← Chapters

မီးနဂါးဓား

Vol. 1 Ch. 187

မီးနဂါးဓား

Vol. 1 Ch. 187

"အင်ပါယာ မျိုးနွယ်"

ကျန်းရီသည် ရုတ်တရက် တုန်လှုပ် သွားခဲ့ပြီး ကျန့်ဝူရွှမ်း ကြည့်နေသော နေရာသို့ ကြည့်လိုက် လေသည်။ တစ်ချက် ကြည့်ရုံမျှနှင့် သူ့မျက်လုံးများ တောက်ပ လာခဲ့လေသည်။ အနက်ရောင် ချပ်ဝတ်တို့ ဆင်ယင် ထားသော စစ်သည်တော် များသည် လူတန်း နှစ်တန်းခွဲ၍ မြောက်ဘက် အရပ်မှ လျှောက်လှမ်း လာကြသည်။ လူတစ်ထောင်ခန့် ရှိသော တပ်စုတစ်စုသည် အလယ်မှ ပြေးထွက် လာခဲ့ပြီး ရှေ့တွင် တပ်ဖြန့်၍ နေရာ ယူလိုက်ကြသည်။ စစ်သည်တော် တို့၏ အလယ်တွင် မိန်းမပျိုလေး တစ်ဦး ရှိနေခဲ့ပြီး သူမသည် ငါးရောင်စပ် ဖီးနစ် ဝတ်စုံကို ဝတ်ဆင်ထား၍ ကျောက်စိမ်း သရဖူကို ဆင်မြန်း ထားခဲ့လေသည်။

ထိုကဲ့သို့ ဝတ်စုံကို ဝတ်ဆင်နိုင်သော မိန်းကလေးမှာ မိုးပြာနဂါး အင်ပါယာ၏ တော်ဝင်မင်းသမီးမှ တစ်ပါး အခြားသူ မရှိချေ။ အင်ပါယာ မိသားစုသည် ဒီတစ်ခေါက် နိုင်ငံအဆင့် ပြိုင်ပွဲကို ဦးစီး ကျင်းပရန် မင်းသမီး တစ်ပါးကို အမှန်တကယ် စေလွှတ်ခဲ့သည်လား။ ထို့ထက် မင်းသမီး ကောင်းကင်ဘုံ ကိုးဆင့်မှ ဆင်းသက် လာခဲ့သည့် နတ်မိမယ် အလား လှပ လွန်းနေခြင်းပင်။ ကျန်းရီ ကဲ့သို့သော အမျိုးသားလေး များစွာတို့၏ မျက်လုံးများသည် မင်းသမီးကို မြင်လိုက်ရသော ခဏ၌ ချက်ချင်း တောက်ပ လာလေသည်။ ၎င်းမှာ မိန်းမလှလေး တစ်ယောက်ကို မြင်လိုက် ရချိန်တွင် အမျိုးသား တစ်ယောက်၏ သဘာဝ အလျောက် တုံ့ပြန်မှုသာ ဖြစ်လေသည်။

မိန်းကလေးသည် အသက် ဆယ့်ခြောက်နှစ်ခန့်သာ ရှိလိမ့်မည်။ သူမသည် အသက်ရှူ မှားလောက်အောင် ကြည့်ကောင်းသည့် အရွယ် မဟုတ်သေး သော်လည်း သူမ၏ အပြုအမူ များသည် သိမ်မွေ့ တင့်တယ်နေကာ လူတိုင်းအား ဖြည်းဖြည်းချင်း ဖမ်းစား လိုက်လေသည်။ အထူးသဖြင့် မျက်သား ဖြူဖြူနှင့် မျက်ဆန် နက်နက်လေးတို့ ပေါင်းစပ် ထားသော မျက်ဝန်း တစ်စုံသည် မှော်အစွမ်း တစ်မျိုး ကိန်းအောင်း နေသည့်နှယ် ရောက်ရှိ နေကြသော အမျိုးသားလေး တိုင်းအား ဆွဲဆောင် သွားလေသည်။

"ဆက်မကြည့်နဲ့တော့"

ကျန့်ဝူရွှမ်းသည် ကျန်းရီအား အကြည့်မလွှဲ ငေးမော နေရာမှ သတိဝင် သွားအောင် တွန်းလိုက် လေသည်။ ကျန်းရီ၏ မျက်လုံးများ ထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေး သွားခဲ့သည်။ သူသည် ဘေးပတ်လည်သို့ ကြည့်လိုက်သော အခါ သခင်လေး များစွာ၏ အချစ်တွင် ကျရှုံးသွားသည့် အလား အမူအရာ များကို မြင်လိုက် ရသောကြောင့် ဆွံ့အ သွားခဲ့လေသည်။ သူသည် တင့်တယ်စွာ လျှောက်လှမ်း နေသော မင်းသမီးကို ကြည့်လိုက်ပြီး လေသံတိုးတိုးနှင့် ထိတ်လန့်တကြား ပြောလိုက်သည်။

"ဒီမင်းသမီးနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ မှားနေတယ် ... အမ် ... သူမက စိတ်စွမ်းအားကို ကျင့်ကြံတဲ့ သူပဲ ဖြစ်ရမယ်"

"တော်တယ်"

ကျန့်ဝူရွှမ်း အသာ ရယ်လိုက်သည်။ ကျန်းရီသည် ကျန့်ဝူရွှမ်းကို ကြည့်လိုက်ပြီး တကယ် သိချင် နေဟန်နှင့် မေးလိုက်သည်။

"မင်းက ဘာလို့ ပုံမှန်အတိုင်း အေးဆေး ဖြစ်နေတာလဲ ... မင်းက မိန်းမတွေကို မကြိုက်တာ များလား"

"ထွက်သွားစမ်း"

ကျန့်ဝူရွှမ်းသည် ကျန်းရီကို စိုက်ကြည့် လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။

"ငါတို့ စစ်နတ်ဘုရား မျိုးနွယ်စုက လောကမှာ ထင်ရှား ကျော်ကြားတယ် ... ဒီလို ညှို့တဲ့အတတ်ကို တစ်ချက် ကြည့်ရုံနဲ့ ငါသိလိုက်တယ် ... ငါ အညှို့မခံရတာ ပုံမှန်ပါပဲ"

ကျန်းရီသည် လက်မ ထောင်လိုက်မိသည်။ စစ်နတ်ဘုရား မျိုးနွယ်စုသည် အမှန်ပင် ကျော်ကြား လှသည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကျော်က ကျန့်ဂိုဏ်းတွင် နယ်မြေ၏ နံပါတ်တစ် သိုင်းသမား မရှိသော်လည်း နယ်မြေ၏ အတော်ဆုံး သိုင်းသမား ဆယ်ယောက်တွင် ကျန့်ဂိုဏ်းသား လေးယောက် ပါဝင်ခဲ့ကြသည်။ ဂိုဏ်းတစ်ခုသည် ဘယ်လိုများ နှစ်ပေါင်း တစ်သောင်းကျော် ကြာအောင် တည်ရှိ နိုင်ရပါသနည်း။ သူတို့သည် ထူးချွန်သော မျိုးဆက်များကို စဉ်ဆက် မပြတ်အောင် မွေးထုတ် ပေးနိုင်ခဲ့သည်။ သို့မဟုတ်ပါက သူတို့သည် သမိုင်းထဲတွင်သာ ကွယ်ပျောက် သွားပေလိမ့်မည်။

ရှပ် ... ရှပ် ... ရှပ်

အင်ပါယာ မျိုးနွယ်၏ မင်းသမီးသည် မကြာခင်တွင် မြေကွက်လပ် ရှေ့သို့ ရောက်လာခဲ့သည်။ သူမ၏ မျက်လုံးများ အဝါရောင် အလင်း ဖျတ်ခနဲ လင်းလက်သွားပြီး မကြာခင်တွင် မှင်တက် နေကြသော သခင်လေး များသည် သတိလည်လာ ကြလေသည်။ သူတို့သာ ထိုမင်းသမီးနှင့် အငြိုးအတေး တစ်ခုခု ရှိပါလျှင် ဘာမှ မသိလိုက်ပဲ သေသွား လောက်ပေသည်။

အင်ပါယာ မျိုးနွယ်၏ မင်းသမီးသည် စကားတစ်ခွန်းမှ မဆိုဘဲ ကျောက်စိမ်းနှယ် ဖြူဝင်းသော လက်အား မြှောက်ပြ လိုက်သည်။ အရာရှိတစ်ဦး ထွက်လာခဲ့ပြီး နိုင်ငံအဆင့် ပြိုင်ပွဲ ကျင်းပရသော ရည်ရွယ်ချက်များ၊ စည်းမျဉ်းများကို ဖတ်ပြလေသည်။

စာကြောင်း နည်းနည်း နားထောင်ပြီးသော အခါ ကျန်းရီ စိတ်ထဲမှ နေ၍ လှောင်ပြောင် လိုက်မိသည်။ ဧကရာဇ်ကြီး၏ မျက်နှာသည် မြို့နံရံများလောက် ထူပေသည်။ သူတို့သည် ဤပြိုင်ပွဲမှာ ထူးချွန် ပြောင်မြောက်သော သိုင်းသမားများ မွေးထုတ် ပေးရန် နိုင်ငံအဆင့် ပြိုင်ပွဲကို ကျင်းပပေးခြင်း ဖြစ်သည်ဟု ဆိုနေ ကြလေသည်။

နိုင်ငံအဆင့် ပြိုင်ပွဲငယ်သည် ပါရမီရှင်များကို သွေးစွန်း တိုက်ပွဲများ ဖြတ်ကျော် စေ၍ ရင့်ကျက် လာစေရန် ဖြစ်သည်ဟု ဆိုကြသည်။ ထို အကြောင်းအရာသည် တောစည်းမျဉ်းနှင့် ဘာများ ကွာခြား သွားပါသနည်း။ သားရဲများသည် တစ်ကောင်နှင့် တစ်ကောင် သတ်ကြပြီး နောက်ဆုံးတွင် သားရဲ ဘုရင်တစ်ပါး တင်မြှောက်သလို မျိုးပင် မဟုတ်ပါလော။ နိုင်ငံအဆင့် ပြိုင်ပွဲ ကျတော့ရော …

နိုင်ငံအဆင့် ပြိုင်ပွဲတွင် နိုင်ငံ ခြောက်နိုင်ငံမှ တစ်နိုင်ငံလျှင် စစ်သည် တစ်သန်းခန့် စေလွှတ် ကြရသည်။ ပြိုင်ပွဲ တစ်ခုလျှင် လူမည်မျ ှသေမည်နည်း အနည်းဆုံး နှစ်သန်းခန့် ဖြစ်ပေလိမ့်မည်။ အချို့ စစ်သည်များသည် အသက် သုံးဆယ်ကျော် နေကြပြီ ဖြစ်၍ ဘဝတွင် ဖြစ်ဖြစ် မြောက်မြောက် မအောင်မြင်နိုင် ကြတော့ပေ။ ထိုလူများအား အသေခံရန် အလွယ် စေလွှတ် လိုက်ခြင်းပင် မဟုတ်ပါလား။

ကျန်းရီ၏ အမြင်တွင် နိုင်ငံ အဆင့်ပြိုင်ပွဲ ကျင်းပရသော ရည်ရွယ်ချက်သည် နိုင်ငံခြောက်ခုကို အားနည်း သွားစေရန်နှင့် တစ်နိုင်ငံမှ နယ်မြေကို အုပ်စိုးခြင်း မပြု နိုင်စေရန်သာ ဖြစ်သည်။ နိုင်ငံ ခြောက်ခုသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတည့်ဘဲ ရန်စောင် နေကြသရွေ့ အင်ပါယာသည် ဆက်လက် တည်ရှိ နိုင်ပေလိမ့်မည်။ တစ်နည်းအားဖြင့် နိုင်ငံ တစ်နိုင်ငံသည် နယ်မြေကို အုပ်စိုး ချင်လာလျှင် မိုးပြာနဂါး အင်ပါယာ၏ နှိမ်နင်း တိုက်ခိုက်ခြင်းကို ခံရ ပေလိမ့်မည်။

ဤအကြောင်းအရာ များသည် ကျန်းရီ၏ ကိုယ်ပိုင် ခန့်မှန်းချက် မျှသာ ဖြစ်လေသည်။ သူ့ရင်ထဲတွင် မေးခွန်းပေါင်း များစွာ ရှိနေလေသည်။ စစ်တပ် ခြောက်ခုသည် ကြယ်ကောင်းကင် မြို့ပြင်သို့ ရောက်ကြစဉ် မြို့ကို အဘယ့်ကြောင့် မနှိမ်နင်း ခဲ့သနည်း။ သူတောင် ဤနိုင်ငံအဆင့် ပြိုင်ပွဲသည် နိုင်ငံ ခြောက်နိုင်ငံကို အင်အား နည်းစေရုံ ပြုလုပ်ခြင်းဟု မြင်နေနိုင်လျှင် လူတိုင်းသည် အဘယ့်ကြောင့် လိုလိုလားလား ရှိနေ ရပါသနည်း။

အရာရှိ၏ အမိန့်စာ ဖတ်ကြားမှု ပြီးဆုံး သွားသည်နှင့် အင်ပါယာ မင်းသမီး၏ ကျောက်စိမ်းဖြူ လက်သွယ်သွယ်များ ထက်မှ အနီရောင် လက်စွပ် တစ်ကွင်းသည် အလင်းရောင်များ တောက်ပ လာခဲ့သည်။ သူမ၏ လက်ထဲတွင် အနီရောင် ရဲရဲတောက်နေသော ဓားတစ်ချောင်း ထွက်ပေါ် လာခဲ့သည်။ ဓားထွက်ပေါ်လာသော ခဏတွင် လူတိုင်း၏ မျက်လုံးများ ပြူးကျယ် သွားကြသည်။

" သူတော်စင် အဆင့်"

ကျန့်ဝူရွှမ်းသည် နှစ်သက်မှုများ ပြည့်နေသော မျက်လုံး အစုံနှင့် အသက်ပြင်းပြင်း ရှူလိုက်သည်။ နယ်မြေ တစ်ခွင်တွင် သူတော်စင် အဆင့် ရတနာများ အရေအတွက်သည် အလွန် နည်းပါး၍ ရှေးဟောင်း နတ်ဘုရား လက်စွပ်များ ထက်တောင် ရှားပါး သေးသည်။ သူတော်စင့် အဆင့် လက်နက်ဆိုလျှင် ပိုလို့တောင် ရှားပါးသွားပြီ ဖြစ်လေသည်။  ထိုဓားသည် အင်အားကြီး ဂိုဏ်းများမှ သခင်လေး များစွာ နိုင်ငံအဆင့် ပြိုင်ပွဲသို့ ဝင်ရောက် ရခြင်း၏ အဓိက အကြောင်းအရင်းပင် ဖြစ်တော့သည်။

ချမ်ဝမ်ကွမ်သည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်မှ ပြိုင်ပွဲဝင် အရေအတွက်ကို တစ်ရာခန့် ရှိမည်ဟု အစက ခန့်မှန်း ထားသော်လည်း ယခုအခါ သုံးရာခန့်ပင် ရှိနေပြီ ဖြစ်လေသည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်များ များပြား နေရခြင်းမှာ တစ်ဝက်ခန့် ကသာ မီးနဂါး အတွက် ရောက်လာခဲ့ခြင်း ဖြစ်ပြီး တစ်ဝက်ခန့်သည် ကျန်းရီကို သတ်ဖြတ်ရန် ရောက်ရှိ လာခြင်းပင် ဖြစ်တော့သည်။

အနှီ ဂုဏ်သတင်း ကြီးလှသော ဓားရှည်သည် ရဲရဲတောက် နေ၍ ခုနစ်ပေခန့် ရှည်လျားသည်။ ဓားတစ်ခုလုံးသည် ရဲရဲနီနေ၍ အတွင်းတွင် နဂါးတစ်ကောင် ကူးခပ်နေသည့် အလား ဓားအတွင်းမှ အနီရောင် အလင်းများ လင်းလက် နေလေသည်။ မျက်စိကန်းနေသော လူပင် ထိုဓား၏ သာမန်ထက် ထူးကဲသော အရှိန်အဝါ တို့ကို ခံစား နိုင်လေသည်။

"ဒီ ... ဒီဓားက ..."

ကျန်းရီ၏ လွန်လွန် ကျူးကျူး ဖြစ်နေသော လေသံနှင့် အမူအရာသည် ကျန့်ဝူရွှမ်း၏ အာရုံကို ဆွဲဆောင် သွားလေသည်။ သူသည် လှည့်ကြည့် လာခဲ့ပြီး အပြုံးတစ်ခုနှင့် ပြောလာခဲ့သည်။

"ဒါက နိုင်ငံအဆင့် ပြိုင်ပွဲအတွက် ဆုလေ ... သူတော်စင် အဆင့် လက်နက်၊ မီးနဂါးဓား ... ကျန်းရီ ... မင်းအရင်က သူတော်စင် အဆင့် ရတနာကို မမြင်ဖူးဘူးလား ... ပြီးခဲ့တဲ့ နှစ်က အုပ်ချုပ်သူ တံဆိပ်တုံးကို ဖျက်ဆီးခဲ့တာ မင်းပဲ မဟုတ်ဘူးလား ... ဘာလို့ တအား အံ့သြနေတဲ့ ပုံစံကြီး လုပ်နေတာလဲ"

ကျန်းရီ၏ အမူအရာသည် တကယ့်ကို လွန်လွန်ကဲကဲ ဖြစ်နေလေသည်။ သူသည် သူတော်စင် အဆင့် ရတနာကို မမြင်ဖူးခြင်း မဟုတ်သော်လည်း အနှီ ဓားရှည်သည် အလွန် ထူးဆန်း နေခဲ့သည်။

ဓားပေါ်မှ မီးနဂါးပုံသည် သူ့ဒန်တျန်းတွင် ရှိခဲ့ဖူးသော ချိပ်ပိတ် သင်္ကေတနှင့် တူနေခဲ့ပြီး ... မီးဝိညာဉ် ပုလဲထဲမှ နဂါးပုံရိပ် နှင့်လည်း ဆင်တူ နေခဲ့သည်။ ထို့ပြင် အဓိက အကြောင်းမှာ မီးဝိညာဉ် ပုလဲသည် ရုတ်တရက် လင်းလက် တောက်ပ လာခဲ့ပြီး ကျန်းရီ၏ စိတ်ထဲတွင် ပြောမပြ တတ်သော အတွေးတစ်စ ဖြစ်တည် လာခဲ့သည်။ တစ်ယောက်ယောက်သည် သူ့အား အနားသို့ သွား၍ ဓားကို ယူလိုက်ရန် ညှို့ငင် နေသည့်နှယ် ...

ဘာတွေ ဖြစ်နေတာလဲ ... မီးဝိညာဉ် ပုလဲက ဓားနဲ့ ဆက်နွှယ် နေတာလား ... မဟုတ်ရင် ဘာလို့ မီးဝိညာဉ် ပုလဲက ဒီလို တုံ့ပြန် နေတာလဲ။

ကျန်းရီ၏ စိတ်ထဲတွင် လိုချင် တပ်မက်မှုများ ပြည့်နေခဲ့ပြီး ဓားအား စိုက်ကြည့် နေခဲ့သည်။ သူ့စိတ်ထဲမှ အတွေးသည် ပိုမို ပြင်းထန်လာကာ ပြေးသွား၍ ဓားအား လုယူ ချင်စိတ်တို့ ဖြစ်တည် လာခဲ့သည်။

"ကျန်းရီ ... မင်း တစ်ခုခု ဖြစ်နေလား"

ဘေးရှိ ကျန့်ဝူရွှမ်းသည် တစ်ခုခု မှားနေသည်ကို ခံစား မိလိုက်သည်။ ကျန်းရီ၏ မျက်လုံးများသည် ငတ်ပြတ်နေသော ဝံပုလွေက အသားစ တစ်ခုအား စိုက်ကြည့်နေသည့် အလား ရဲရဲ နီနေလေသည်။ သူကျန်းရီအား ဆွဲလိုက်ချိန်တွင် မင်းသမီး သည်လည်း ဓားအား ရှေးဟောင်း နတ်ဘုရား လက်စွပ် အတွင်း ပြန်သိမ်းလိုက်၍ တော်သေးသည်။ ကျန်းရီ၏ ဆောက်တည်ရာ မဲ့နေသော စိတ်သည် နောက်ဆုံးတွင်တော့ တည်ငြိမ် သွားခဲ့လေသည်။

"ငါ ပထမ နေရာကို ရရမယ် ... ငါ အဲဒီ ဒီဓားကို ရအောင် ယူရမယ်"

ကျန်းရီသည် တံတွေး တစ်ချက် မျိုချလိုက်ပြီး တစ်ကိုယ်တည်း တီးတိုး ရေရွတ် လိုက်သည်။ သူအဘယ့်ကြောင့် ထိုကဲ့သို့ ထူးထူးဆန်းဆန်း အတွေးကြီး ရှိလာသည်ကို မသိသော်လည်း ထိုဓားသည် သူနှင့် တစ်နည်းနည်း ဆက်စပ် နေသည်ဟု မသိစိတ်က အသေအချာ ပြောနေလေသည်။ အနည်းဆုံး ထိုဓားသည် မီးဝိညာဉ် ပုလဲနှင့် ဆက်နွှယ် နေသည်မှာ သေချာသည်။

"အမှတ်များဆုံး ရတဲ့ ပြိုင်ပွဲဝင်ကို ဒီသူတော်စင် အဆင့် မီးနဂါးဓား ချီးမြှင့်မယ် ... နိုင်ငံအဆင့် ပြိုင်ပွဲ စတင်မယ် ... ပြိုင်ပွဲဝင်တွေ အားလုံး တံဆိပ်ပြား လက်ခံ ပြီးတာနဲ့ တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင် ထဲကို ဝင်ကြပါ"

အင်ပါယာ မျိုးနွယ်၏ မင်းသမီး အမိန့်ပေးပြီး သည်နှင့် မြေကွက်လပ် ရှေ့မှ တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင် သုံးခုသည် လင်းလက် လာခဲ့သည်။ လူများသည် တစ်အုပ်စုချင်းစီ အစီအရင်များ အနီးသို့ ကပ်သွားပြီး သူတို့၏ အင်အား အလိုက် တံဆိပ်ပြား အသီးသီးကို လက်ခံ ရရှိကြလေသည်။ ထို့နောက် သူတို့သည် အစီအရင် အတွင်း ဝင်ရောက်သွားကာ ရွှေကျင်းရှီ လွင်ပြင်သို့ ပို့ဆောင်ခြင်း ခံလိုက် ရလေသည်။

"ကျန်းရီ ... ဂရုစိုက် ... မင်း ပထမ နေရာကို ရဖို့က အရေးမကြီးဘူး ... မင်း အသက်ရှင် ရမယ် ... ဒီကမ္ဘာမှာ မင်းမရှိတော့ရင် ငါတော်တော်လေး အထီးကျန်နေမှာ"

ကျန့်ဝူရွှမ်းသည် ကျန်းရီ၏ ပခုံးကို ပုတ်လိုက်ပြီး သူ့ဂိုဏ်းမှ လူများကို ဦးဆောင်၍ ထွက်ခွာ လိုက်သည်။ သူနှင့် ကျန်းရီသည် ကွာခြားပေသည်။ ကျန်းရီသည် အမှီအခို ကင်းသော သင်းကွဲဝံပုလွေ တစ်ကောင်ဖြစ်၍ တိုက်ပွဲများ အကြားတွင် ပြေးလွှား နေရပေမည်။ ကျန့်ဝူရွှမ်း သည်ကား လူအများကြီးကို ဦးဆောင်၍  သူတို့ကိုယ် သူတို့ ကာကွယ်နိုင်ရန် နေရာတစ်ခု ရှာရပေမည်။ ထို့ကြောင့် သူသည် စောစော ဝင်သွားကာ မြေအနေအထား ကောင်းသော နေရာအား ရှာဖွေရမည်။

"အမ် ... ဂရုစိုက်"

ကျန်းရီသည် လက်ပြ လိုက်သော်လည်း သူ့ကိုယ်အား နည်းနည်း လေးတောင် မရွေ့ခဲ့ပေ။ သူသည် နှစ်နာရီကျော် ကြာအောင် စောင့်နေပြီးမှ အတွင်းသို့ ဝင်သွား လိုက်သည်။ ရွှေချမ်လော့နှင့် အခြား သူများသည် သူ့အား စောင့်နေရာမှ စိတ်မရှည်တော့၍ အရင် ဝင်သွားကြပြီ ဖြစ်လေသည်။

***

All Chapters