အခန်း (၆၄၉)
Vol. 47 Ch. 649
ဤလောကတွင် ကြောင်တောင်တောင်အဖြစ်ဆုံးအရာမှာ တစ်ယောက်ယောက်အကြောင်း အတင်းအဖျင်းပြောနေချိန် ထိုတစ်ယောက်ယောက်က မိမိရှေ့တည့်တည့်တွင်ပေါ်လာသည့်အဖြစ်မျိုး။
သူ့ကို ရှုတည်တည်စိုက်ကြည့်နေသော သူတော်စင်သခင်ကိုကြည့်ရင်း ဓားဝှက်တောင်ထိပ်သခင်မှာ နှာခေါင်းကိုအရှက်ပြေပွတ်ကာ ရယ်ကျဲကျဲနှင့်ရောချဖို့ကြံသည်။
"ဟဲဟဲ ကျွန်တော်ကတစ်ခါတလေ အဲ့လိုအတည်ပေါက်နဲ့နောက်တတ်တဲ့အကျင့်ရှိလို့ပါ။ လူကြီးမင်း စိတ်မရှိဘူးမဟုတ်လား"
ကျန်းထျန်းမင်က ဟမ့်ခနဲရယ်သည်။
"အများကြီးဖြေမတွေးပါနဲ့ ကျွန်တော်တော့ အရမ်းကိုစိတ်ရှိတာပေါ့ခင်ဗျာ"
မျက်နှာရှေ့တည့်တည့်တွင် သူ့ကိုအရူးဟုခေါ်သည့်စကားအား နားနှင့်ဆတ်ဆတ်ကြားလိုက်ရခြင်းပင်။ အကြီးအကဲယဲ့၏မျက်နှာကိုသာ မထောက်ဆရလျှင် ထိုစပ်ဖြဲဖြဲလူကို ကြိုးဖြင့်ဇောက်ထိုးဆွဲ၍ ရိုက်နှက်နေလောက်ပြီဖြစ်သည်။
ငါ့များ အရူးတဲ့လား။
မင်းကမှ အရူးနဲ့ပိုတူတာကွ။
"တောင်းပန်ပါရစေခင်ဗျာ၊ ကျွန်တော်အပြောအဆိုရိုင်းပျသွားတာပါ။ ဒီငယ်သားရဲ့အပြစ်ကို ထောက်ထားခွင့်လွှတ်ပေးပါ သူတော်စင်သခင်"
ဓားဝှက်တောင်ထိပ်သခင်သည် သူလွန်သွားသည်ကို အချိန်မီသိလိုက်ပြီး ချက်ချင်းဦးချိုးညွှတ်ကာ အမှားဝန်ခံတောင်းပန်လေသည်။
"ဟမ့်"
ကျန်းထျန်းမင်က အေးစက်စက်နှင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
"ဟုတ်ပါပြီ ကဲ ဘာကြောင့်လာသလဲပြောပါဦး"
ယဲ့ကျွင်းလင်က ကြားဝင်ကာ အလေးအနက်မေးခွန်းထုတ်လိုက်သည်။
ဓားဝှက်တောင်ထိပ်သခင်ကိုယ်တိုင် အရှေ့ပိုင်းဒေသမှ ဤနေရာအထိ ခရီးဝေးကို တရကြမ်းနှင်လာဟန်ပေါက်လျှင် အရေးကြီးကိစ္စတစ်ခုခုတော့ရှိနေမည်ဖြစ်ကြောင်း သူရိပ်မိပါသည်။
လိုရင်းကို အရင်ပြောကြတာပေါ့။
ဓားဝှက်တောင်ထိပ်သခင်သည်လည်း အရှေ့ပိုင်းဒေသတွင် ဖြစ်ပျက်ခဲ့သမျှ ဖြစ်ပျက်နေသမျှ အချင်းအရာပေါင်းစုံကို အိတ်သွန်ဖာမှောက် အကုန်ဖောက်သည်ချပြောပြလေတော့သည်။
ယဲ့ကျွင်းလင်တို့ ဆရာတပည့်အဖွဲ့ ခရီးနှင်သွားသည့်နောက်ပိုင်းတွင် အရှေ့ပိုင်းဒေသမှာ အတော်လေးသဟဇာတဖြစ်ကာ အချိန်အတော်ကြာ ငြိမ်းချမ်းသင့်တင့်နေခဲ့ပါသည်။
သို့သော် အချိန်ကောင်းများဆိုသည်မှာ တည်မြဲရိုးထုံးစံမရှိ။ ရှေးဟောင်းကျင့်ကြံသူတစ်စုသည် အရှေ့ပိုင်းဒေသတွင် ရုတ်ချည်းပေါ်ထွက်လာကာ ကိုယ်ပိုင်နယ်မြေများ တည်ထောင်အခြေချရင်း မသေမျိုးအခွင့်အရေးများအတွက် အပြိုင်အဆိုင် တိုက်ခိုက်လုယက်လာကြကာ မသေမျိုးဘုရင်အဆင့်တိုက်ပွဲများကိုလည်း ပေါ်ပေါ်ထင်ထင် ကျင်းပဆင်နွှဲလာကြ၏။
ကံကောင်းထောက်မစွာပင် အများစုသည် စည်းမျဥ်းများကိုလိုက်နာကာ နေရာတကာလှည့်ပတ်ရမ်းကားခြင်းမပြုကြသောကြောင့် ဒေသခံကျင့်ကြံသူများကလည်း ခုခံတွန်းလှန်ခြင်း များများစားစားမရှိပါဘဲ ထိုစွမ်းအားရှင်များထံမှ မျက်နှာသာရဖို့ရာ အပြိုင်အဆိုင်ကြိုးစားလာကြသည်။
အရှေ့ပိုင်းဒေသတွင် အထင်ရှားဆုံးမသေမျိုးဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့် ရွှယ်ထျန်းဂိုဏ်းမှာလည်း အရင်အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းမရှိတော့ပါသော်ငြား ကြားနေအဖြစ် အေးအေးဆေးဆေးဆက်သွားနိုင်သည့် အခြေအနေမျိုးသာပင်။
သို့သော် လွန်ခဲ့သောနှစ်ဝက်ခန့်က သောင်းချီမသေမျိုးတောင်တန်းများတွင် ထိတ်လန့်ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားသွားခဲ့သည်။ သူတို့ကိုယ်သူတို့ မဟာဂြိုဟ်သားမျိုးနွယ်စုလေးခု ဟုခေါ်တွင်သော သတ္တဝါများထွက်ပေါ်လာကာ ထိုဒေသတွင် ကျင်လည်ကျက်စားနေသော ရှေးဟောင်းကျင့်ကြံသူများစွာကို ဖိနှိပ်ရှင်းလင်းကာ အင်အားစုအားလုံးကို ထျန်းယွမ်သလင်းကျောက်ဟုခေါ်သည့် ရတနာပစ္စည်းအား လတိုင်းဆက်သရမည်ဟု အမိန့်ချသတ်မှတ်ထားခဲ့သည်။
ဆက်သရမည့်ပမာဏသည်လည်း အင်အားစုများ၏ အဆင့်အတန်းနှင့်အလိုက်ကွဲပြားကာ မည်သည့်ဆန့်ကျင်တွန်းလှန်သူကိုမဆို ဖျက်ဆီးရှင်းလင်းပစ်မည်ဖြစ်၏။
ထိုအမိန့်ကြေညာချက်ထုတ်ပြန်အပြီး အရှေ့ပိုင်းဒေသရှိ အင်အားစုအားလုံးမှာ အုတ်အော်သောင်းနင်းဖြစ်သွားရသည်။ ထိုထျန်းယွမ်သလင်းကျောက်မှာလည်း ဘာနှင့်တူလို့တူမှန်းပင် သူတို့မသိ။
နောက်ပိုင်းတွင် ထိုဂြိုဟ်သားမျိုးနွယ်တို့သည် နမူနာပုံစံသလင်းကျောက်များကို တွေ့ရှိခဲ့၍ မိုင်းတူးရမည့်တည်နေရာများကို ကြေညာသတ်မှတ်ကာ ကျင့်ကြံသူတိုင်းအား ဘာမေးခွန်းမှထပ်မထုတ်ဘဲ မိုင်းသာတူးရန် အမိန့်ပေးခဲ့သည်။
ဤသို့ဖြင့် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ မိုင်းတူးသမားအဖြစ်ဘဝပြောင်းရန် အတင်းအကျပ်ဖိအားပေးခံခဲ့ရ၏။
တင်သွင်းသည့်ပမာဏက သတ်မှတ်ထားသည့်အတိုင်း မပြည့်မီလျှင် ထိုဂြိုဟ်သားစွမ်းအားရှင်များက အပြစ်ပေးရုံသာမက စိတ်ရှိလျှင်ရှိသလို လူသတ်ပွဲများကိုလည်း ကျင်းပလုပ်ဆောင်ပေဦးမည်။ ဤသို့ဖြင့် မိုင်ထောင်ပေါင်းများစွာကို သွေးပင်လယ်ဖြင့်ဖုံးလွှမ်းစေကာ တာအိုပြည်နယ်များစွာအား ခြောက်သွေ့ဆိတ်သုဥ်းသောတစပြင်များအဖြစ် ပြောင်းလဲစေခဲ့ပြီးဖြစ်၏။
ထိုသို့သော ကြီးမားသည့်ဖိအားနှင့် ရက်စက်သောအပြစ်ပေးနည်းများကြား အရှေ့ပိုင်းဒေသ ကျင့်ကြံရေးလောကတစ်ခုလုံးမှာ တစ်ယောက်မကျန် ရွေးချယ်စရာမရှိစွာဖြင့် ဓားမိုးခံထားရသည့် အခြေအနေအောက်တွင် ထိုဂြိုဟ်သားများတောင်းဆိုသောပစ္စည်းပမာဏကိုသာ ပြည့်မီအောင်ရှာဖွေပေးဖို့သာ ရှိတော့လေသည်။
အစကတော့ အရှေ့ပိုင်းဒေသကျင့်ကြံသူများ စည်းစည်းလုံးလုံးကြိုးစားကြလျှင် ထျန်းယွမ်သလင်းကျောက်တူးဖော်ရေးမှာ ထိုမျှအခက်အခဲမရှိလောက်ဟု ထင်ထားကြသော်လည်း ထိုကျောက်များကို ရှာဖွေတူးထုတ်ဖို့အရေးမှာ သူတို့လိုစွမ်းအားရှိကျင့်ကြံသူများအတွက်ပင် ထင်မထားလောက်အောင်ခက်ခဲနေခဲ့လေသည်။
ပထမအဆင့်အနေဖြင့် ထျန်းယွမ်သလင်းကျောက်များကို တူးဖော်ရန်ပိုင်းတွင်းနေရာမှာ အထူးသံလိုက်နယ်မြေများဖြစ်ရမည်ဖြစ်သည်။ ထိုနယ်မြေများမှာ ကျင့်ကြံသူ၏နယ်ပယ်အဆင့်ကို ပြင်းထန်စွာဖိနှိပ်ထားပြီး ခန္ဓာကိုယ်လည်း ကြီးစွာဒဏ်ဖြစ်စေသော ဘေးသင့်နယ်မြေမျိုးဖြစ်ရာ ကျောက်တူးဖော်ရေးသည် ထင်ထားသည့်ထက် များစွာနှေးကွေးခဲယင်းနေပေတော့၏။
မသေမျိုးတစ်ပါးသည်ပင် ခွေးတစ်ကောင်လို လျှာထွက်သည်အထိ ဟောဟဲလိုက်ပင်ပန်းနေရလေရာ မသေမျိုးအောက်ဆင့်ကျင့်ကြံသူများအတွက်တော့ ဆက်တွေးစရာပင်မလိုတော့။
ဤသို့ဖြင့် တာအိုပြည်နယ်ဆယ့်လေးခုလုံးတွင် မကျေမနပ်စောဒကသံများ အနှံ့ထွက်ပေါ်လာကာ ထိုပုန်ကန်မှုတို့မှာလည်း မပြတ်ဖိနှိပ်ခံထားရသဖြင့် အရှေ့ပိုင်းဒေသတစ်ခုလုံး ပင်ပန်းမှုဖြင့် မှုန်မှိုင်းလေးလံနေလေတော့၏။
ဂြိုဟ်သားမျိုးနွယ်များကတော့ မျက်ကန်းအလား ဘာအခက်အခဲကိုမှထည့်မတွက်ပေးဘဲ ကျင့်ကြံသူများကို ဖိအားပေးခိုင်းစေဖို့သာ ခေါင်းထဲရှိကြလေသည်။
သေဆုံးသူများ နေ့စဥ်နှင့်အမျှ တိုးမြင့်လာကာ နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့်။
ကျင့်ကြံသူများ တိတ်တဆိတ်ထွက်ပြေးလွတ်မြောက်ခြင်း မပြုနိုင်အောင် ဂြိုဟ်သားမျိုးနွယ်တို့သည် သက်ဆိုင်ရာစွမ်းအားရှင်များအား မိုင်းတွင်းအဝင်အထွက်နေရာများတွင် ပိတ်ဆို့စောင့်ကြပ်စေကာ အရှေ့ပိုင်းဒေသတစ်ခုလုံးကို သူတို့၏ ခိုင်းနွားမွေးမြူရေးခြံအဖြစ် ပြောင်းလဲပစ်နိုင်အောင် ဆုံးဖြတ်စီစဥ်ထားကြသည်။
အကြောင်းစုံ ကြားသိပြီးချိန်တွင် ယဲ့ကျွင်းလင်မှာ ထိတ်လန့်ဆွံ့အသွားရ၏။
သောင်းချီမသေမျိုးတောင်တန်းများ၏အကြောင်းကို ချင်းလျန်ဓားမသေမျိုးထံမှ သူကြားသိခဲ့ဖူးပါသည်။ ၎င်းကို ကြောက်မက်ဖွယ် ဂြိုဟ်သားမျိုးနွယ်တို့က ထူးဆန်းသောစွမ်းအားအမျိုးမျိုးဖြင့် အထူးတလည် ပိတ်ဆည်းကာကွယ်ထားပြီး ရှေးခေတ်ကတည်းကပင် တားမြစ်နယ်မြေအဖြစ် သတ်မှတ်ရှောင်ဖယ်ထားရသည့် နေရာတစ်ခုဖြစ်ကြောင်းပင်။
ယခု ထိုဂြိုဟ်သားမျိုးနွယ်တို့သည် ဆူပူအုံကြွမှုများဖြင့် တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြီး အရှေ့ပိုင်းဒေသတစ်ခုလုံးကို မွေးမြူရေးတိရိစ္ဆာန်ခြံအဖြစ် ပြောင်းလဲပစ်ဖို့ ကြံစည်နေကြလေပြီ။
ထို့အပြင် လတိုင်းပုံမှန်ဆက်သရမည်ဟူသော အမိန့်စကားကြီးကလည်း ပါရှိနေသေးပြန်သည်မဟုတ်လော။
ထျန်းယွမ်သလင်းကျောက်ဆိုတာ တကယ်ပဲ ဘာများပါလိမ့်။
အရှေ့ပိုင်းဒေသတွင် သူနေထိုင်ခဲ့သည့်တစ်လျှောက်လုံး ထိုနာမည်ကို ကြားပင်မကြားဖူးလှပါချေ။
"စနစ်ရေ ထျန်းယွမ်သလင်းကျောက်ဆိုတာဘာလဲ။ ဘယ်နေရာမှသုံးရတာလဲ"
သူနားမလည်သည့်တစ်ခုခုနှင့်တွေ့တိုင်း ယဲ့ကျွင်းလင်သည် စနစ်ကိုသာ တိုးတိုးကြိတ်ကြိတ်ကပ်မေးနေကျပင်။
တင်၊ ထျန်းယွမ်သလင်းကျောက်ဆိုတာက အလွန်ကိုမှရှားပါးထူးကဲတဲ့သလင်းကျောက်တစ်မျိုးဖြစ်ပြီး ကောင်းကင်တာအိုရဲ့လည်ပတ်မှုအောက်မှာ သဘာဝအလျောက်ဖြစ်တည်လာတဲ့ ရတနာတစ်ခုဖြစ်ပါတယ်။ အတွင်းမှာပါရှိတဲ့စွမ်းအင်ဟာ အလွန်ကစဥ့်ကလျားနိုင်ပြီး ရှုပ်ထွေးလှတဲ့အတွက် မည်သည့်ကျင့်ကြံသူမှ စုပ်ယူသုံးစွဲဖို့ မသင့်တော်ပါ။
စနစ်၏သတိပေးချက်မြည်လာသည်။
ယဲ့ကျွင်းလင်က မျက်ခုံးတစ်ဖက်ပင့်ပြီး သူ့ဘာသာ တိုးတိုးရေရွတ်မိသည်။
"အဲ့လောက်သုံးရခက်နေရင် ဟိုဂြိုဟ်သားတွေက ဘာလို့အသည်းအသန်လိုချင်နေကြတာလဲ"
ရှင်းရှင်းဆိုရလျှင် ထိုပစ္စည်းသည်ကား ကောင်းကင်တာအိုလည်ပတ်ရာမှ ထွက်ရှိလာသည့် စွမ်းအင်အညစ်အကြေးဖြစ်သောကြောင့် ကျင့်ကြံမှုအတွက် ကောင်းကျိုးတစ်ခုမှရှိမနေပါ။
သို့ဆိုလျှင် အဘယ့်ကြောင့် ထိုဂြိုဟ်သားတစ်သိုက်က သောင်းချီမသေမျိုးတောင်တန်းများဆီမှ အလောတကြီးပြေးထွက်ကာ ထိုပစ္စည်းကို အသည်းအသန်လိုချင်နေကြပါသနည်း။ ထူးထူးဆန်းဆန်း စွဲမက်မှုပါလား။
"စကားမစပ် အစ်ကိုကြီးပြောတာ သူတို့က မိုင်းတွင်းအဝင်အထွက်ကို အလစ်အဟင်းမရှိစောင့်ကြည့်နေကြတယ်ဆို၊ အစ်ကိုကြီး ဒီအထိရောက်အောင် ဘယ်လိုထွက်ပြေးလာနိုင်ခဲ့တာလဲ"
ယဲ့ကျွင်းလင်က အရှေ့မှ ဓားကဲ့သို့ဖြောင့်ဖြောင့်တန်းတန်းရပ်နေသောလူအား အထက်အောက်စုန်ဆန်ကြည့်လျက် စစ်ဆေးလာသည်။
ဓားဝှက်တောင်ထိပ်သခင်က သက်ပြင်းချသည်။
"အတိအကျပြောရရင် ငါ့ဘာသာထွက်ပြေးနိုင်ခဲ့တာတော့မဟုတ်ဘူး။ မြည်းတစ်ကောင်က သယ်ပေးလာတာ"
"မြည်းတစ်ကောင်တဲ့လား"
ယဲ့ကျွင်းလင် တစ်စုံတစ်ခုကို ခန့်မှန်းမိလိုက်ဟန်ဖြင့် မရေမရာမေးလိုက်သည်။
"ကျွန်တော့်ကျွန်းပေါ်ခြံဝင်းထဲကထွက်လာတဲ့ တစ်ကောင်လား"
"သေချာတာပေါ့၊ ငါတို့အကြံကုန်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာ အဲ့မြည်းက ခြံဝင်းထဲကနေပြေးထွက်လာပြီး တစ်ယောက်ယောက်ကိုအကူအညီတောင်းဖို့ အလယ်ပိုင်းဒေသဆီခေါ်သွားပေးမယ်လို့ ပြောလာတယ်လေ"
"ကံကောင်းထောက်မစွာနဲ့ သူကငါ့ကိုရွေးခေါ်ခဲ့တာ"
"အဲ့မြည်းက အစောင့်အကြပ်တွေကို လျှို့ဝှက်ဖောက်ထွက်ပေးပြီးမှ ငါ့ကိုစီးပြီး အလယ်ပိုင်းဒေသထိခရီးနှင်ခဲ့တာလေ"
ဖြစ်စဥ်ကိုပြန်ပြောင်းပြောပြနေစဥ် ဓားဝှက်တောင်ထိပ်သခင်၏အမူအရာမှာ ရှုပ်ထွေးသွားဟန်ရှိ၏။