆင်မြန်းထားကာ ယခင်ကကဲ့သို့ပင် ညှို့ယူဖမ်းစားနိုင်နေဆဲပင် ဖြစ်သည်။
ဓားလမ်းစဉ်ကလန်၏ တပည့်အုပ်စုတွင်မူ မျက်လုံးအား အဝတ်ဖြူဖြင့် စည်းနှောင်ထားသော လူငယ်တစ်ဦးရှိနေကာ သူ၏ကျောပေါ်တွင် ဓားတစ်လက်အား သယ်ဆောင်ထားလျက် ရှိသည်။ ထိုလူငယ်မှာ မည်သည့်စကားမှမဆိုပဲ တိတ်ဆိတ်ငြိမ်သက်နေပါသော်လည်း ယင်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဓားချီများမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုသူသည် မျက်ကန်းဓားဟု ခေါ်ဆိုကြသော လီချွမ်းကျင်းပင် ဖြစ်သည်။
မြောက်ပိုင်းနဂါးပင်လယ်ခန်းမ၏ တပည့်အုပ်စုတွင်လည်း တောင့်တင်းသော ကိုယ်ခန္ဓာနှင့် အင်္ကျီကိုလက်မောင်းပေါ်အောင် ဝတ်ဆင်ထားသော လူငယ်တစ်ဦး ရှိနေသည်။ ထိုလူငယ်မှာ နင်ကျန်းပင် ဖြစ်သည်။
ယခုလသာဆောင်တွင် ဇူယွမ်နှင့် လုလျိုမှလွဲ၍ သူတော်စင်အကြွင်းအကျန်ဒေသမှတဆင့် ရှန်ဇူတိုက်ကြီးထံသို့ အတူတကွ လာရောက်ခဲ့ကြသူအားလုံး စုစည်းနေမိကြခြင်း ဖြစ်သည်။
၎င်းတို့အားလုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုနေကြပါသော်လည်း အချင်းချင်း နှုတ်ဆက်စကား ပြောဆိုကြခြင်း မရှိပေ။
"ကန်ရွှမ်းကလန်က အခြေအနေ မဟန်ဘူးဆိုရင်တောင်မှ မြင့်မြတ်သောနန်းတော်ရဲ့ အခြေအနေကလည်း ကောင်းမယ်မထင်ဘူး။" မိန်းမငယ်တစ်ဦး၏အသံ ထွက်ပေါ်လာသည်။ ထိုစကားအားဆိုလိုက်သူမှာ အလှပန်းတစ်ရာနန်းတော်မှ တပည့်ခေါင်းဆောင်တစ်ဦးပင် ဖြစ်သည်။ သူမ၏စကားအရ မြင့်မြတ်သောနန်းတော်အား အနည်းငယ်မျှပင် အထင်မကြီးဟန် ရှိ၏။ ထန်းရှောင်ယန့်ထံမှ စာစကားပေးပို့မှုကြောင့် သူမသည် အလှပန်းတစ်ရာနန်းတော်အား မြင့်မြတ်သောနန်းတော်မှ တိုက်ခိုက်ခဲ့ကြောင်းကို သိရှိခဲ့ရပြီး ဖြစ်သည်။
လျှိုဖူမှ ပြုံးကာစကားဆိုလိုက်သည်။ "ငါကြားတာတော့ ကန်ရွှမ်းကလန်က ဇူယွမ်ဆိုတဲ့ တပည့်ခေါင်းဆောင်က မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင်နှစ်ယောက်ကို သတ်ပစ်ခဲ့တာကို။ အဲ့ကောလဟလက မှန်ရောမှန်တာမို့လို့လား။ ငါဖြင့် ဇူယွမ်ဆိုတဲ့နာမည်ကို ကြားတောင်ကြားဖူးတာ မဟုတ်ဘူး။"
အလှပန်းတစ်ရာနန်းတော်၏ တပည့်အုပ်စုမှ ကျိုးချူးချင်ယုမှာ မျက်ခုံးလေးများ မြောက်တက်သွားရသည်။ ထို့နောက် မေးဖျားလေးအားပင့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ကောင်းကင်တစ္ဆေကလန်က တပည့်ခေါင်းဆောင်က သတင်းသေချာမရဘူးနဲ့တူတယ်။ ဇူယွမ်က မြင့်မြတ်သောနန်းတော်ရဲ့ တတိယမြောက် အထူးချွန်ဆုံး တပည့်ခေါင်းဆောင်ကို သတ်ပစ်ခဲ့တာလေ။ အဲ့သတင်းကို အလှပန်းတစ်ရာနန်းတော်က စီနီယာအမတော်တွေကိုယ်တိုင် ကျွန်မတို့ဆီ သတင်းပို့ခဲ့တာ။"
ကျိုးချူးချင်ယုမှာ တပည့်ခေါင်းဆောင်တစ်ဦး မဟုတ်ပါသော်လည်း အလှပန်းတစ်ရာနန်းတော်မှ နန်းဆောင်သခင်မကိုယ်တိုင် သင်ကြားပြသပေးနေသော တပည့်တစ်ဦးပင် ဖြစ်သည်။ သူမ၏အဆင့်အတန်းမှာ တပည့်ခေါင်းဆောင်များနှင့် များစွာကွာခြားခြင်း မရှိချေ။ ထို့ကြောင့် သူမသည် လျှိုဖူအား အနည်းငယ်မျှပင် ကြောက်ရွံ့လေးစားဟန် မရှိပေ။
လျှိုဖူမှ ခပ်ဖွဖွပြုံးလိုက်သည်။ "အဲ့လိုလား။ ကြည့်ရတာ ဇူယွမ်ဆိုတဲ့ တပည့်ခေါင်းဆောင်က တိုက်ပွဲစွမ်းရည်တော့ ရှိမယ့်ပုံပဲ။ ဒါပေမယ့် အခုပြဿနာတွေက သူ့ကြောင့်ပဲ ဖြစ်နေရတာလေ။ ဘာပဲဖြစ်ဖြစ် သိပ်အထင်ကြီးစရာလည်း မရှိပါဘူး။ သူကအနိုင်ရဖို့ တားမြစ်ထားတဲ့ နည်းလမ်းတွေ သုံးရင်သုံးထားမှာပေါ့။ ကံကောင်းလို့ နိုင်သွားတာပဲနေမှာ။"
လျှိုဖူမှာ ခြံဝန်းအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ဆက်လက်စကားဆိုလိုက်သည်။ " အခု မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင် ရှစ်ယောက်တောင် ရှိနေတာဆိုတော့ ကန်ရွှမ်းကလန်အတွက် လွယ်မယ်မထင်ဘူး။ အဲ့ဒါကြောင့်မို့လို့ကို ဇူယွမ်ဆိုတဲ့ တပည့်ခေါင်းဆောင်က ပေါ်မလာတာ နေမှာပေါ့။"
"ငါကတော့ အခုဒီနေရာမှာရှိနေတဲ့ ကန်ရွှမ်းကလန်က တပည့်ခေါင်းဆောင်တွေကိုပဲ သနားမိတယ်။ အထူးသဖြင့် ဟုန်ယာတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ချန်းဇီကိုပဲ။ သူ့မှာ လက်တစ်ဖက်တောင် မရှိရှာတော့ဘူး။"
အခြားကလန်များမှ တပည့်များမှာလည်း လျှိုဖူ၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ၎င်းတို့မှာ ဇူယွမ်အား သိရှိခြင်းမရှိပါသော်လည်း ဇူယွမ်ဟူသော တပည့်ခေါင်းဆောင်ကြောင့်သာ ယခုကဲ့သို့ ပြဿနာများ ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ခံစားနေမိသည်။
အရေးကြီးဆုံးအချက်မှာ ထိုသို့ပြဿနာများစွာ ဖြစ်ပွားစေခဲ့သော ဇူယွမ်ဟူသည့် တပည့်ခေါင်းဆောင်သည် ယခုအချိန်ထိ ဤနေရာသို့ ရောက်ရှိလာခြင်း မရှိခြင်းပင် ဖြစ်သည်။
"ဇူယွမ်က ငါတို့ကန်မင်းတိုက်ကြီးရဲ့ လူငယ်မျိုးဆက်တွေထဲမှာ အထူးချွန်ဆုံးပဲ။ သူက လျှိုဖူပြောသလိုသူမျိုး မဟုတ်ဘူး။ သူသေချာပေါက် ဒီကိုလာလိမ့်မယ်လို့ ငါပြောရဲတယ်။" အေးစက်ပြတ်သားနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
လူများစွာမှာ စကားဆိုလိုက်သော ဓားလမ်းစဉ်ကလန်မှ မျက်လုံးများကို စည်းနှောင်ထားသည့် လူငယ်အား ကြည့်ရှုလိုက်ကြသည်။
လျှိုဖူ၏အမူအရာမှာ ခက်ထန်သွားရပြီးနောက် ဓားလမ်းစဉ်ကလန်မှ တပည့်ခေါင်းဆောင်တစ်ဦးအားကြည့်ကာ မေးမြန်းလိုက်သည်။ "ဓားလမ်းစဉ်ကလန်က တပည့်တွေက ဘာလို့ဒီလောက်ရိုင်းစိုင်းလာရတာလဲ။ တပည့်ခေါင်းဆောင်တွေ စကားပြောနေတာကို ဝင်ပြောစရာလား။"
ဓားလမ်းစဉ်ကလန်မှ တပည့်ခေါင်းဆောင်မှာ ခပ်ဖွဖွပြုံးလျက် စကားဆိုလိုက်သည်။ "ဂျူနီယာညီတော်လီက တပည့်ခေါင်းဆောင်တစ်ယောက်မဟုတ်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သူက ဓားလမ်းစဉ်ကလန်မှာ နှစ်တစ်ရာအတွင်း ရွေးချယ်ခံတစ်ယောက် မဟုတ်ပဲနဲ့ ကျန်းကျွင်းယိမှာ ဓားရေးလေ့ကျင့်ခွင့်ရတဲ့ တစ်ဦးတည်းသောသူပဲ။ အဲ့ဒါကြောင့် တပည့်ခေါင်းဆောင် လျှိုဖူက ညီတော်လီကို သာမန်တပည့်တစ်ယောက်လို့ မသတ်မှတ်ပါနဲ့။"
လျှိုဖူ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ဓားလမ်းစဉ်ကလန်၏ ကျန်းကျွင်းယိဟူသောနေရာသည် ရွေးချယ်ခံများကသာ ဝင်ရောက်ခွင့်ရှိသော နေရာတစ်ခု ဖြစ်သည်။ ထိုနေရာသည် အရိုးကိုပင် ပြတ်တောက်စေနိုင်သော ဓားချီများနှင့် ပြည့်နှက်နေပေသည်။ တပည့်ခေါင်းဆောင်များသည်ပင် ထိုနေရာအား ဝင်ရောက်ရန်အတွက် အရည်အချင်းပြည့်မှီကြခြင်း မရှိချေ။ သို့သော် ထိုမျက်လုံးများအား အဝတ်ဖြင့်စည်းနှောင်ထားသည့် မျက်မမြင်တပည့်မှာ ကျန်းကျွင်းယိ၌ ဓားရေးလေ့ကျင့်နိုင်လောက်အောင်ပင် ထူးချွန်ထက်မြက်သည်တဲ့လား....
"ကြည့်ရတာ ကန်းမင်တိုက်ကြီးမှာလည်း အရည်အချင်းရှိတဲ့သူတချို့ ရှိနေသေးတဲ့ပုံပဲ။" လျှိုဖူ၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်နေသည်။ သူသည် ခံစားချက်ကင်းမဲ့နေဟန်ရှိသော ကျိန်းရွှီးအား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ကန်းမင်တိုက်ကြီးမှ လာရောက်ခဲ့သူဖြစ်သော ကျိန်းရွှီးမှာလည်း ကောင်းကင်တစ္ဆေကလန်၌ အလွန်ထူးချွန်သော တပည့်တစ်ဦး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ကျိုးချူးချင်ယုနှင့် နင်ကျန်းတို့မှာ လျှိုဖူအား အေးစက်ခက်ထန်စွာ ကြည့်ရှုနေကြသည်။
လျှိုဖူမှာ ထိုအကြည့်များအား ဂရုပင်မစိုက်ဟန်ဖြင့် ခြံဝန်းအားကြည့်ရှုကာ စကားဆိုလိုက်သည်။ "အဟက်....မင်းတို့အထင်ကြီးနေတဲ့ ဇူယွမ်ဆိုတဲ့ကောင်က ဒီနေရာကို လာရဲမလားဆိုတာ စောင့်ကြည့်လိုက်ဦးမယ်။"
"ပြီးတော့...."
လျှိုဖူ၏ နှုတ်ခမ်းထောင့်စွန်းမှာ တွန့်ကွေးသွားရသည်။ ဇူယွမ်ရောက်ရှိလာလျှင်ပင် မြင့်မြတ်သောနန်းတော်၏ တပည့်ခေါင်းဆောင်များထံမှ အသက်ရှင်လျက် လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဇူယွမ်မှာ အသက်ရှင်သန်ရန် မျှော်လင့်ချက်မရှိသော သုံးစားမရသည့် တပည့်ခေါင်းဆောင်တစ်ဦးသာ ဖြစ်သွားလိမ့်မည် ဖြစ်ပေတော့သတည်း။