ခွေးစကားကို အလေးအနက်မထားပါနဲ့
Vol. 47 Ch. 647
ယုတ္တိရှိရှိဆိုရလျှင် ကောင်းကင်တာအိုဥပဒေ၏ အားကောင်းသောဖိနှိပ်မှုကို မည်သည့်မသေမျိုးတာအိုသက်ရှိမှ တွန်းလှန်ခုခံနိုင်မည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် ခွင်းလွင်၏ တာအိုဥပဒေသည် ခွင်းလွင်တာအိုလမ်းကြောင်းလည်ပတ်ပုံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ မည်သည့်မသေမျိုးဧကရာဇ်ကိုမဆို လက်အောက်ခံအဖြစ် ထိန်းချုပ်ထားနိုင်သည်ပင်။
သို့ပေသည့် ယဲ့ကျွင်းလင်သည် စိန်ခေါ်မှုများအလိုက် တစ်ဆင့်ချင်းစီ သန်မာအားကောင်းလာနိုင်သော စနစ်ကိုပိုင်ဆိုင်ထားသူဖြစ်ရာ သေခြင်းရှင်ခြင်းက သူ့အတွက်အရေးမကြီး။ မည်သူနှင့်မဆို စိတ်ရှိသလို တိုက်ခိုက်နိုင်သည်။
ထို့အပြင် ပိုင်ရှင်ဖြစ်သူ မကြုံစဖူးဖိနှိပ်ခံထားရသည်တွင် စနစ်သည်လည်း မဖြစ်မနေပါဝင်လှုပ်ရှားရတော့မည့်အခြေအနေသို့ ဆိုက်ရောက်လာ၏။ သူ၏ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုကို သက်သေပြချိန်တန်လေပြီ။
ချက်ချင်းဆိုသလိုပင်၊
ကောင်းကင်ထက်တွင် လျှပ်စီးများလက်ကာ မိုးခြိမ်းသံများဟိန်းထလာသည်။ အလင်းတန်းများ သန်းချီလင်းလက်ထွက်ပေါ်လာပုံမှာ ကောင်းကင်အထက်တွင် မမြင်နိုင်သော ရုန်းကန်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့်အလား။
ယဲ့ကျွင်းလင် မတုံ့ပြန်နိုင်လိုက်ခင်မှာပင် စနစ်၏သတိပေးသံက တစ်ချက်ထပ်မြည်လာသည်။
[တင်၊ ပိုင်ရှင်ကိုတင်ပြပါတယ်၊ လုပ်ဆောင်ပြီးစီးပါပြီ]
တစ်ချိန်တည်းမှာပင် ယဲ့ကျွင်းလင်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံး သိသိသာသာပေါ့ပါးလွင့်တက်သွားသည်ကို ခံစားလိုက်ရကာ နာကျင်သောဖိနှိပ်မှုခံစားချက်မှာလည်း ရုတ်ချည်းလွင့်ပြယ်သွားတော့လေ၏။
ယဲ့ကျွင်းလင် ကျေနပ်စွာချီးကျူးလိုက်သည်။
"စနစ် တော်တယ်"
ဒီစနစ်က အတော်လေးကို ယုံကြည်အားကိုးရသားပဲ။ လိုအပ်တဲ့အချိန်မှာ စွန့်စားပေးရဲတယ်။
[တင်၊ ပိုင်ရှင်ရဲ့ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီစနစ်က အချိန်မရွေး တာဝန်ထမ်းဆောင်ဖို့အသင့်ပါပဲ]
ကောင်းကင်တာအိုဥပဒေသည် ခွင်းလွင်၏အမြင့်ဆုံးကျင့်ကြံဆင့်ကို မသေမျိုးဧကရာဇ်အဆင့်တွင်သာ ကန့်သတ်ထားခဲ့ပါသော်ငြား ယဲ့ကျွင်းလင်သည် ယှဥ်ပြိုင်မှုတိုင်းတွင် ပြိုင်ဘက်ထက်ပိုသန်မာရမည့် စွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းဖြစ်လေရာ ဘယ်လောက်ပဲအားကြီးသည့် ဖိနှိပ်တားဆီးမှုကိုမဆို ပိုမိုသာလွန်သောအင်အားဖြင့် ချိုးဖျက်နိုင်စွမ်းရှိလေသည်။
တစ်နည်းဆိုရလျှင် လက်ရှိအချိန်၌ သူသည် ခွင်းလွင်ကမ္ဘာ၏ တစ်ဦးတည်းသော မသေမျိုးသူတော်စင်ဖြစ်လေ၏။
ထို့နောက် ချက်ချင်းဆိုသလိုပင်၊
လုံအော်ထျန်း၏အာခံတွင်းမှ ထုတ်လွှတ်လိုက်သော စွမ်းအင်လှိုင်းတွန့်များကို ယဲ့ကျွင်းလင်က လက်တစ်ဖက်ဖြင့်တားဆီး၍ ပိတ်ဆို့လိုက်သည်။
"ဘာ"
တစ်ဖက်လူ ပိတ်ဆို့လိုက်သောမြင်ကွင်းတွင် လုံအော်ထျန်းမှာ လေထဲတွင်တန်းလန်းရပ်လျက် သစ်သားရုပ်တုအလား တောင့်ခဲငြိမ်ကျသွားကာ စကားတစ်ခွန်းပင်မဆိုနိုင်တော့။
ကောင်းပုလီ၏ ခွေးမျက်လုံးများလည်း ပြူးကျယ်လာပြီး ပါးစပ်အဟောင်းသား ငေးကြည့်နေမိသည်။
ခွပ်
အရိုးချောင်းကြီးလည်း မြေပေါ်ပြုတ်ကျသွားရသည်။
မသေမျိုးသူတော်စင်တစ်ပါး၏ အရှိန်အဝါဖြင့် ပေါက်ကွဲထွက်ပေါ်လာသော လူငယ်လေးကိုကြည့်ရင်း ကောင်းပုလီ၏ခေါင်းတစ်ခုလုံးမှာ မယုံနိုင်သောအတွေးများစွာဖြင့် ဆူညံမူးနောက်သွားရသည်။
ခွင်းလွင်ရဲ့ ကောင်းကင်တာအိုဥပေဒက မသေမျိုးဧကရာဇ်အထိပဲ ကန့်သတ်ထားတာလေ၊ ဘယ်လိုလုပ် မသေမျိုးသူတော်စင်တစ်ပါးက ဗြုန်းခနဲပေါ်လာရတာလဲ။
ရုတ်တရတ်ပင်၊
မီးသီးတစ်လုံး ဖျတ်ခနဲလင်းသွားသကဲ့သို့ သူခေါင်းထဲ အတွေးတစ်စလင်းလက်သွားသည်။
"ငါထင်ထားတဲ့အတိုင်း တကယ်ကြီးကို ကောင်းကင်တာအိုရဲ့ ချစ်မြတ်နိုးခံသားတော်ပါလား..."
ကောင်းပုလီ သက်ပြင်းချလျက် တွေးမိသည်။
ကောင်းကင်တာအိုသည်ပင် ဤပုဂ္ဂိုလ်ကို ရင်နှစ်သည်းချာသားရတနာပမာ မျက်နှာသာပေးလေ့ရှိသောကြောင့် ဤသို့အထူးသီးသန့်ဆက်ဆံမှုမျိုးကို လက်ခံရရှိသည်မှာလည်း မထူးဆန်းလေတော့။
ကောင်းပုလီမှာ ထိုအကြောင်းကိုတွေးရင် မနာလိုစိတ်ဖြင့် မျက်ရည်များပင်ဝိုင်းလာတော့သည်။
အထူးဆန်းဆုံးအချက်မှာ သူသည် ထိုလူငယ်လေးကျင့်ကြံအားထုတ်သည်ကို တစ်ခါမှမမြင်စဖူး။ ယုတ်စွအဆုံး မျက်လုံးမှိတ်တရားထိုင်သည်ကိုပင် တစ်ခါမှမမြင်ဖူးခဲ့ပေ။ သို့သော် ထိုသို့အလေလိုက်နေချိန်အတွင်းမှာပင် မသေမျိုးသူတော်စင်အဖြစ် တိတ်တိတ်လေးတက်လှမ်းသွားနိုင်ပြန်သည်။ မည်သို့မည်ပုံ ကြိုးစားခဲ့ပါသနည်း။
ဘယ်လိုတွေးတွေး အဖြေရှာမတွေ့နိုင်သည့် ပုစ္ဆာပါပင်။
"နေပါဦး ဒါကဘာလဲ"
ထိုအချိန်တွင် ယဲ့ကျွင်းလင်သည် တစ်ခုခုကိုခံစားလိုက်ရ၏။ မရေမတွက်နိုင်သော အမျှင်များစွာက သူ့လက်ပေါ် စုဝေးဖွဲ့တည်လာကြခြင်းပင်။ အချို့ကအစစ်အမှန်ဖြစ်သလို အချို့က အယောင်ပြသာဖြစ်လျက် အရိုင်းဆန်စွာ ဝေ့ဝဲယိမ်းနွဲနေကြသည်။ စွမ်းအင်လှိုင်းများက ပြင်းထန်လွန်းလှကာ ထိုအထဲတွင်ပါဝင်နေသော စွမ်းအားပမာဏကို စိတ်ကူးကြည့်၍ပင်မရနိုင်ပေ။
"ကောလဟလတွေက တကယ်မှန်တာပဲ၊ ဆယ်ပတ်လည် မသေမျိုးစက်ဝန်းပိုင်ရှင် မသေမျိုးသူတော်စင်ဆိုတာ ဥပဒေစွမ်းအား ပမာဏငါးသန်းနဲ့ ညီမျှတယ်တဲ့"
ကောင်းပုလီ၏မျက်လုံးများ ပို၍ပင်ပြူးကျယ်လာသည်။
မသေမျိုးသူတော်စင်အဆင့်သို့ ချိုးဖျက်တက်ရောက်ပြီးသွားလျှင် မသေမျိုးဧကရာဇ်များပိုင်ဆိုင်သော မသေမျိုးစက်ဝန်းတို့နှင့် ပုံစံမတူသည့် ဥပဒေစွမ်းအားကို ထုတ်လွှတ်ပေးမည်ဖြစ်၏။
မသေမျိုးစက်ဝန်းကဲ့သို့ပင် ဥပဒေစွမ်းအားသည်လည်း ကျင့်ကြံသူ၏ တိုက်ရည်ခိုက်ရည်ကို တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။
မသေမျိုးသူတော်စင်တစ်ပါး ရရှိနိုင်သော ဥပဒေစွမ်းအားပေါင်း သန်းသုံးဆယ်အထိရှိသည်။ ဥပဒေစွမ်းအားပမာဏ တိုးတက်အောင် ကျင့်ကြံရာတွင် ကျင့်ကြံသူ၏ နားလည်သင်ယူနိုင်စွမ်းနှင့် ပါရမီစွမ်းရည်အပေါ်သာ လုံးလုံးလျားလျား မူတည်နေသည်ပင်။
ထပ်ပေါင်းပြောရလျှင် မသေမျိုးသူတော်စင်အဆင့်တွင် ကျင့်ကြံနိုင်ခဲ့သော ဥပဒေစွမ်းအားပမာဏသည်ကား အနာဂတ်တွင် စကြဝဠာအရှင်တစ်ပါး ဖြစ်လာဖို့ရာ သတ်မှတ်ထားသော စံနှုန်းများနှင့် သက်ဆိုင်နေသည်။
အသစ်တက်ရောက်လာသော မသေမျိုးသူတော်စင်တစ်ပါးသည် ပျမ်းမျှအားဖြင့် ဥပဒေစွမ်းအား တစ်သိန်းမျှသာရှိနိုင်မည်ဖြစ်သည်။ မသေမျိုးသူတော်စင် နဝမကောင်းကင်သို့ ရောက်ရှိသွားချိန်တွင် ဥပဒေစွမ်းအားစုဆောင်းကျင့်ကြံမှု ဆယ်သန်းကိုမကျော်လွန်ပါလျှင် အနာဂတ်တွင် စကြဝဠာအရှင်ဖြစ်လာနိုင်ချေ မရှိတော့လေပြီ။ မျှော်လင့်စရာ မကျန်တော့လေပြီဟု။
စကြဝဠာအရှင်တစ်ပါး ဖြစ်လာဖို့ ဥပေဒစွမ်းအား အနည်းဆုံး ဆယ်သန်းအထိ ပိုင်ဆိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် မသေမျိုးသူတော်စင်အဆင့်အထိ တက်ရောက်နိုင်လျှင်တောင်မှ နောက်တစ်ဆင့်တက်ရန် လမ်းမရှိတော့ဖို့ကများသည်။
ဆယ်ပတ်လည် မသေမျိုးစက်ဝန်းကို ပိုင်ဆိုင်ထားသော မသေမျိုးဧကရာဇ်တစ်ပါးသည် စကြဝဠာအရှင်ဖြစ်လာနိုင်ဖို့ အလားအလာရှိသည်ဟု သတ်မှတ်ထားကြရသည့် အကြောင်းရင်းမှာ ဆယ်ပတ်လည်မသေမျိုးစက်ဝန်းသည် ကျင့်ကြံသူ မသေမျိုးသူတော်စင်အဖြစ် တက်လှမ်းစမှာတင် ဥပဒေစွမ်းအားငါးသန်းကို ထောက်ပံ့အားဖြည့်ပေးနိုင်သောကြောင့်ပင်။ ဤသို့ဖြင့် ကျင့်ကြံသူ၏ အလားအလာသည် ကျန်မသေမျိုးသူတော်စင်များထက် အဆမတန် သာလွန်ပြီးနေလေပြီ။
စမှတ်ကတည်းက သူများထက် အကြောကြီးကြောထားနိုင်သော အခြေအနေမျိုးဖြစ်၏။
ထိုကျင့်ကြံသူ၏ အနာဂတ်လမ်းသည်လည်း ခိုင်ခိုင်မာမာ တည်ဆောက်ပြီးသားဖြစ်ပေမည်။
"အိုး နောက်ဂိမ်းတစ်ခုကို စရပြန်ပြီပေါ့"
ယဲ့ကျွင်းလင်သည် စနစ်၏ရှင်းလင်းတင်ပြချက်များဆီမှ သူ့လက်ပေါ်ရှိ စွမ်းအင်အမျှင်လုံး၏ အဓိပ္ပာယ်ကို နားလည်လိုက်သည်။
ထို့နောက် အရှေ့တွင် ဆွံ့အမှင်တက်နေဆဲဖြစ်သော ပြိုင်ဘက်ကိုကြည့်ရင်း ယဲ့ကျွင်းလင် မျက်နှာတည်တည်ဖြင့်ပင် မေးလိုက်သည်။
"ရှောင်လုံ ဆက်တိုက်ချင်သေးလား"
ထိုအချိန်တွင်၊
လုံအော်ထျန်းမှာတော့ လေထုထဲတွင် အသိစိတ်လွတ်ကာ မျောလွင့်နေဆဲရှိ၏။
မဟာမိတ်ခေါင်းဆောင်ယဲ့က မသေမျိုးသူတော်စင်အဆင့်ကိုတောင် ချိုးဖျက်ပြီးသွားပြီလား။
သူ၏ အားအကောင်းဆုံးသော တိုက်ကွက်ကို တစ်ဖက်လူမှ လက်ဗလာဖြင့် ဖမ်းယူဖျောက်ဖျက်လိုက်သည်အားကြည့်ရင်း ဘာကြောင့်ဆက်တိုက်နေဦးမှာလဲ ဆိုသည့်မေးခွန်းက သူ့ခေါင်းထဲအရင်ဝင်လာသည်။
မေးစရာရှိတာက ခွင်းလွင်မှာ မသေမျိုးသူတော်စင်ပါ လွတ်လွတ်ကင်းကင်း နေထိုင်လို့ရနေပြီလား။
ဒါဆိုရင် ငါကျတော့ဘာလို့ ဒီတစ်ချိန်လုံး ကျန်နေတဲ့တစ်ဆင့်လေးကိုချိုးဖျက်ဖို့ အဲ့လောက်ခက်ခဲနေရတာလဲ။ ကြားထဲမှာ အတားအဆီးကြီးတစ်ခုက ပိတ်ပင်ထားသလိုပဲ။
"ကောင်းကင်ဧကရာဇ်ဆိုတဲ့ ဘွဲ့တော်အတိုင်းပါပဲလား။ ဒီလိုတားဆီးဖိနှိပ်ထားတဲ့ အခြေအနေတွေကြားမှာတောင် မသေမျိုးသူတော်စင်အဆင့်ကို ရအောင်ချိုးဖျက်လိုက်နိုင်သေးတယ်"
"ကျွန်တော် လုံအော်ထျန်း အရှင့်ကို အမှန်တကယ်ချီးမွမ်းမိပါတယ်"
အတွေးများလည်ပတ်နေရင်း လက်ခံသွားနိုင်ပြီးနောက် လုံအော်ထျန်း၏အကြည့်သည် ယဲ့ကျွင်းလင်ကို လေးစားချီးမွမ်းမှုများဖြင့်သာ ပြည့်နှက်နေခဲ့ပြီး တိုက်ခိုက်လိုစိတ်လည်း မြူမှုန်ပင်မကျန်ရှိတော့ပါချေ။
ဆက်တိုက်နေလျှင် ကိုယ့်အရှက်ကိုယ်ခွဲခြင်းသာ ဖြစ်ပေတော့မည်။
"မဟာမိတ်ခေါင်းဆောင်ယဲ့ ဒီတစ်ကြိမ်မှာ ကျွန်တော် လုံမျိုးရိုး ရှုံးနိမ့်ပါတယ်"
လုံအော်ထျန်းသည် စိတ်လျှော့လိုက်ဟန်ဖြင့် လက်ချင်းထပ်ဆုပ်ဦးညွှတ်ကာ အလေးအနက်ကြေညာလိုက်သည်။
"မဆိုးပါဘူး မင်းလည်းတိုးတက်လာတာပဲ၊ ဆက်ပြီးကြိုးစားထားပါ"
သူ့အတွက် လက်ဆောင်ထုပ်ကြီးကြီးသယ်လာပေးခဲ့သော ဤရောင်းရင်းလေးကိုတော့ ယဲ့ကျွင်းလင် အလွန်နှစ်လိုခင်မင်မိသည်ပင်။
တစ်ဖက်လူ၏ ချီးကျူးစကားတွင် လုံအော်ထျန်း မဲ့ပြုံးပြုံးမိသွားသည်။
ဒါကို တိုးတက်မှုလို့ ခေါ်နိုင်ပါ့မလား။
အရင်တစ်ကြိမ်က သူတို့ အကြိတ်အနယ် တိုက်ခိုက်ဖလှယ်ခွင့်ရလိုက်သေးသည်။ ဤတစ်ကြိမ်တွင်တော့ သူ့တွင် ပြန်လှန်တိုက်ခိုက်ယှဥ်ပြိုင်ဖို့ အင်အားပင်မရှိခဲ့ပါ။
အထွတ်အထိပ်စွမ်းအားဖြင့် ထုတ်သုံးခဲ့ပါသော ဝှက်ဖဲသည် လက်ဗလာဖြင့် တားဆီးပိတ်ပင်ခံလိုက်ရသည့် ထိုအချိန်မှာပင် အနိုင်အရှုံးကား ရှင်းလင်းသွားခဲ့ပြီဖြစ်၏။
လုံအော်ထျန်းက စိတ်ဓာတ်ကျနေဟန်ဖြင့် ခါးသက်သက်ပြုံးသည်။
"မဟာမိတ်ခေါင်းဆောင်ယဲ့၊ ကျွန်တော် လုံမျိုးရိုး အရင်သွားပါဦးမယ်။ နောက်မှထပ်ဆုံကြတာပေါ့"
ထို့နောက် တစ်ချက်ပင်ပြန်လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားလေသည်။
"ချက်ချင်းကိုထွက်သွားတာပဲလား၊ ငါကသူ့ကို ထမင်းတစ်နပ်လောက်ဖိတ်ကျွေးဦးမလို့ တွေးနေတာကို"
ယဲ့ကျွင်းလင် စိတ်မကောင်းစွာ ခေါင်းယမ်းမိသည်။
သူတို့အဖွဲ့ စတည်းချရာ ခြံဝင်းလေးသို့ ပြန်ရောက်ချိန်တွင်၊
ယဲ့ကျွင်းလင်သည် ကောင်းပုလီထံတည့်တည့်သွားကာ တစ်ဖက်လူ၏ ရင်မဆိုင်ချင်လှဟန်အကြည့်များကိုမြင်သော် စကားတစ်ခွန်းကို တစ်လုံးချင်ထုတ်ပြောလိုက်သည်။
"ခွေးကလေး ဆက်ဟောင်ချင် ဟောင်လို့ရပြီ"
ကောင်းပုလီ: “…”
ဘာလဲဟ
မင်းကအခု ခွေးပြောတဲ့ ခွေးစကားလောက်ကို အတည်ယူပြီး စိတ်ဆိုးနေတာလား။
ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါမင်းကို အကဲဖြတ်တာမှားသွားပါတယ် ဟုတ်ပြီလား။
မကြာခင်မှာပင်၊
လုံအော်ထျန်းထွက်ခွာသွားအပြီး သတင်းစကားများက အလျင်အမြန် ပျံ့နှံ့ပွားများကာ အလယ်ပိုင်းဒေသတစ်ခုလုံးအား အကြီးအကျယ် မွှေနှောက်ပစ်လိုက်တော့၏။
"ဘာရယ်၊ မဟာမိတ်ခေါင်းဆောင်ယဲ့က လုံအော်ထျန်းကို လက်တစ်ဖက်တည်းနဲ့ ဖိနှိပ်ပစ်လိုက်တယ်ပေါ့"
"ဒါက အရေးကြီးဆုံးအပိုင်းမဟုတ်သေးဘူး။ ငါကြားလာတာတော့ မဟာမိတ်ခေါင်းဆောင်ယဲ့က မသေမျိုးသူတော်စင်အဆင့်တောင် တက်သွားပြီတဲ့"
"မဖြစ်နိုင်တာ ဟုတ်တယ်မလား။ လက်ရှိ ကောင်းကင်တာအိုဥပဒေက မသေမျိုးဧကရာဇ်အဆင့်ထိပဲ ခွင့်ပြုပေးထားတာ ဘယ်လိုလုပ်ပြီး မသေမျိုးသူတော်စင်ပေါ်လာနိုင်မှာလဲ"
"ဟုတ်တယ်လေ သူဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ"
...
ဆွေးနွေးမှုများ နေရာတိုင်းတွင် ပျံ့နှံ့နေသည်။ လူအပေါင်းသည် အမျိုးမျိုးသော ထင်မြင်ယူဆချက်များဖြင့် ယဲ့ကျွင်းလင်၏ မသေမျိုးသူတော်စင်အဆင့် တိုးမြှင့်ခြင်းကို ဖြစ်နိုင်မဖြစ်နိုင် ငြင်းခုန်နေကြသည်။
လုံအော်ထျန်း၏ ရှုံးနိမ့်မှုကိုတော့ သာမန်ဖြစ်လွန်းသည်ဟုသတ်မှတ်ကာ စကားထဲတောင်ထည့်မပြောကြလေတော့။
မဟာမိတ်ခေါင်းဆောင်ယဲ့ကို မသေမျိုးဧကရာဇ်အဆင့်တွင်တောင်မှ အနိုင်မယူနိုင်ခဲ့သော ပြိုင်ဘက်သည် မသေမျိုးသူတော်စင်အဆင့်တွင် မည်သို့ယှဥ်ပြိုင်နိုင်ဦးမည်နည်း။
လဝက်အကြာတွင်၊
ဆံပင်ရှည်များကို အနောက်တွင်စုချည်ကာ အစိမ်းရင့်ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ဖုန်အမှုန်များ ဖုံးလွှမ်းပေကျံလျက် ကျန်းဟူသိုင်းလောကသားတစ်ဦးနှယ် အရှိန်အဝါဖြင့် ထိုက်ရွှမ်းပြည်နယ်အတွင်းသို့ ချင်းနင်းဝင်ရောက်လာခဲ့လေသည်။
မျက်လုံးများမှာ တစ်စုံတစ်ခုကို အသည်းအသန်ရှာဖွေနေသည့်နှယ် ပျာယာခတ်လျက်။
“ဟူး၊ ရွှယ်ထျန်းသူတော်စင်နယ်မြေမှာ ညီလေးယဲ့အကြောင်း မေးလို့ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရွှယ်ထျန်းဂိုဏ်းကနေ သူမထွက်သွားခင် ဂိုဏ်းချုပ်က ညီလေးယဲ့အချိန်ရရင် ရွှယ်ထျန်းသူတော်စင်နယ်မြေကို တစ်ခေါက်လောက်ဝင်လည်သင့်တယ်လို့ မှာကြားခဲ့ဖူးတယ်။ သူဒီမှာ နေတော့နေခဲ့ဖူးလောက်မှာပါ"
ထိုအမျိုးသားသည် ရွှယ်ထျန်းဂိုဏ်း၏ တောင်ထိပ်သခင်ရှစ်ပါးအနက်မှ တစ်ပါးဖြစ်သည့် ဓားဝှက်တောင်ထိပ်သခင် ဖြစ်သည်ပင်။