← Chapters

အခန်း (၆၄၆)

Vol. 47 Ch. 646

အခန်း (၆၄၆)

Vol. 47 Ch. 646

စစ်ထူယန်၏ သေဆုံးခြင်းသတင်းသည် လျင်မြန်စွာ ပေါက်ကြားပျံ့နှံ့သွားကာ စကြဝဠာတစ်ခုလုံးရှိ မျိုးနွယ်စုများသည် အတွင်းရေးဇာတ်လမ်းစုံကို ကြားသိလိုက်ရချိန်တွင် သူတစ်ပါးဒုက္ခရောက်တုန်း အောင်ပွဲခံကြလေတော့၏။

သူတော်စင်အဆင့်သို့ မရောက်သေးပါဘဲ ခွင်းလွင်ကမ္ဘာ၏ အတွင်းပိုင်းသို့ အတင်းအကြပ် လျှို့ဝှက်ဝင်ရောက်နိုင်ခြင်းသည် ငရဲတမျှ ခက်ခဲပင်ပန်းလှမည်ဖြစ်ကြောင်း သူတို့သေချာသိကြသည်။ အဓိကအင်အားစုများစွာပင် မအောင်မြင်နိုင်သေးသော ခြေလှမ်းတစ်ခုလည်းဖြစ်၏။

ထို့ကြောင့် အောင်အောင်မြင်မြင် ဝင်ရောက်သွားနိုင်သော အလင်းမျိုးနွယ်စုဝင်မှ ဤသို့ကျရှုံးသွားသည့်အခါ ပြိုင်ဘက်စွမ်းအားရှင်များ ပျော်ရွှင်ကြသည်မှာ မဆန်းပါလေ။

တစ်ချိန်တည်းမှာပင် သူတို့သည် ခွင်းလွင်ကမ္ဘာ၏ အခြေခံအုတ်မြစ်ကိုလည်း ပြန်လည်အကဲဖြတ်သင့်သည်ဟု ခံစားရ၏။ အထင်သေးလို့မဖြစ်သေးပေ။

အလယ်ပိုင်းဒေသ။

ရွှယ်ထျန်း သူတော်စင်နယ်မြေ။

"မင်းဘာလို့ ဒီကို ထပ်ရောက်လာတာလဲ" ဟုန်ချန်ယဲ့က လက်ကိုဟန်ပါပါပိုက်ကာ စိတ်ရှုပ်ထွေးနေဟန် သနားကမားအမူအရာဖြင့်ရောက်လာသော လုံအော်ထျန်းကို အေးစက်စက်မေးခွန်းထုတ်လိုက်သည်။

နတ်သမီးလေး၏ သဘောထားပြောင်းလဲသွားမှုကြောင့် လုံအော်ထျန်းလည်း အတော်လေးမသက်မသာခံစားရလေသည်။

သို့သော် တစ်ဖက်လူသည် အပြင်ပန်းတွင်အေးစက်သော်ငြား စိတ်နှလုံးနွေးထွေးနူးညံ့သည့်မိန်းကလေးမျိုး ဖြစ်ရမည်ဟုသာ သတ်မှတ်ထားလိုက်သည်။ အမှန်တော့ သူ၏လုံခြုံဘေးကင်းရေးကို ဂရုစိုက်ပေးနေခြင်းသာပင်။ အပြင်ပန်းတွင် "မင်း ဘာလို့ ဒီကို ထပ်ရောက်လာတာလဲ" ဟု ခပ်ဆတ်ဆတ်မေးနေပေသည့် ထိုမေးခွန်းတွင် နောက်အဓိပ္ပာယ်တစ်မျိုး ရှိနေသေး၏။

ဘာလို့စောစောမလာတာလဲ၊ ဘာလို့ခုမှရောက်လာတာလဲ ပေါ့။

လုံအော်ထျန်းသည်လည်း ဤသို့နောက်ကောက်ကျသွားရခြင်းအတွက် ရှက်ရွံ့မိသည်။

သွေးအရှင်သေဆုံးပြီး အမှောင်သွေးလက်စွပ် ပျက်စီးသွားပြီးနောက် လုံအော်ထျန်းသည် အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့ကာ ဒေါသတကြီးဖြင့် အပြင်တွင် အမြန်ထွက်ပြေးရန်ပြင်နေသော တာပူကို လက်ဝါးတစ်ချက်ဖြင့်ရိုက်သတ်လိုက်သည်။ ထို့နောက် အပြင်လောကမှ သတင်းအချက်အလက်များကို စုဆောင်းရန် ထွက်ခွာခဲ့လိုက်သည်။

ဇာတ်လမ်းတစ်ခုလုံးကို နားလည်ပြီးသောအခါ လုံအော်ထျန်းမှာ အံ့သြခြင်းနှင့်အတူ နက်ရှိုင်းသော ထိတ်လန့်ကြောက်ရွံ့မှုကိုလည်း ခံစားမိရ၏။

ကံကောင်းထောက်မစွာ အရာအားလုံး လွဲချော်မသွားခဲ့ပါပေ။

ထို့ကြောင့် လုံအော်ထျန်းသည် မုန်တိုင်း ငြိမ်သက်သွားသည်အထိ တိတ်တိတ်လေးစောင့်ဆိုင်းပြီးမှ သူ့အမှားသူ ဝန်ခံတောင်းပန်ရန် ရွှယ်ထျန်းသူတော်စင်နယ်မြေသို့ ထွက်လာခဲ့သည်။ မဟာမိတ်ခေါင်းဆောင်ယဲ့က သူ့အပြစ်ကို ခွင့်လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်မိသည်။

"ချန်ယဲ့၊ ငါ ဒီတစ်ခါလာရတဲ့ အကြောင်းရင်းနှစ်ခုရှိတယ်။ ပထမက မင်းကိုတွေ့ဖို့၊ ဒုတိယတစ်ခုကက မဟာမိတ်ခေါင်းဆောင်ယဲ့ကို တောင်းပန်ဖို့ပါ။"

လုံအော်ထျန်း ရိုးသားသော မျက်လုံးများဖြင့် ပြန်ပြောလိုက်သည်။

"မလိုပါဘူး" ဟုန်ချန်ယဲ့မှာ ကြက်သီးထသွားကာ လှစ်ခနဲလှည့်ထွက်သွားလိုက်ပြီး တစ်ဖက်လူကို ရန်လုပ်လိုက်ရသည့်အတွက် စိတ်နည်းနည်းပြေသွားသလို ခံစားမိသည်။

သို့သော် ထိုလုပ်ရပ်ကြောင့် လုံအော်ထျန်း၏နှုတ်ခမ်း‌ထောင့်တွင် ဆွဲဆောင်မှုရှိရှိ ခပ်ဆိုးဆိုးအပြုံးတစ်ပွင့်ပေါ်လာသည်ကိုတော့ သူမသိလိုက်ပါချေ။ သူက ကျေကျေနပ်နပ်ကြီးတွေးသည်။

"ဟဲဟဲ ရှက်နေတာပဲ"

"ငါ့ရဲ့ တွန်းလှန်မရနိုင်တဲ့ ဆွဲဆောင်မှုမှာ မျောပါသွားပြီထင်တယ်..."

ထို့နောက်၊

ဟုန်ချန်ယဲ့သည် လုံအော်ထျန်းအား ခြံဝန်းသေးသေးလေးတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ အပန်းဖြေကုလားထိုင်ပေါ်တွင် မှီနေသော ငွေရောင်ဆံပင်ဖြင့်လူငယ်ကို မြင်သောအခါ လုံအော်ထျန်း၏အမူအရာသည် ချက်ချင်းလေးနက်သွားပြီး ထိုသူဆီသို့ အမြန်လျှောက်သွားကာ ဒူးတစ်ဖက်ထောက်ချလိုက်သည်။ ထို့နောက် လက်များကိုထပ်ဆုပ်ကာ အလေးအနက် လျှောက်တင်လိုက်၏။

"မဟာမိတ်ခေါင်းဆောင်ယဲ့၊ ကျွန်တော့်ရဲ့ အရည်အချင်းညံ့ဖျင်းမှုပါ။ ဒီလုံမျိုးရိုးက ရန်သူရဲ့လှည့်ကွက်ကို မမြင်နိုင်ခဲ့တာကြောင့် ဒီလိုမဖြစ်သင့်တာတွေ ဖြစ်ကုန်ရတာပါ"

"ကျွန်တော် ဒီနေ့ တောင်းပန်စကား‌ပြောဖို့ လာခဲ့တာပါ၊ မဟာမိတ်ခေါင်းဆောင်ယဲ့ ကျွန်တော့်ကို အပြစ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ယဲ့ကျွင်းလင်မှာ လုပ်စရာမရှိသဖြင့် လက်ထဲတွင် မိုးကြိုးသစ်ကြားသီးနှစ်လုံးကို ပေါ့ပေါ့ပါးပါး မြှောက်ကစားနေရင်း လေသံအေးအေးဖြင့် တုံ့ပြန်လိုက်သည်။

"ထပါ ရှောင်လုံ၊ မင်းအပြစ်မဟုတ်ပါဘူး။ မင်းကိုယ်တိုင်လည်း နစ်နာခဲ့ရတာပဲလေ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကပြီးသွားပါပြီ။"

ခွင့်လွှတ်စကားကို ရရှိသောအခါ လုံအော်ထျန်း မတ်တပ်ပြန်ရပ်ရင်း တွေဝေနေမိသည်။ ပြောချင်သော်လည်း ထိန်းထားရသည့် ပြောဖို့ခက်ခဲနေသည့် စကားတစ်ခုခု ကျန်နေသေးသည့်အလား။

"တခြား ဘာများရှိသေးလဲ" ယဲ့ကျွင်းလင်က မျက်ခုံးပင့်ကာ မေးသည်။

လုံအော်ထျန်းက အံတင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက်ချထားပြီးသည့်အလား လက်သီးကိုတင်းတင်းဆုပ်လျက် ပြောလိုက်ည်။ "မဟာမိတ်ခေါင်းဆောင်ယဲ့၊ ဒီတောင်းဆိုမှုက ရုတ်တရတ်ဆန်နေမယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် အရင်က ကျွန်တော့်ရဲ့ကျင့်ကြံမှု တိုးတက်ပြီးတဲ့နောက် ခေါင်းဆောင်နဲ့ယှဥ်ပြိုင်ဖို့ လာရှာနိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲ့ဒီစကားက အခုထိ အကျုံးဝင်ပါသေးသလား"

"ဒါပေါ့ အကျုံးဝင်တာပေါ့ကွာ"

ယဲ့ကျွင်းလင်၏ မျက်လုံးများ လင်းလက်လာကာ ချက်ချင်းပင် အားအင်အပြည့်ဖြစ်လာသည်။

သူ လုံအော်ထျန်းကို အကောင်းအတိုင်း ပြန်သွားခွင့်ပြုရခြင်း၏ အဓိကအကြောင်းရင်းမှာ ကြက်သွန်မြိတ်ကို ရိတ်သိမ်းဖို့သာလျှင် မဟုတ်ပါလော။ တစ်ဖက်လူက လိုလိုလားလား စေတနာ့ဝန်ထမ်းလုပ်ချင်နေမှကြောင့် အဘယ်ကြောင့်ငြင်းဆန်ရမည်နည်း။

"ကျွန်တော် လုံမျိုးရိုး အသုံးမကျ အရည်အချင်းမရှိတာမှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကျင့်ကြံမှုက မကြာသေးမီကမှ တစ်ချိန်က အထွတ်အထိပ်အဆင့်ကို ပြန်လည်ရရှိခဲ့ပါတယ်၊ ဒါကြောင့် မဟာမိတ်ခေါင်းဆောင်ယဲ့ဆီက လမ်းညွှန်မှုသင်ပြမှုကို ရယူဖို့ အခွင့်အရေးရှာရမယ်လို့ ကျွန်တော် တွေးခဲ့ပါတယ်။ ဒီတစ်ခါ ကျွန်တော် အထူးဂရုစိုက်ပြီး အစွမ်းကုန်ထုတ်သုံးပါ့မယ်"

ပြောရင်းဆိုရင်း လုံအော်ထျန်းသည် မသေမျိုးဧကရာဇ် နဝမကောင်းကင်၏ အစွမ်းထက်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်ကာ တိုက်ပွဲဝင်ရန်အတွက် အသင့်တော်ဆုံးဖြစ်သော နဂါးလူသား ပုံစံကို အသက်သွင်းလိုက်သည်။ ထို့နောက် ကောင်းကင်ထက်သို့ ဝှစ်ခနဲပျံတက်ကာ ယဲ့ကျွင်းလင်ကို အထက်စီးမှ ငုံ့ကြည့်လိုက်သည်။

သူ၏အကြည့်သည် တိုက်ခိုက်လိုစိတ်ဖြင့် မီးတောက်လျက်ရှိကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စိတ်အားထက်သန်မှုဖြင့် ဆူပွက်နေသည်။ အခြေအနေကား အရင်ကထက် များစွာအားကောင်းလာကြောင်း ထင်ရှားနေသည်ပင်။

"မဆိုးဘူး၊ မဆိုးဘူး။"

ယဲ့ကျွင်းလင်က ခေါင်းတညိတ်ညိတ်ဖြင့် မျက်လုံးများ အရောင်လက်လာသည်။ မဝေးသောတစ်နေရာတွင် သူ့ကိုလက်ယပ်ခေါ်နေသည့် မသေမျိုးသူတော်စင်အဆင့်အား လှမ်းမြင်နေရသည့်အလား။

"ဘာလို့ သူတို့နှစ်ယောက်က တွေ့တာနဲ့ချနေကြတာလဲ" လင်တုရှိုနှင့် အခြားသူများက ထူးဆန်းစွာပြောနေမိကြသည်။

ဒီလုံအော်ထျန်းကတော့ တကယ်ပဲ တိုက်ပွဲရူးသွပ်သူပါပဲ။

"ဒီကလေးက အတွင်းစိတ်မှာ မာနကြီးတယ်ဆိုပေမဲ့ သူ့ကိုယ်သူ အမြဲတမ်း တိုးတက်ဖို့ကြိုးစားရမယ်ဆိုတာကို သိတယ်။ ဆန့်ကျင်ဘက်အားဖြင့် တာအိုမိတ်ဆွေယဲ့ကတော့ အခုတလော ပေါ့ပေါ့ဆဆနေထိုင်တာများတဲ့အတွက် ဒီတိုက်ပွဲရဲ့ရလဒ်ကိုတော့ ကျွန်တောမ်မခန့်မှန်းနိုင်ဘူးလို့ပဲ ပြောပါရစေ"

ကောင်းပုလီက မုတ်ဆိတ်ကိုပွတ်၍ နက်နဲသောအသံကိုတမင်လုပ်ကာ ပြောလိုက်သည်။ "မင်းတို့ နားလည်ရမယ်။ အားပိုကောင်းလာတယ်ဆိုတာဟာ ကြိုးစားအားထုတ်မှုကို ပိုသုံးရတော့မယ်ဆိုတဲ့သဘောပဲ။ ငါတို့ကျင့်ကြံသူတွေဟာ ပျင်းရိနေလို့မရဘူး"

"အပြောကောင်းလိုက်တာ၊ ဒီမှာ မင်းအတွက် အရိုးတစ်ချောင်း။"

ယဲ့ကျွင်းလင်က စနစ်မှ ဆုချခဲ့သော အရိုးချောင်းကြီးကိုထုတ်ကာ ကောင်းပုလီကိုယမ်းပြလိုက်သည်။

ဆွဲဆောင်မှုရှိသော အရိုးချောင်းကြီးကို မြင်သောအခါ ကောင်းပုလီသည် ချက်ချင်းပင် ဣန္ဒြေပျက်သွားပြီး မျက်လုံးများတောက်ပလာလျက် ပါးစပ်ထောင့်မှ တံတွေးများ ယိုစီးကျလာသည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် မြေပြင်ပေါ်လှဲချကာ ခွေးတစ်ကောင်ကဲ့သို့ အမြီးကိုပါယမ်းပြလာသည်။

ယဲ့ကျွင်းလင်က ပေါ့ပေါ့ပါးပါးပင် လှမ်းပစ်ချပေးလိုက်ရာ ကောင်းပုလီသည် ချက်ချင်းလှမ်းဖမ်းလိုက်ပြီး အရိုးကြီးကို တမြတ်တနိုးပွေ့၍ မြေပြင်ပေါ်တွင် အားရပါးရ လျက်လိုက်ကိုက်လိုက်လုပ်တော့သည်။

"အမလေး" လူတိုင်းစိတ်ပျက်စွာ တစ်ဖက်သို့လှည့်သွားကြသည်။

လေကြီးလေကျယ်ဟစ်ပြီး သူကျအရိုးကိုက်နေရသလား။

လုပ်စရာမရှိရင် အိပ်နေလိုက်ပါတော့။

ထိုအချိန်တွင်၊

လုံအော်ထျန်းသည် သူ၏မွေးရာပါစွမ်းရည်တစ်ခုဖြစ်သော နဂါးသွေးဆူပွက်ခြင်းကို အသက်သွင်းကာ အထွတ်အထိပ်အခြေအနေကို ပြန်လည်ရယူနေပြီဖြစ်သည်။ ထိုနေ့က သူထောင်ချောက်ထဲသို့ ကျရောက်ခဲ့သည့် မြင်ကွင်းကို ပြန်အမှတ်ရရင်း ဒေါသလှိုင်းများကို နှိုးဆွသည်။

အဆုံးစွန်ထိ ဒေါသထွက်နေသော အခြေအနေတွင် လုံအော်ထျန်း ခေါင်းကိုမော့ကာ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဟလိုက်သည်။ နဂါးအာခံတွင်းမှ မှောင်မိုက်သောအဆင်းရှိသည့် အနီရောင်လျှပ်စီးလုံးတစ်ခုသည် လျင်မြန်စွာ ဖွဲ့စည်းလာကာ သက်ရှိသတ္တဝါအားလုံးကို ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။

အုံး

ကောင်းကင်သည် မှောင်မိုက်သော တိမ်များဖြင့် ဖုံးလွှမ်းသွားလျက် နေမင်းမှာ မှေးမှိန်ကျသွားတော့သည်။ ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ တပည့်များနှင့် အကြီးအကဲများမှာ နေစရာမရှိအောင် ကြောက်ရွံ့တုန်လှုပ်ကုန်ကြ၏။

"ဒါက လုံအော်ထျန်းရဲ့ အားသာချက်စွမ်းရည်လား" လီဝူကျယ်နှင့် အခြားသူများမှာ ဘေးကကြည့်နေရင်း ဦးရေပြားများကျဥ်တက်လာကြသည်။

ထိုလျှပ်စီးလုံး၏ စွမ်းအားသည်ကား မသေမျိုးဧကရာဇ်တစ်ပါးကို တိုက်ရိုက်မှုတ်ထုတ်ပစ်နိုင်လောက်သည်ပင်။

"စိတ်ဝင်စားစရာပဲ"

ဝှစ်၊

ယဲ့ကျွင်းလင်သည် လုံအော်ထျန်းနှင့် မျက်နှာချင်းဆိုင်တွင်ရပ်ကာ စိတ်ဝင်စားနေဟန်အကြည့်ဖြင့် လက်တစ်ဖက်ကိုမြှောက်သည်။ ထိုလျှပ်စီးလုံးကို လက်တစ်ဖက်တည်းဖြင့် ဖမ်းယူတော့မည့်ဟန်ပင်။

"ဟင်"

ထိုအပြုအမူကို မြင်လိုက်သောအခါ လုံအော်ထျန်းမှာ ရုတ်တရက် အထင်သေးခံရသည်ဟု ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အလင်းတန်းတစ်ခု သူ၏ မျက်လုံးများမှ ထွက်ပေါ်လာကာ ခွန်အားကုန်ကို ထုတ်သုံးလျက် စွမ်းအင်လှိုင်းများကို အားကုန်ပစ်ထုတ်လိုက်သည်။

ဝှစ်

နီညိုရောင်စွမ်းအင်လှိုင်းသည် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ကာ ကျယ်ပြန့်သော ကောင်းကင်ယံအနှံ့ ပြေးလွှားနေပြီးမှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်သော ယဲ့ကျွင်းလင်ကို ဖုံးအုပ်ဖမ်းဆီးလိုက်သည်။

[တင်၊ ပိုင်ရှင်မှာ မသေမျိုးဧကရာဇ် နဝမကောင်းကင်အဆင့်ရှိ ရန်သူဆီကနေ တိုက်ခိုက်ခံနေရတဲ့အကြောင်း ခြေရာခံသိရှိရတဲ့အတွက် အားကောင်းသောရန်သူနှင့်တိုက်ခိုက်ကာ ပိုမိုအားကောင်းလာခြင်း စွမ်းရည်ကိုအသက်သွင်းပြီး မသေမျိုးသူတော်စင် ပထမကောင်းကင်အဆင့်ကို တိုးမြှင့်ပေးလိုက်ပါတယ်ရှင့်]

စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်။

အုံး အုံး အုံး အုံး

ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ခမ်းနားသော ကျင့်ကြံမှုအရှိန်အဝါဖြင့် ပေါက်ကွဲထွက်ကာ အစွမ်းထက်သော မသေမျိုးသူတော်စင်ချီစွမ်းအင်ကို ကောင်းကင်ဆီသို့ မြင့်တက်စေသည်။ မှောင်မိုက်သော တိမ်တိုက်များကို ဖျက်ဆီးဖောက်ထွင်းကာ ကမ္ဘာမြေဆီသို့ မသေမျိုးအလင်းတန်းများကျရောက်လာစေသည့် မြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ်ရှိလှ၏။

ယဲ့ကျွင်းလင်မှ မသေမျိုးသူတော်စင်၏ အရှိန်အဝါကို ထုတ်ဖော်လိုက်သောအခါ အလယ်ပိုင်းဒေသတစ်ခုလုံး တုန်ယင်သွားသည်ဟုပြောလျှင် ချဲ့ကားခြင်းမဟုတ်ပါပေ။ မရေမတွက်နိုင်သော ကျင့်ကြံသူတို့မှာ နှလုံးသားထဲမှ မြင့်တက်လာသော လက်အောက်ခံလိုစိတ်ဖြင့် ထိန်းမနိုင်သိမ်းမရ မြေပြင်ပေါ်တွင် ဒူးထောက်ချကုန်ကြသည်။ မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်လျက်။

ယဲ့ကျွင်းလင်မှာ ကြာကြာမပျော်နိုင်သေးမီ အရေးပေါ်စနစ်သတိပေးချက်တစ်ခုကို ကြားလိုက်ရ၏။

[တင်၊ အရေးပေါ်အခြေအနေ အရေးပေါ်အခြေအနေ၊ အခြေအမြစ်မသိနိုင်တဲ့ အင်အားတစ်ခုက ပိုင်ရှင်ကို အဆင့်မတက်နိုင်အောင် ကန့်သတ်ထားပါတယ်]

"ဟင်"

ချက်ချင်းပင် ယဲ့ကျွင်းလင်သည် ဖိနှိပ်မှုတစ်ခုကို ခံစားလိုက်ရကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး မသက်မသာနာကျင်သွားရ၏။ သူစိတ်ပျက်လက်ပျက် ပြောမိလိုက်သည်။

"စနစ် မင်းလုပ်နိုင်တာလား မလုပ်နိုင်တာလား"

[တင်၊ စနစ်ရဲ့ပရော်ဖက်ရှင်နယ် အရည်အချင်းကို အထင်မသေးပါနဲ့ပိုင်ရှင်၊ စနစ်ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက် ပိုင်ရှင့်ကို အဆုံးထိလိုက်ပါပံ့ပိုးပေးပါ့မယ်]

ပြောရလျှင် စနစ်စိတ်ဆိုးသွားလေပြီဖြစ်သည်။ ဂုဏ်သိက္ခာကိုကာကွယ်ရန်အတွက် စွမ်းအားထုတ်ဖော်ပြသဖို့ရာ အချိန်ကျရောက်လေပြီ။

All Chapters