မြောက်ဘက်လျန်မှ သိုင်းသမားများ
Vol. 1 Ch. 188
ကျန်းရီသည် ခရမ်းရောင် နန်းတော်ရှင် အဆင့် ဖြစ်သောကြောင့် အနီရောင် တံဆိပ်ပြားကို လက်ခံ ရရှိလေသည်။ သူ့ကိုသတ်၍ တံဆိပ်ပြားကို ယူလျှင် အမှတ်နှစ်မှတ် ရမည် ဖြစ်လေသည်။
"မင်းရဲ့ အတွင်းအားကို သုံးပြီး တံဆိပ်ပြားကို ချည်နှောင်လိုက် ... တံဆိပ်ပြားကို အာရုံစိုက်လိုက်မယ် ဆိုရင် အချင်းဝက် ပေတစ်သောင်း ပတ်လည် အတွင်းမှာ တံဆိပ်ပြား တွေကို ကိုင်ဆောင်ထားတဲ့ သူတွေရဲ့ တည်နေရာကို အာရုံ ခံမိလိမ့်မယ် ... တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်က မင်းကို ကျပန်းနေရာ တစ်ခုခုကို ပို့ပေးမှာ ဖြစ်တဲ့ အတွက် ဝင်သွားတာနဲ့ အဝိုင်း ခံလိုက်ရမှာကို စိတ်ပူနေဖို့ မလိုဘူး ... နိုင်ငံအဆင့် ပြိုင်ပွဲက တစ်လကြာမယ် ... တစ်လ ပြီးတာနဲ့ အသက်ရှင်တဲ့သူ မှန်သမျှကို အလိုလို အပြင် ထုတ်ပေးလိမ့်မယ် ... ကောင်းပြီ … ဝင်သွားတော့"
တံဆိပ်ပြားများ ဝေပေးနေသော အင်ပါယာ အဖွဲ့အစည်း၏ အစောင့်သည် အခြေခံ စည်းမျဉ်းများကို ရှင်းပြ နေခဲ့သည်။ ကျန်းရီသည် စိတ်ထဲမှ မှတ်ထား လိုက်ပြီး တံဆိပ်ပြားကို ယူ၍ တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင် ထဲသို့ ဝင်ရောက် သွားလိုက်သည်။
အလင်းတန်း တစ်ချက် လက်သွားခဲ့သည်။ ကျန်းရီ မျက်လုံးများကို ဖွင့်လိုက်ပြီး တစ်ယောက်ယောက် ရှိမရှိ သိရန် ပတ်ဝန်းကျင်ကို အရင် စစ်ဆေးလိုက်သည်။ ထို့နောက် သူသည် ရှေ့ရှိ ကျောက်ကမူ များထံ ခိုးကြောင်ခိုးဝှက် ဦးတည် သွားလိုက်သည်။
သူသည် ကျောက်တုံးကြို ကျောက်တုံးကြား ဝင်ပုန်းလိုက်ပြီး ပတ်ဝန်းကျင်ကို အသေအချာ စစ်ဆေးလိုက်သည်။ ပတ်ဝန်းကျင်ရှိ နေရာ တစ်ခုလုံးသည် လူသူ ကင်းမဲ့လျက် ရှိလေသည်။ မလှမ်းမကမ်းတွင် တောင်ကုန်း တချို့ ရှိနေခဲ့ပြီး ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းထဲမှ နေရာများနှင့် ထူးဆန်းစွာ ဆင်တူသယောင် ရှိနေလေသည်။ ကောင်းကင်သည် အုံ့မှိုင်း နေခဲ့ပြီး နေရောင်၊ လရောင်နှင့် ကြယ်ရောင်တို့ကို မတွေ့ရပေ။ အလင်းရောင် တောက်ပခြင်း အလျဉ်းမရှိဘဲ တစ်ချက်တစ်ချက် လေအဝှေ့တွင် သွေးညှီနံ့တို့ လွင့်လာတတ်သည်။ မကြာသေးခင် ကမှ သတ်ဖြတ် ထားခြင်းလား၊ လွန်ခဲ့သော အခါကပဲ ကျန်ခဲ့သော အနံ့လေလား ဟူသည်ကို ကျန်းရီ မသိပေ။
ငါအရင် တံဆိပ်ပြားကို ချည်နှောင် ပေါင်းစပ်ရမယ် ... ဒါမှ ရန်သူတွေကို ရှာနိုင်မှာ။
ကျန်းရီသည် တံဆိပ်ပြားထံ အတွင်းအားများ ဖြည့်သွင်း လိုက်သည်။ မကြာခင်တွင် သူနှင့် တံဆိပ်ပြား အကြားရှိ ဆက်သွယ်မှု ရေးရေးကို သူခံစား လိုက်ရသည်။ သူသည် စိတ်အစုံကို တံဆိပ်ပြားထံ အလျင်အမြန် စူးစိုက် လိုက်ပြီး ရန်သူများကို အာရုံ ခံလိုက်သည်။
သူသည် မည်သည့် တံဆိပ်ပြား၏ တည်ရှိမှုကိုမှ အာရုံ မခံမိပေ။ ဤအနီး တစ်ဝိုက်တွင် ချုံခို ပုန်းအောင်းနေသူ တစ်ယောက်မှ မရှိခြင်း ဖြစ်နိုင် လေသည်။ သူသည် ပတ်ဝန်းကျင်ကို အကဲခတ် လိုက်ပြီး တံဆိပ်ပြားကို မီးဝိညာဉ် ပုလဲအတွင်း အလျင်အမြန် သိမ်းဆည်း လိုက်သည်။ တံဆိပ်ပြားသာ သူ့ကိုယ်ပေါ်တွင် မရှိလျှင် အနီးအနားတွင် လူများ ရှိနေလျှင်တောင် သူ့ကို ခြေရာ ခံနိုင်မည် မဟုတ်ပေ။
ကျန်းရီသည် သူ၏ အပြင်ဝတ်ရုံကို အမြန် ချွတ်လိုက်ပြီး မီးဝိညာဉ် ပုလဲအတွင်းမှ အနက်ရောင် ဝတ်ရုံတစ်ခုကို ထုတ်ယူ ဝတ်ဆင်လိုက်သည်။ ထို့နောက် အနက်ရောင် ဝံပုလွေ မျက်နှာဖုံး တစ်ခုကိုပါ ထုတ်ယူ၍ တပ်ဆင် လိုက်ပြီးမှ လှုပ်ရှား လိုက်သည်။
ပေတစ်သောင်းခန့် သွားလာပြီးတိုင်း ကျန်းရီသည် တံဆိပ်ပြားကို ထုတ်ယူပြီး ပတ်ဝန်းကျင် အခြေအနေ များကို စစ်ဆေးလေ့ ရှိသည်။ အနီးအနားတွင် ဘယ်သူမှ မရှိကြောင်း သေချာလျှင် သူထပ်မံ ခရီးဆက်ပေ လိမ့်မည်။ ငါးကီလိုမီတာခန့် ခရီးဆက်ပြီးနောက် မြေမျက်နှာ သွင်ပြင် ပြောင်းလဲ သွားသည်ကို သူသတိပြုမိ လိုက်သည်။ ပတ်ဝန်းကျင်သည် အစောပိုင်းကလို တောကြီးမျက်မည်း မဟုတ်တော့ပဲ သဲကန္တာရ တစ်ခု ရှိနေ ခဲ့လေသည်။
သဲကန္တာရ …
ကျန်းရီသည် ရှေ့ဆက် မတိုးဝံ့ပေ။ သဲကန္တာရကို ဖြတ်သန်း ပြီးသွားလျှင် သူသည် အလွယ်တကူ ပစ်မှတ် ဖြစ်လာ နိုင်လေသည်။ သူ့အား သတိပြုမိ သွားကြသည်နှင့် သူ့နောက်ကို လိုက်လံ ဖမ်းဆီးရန် လွယ်ကူ သွားပေလိမ့်မည်။ ကျန်းရီသည် တစ်ယောက်ယောက် လိုက်လံ ဖမ်းဆီးခြင်းကို မကြောက်ပေ။ ရန်သူများ အဝိုင်း ခံလိုက် ရမည်ကိုသာ သူစိုးရိမ်နေခြင်း ဖြစ်လေသည်။
"အမ်"
သူသည် တံဆိပ်ပြားကို အမြန် ထုတ်ယူလိုက်ပြီး ပတ်ဝန်းကျင်ကို အာရုံ ခံလိုက်သည်။ သူ့စိတ်ထဲတွင် လှုပ်ရှား နေသော အနီရောင် အလင်းစက်လေး နှစ်စက် ရှိနေလေသည်။ သူတို့သည် ရှေ့ရှိ သဲကန္တာရ ထဲတွင် ဖြစ်လေသည်။ တစ်ယောက်ယောက် ရှိတယ်။
သူသည် တံဆိပ်ပြားကို အလျင်အမြန် သိမ်းဆည်း လိုက်ပြီး သစ်ပင်ကြီး တစ်ပင်၏ ထိပ်ဖျား ရောက်အောင် တက်လိုက် လေသည်။ ထို့နောက် အရွက်အုပ်အုပ်များ ကြားမှ သဲကန္တာရဆီ မျှော်ကြည့် လိုက်လေသည်။
"ဝှစ်"
သဲကန္တာရ ထဲတွင် လေပြင်း တစ်ချက် ဝေှ့သွားခဲ့သည်။ ပုံရိပ် နှစ်ခုသည် တထောင်းထောင်း ထနေသော အဝါရောင် သဲမှုန့်များနှင့် အတူ အပြေး လာနေကြသည်။ သူတို့သည် အလွန် လျင်မြန်ကြပြီး မျက်တောင် တစ်ခတ် အတွင်း ကျန်းရီအနီး ရောက်ရှိ လာခဲ့သည်။
မြောက်ဘက် လျန်နိုင်ငံက လူတွေ ... ခရမ်းရောင် နန်းတော်ရှင် အဆင့် နှစ်ယောက် …
ကျန်းရီ၏ မျက်လုံးထဲတွင် လူသတ်ငွေ့များ ဖြစ်တည် လာသော်လည်း သူချက်ချင်း မလှုပ်ရှားခဲ့ပေ။ သူသည် အသက်အောင့်၍ သူ့တည်ရှိမှုကို ဖုံးကွယ်ကာ ထိုသူနှစ်ဦး နီးကပ်လာမည့် အချိန်ကို စောင့်ဆိုင်း နေလိုက်သည်။
"အမ် ... ငါတို့ တစ်ယောက်ယောက် ဒီမှာ ရှိတာကို သေချာပေါက် အာရုံခံမိ လိုက်ပါတယ် ... ဘာလို့ ချက်ချင်းကြီး ပျောက်သွားတာလဲ ... သူက အရမ်း မြန်နေလို့လား"
မြောက်ဘက် လျန်နှင့် မန့် နိုင်ငံနှစ်ခုမှ ချပ်ဝတ်များသည် အနည်းငယ် ကွဲပြားလေသည်။ မြောက်ဘက် မန့်နိုင်ငံမှ ချပ်ဝတ်များသည် ရိုးရှင်း၍ လျန်နိုင်ငံမှ ချပ်ဝတ်များသည် ပိုမို ထည်ဝါ လေသည်။ ဤလူ နှစ်ယောက်သည် ကနုတ်တို့ဖြင့် တန်ဆာ ဆင်ထားသော ငွေရောင် ချပ်ဝတ်များကို ဝတ်ဆင် ထားရာ မြောက်ဘက် လျန်နိုင်ငံမှ ဖြစ်ကြောင်း ထင်ရှား လေသည်။
ကျန်းရီ သူတို့အား အာရုံ ခံလိုက်သော ခဏတွင် ထိုလူ နှစ်ယောက် သည်လည်း သူ့အား အာရုံခံမိ လိုက်ကြသည်။ ကျန်းရီသည် တံဆိပ်ပြားကို မီးဝိညာဉ် ပုလဲအတွင်း ချက်ချင်း ပြန်သိမ်းခဲ့သည်။ ထို့ကြောင့် သူ့အား အာရုံ မခံမိတော့ပဲ အနီးအနားတွင် အလောတကြီး ရှာဖွေ နေကြခြင်း ဖြစ်လေသည်။
ထိုနှစ်ယောက်သည် ခြေလှမ်းများကို လျှော့ချ၍ အနီး တစ်ဝိုက်တွင် ပိုက်စိပ်တိုက် ရှာဖွေ နေကြသည်။ တစ်ယောက် ဆိုလျှင် ကျန်းရီ ပုန်းနေသော သစ်ပင်ရှိရာပင် ကြည့်လာ ခဲ့သေးသည်။ သို့သော် ကျန်းရီသည် သူ့အရှိန်အဝါ တို့ကို ဖုံးကွယ်ထားပြီး အသက်ရှူလည်း အောင့်ထား ခဲ့သေးသည် ဖြစ်ရာ ထိုအကွာအဝေးမှ နေ၍ သူ့အား မြင်နိုင်စရာ အကြောင်း မရှိပေ။
ပေတစ်ရာ ... ပေကိုးဆယ် ... ပေရှစ်ဆယ် ...
ကျန်းရီသည် အကွာအဝေးကို တိတ်တဆိတ် ရေတွက် နေလိုက်သည်။ ထိုလူတို့ သစ်ပင်ကြီးနှင့် သုံးပေခန့် အကွာသို့ ရောက်သော အခါ သူလှုပ်ရှား လိုက်သည်။ သူသည် သစ်ပင်ပေါ်မှ ကျားသစ် တစ်ကောင် အလား ခုန်ဆင်း လာလေသည်။ သူ လေထဲတွင် ဝဲခနဲ ဖြစ်သွားစဉ် အပြာရောင် အလင်းများ တောက်ပနေသော အနက်ရောင် အကြေးခွံဓား လှုပ်ရှား သွားခဲ့သည်။ ကောင်းကင်တွင် လွှမ်းသွားသော ဓားအရိပ် များသည် ထိုသူ နှစ်ယောက်ထံ ကျဆင်း လာခဲ့သည်။
မြေကမ္ဘာ အဆင့် အလယ်အလတ် ကျင့်စဉ် ... မိုးစက်ဓားသိုင်း ... နွေမိုးစက် သိုင်းကွက်
"အာ"
မြောက်ဘက် လျန်နိုင်ငံမှ သိုင်းသမား နှစ်ယောက်သည် တစ်ခုခုကို ခံစားမိလိုက်၍ ခေါင်းမော့ ကြည့်လိုက်ကြသည်။ အေးစက်နေသည့် မျက်လုံး တစ်စုံနှင့် ကျောချမ်းစရာ အငွေ့အသက်များ ဖုံးလွှမ်းနေသော အနက်ရောင် အကြေးခွံဓားကို သူတို့ မြင်လိုက် ရလေသည်။ ထိုနှစ်ယောက်သည် ထိတ်လန့် သွားသော်လည်း တစ်ဖက်သွား ဆေဘာ ဓားများကို ထုတ်၍ တိုက်ခိုက်မှုကို တားဆီး လိုက်ကြသည်။
"ရွှပ်"
သတ္တုချင်း ထိခတ်သံများ ပေါ်ထွက်လာခြင်း မရှိဘဲ ထက်မြသော လက်နက် တစ်ခုက အဝတ်စများကို ပိုင်းဖြတ် လိုက်သည့် အသံတစ်ခုသာ ထွက်ပေါ် လာခဲ့သည်။ တစ်ဖက်သွား ဆေဘာ ဓားနှစ်ချောင်းသည် ကျန်းရီ၏ အနက်ရောင် အကြေးခွံဓားဖြင့် ပိုင်းဖြတ်မှုကြောင့် သစ်သားပိုင်းများ အလား ပြတ်တောက် သွားလေသည်။ အနက်ရောင် အကြေးခွံဓားသည် အတားအဆီး မရှိ လည်တိုင်များ ဆီသို့ပါ ဆက်လက် တိုးဝင်သွားခဲ့သည်။
"ခရက်"
လည်ပင်းတစ်ခု ပြတ်တောက် သွားခဲ့ပြီး ဦးခေါင်းတစ်ခု လွင့်ထွက် သွားခဲ့လေသည်။ အခြား တစ်ယောက်သည် အချိန်မီ ရှောင်တိမ်း လိုက်နိုင်သည်။ သူသည် ထွက်ပြေး ချင်ပါသော်လည်း အနက်ရောင် တစ်ချက် လက်သွားခဲ့ပြီး ကျန်းရီ၏ လက်တွင်းမှ နတ်ဘုရား သတ်ဖြတ်ခြင်းမြား ပျံသန်း သွားခဲ့သည်။ နီးနီးလေးမှ ကပ်လျက် ထွက်ပေါ်လာသော မြားအား ရှောင်တိမ်းနိုင်ခြင်း မရှိရာ မြားသည် သူ၏ ရင်အုပ်ထံ စိုက်ဝင် သွားခဲ့ပြီး သွေးများ စီးကျ လာလေသည်။ သူသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျ သွားခဲ့လေသည်။ သူ့မျက်လုံးများ ထဲတွင် ထိတ်လန့် ကြောက်ရွံ့မှုများ ကျန်ရစ် နေခဲ့လေသည်။
"ဝှစ်"
အနက်ရောင် အကြေးခွံဓား တစ်ချက်မျှနှင့် ကျန်းရီသည် ထိုလူများကို တမလွန် လောကသို့ ပို့လိုက် နိုင်လေသည်။ ထို့နောက် ထိုသူများ၏ ကိုယ်ပေါ်တွင် အလျင်အမြန် ရှာဖွေလိုက်ရာ အနီရောင် တံဆိပ်ပြား နှစ်ခု ရရှိခဲ့ပြီး ချက်ချင်း ထွက်ခွာ လိုက်လေသည်။
လေးမှတ်ရပြီ …
အနီရောင် တံဆိပ်ပြား နှစ်ခုကို မီးဝိညာဉ် ပုလဲအတွင်း သိမ်းဆည်းရင်း ကျန်းရီသည် အင်အား အများကြီး မစိုက်လိုက်ရ ပါဘဲနှင့် အမှတ်များ ရရှိခဲ့သည့် အကြောင်းတွေးကာ ခေါင်းတညိတ်ညိတ်နှင့် ကျေနပ် နေတော့သည်။ အနက်ရောင် အတွင်းအား၏ အထောက်အပံ့ မရှိလျှင် အနက်ရောင် အကြေးခွံဓားသည် ကောင်းကင်အဆင့် လက်နက်၏ အစွမ်း မရှိနိုင်ပေ။ သို့သော်လည်း ၎င်းသည် သူတော်စင် အဆင့် ဖြစ်နေသေးရာ သာမန် လက်နက်များ၊ ပစ္စည်းများသည် ၎င်းနှင့် ဖက်ပြိုင်နိုင်မည် မဟုတ်ပေ။
အရေးကြီးဆုံး သည်ကား သူ့တွင် ပစ္စည်းသုံး ရတနာတစ်ခု ရှိနေလေရာ အခြား သူများသည် သူ့တည်နေရာကို အာရုံခံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ့တွင် တစ်ချက်တည်းနှင့် ချက်ကောင်းကို တိုက်ခိုက်ရန် အခွင့်အရေး ရှိနေ လေသည်။ တံဆိပ်ပြား တွင်လည်း တံဆိပ်ပြား အချင်းချင်း ခြေရာခံနိုင်စွမ်း ရှိနေလေရာ ရန်သူများအား ရှာဖွေ တိုက်ခိုက်ရန် အကောင်းဆုံး ကိရိယာလေး ဖြစ်နေတော့သည်။ ရှေးဟောင်း နတ်ဘုရား လက်စွပ်ကဲ့သို့ ပစ္စည်းသိမ်း ရတနာများသည် ရှားပါးလေရာ လူများသည် ရန်သူထံတွင် တစ်ခု ရှိနေမည်ဟု ထင်ကြမည် မဟုတ်ပေ။
ကျန်းရီသည် သဲကန္တာရ ထဲသို့ ဆက်ဝင် မသွားဘဲ တောအုပ်နှင့် ဆန့်ကျင်ဘက် အရပ်ဆီသို့သာ ဆက်သွားခဲ့သည်။ ကန္တာရထဲ သို့သာ သွားမိလျှင် သူသည်လည်း ပစ်မှတ်တစ်ခု ဖြစ်သွား လိမ့်မည်။ သူ့တွင် ငွေလဝံပုလွေ ရှိနေလျှင်တောင် ရန်သူများ အဝိုင်း ခံလိုက်ရလျှင် လွတ်မြောက်ရန် ခက်ခဲ သွားပေလိမ့်မည်။ တောနက်ထဲတွင် ပုန်းကွယ်ရန် တောင်များနှင့် တောအုပ်များ ရှိလေရာ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်နှင့် ရင်ဆိုင်ရမည် ဆိုလျှင်တောင် သူ့တွင် လွတ်မြောက်ရန် ယုံကြည်ချက် ရှိပေသည်။
ကျန်းရီသည် ဆက်လက် ခရီးဆက်ခဲ့ပြီး တံဆိပ်ပြားကို မကြာမကြာ ထုတ်၍ ရန်သူများကို ခြေရာခံခဲ့သည်။ ရွှေကျင်းရှီ လွင်ပြင်သည် ကြီးမား ကျယ်ပြန့်လွန်းသည်။ မိနစ် သုံးဆယ်ခန့် ခရီး ဆက်ခဲ့သော်လည်း ကျန်းရီသည် နောက်ထပ် ရန်သူ တစ်ယောက်ကို မတွေ့ရ သေးပေ။
နိုင်ငံအဆင့် ပြိုင်ပွဲ၏ ရည်ရွယ်ချက်သည် သတ်ဖြတ်ရန်သာ ဖြစ်ပြီး ကျန်းရီ၏ စိတ်ထဲတွင် ထိုစာကြောင်း၏ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း နားလည် ထားလေသည်။ ဝိညာဉ် သားရဲ သင်တန်းကျောင်းမှ ကျောင်းသား များနှင့် ချမ်ဂိုဏ်း၊ ကျန့်ဂိုဏ်းသားများမှ တစ်ပါး ကျန်လူများသည် သူ့ရန်သူသာ ဖြစ်လေသည်။
ကျန်သူများသည် ရန်သူ ဖြစ်နေမှတော့ သူသည်လည်း မျက်မြင် တွေ့သည်နှင့် ထောက်ထား ညှာတာမနေဘဲ သတ်မည် ဖြစ်လေသည်။ သို့မဟုတ်ပါက သေရမည့် သူမှာ သူဖြစ်သွား ပေလိမ့်မည်။
အမ် ... ရှေ့မှာ လျှိုမြောင် တစ်ခု …
ကျန်းရီသည် တောင်ကမူ များထက် ပြေးလွှား နေချိန်တွင် ခပ်လှမ်းလှမ်းရှိ လျှိုမြောင် တစ်ခုကို မြင်လိုက်ရရာ ပြေးနေခြင်းကို ရပ်တန့်လိုက်သည်။ သူသည် လျှိူမြောင်ထိပ်မှ ငုံ့ကြည့်လိုက်ရာ အသည်း တအေးအေး ဖြစ်သွား ရလေသည်။
ရွှေကျင်းရှီ လွင်ပြင်က လွင်ပြင်လည်း ဆိုသေးတယ် ... ဘာလို့ မြေအနေအထားက အရမ်း ထူးခြားနေတာလဲ ... သူထပ်ပြီး တခြား အရပ်ကို ပြောင်းပြီး ပြေးရဦးမှာလား ... လျှိုမြောင်သည် အောက်ခြေပင် မရှိသည့်ပုံ ပေါ်ပြီး အထဲတွင် ဘာရှိသည်ကို သူမမြင်ရပေ။ လျှိုမြောင်အား ဖြတ်သန်း သွားရန်လည်း မဖြစ်နိုင်ပေ။
ထားလိုက်တော့ ... ငါအခု ဆက်ပြီး မသွားတော့ဘူး ... နိုင်ငံအဆင့် ပြိုင်ပွဲက တစ်လတောင် ကြာမှာဆိုတော့ ငါဒီမှာပဲ ရက်နည်းနည်း ကြာအောင် နေလိုက်ပြီး သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် သတ်တာကို စောင့်နေဦးမယ် ... အဲဒီ ဒီနောက်မှ လှုပ်ရှားရင် ငါလွယ်လွယ်နဲ့ တံဆိပ်ပြား အများကြီး ရနိုင်တယ်။
ကျန်းရီသည် ရုတ်တရက် အကြံကောင်း ရသွားခဲ့သည်။ နိုင်ငံအဆင့် ပြိုင်ပွဲသည် စတင်ရုံပင် ရှိသေးရာ အခြား သိုင်းသမား များအား ရှာဖွေရန် ခက်ခဲသည့်အပြင် အများစု သည်လည်း တံဆိပ်ပြား တစ်ခုစီသာ ရှိနေ ကြသေးသည်။ ရွှေကျင်းရှီ လွင်ပြင်သည် ကျယ်ပြန့် လွန်းရာ တစ်ဦးနှင့် တစ်ဦး ရှာဖွေရန် ခက်ခဲလေသည်။ သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် သတ်တာကို စောင့်ပြီးမှ အသက်ရှင် ကျန်ရစ်တဲ့ တံဆိပ်ပြား များများ ရှိနေတဲ့ သူတွေကို ဘာလို့ စောင့်ပြီး မသတ်ရမှာလဲ။
***