← Chapters

အရှက်တော့ကွဲပြီ

Vol. 47 Ch. 648

အရှက်တော့ကွဲပြီ

Vol. 47 Ch. 648

သူ ဤနေရာအထိ ရောက်လာရသည့်အကြောင်းရင်းမှာ အရှေ့ပိုင်းဒေသတွင် အပြောင်းအလဲကြီးတစ်ခုကို ကြုံတွေ့နေရသောကြောင့်ပင်။ ထိုအပြောင်းအလဲ၏ဖိအားကို သူသည်းမခံနိုင်တော့သည့်အဆုံး အလယ်ပိုင်းဒေသသို့ အကူအညီတောင်းဖို့ရာ ထွက်လာခဲ့ခြင်းပင်။

"လာခဲ့တဲ့လမ်းတစ်လျှောက်မှာ လူတိုင်းက မဟာမိတ်ခေါင်းဆောင်ယဲ့ဆိုတဲ့သူ ဘယ်လောက်စွမ်းအားကြီးတဲ့အကြောင်း ပြောနေကြတာချည်းပဲ။ ထင်ထားတဲ့အတိုင်း အလယ်ပိုင်းဒေသဆိုတာ ထူးချွန်ထက်မြက်တဲ့သူတွေ အင်အားကြီးစွမ်းအားရှင်တွေ မရေမတွက်နိုင်အောင်စုစည်းနေတဲ့နေရာပါလား"

"အဲ့ဒီ မဟာမိတ်ခေါင်းဆောင်ယဲ့ဆိုတာလည်း ဘယ်လောက်အောင်အင်အားကြီးလိုက်မလဲ စဥ်းစားလို့တောင်မရနိုင်ဘူး။ အလယ်ပိုင်းဒေသတစ်ခုလုံးကိုတောင် လက်အောက်ခံအဖြစ် ထိန်းချုပ်ထားနိုင်နေတာ"

ဓားဝှက်တောင်ထိပ်သခင်သည် ခရီးလမ်းတစ်လျှောက် သူကြားခဲ့ရသော မသေမျိုးတာအို မဟာမိတ်ခေါင်း‌‌ဆောင်ယဲ့ ဆိုသူ၏ စွမ်းဆောင်မှုများအကြောင်း ပြန်ပြောင်းတွေးတောရင်း သူ့နှလုံးသားမှာလည်း စစ်မှန်သော ချီးကျူးလေးစားမှုများဖြင့် ပြည့်နှက်လျက်ရှိ၏။

ရုတ်တရတ်ဆိုသလိုပင် သူတစ်ခုခုကိုတွေးမိလိုက်ကာ သက်ပြင်းချမိ၏။

"ဆရာတူညီလေးယဲ့တောင် အရှေ့ပိုင်းဒေသမှာ ဘယ်လိုပဲထူးချွန်သာလွန်တယ်ဆိုတို ဒီအလယ်ပိုင်းမှာတော့ နှိမ့်ချအောက်ကျို့ပြီး နေနေရလိမ့်မယ်ထင်တယ်။ ကိုယ်က ဘယ်လောက်ပဲတော်တတ်နေပါစေ၊ ကိုယ့်ထက်တော်တဲ့သူတွေအမြဲရှိနေတာကို မေ့ထားလို့မရဘူးလေ၊ ကောင်းကင်အထက်မှာ ကောင်းကင်တွေ အမြဲထပ်ရှိနေတာပဲ"

ဓားဝှက်တောင်ထိပ်သခင်သည် မဟာမိတ်ခေါင်းဆောင်ယဲ့၏ မျိုးရိုးနာမည်ကိုလည်း စေ့စေ့ပေါက်ပေါက်မတွေးမိဖူး။ အလယ်ပိုင်းဒေသဆိုသည်မှာ အဆုံးမရှိကျယ်ပြောလှသော နယ်မြေဒေသတစ်ခုဖြစ်လေရာ မျိုးရိုးနာမည်တူသူများ ရိုက်သတ်မကုန်နိုင်အောင် ရှိလောက်မည်မဟုတ်လော။ ထို့ကြောင့် သူ့ဆရာတူညီလေးနှင့် မျိုးရိုးနာမည်တူနေရုံမျှဖြင့် တခြားဖြစ်နိုင်ချေကို ထည့်တွက်စဥ်းစားနေလိမ့်မည်မဟုတ်။

ထို့နောက် ဓားဝှက်တောင်ထိပ်သခင်သည် စိတ်လှုပ်ရှားလျက်သာပင် ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ တောင်ဂိတ်တံခါးထံသို့ ဦးတည်သွားလေသည်။

"ဘယ်သူလဲဟေ့"

တောင်ဂိတ်တံခါးတွင် စောင့်ကြပ်နေသော ဂိုဏ်းတပည့်သားက အော်မေးလိုက်သည်။

ဓားဝှက်တောင်ထိပ်သခင်သည် ပေါ့ပေါ့တန်တန် မတုံ့ပြန်ရဲပါ။ ဂိုဏ်းတံဆိပ်ကို အလျင်အမြန်ထုတ်ကာ တရိုတသေ လက်ကမ်းပေးလိုက်ပြီး ပြောသည်။

"ကျွန်တော်က အရှေ့ပိုင်းဒေသ ရွှယ်ထျန်းဂိုဏ်းကလာတာပါ။ ရွှယ်ထျန်းသူတော်စင်သခင်ကို တောင်းဆိုစရာလေးတစ်ခု ရှိနေလို့ပါ"

"ရွှယ်ထျန်းဂိုဏ်းလား"

ဂိုဏ်းသားက တံဆိပ်ကိုယူကြည့်ကာ မျက်မှောင်ကြုတ်သည်။

"ဟုတ်ပါတယ်ခင်ဗျ၊ ကျွန်တော်တို့ ရွှယ်ထျန်းဂိုစ်းနဲ့ ရောင်းရင်းတို့ ရွှယ်ထျန်းသူတော်စင်နယ်မြေက ဆင်းသက်လာတဲ့မျိုးရိုးချင်းတူပါတယ်။ နောက်ပြီး ဒီရက်ပိုင်း ကျွန်တော်တို့အခက်ကြုံနေရတာလေးရှိလို့ အကူအညီတောင်းချင်တာပါ။ ဒါကြောင့် ကျေးဇူးပြုပြီး တာအိုရောင်းရင်းတို့ သတင်းစကားလေးတစ်ခုလောက် လူကြုံပါးပေးနိုင်မလား"

ဓားဝှက်တောင်ထိပ်သခင်သည် မျက်နှာချိုသွေးလျက် အားရပါးရပြောနေပါသော်ငြား အမှန်တော့ သူ့ကိုယ်သူယုံကြည်မှု သိပ်မရှိလှ။

ဤခေတ်တွင် ကြောက်စရာအကောင်းဆုံးအရာမှာ လိုအပ်မှပေါ်လာကြသော ဆွေမျိုးညာတကတို့၏ အကူအညီတောင်းခံမှုများပင်။ ရွှယ်ထျန်းသူတော်စင်နယ်မြေကလည်း သူ့ကိုထိုသို့မှတ်ယူပါ နှင်ထုတ်လိုက်မည်အား အစိုးရိမ်ကြီးစိုးရိမ်နေမိသည်။

"အိုး ဟုတ်တာပဲ ကျွန်တော်မှတ်မိပါတယ်၊ ကျွန်တော်တို့ဂိုဏ်းရဲ့ နယ်မြေမဟာအကြီးအကဲကလည်း ရွှယ်ထျန်းကလာတာပဲလေ"

ဂိတ်တံခါးကိုစောင့်ကြပ်နေသော နောက်ဂိုဏ်းသားတစ်ဦးက တစ်စုံတစ်ခုကို သတိရလိုက်ဟန်ဖြင့် အမြန်သတိပေးလိုက်သည်။

"ဟိုက်"

တံဆိပ်ကိုစစ်ဆေးနေသော ဂိုဏ်းသားလည်း ထိုအခါမှသတိရသွားဟန်ဖြင့် အာမေဋိတ်ပြုကာ ဓားဝှက်တောင်ထိပ်သခင်ကို အလွန်ရိုကျိုးစွာဆက်ဆံလာသည်။ ချက်ချင်းပင် ခါးညွှတ်အရိုအသေပြုလျက် လက်ကိုဆန့်တန်းကာ အင်မတန်စိတ်အားထက်သန်စွာဖြင့် ကြိုဆိုလေသည်။

"ဟောဒီက အစ်ကိုကြီးခင်ဗျား ဒီလမ်းကကြွပါ"

"ဟင်"

ဓားဝှက်တောင်ထိပ်သခင်မှာ အံ့သြမှင်တက်သွားရလေသည်။

နေပါဦး၊ မင်းတို့မဟာအကြီးအကဲက ဘယ်သူမလို့လဲ။

"မဟုတ်မှ အဲ့ဒီနယ်မြေမဟာအကြီးအကဲဆိုတာက ငါတို့ဆရာတူညီလေးယဲ့ကို ပြောနေတာများလား"

ဓားဝှက်တောင်ထိပ်သခင်မှာ လမ်းတစ်လျှောက် မရေမရာအတွေးပွားရင်း လိုက်လာခဲ့ရ၏။

ထိုနာမည်တွင် 'နယ်မြေ'ဟူသော အထူးတလည် ဘွဲ့ဂုဏ်ပုဒ်ကြီးကလည်း ပါဝင်နေသေးရာ ရွှယ်ထျန်းသူတော်စင်နယ်မြေသခင်နှင့် ဆက်စပ်နေတာမျာမလားဟု သူအတွေးဝင်မိလိုက်သည်။

"ရောင်းရင်းလေး၊ တစ်ခုပေးပါရစေ၊ သူတော်စင်သခင်နဲ့ နယ်မြေမဟာအကြီးအကဲဆိုရင် ဘယ်သူကရာထူးပိုမြင့်တာများလဲ"

ဓားဝှက်တောင်ထိပ်သခင်က သတိကြီးစွာမေးလိုက်သည်။

ဂိုဏ်းသားလေးက အလေးအနက်ပြန်ဖြေ၏။

"သေချာပေါက် နယ်မြေမဟာအကြီးအကဲပေါ့ခင်ဗျာ"

ထိုစကားကိုကြားသော် ဓားဝှက်တောင်ထိပ်သခင်၏ မျက်ခွံတို့မှာ ခပ်ပြင်းပြင်းတွန့်တက်သွားရသည်။

ဘုရားဘုရား၊ ဆရာတူညီလေးယဲ့မှာ ဒီမှာ အတော်လေးကောင်းစားနေတာပါလား။

ရွှယ်ထျန်းဂိုဏ်းတွင် မဟာအကြီးအကဲဆိုသည့်ဂုဏ်ပုဒ်ကို ရယူထားနိုင်ရုံသာမက ရွယ်ထျန်းသူတော်စင်နယ်မြေတွင်လည်း မဟာအကြီးအကဲအဖြစ် ဂုတ်ခွစီးနိုင်သည့်အနေအထား ရောက်နေလေပြီလော။

မိုက်လိုက်တာ

ငါတို့ညီလေး ပီသပါပေတယ်။

ဆရာတူညီဖြစ်သူ၏ နောက်ခံအင်အားကို ကြားလိုက်မိချိန်တွင် ဓားဝှက်တောင်ထိပ်သခင်၏ ငုံ့ကိုင်းနေသောနောက်ကျောလေးမှာလည်း ချက်ချင်းဖြောင့်မတ်သွားကာ ရင်ဘတ်ကိုကော့လျက် ခြေလှမ်းများကလည်း အားပါလာတော့လေသည်။

"မဟာအကြီးအကဲက အထဲမှာပဲရှိတတ်ပါတယ်။ အစ်ကိုကြီး ဝင်တွေ့နိုင်ပါတယ်ခင်ဗျာ"

သပ်ရပ်လှပသော ခြံဝင်းတစ်ခုအနားသို့ ရောက်ချိန်တွင် လမ်းပြပေးသောဂိုဏ်းသားလေးသည် ရိုသေစွာဦးညွှတ်ကာ အထဲသို့ဝင်ရန်ညွှန်ကြားပြီး သူကိုယ်တိုင်တော့ အနားပင်ဝေ့ရဲဟန်မရှိပေ။

ဓားဝှက်တောင်ထိပ်သခင်လည်း စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်စွာ ခြံဝင်းအတွင်း အမြန်လျှောက်ဝင်သွားလိုက်တော့သည်။

ဝင်ဝင်ချင်းတွင်ပင် လူတစ်ယောက်နှင့် အလားသဏ္ဌာန်တူပါသော်ငြား ခွေးတစ်ကောင်လိုပြုမူနေသည့် တာအိုအဘိုးကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအဘိုးကြီးသည် မီတာဝက်မျှရှည်လျားသော အရိုးကြီးကို အရူးအမူးလျက်နေသည်မှာ ဘေးပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်နိုင်တော့သည့်အလား သူ့ကမ္ဘာနှင့်သူ ပျော်မွေ့နေဟန်ရှိ၏။

"ဟ"

"ဆရာတူညီလေးယဲ့က ခွေးတွေဘာတွေတောင် မွေးထားတာပဲ"

ဓားဝှက်တောင်ထိပ်သခင်သည် ထိုတာအိုအဘိုးကြီး၏အသွင်အပြင်ကို အသေးစိတ်စစ်ဆေးအကဲခတ်ပြီး အနည်းငယ်အထင်အမြင်သေးဟန်လေသံဖြင့် ရေရွတ်လိုက်မိသည်။

"စိတ်ပျက်စရာပဲ ဒီခွေးက အိုနေရုံသာမက ရုပ်ပါဆိုးပြီး လောဘလည်းကြီးသေးတယ်။ ဒီလိုဟာမျိုးကိုမွေးထားတာ သခင်တောင်သိက္ခာကျပါတယ်ကွာ"

ထိုစကားလုံးများကို ကြားလိုက်ချိန်တွင်၊

အရိုးလျက်ရာတွင်သာ လုံးလုံးလျားလျားစိတ်နှစ်ထားသော ကောင်းပုလီသည် ရုတ်တရတ်တောင့်ခဲရပ်တန့်သွားကာ ခွေးနားရွက်များလည်း ဆတ်ခနဲထောင်သွားပြီး လူစကားကိုကြားလိုက်ရတာမှ ဟုတ်ရဲ့လားဟုပင် သံသယဝင်သွားမိ၏။

ထို့နောက် ဓားဝှက်တောင်ထိပ်သခင်ကို မျက်လုံးများမှေးလျက်ကြည့်ကာ မကျေမနပ်လေသံဖြင့် ပြောလိုက်သည်။

"ကောင်လေး မင်းအဲ့စကားကို ထပ်ပြောကြည့်စမ်း"

ပြောပြီးမှ လျှောချမယ်တော့မကြံလိုက်နဲ့။

သူသည် ခွေးပင်ဖြစ်လင့်ကစား တစ်ချိန်ကဧကရီဖူယောင်၏ အစောင့်နောက်လိုက်ခွေးဖြစ်ခဲ့ဖူးပြီး ဧကရီသည်ပင် သူ့ကို ရုပ်ဆိုးသလေး အသက်ကြီးသလေးဟု တစ်ခါမှမငြိုငြင်စဖူး။ မင်းကဘာမလို့ ငါ့ကိုအဲ့လိုတွေလာပြောနေရတာလဲ။

ခွေးလိုလို လူလိုလို အဘိုးကြီးထံမှ ထုတ်လွှတ်လိုက်သော မသေမျိုးဧကရာဇ်ချီစွမ်းအင်ကို ခံစားမိလိုက်သည့်အခါ ဓားဝှက်တောင်ထိပ်သခင်လည်း နဖူးထက်မှ ချွေးအေးများစီးကျလာပြီး အထစ်ထစ်အငေါ့ငေါ့ တောင်းပန်ရသည်။

"ခွေး၊ ခွေးဘိုးဘိုးကြီးခင်ဗျာ၊ ကျွန်တော်မျက်စိကန်းနေလို့ သေချာမမြင်လိုက်တာပါ။ အတည်မမှတ်ယူလိုက်ပါနဲ့"

ဆရာတူညီလေးယဲ့၏ နေထိုင်ရာအိမ်ဝင်း၌ စောင့်ကြပ်သောအိမ်မွေးခွေးသည်ပင် မသေမျိုးဧကရာဇ်အဆင့်ဖြစ်နေလိမ့်မည်ဟု သူလုံးဝမျှော်လင့်မထားခဲ့ပေ။

သူသည်လည်း မကြာခင်ကမှ မသေမျိုးအရှင်သခင်အဆင့်သို့ တက်ရောက်ထားနိုင်ခဲ့သော်ငြား မသေမျိုးဧကရာဇ်တစ်ပါးအတွက်မူ အီးတစ်ပေါက်စာပင်မရှိသော ပြိုင်ဘက်ဖြစ်၏။

"ဟမ့်၊ မင်းကလူသစ်ပဲ၊ ဘယ်ကလာတာလဲ ငါ့ကိုအမှန်အတိုင်းပြောစမ်း။ မဟုတ်ရင် တစ်လုတ်တည်းကိုက်စားပစ်လိုက်မယ်"

ကောင်းပုလီက အစွယ်များကိုဖြဲပြကာ ကြောက်စရာကောင်းလောက်အောင် ခြိမ်းခြောက်သည်။

"ခွေးဘိုးဘိုးကြီး ဒေါသကိုထိန်းပါ၊ ကျွန်တော်က ရွှယ်ထျန်းဂိုဏ်းကလူပါ။ ဒီဂိုဏ်းရဲ့ နယ်မြေမဟာအကြီးအကဲနဲ့ ကျွန်တော်က ဂိုဏ်းတူညီအစ်ကိုတွေပါခင်ဗျာ။ ကျွန်တော် အကူအညီတောင်းစရာလေးရှိလို့ ရောက်လာတာပါ"

ဓားဝှက်တောင်ထိပ်သခင်မှာ သနားကမားမျက်နှာလေးဖြင့် အမြန်ရှင်းပြရသည်။

ထိုစကားကိုကြားသော် ကောင်းပုလီသည် နေရာတွင်ပင်တောင့်ခဲသွားပြီး အရှေ့မှအမျိုးသားကို ခြေစခေါင်းဆုံးစစ်ဆေးကြည့်ရှုကာ မယုံသင်္ကာထပ်မေးလာသည်။

"ဟုတ်လို့လား"

"လုံးဝအမှန်တရားတွေပါ ခွေးဘိုးဘိုးကြီး"

"ဒါဆို ငါ့နောက်လိုက်ခဲ့"

ကောင်းပုလီကထရပ်ကာ သူ့ကိုဆွဲပြီး အထဲခေါ်သွားလေသည်။

ကလက် ကလက်

မာကျောက်ကစားသည့်အသံများက တဖြည်းဖြည်း ပို၍နီးကပ်ပြတ်သားလာသည်။

ခြံဝင်းအတွင်းသို့ရောက်ချိန်တွင် လူအုပ်ကြားမှ ရင်းနှီးကျွမ်းဝင်သောပုံရိပ်ကို မြင်တွေ့လိုက်ရသော် ဓားဝှက်တောင်ထိပ်သခင်မှာ စိတ်လှုပ်ရှားလွန်း၍ ငိုသံပါဖြင့် လှမ်းအော်ခေါ်လိုက်မိသည်။

"ဆရာတူညီလေးယဲ့"

ယဲ့ကျွင်းလင်က ချာခနဲလှည့်ကြည့်လာကာ တအံ့တသြမေးသည်။

"ဆရာတူအစ်ကိုကျန်း ဘယ်ကနေဘယ်လို ဒီရောက်လာတာလဲ"

"ဘယ်သူပါလဲခင်ဗျာ"

သူတော်စင်သခင် ကျန်းထျန်းမင်ကလည်း အံ့သြသွားဟန်ဖြင့်မေးသည်။

"ဪ အားလုံးကိုမိတ်ဆက်ပေးရဦးမယ် ဒါကျွန်တော့်အရင်ဂိုဏ်းက ဆရာတူအစ်ကိုပါ"

ယဲ့ကျွင်းလင်က ပြောသည်။

"အကြီးအကဲယဲ့ကတော့ တကယ်ကိုထူးကဲတာပါပဲ။ ဒီခေတ်မှာ တစ်ကိုယ်တည်းကျင့်ကြံပေါက်မြောက်လို့ ရနေရဲ့သားနဲ့တောင် ‌လောကအတွေ့အကြုံတွေယူဖို့အတွက် ဂိုဏ်းတစ်ခုထဲပါဝင်ခဲ့သေးတာလား"

လူတိုင်း‌ ထောက်ခံစွာ ခေါင်းညိတ်လိုက်ကြသည်။

ကျင့်ကြံဆင့်ပြန်လည်ဖြည့်ဆည်းဖို့ နိုးထလာသည့် ရှေးဟောင်းစွမ်းအားရှင်ကြီးတချို့မှာ ထိုသို့ ငယ်ရွယ်မှုနှင့် ဘဝအတွေ့အကြုံကို တစ်ဖန်ပြန်လည်ခံစားဖို့ဆန္ဒရှိတတ်ကြပြီး အချို့ဆိုလျှင် ဇနီးမယားပါရှာ၍ အိမ်ထောင်တစ်ခုထူထောင်ကာ ကျင့်ကြံရေးမိသားစုတစ်ခုကိုမွေးထုတ်ဖို့ပင် အစီအစဥ်ဆွဲထားတတ်ကြသေး၏။

အရာအားလုံး အသစ်တစ်ဖန်ပြန်စချိန်တွင် ဘဝကိုလည်း အသစ်တဖန်ပျော်ရွှင်စွာ ပြန်လည်ဖြတ်သန်းသင့်သည် မဟုတ်ပါလော။

"ဆရာတူညီလေးယဲ့ မင်းကတော့အရမ်းကိုအဆင်ပြေနေတာပါလား၊ မြန်မြန် အစ်ကိုကြီးကိုပြောစမ်းပါဦး။ သူတော်စင်သခင်ကို ဘယ်လိုများလှည့်ကွက်တွေသုံးထားတာလဲ။ အခုဒီဂိုဏ်းမှာ မင်းအဆင့်ကအမြင့်ဆုံးဆို"

ဓားဝှက်တောင်ထိပ်သခင်က စိတ်လှုပ်ရှားစွာပြောလာသည်။

"နောက်ပြီး နယ်မြေမဟာအကြီးအကဲဆိုတဲ့နာမည်ကြီးကလည်း အရမ်းမပေါလွန်းဘူးလား။ ဘယ်အရူးကကောက်ပေးထားတာပါလိမ့်လို့တောင် စဥ်းစားမိတယ် ဟားဟားဟား"

"ရှောင်ကျန်း မင်းသူ့ကိုရှင်းပြလိုက်"

ယဲ့ကျွင်းလင်က ဘယ်ကစပြောလို့ပြောရမှန်းမသိဟန်ဖြင့် ရွှယ်ထျန်းသူတော်စင်သခင် ကျန်းထျန်းမင်ကိုလက်ညှိုးထိုးကာ လွှဲချလိုက်သည်။

ရွှယ်ထျန်းသူတော်စင်သခင်သည် အရှေ့သို့တစ်လှမ်းတိုးလာကာ မည်းပုပ်နေသောမျက်နှာကြီးဖြင့် ပြောလာ၏။

"တာအိုရောင်းရင်းခင်ဗျာ ကျွန်တော်က ရောင်းရင်းပြောနေတဲ့ သူတော်စင်သခင်ပါပဲ။ အကြီးအကဲယဲ့က ကျွန်တော့်ကိုဘာမှမလှည့်စားခဲ့ပါဘူး။ အကုန်လုံးကို ကျွန်တော့်ဆန္ဒအရ လုပ်ပေးခဲ့တာချည်းပါပဲ"

"နောက်ပြီး အဲ့ဘွဲ့နာမည်ကိုလည်း ကျွန်တော်ပဲပေးထားတာပါ၊ ကျွန်တော်မရူးပါဘူးခင်ဗျာ"

ခြံဝင်းတစ်ခုလုံး တိတ်ကျသွားခဲ့သည်။

ဓားဝှက်တောင်ထိပ်သခင်မှာ လည်ပင်းကိုအသာပုလျက် နေရာတွင် ကြောင်တောင်တောင်ရပ်နေမိသည်။

ရှက်စရာကောင်းလိုက်တာ။

All Chapters