← Chapters

ဘယ်လိုများ သေကုန်ကြတာလဲ

Vol. 47 Ch. 653

ဘယ်လိုများ သေကုန်ကြတာလဲ

Vol. 47 Ch. 653

"ရပါတယ် သူတို့ကြိုက်သလောက်စုပ်ပါစေ"

ယဲ့ကျွင်းလင်ကတော့ မတုန်မလှုပ်ဟန်ဖြင့် သူ့လက်မောင်းများကိုပင် ပျော်ပျော်ကြီးဖြန့်ကားကြိုဆိုကာ သူ့မျက်လုံးများက မျှော်လင့်စောင့်စားနေဟန်ဖြင့်ပင် တောက်ပနေသေးတော့၏။

ထိုအချိန်တွင် မသေမျိုးလိပ်ပြာအဖွဲ့သည် အစာမကြေနိုင်သောတစ်စုံတစ်ခုကို စုပ်ယူလိုက်မိဟန်ရှိကာ သူတို့မျက်နှာများမှာ နာကျင်မှုဖြင့်နီမြန်းသွားကာ သူတို့ခန္ဓာကိုယ်များမှာ လျင်မြန်စွာ‌ ယောင်ယမ်းဖောင်းကားလာလျက် ဘန်းခနဲပေါက်ကွဲထွက်သွားလေတော့သည်။

"အား"

ခေါင်း‌‌ဆောင်မသေမျိုးလိပ်ပြာကတော့ ချက်ချင်းသေမသွားပေသည့် တစ်ကိုယ်လုံးဒဏ်ရာများဖြင့်ဖုံးလွှမ်းလျက် မြေပြင်ပေါ်သို့ အတောင်ကျိုးပြုတ်ကျလာတော့သည်။ သူမက ယဲ့ကျွင်းလင်ကို ထိတ်လန့်တကြားမော့ကြည့်လာ၏။

"ဘာလို့ဆက်မစုပ်ယူတာလဲ၊ ကိုယ့်မှာအများကြီးကျန်ပါသေးတယ်"

ယဲ့ကျွင်းလင်က စနောက်လှောင်ပြောင်လိုဟန် မချိုမချဥ်မျက်နှာထားဖြင့် သူတို့နားတိုးကပ်လာသည်။

"ဟင့်အင်း ရှင့်စွမ်းအားတွေတော့ မစုပ်ချင်တော့ဘူး ထွက်သွား"

မသေမျိုးလိပ်ပြာမလေးမှာ မျက်နှာတစ်ပြင်လုံး ကြောက်စိတ်ဖြင့်ဖြူရော်လျက် အော်ဟစ်လိုက်သည်။

အစောက သူမအနည်းငယ်မျှမျိုချမိလိုက်စဥ်တွင်ပင် အစာအိမ်ပေါက်ကွဲတော့မတတ် ခံစားလိုက်ရသည်မဟုတ်လော။

ဘယ်လိုလုပ်ပြီး နောက်ထပ်စုပ်ယူရဲတော့မှာလဲ။

ဒီလူကို အဆိပ်နဲ့ဖွဲ့စည်းထားတာပဲဖြစ်ရမယ်။

ယဲ့ကျွင်းလင်ကတော့ မသေမျိုးလိပ်ပြာများ၏တုံ့ပြန်ပုံကြောင့် သိပ်ပြီးအံ့သြသွားဟန်မရှိဘဲ အကျိုးအကြောင်းသင့်သည်ဟုသာ တွေးမိသည်။

နောက်ဆုံးတော့လည်း သူ့ခန္ဓာကိုယ်သည် နဝမအဆင့် ထိပ်တန်း မသေမျိုးစွမ်းအားအရည်အသွေးကိုပိုင်ဆိုင်ထားသော၊ မသေမျိုးအများစု ပိုင်ဆိုင်ရရှိဖို့ခက်ခဲလှသော အဆင့်အတန်းပင်။ သူသည်ပင် မသေမျိုးသူတော်စင်အဖြစ်ကို ရရှိထားပါသော်ငြား ထိုစွမ်းအားအရည်အသွေးကိုတော့ တစ်ဝက်မျှသာ ထုတ်ယူသုံးစွဲနိုင်သေးသည်။

မသေမျိုးစွမ်းအား အရည်အသွေး နဝမအဆင့်ဆိုသည်မှာ စိတ်ကူး၍မရနိုင်လောက်အောင် မြင့်မားသန့်စင်သည်။

ထို့ကြောင့် ထိုနဝမအဆင့် အရည်အသွေးစွမ်းအားကို အနည်းအကျဥ်းမျှပင် စုပ်ယူမိလိုက်သည်နှင့် ထိုလိပ်ပြာမသေမျိုးတို့၏ခန္ဓာမှာ ဆက်ပြီးတောင့်ခံနိုင်စွမ်းမရှိစွာ ပေါက်ကွဲထွက်ကုန်ရခြင်းပင်။

ယဲ့ကျွင်းလင်က အရှေ့သို့လှမ်းလာကာ ခေါင်းဆောင်မသေမျိုးလိပ်ပြာ၏ဆံပင်ကိုဆွဲလျက် ဆက်ပြောသည်၊

"ဘာလို့ဆက်ပြီးမစုပ်ယူတော့တာလဲလို့ မေးနေတယ်လေ၊ မင်းပဲခုနက အရမ်းတက်ကြွပြီး အားအပြည့်ဖြစ်နေခဲ့တာမဟုတ်လား"

"ကျေးဇူးပြုပြီးလွှတ်ပေးပါ၊ ဆက်ပြီးစုပ်ယူနိုင်စွမ်းမရှိတော့လို့ပါ..."

မသေမျိုးလိပ်ပြာမလေးက အော်ဟစ်ငိုယိုရင်း မျက်ရည်များအသွင်သွင်စီးကျလာလျက် နူးညံ့သေးသွယ်သောခန္ဓာကိုယ်လေးမှာ ကြောက်စိတ်ဖြင့် တဆတ်ဆတ်တုန်ယင်လျက်သား။

ထိုမြင်ကွင်းကို မြင်နေရသောလူတိုင်းမှာ ယုံရခက်ခက်ဖြစ်ကုန်ကြရ၏။

ချင်းလျန်ဓားမသေမျိုးမှာလည်း ပါးစပ်အဟောင်းသားပွင့်ဟလျက် ထိုပါးစပ်ထဲကို ငှက်ကုလားအုတ်ဥတစ်လုံး ပစ်သွင်းလျှင်ပင် ရနိုင်လောက်သည်အထိ။

"တာအိုရောင်းရင်းယဲ့ရဲ့ မသေမျိုးစွမ်းအားက နဝမအဆင့်အရည်အသွေးထိတောင် ရောက်ရှိနေပြီပဲ၊ ဒီလို မသေမျိုးလိပ်ပြာလေးတစ်ကောင်ကို အဲ့စွမ်းအားအဟုန်ကို ဘယ်လိုများတောင့်ခံနိုင်မှာတဲ့လဲ"

ကောင်းပုလီက ထိုသို့အံ့သြဆန်းကြယ်မြင်ကွင်းများကို မြင်ရများလှဟန်ဖြင့် မှတ်ချက်ပြုလာသည်။

"ဆရသခင်ကတော့ ဘယ်အချိန်မဆို အံ့သြဖို့ကောင်းနေတာပဲ"

လီဝူကျယ်က လက်မထောင်ပြကာ အားရပါးရချီးကျူးသည်။

"ပြောစမ်း၊ ဘာကြောင့် အဲ့ဒီယဇ်ကောင်ဝိညာဥ်တွေက ထျန်းယွမ်သလင်းကျောက်တွေကို လိုအပ်နေရတာလဲ။ ဘာရည်ရွယ်ချက်နဲ့လဲ"

ယဲ့ကျွင်းလင်က ခပ်တင်းတင်းစစ်မေးသည်။

"ကျွန်..ကျွန်မက မျိုးနွယ်စုခေါင်းဆောင်ပြောသလောက်ပဲ ကြားဖူးတာပါ။ သူပြောတာက ဒီခေတ်အခါမှာ ယဇ်ကောင်ဝိညာဥ်တွေက ကံဆိုးမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့တဲ့အခါ မဟာဂြိုဟ်သားမျိုးနွယ်စုလေးခုရဲ့ ထူးခြားစွမ်းရည်တွေလည်း ပျောက်ကွယ်သွားမယ်ဆိုပါတယ်၊ အဲ့ဒါကြောင့် ယဇ်ကောင်ဝိညာဥ်တွေပေးတဲ့တာဝန်မှန်သမျှကို ပြီးမြောက်အောင်ထမ်းဆောင်ပေးရမှာပါတဲ့"

"တကယ့်အကြောင်းရင်းကိုတော့ ကျွန်မလည်းမသိပါဘူးရှင်"

လိပ်ပြာမလေးက ကြောက်လန့်တုန်လှုပ်စွာ ပြောပြလာသည်။

"ဒီလိုသာဆိုရင် ထျန်းယွမ်သလင်းကျောက်တွေက သူတို့ရဲ့သေခြင်းရှင်ခြင်းနဲ့ ဆက်စပ်နေတာဖြစ်မယ်"

ယဲ့ကျွင်းလင်က စဥ်းစားသည်။

ရုတ်တရတ်ပင် အဝေးတစ်နေရာမှာ ဒေါသတကြီးအော်သံတစ်ခု ထွက်ပေါ်လာသည်။

"ငါ့ရဲ့အားရှန်းကို လွှတ်လိုက်စမ်း"

ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ပျံ့နှံ့စီးဆင်းလာကာ ရှည်လျားသွယ်လျသောခန္ဓာကိုယ်ဖြင့်လူတစ်ဦးသည် အနက်ရောင်လိပ်ပြာတောင်ပံများကိုခတ်လျက် ရောက်ရှိလာပြီး နဖူးပေါ်တွင်လည်း အင်တာနာတိုင်နှစ်ချောင်းပါရှိနေသေးသည်။

ထိုလူသည် ယဲ့ကျွင်းလင်ကို စူးစူးဝါးဝါးစိုက်ကြည့်လျက် လိပ်ပြာမသေမျိုးအထီးအဖွဲ့ကိုဦးဆောင်ကာ လူသတ်တော့မည့်ဟန်ဖြင့် ရှေ့ဆက်တိုးလာဖို့ပြင်သည်။

"အစ်ကိုမင် ဒီကိုမလာနဲ့" လိပ်ပြာမလေးက အော်ဟစ်တားဆီးသည်။

"အားလုံးပဲ စုပ်ယူကြ"

ခေါင်းဆောင်အမျိုးသားလိပ်ပြာက အမိန့်ပေးလိုက်သည်။

ယဲ့ကျွင်းလင်၏အရှိန်အဝါက နက်နဲဆန်းကြယ်လှမှန်း သူခံစားမိသဖြင့် အရင်ဆုံး တစ်ချက်လောက်တိုက်ခိုက်ကာ စမ်းသပ်ကြည့်ချင်သည်။ တစ်ဖက်ကျင့်ကြံသူ၏ မသေမျိုးစွမ်းအားကို အရင်ဆုံး အကုန်အစင်စုပ်ယူလိုက်ပြီးပါက ကျန်သမျှက သူတို့၏အောင်ပွဲသာဖြစ်မည်လေ။

မသေမျိုးလိပ်ပြာအထီးများက လိပ်ပြာမများကဲ့သို့ ပါးစပ်ဖြင့်စုပ်ယူခြင်းမပြုဘဲ နှာခေါင်းပေါက်များမှတစ်ဆင့် စုပ်ယူလေသည်။

ချက်ချင်းဆိုသလိုပင် မသေမျိုးလိပ်ပြာအထီး အကောင်တစ်ရာခန့်ပါဝင်သော တပ်စုကြီးသည် ပြူးကျယ်စူးရှသောမျက်လုံးများဖြင့် ရန်သူကိုစိုက်ကြည့်လျက် နှာခေါင်းပေါက်များ ဖောင်းကားပွကျယ်သည်အထိ ယဲ့ကျွင်းလင်၏မသေမျိုးစွမ်းအားများကို ကြမ်းတမ်းစွာစုပ်ယူကုန်ကြလေသည်။

ဘန်း ဘန်း ဘန်း ဘန်း

ရလဒ်အနေဖြင့် ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ဆက်တိုက်ထွက်ပေါ်လာသည်။

လိပ်ပြာမလေးများကဲ့သို့ပင် သူ၏လက်အောက်ငယ်သားများလည်း တမုဟုတ်ချင်းကျဆုံးသွားကြရ၏။ ခေါင်းဆောင်မသေမျိုးလိပ်ပြာသည်သာ မသေရုံတမယ်ဒဏ်ရာများဖြင့် ရှင်ကျန်ရစ်ကာ မြေပြင်ပေါ်သို့ အားနည်းပျော့ခွေစွာပြုတ်ကျလာပြီး ယဲ့ကျွင်းလင်ကို ကြောက်ရွံ့စွာမော့ကြည့်လျက် အသံတုန်တုန်ဖြင့်ဆိုသည်။

"မင်း..."

မသေမျိုးလိပ်ပြာအထီးမှာ ထိုသို့ကြောက်မက်ဖွယ်မကောင်းဆိုးဝါးတစ်ကောင် ဤလောကတွင်တည်ရှိနေလိမ့်မည်ဟု အိပ်မက်ပင်မမက်စဖူး။

"ဪ အထီးတွေလည်းရှိသေးတာလား ငါက အကုန်အမတွေထင်တာ"

ယဲ့ကျွင်းလင်က မျက်ခုံးပင့်လျက်ဆိုသည်။

"အကြီးအကဲရှင်၊ ကျွန်မတို့တွေကို မသေမျိုးလိပ်ပြာမျိုးနွယ်စုလို့ခေါ်ပါတယ်။ အဓိကမျိုးရိုးနဲ့ အဆက်အနွယ်မျိုးရိုးဆိုပြီး နှစ်မျိုးခွဲခြားထားတဲ့အတွက် နာမည်တွေကလည်း ကွဲပြားပါတယ်"

မသေမျိုးလိပ်ပြာမလေးက အရဲကိုးကာ ရှင်းပြလာသည်။

"အိုး ဒါဆို မင်းကဘယ်လိုလိပ်ပြာအမျိုးအစားလဲ" ယဲ့ကျွင်းလင်က စိတ်ဝင်တစားဟန်ဖြင့်မေးလာသည်။

ယနေ့ဖြစ်ပျက်ခဲ့သမျှ ကြေကွဲနာကျင်ဖွယ်မြင်ကွင်းများကို ပြန်လည်အမှတ်ရရင်း မသေမျိုးလိပ်ပြာမလေးမှာ ငိုမချဘဲမနေနိုင်တော့။ သူမက ရှိုက်သံများကြားမှ နာကျင်စွာပြောသည်။

"ရာ...ရာမဲသဲ့"

ယဲ့ကျွင်းလင်: “???”

အဲ့နာမည်ကို အဲ့လိုအသံထွက်တာ သေချာရဲ့လား။

ဘာလို့ မင်းတို့မျိုးရိုးနာမည်က ဂျပန်အသံထွက်ကြီးဖြစ်နေတာလဲကွာ။

"မင်းမျိုးရိုးနာမည်ကရော"

ယဲ့ကျွင်းလင်က မသေမျိုးလိပ်ပြာအထီးကိုလက်ညှိုးထိုးကာ သိလိုစိတ်ပြင်းစွာ မေးလိုက်သည်။

သူ၏ချစ်လှစွာသောလိပ်ပြာမလေး အလွန်ဝမ်းနည်းကြေကွဲနေဟန်ကိုမြင်ရသော မသေမျိုးလိပ်ပြာထီးသည်လည် နာကျည်းမုန်းတီးစွာဖြင့် လက်သီးကိုတင်းတင်းဆုပ်ကာ အားမာန်အပြည့်အော်ဟစ်လိုက်သည်။

"ဝေါ်နံဒဲ"

ထိုစကားလုံးများကို ကြားလိုက်ရချိန်တွင် ယဲ့ကျွင်းလင်၏မျက်လုံးများထဲ အေးစက်စက်အလင်းတစ်ချက်ဖြတ်ပြေးသွားပြီး လက်တစ်ဖက်ကိုမြှောက်ကာ တစ်ဖက်လူကို ပြာမှုန့်ဖြစ်အောင် ရိုက်ချလိုက်တော့၏။

အဖြစ်အပျက်များက မြန်ဆန်လွန်းလှသဖြင့် ဘယ်သူမှမတုံ့ပြန်နိုင်လိုက်ကြ။ အသိပြန်ဝင်လာချိန်တွင်မှ ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းဖြန်းထမိကြသည်။

မဟာမိတ်ခေါင်းဆောင် အမှန်တကယ် ဒေါသထွက်နေပြီဆိုတာ သူတို့သိနိုင်ပါသည်"

"အကြီးအကဲကောင်း ခင်ဗျားက ဗဟုသုတစုံလှဆို၊ မဟာမိတ်ခေါင်းဆောင်ယဲ့ ဘာကြောင့်အဲ့လောက်ဒေါသထွက်သွားလဲ ခင်ဗျားသိလား"

ချင်းလျန်ဓားမသေမျိုးက ကောင်းပုလီအနားသို့ တိုးတိုးလေးကပ်မေးလာသည်။

ကောင်းပုလီမှာလည်း စိတ်ဓာတ်ကျနေဟန်ရှိ၏။

အမှန်တော့သူလည်း ဘာဖြစ်လို့ဖြစ်သွားမှန်း လိုက်မမီလိုက်ပါ‌ချေ။

ထိုမသေမျိုးလိပ်ပြာထီးမှာ သူ၏မျိုးနွယ်နာမည်ကို ရိုးရိုးသားသားဖြေကြားလိုက်ခြင်းဖြစ်ပါသော်ငြား ယဲ့ကျွင်းလင်ထံမှ သေသည်အထိရိုက်နှက်ခံလိုက်ရသည်လေ။

သူပြောတဲ့ ဝေါ်နံဒဲ ဆိုတဲ့စကားလုံးသုံးလုံးမှာများ တစ်ခုခုပြဿနာရှိနေလို့လား။

ထူးဆန်းလိုက်တာနော်။

"အစ်ကိုမင်...."

လိပ်ပြာမလေးက ဆွဲငင်စွာ အော်ဟစ်ငိုကြွေးလေတော့၏။

သို့သော် အနောက်တွင်ကပ်ရပ်နေသော လီဝူကျယ်သည်ပင် စကားဝင်မဟရဲလှ။ ဆရာသခင် ဤမျှ‌ဒေါသထွက်နေသည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင် မဟုတ်လော။

"ဟူး..."

ယဲ့ကျွင်းလင်သည် သက်ပြင်းရှည်ကြီးတစ်ချက်မှုတ်ထုတ်လိုက်ပြီးမှ စိတ်အတော်အတန်ပြေသွားဟန်ဖြင့် ခပ်ပြုံးပြုံးဆိုသည်။

"မကြောက်ပါနဲ့။ ငါကပုံမှန်ဆို သဘောကောင်းတဲ့လူပါ။ အစောက နားလည်မှုလွဲစရာလေးရှိလိုက်လို့"

"အကြီးအကဲရှင် ကျွန်မကိုဘာများလုပ်စေချင်သလဲ တည့်တည့်သာညွှန်ကြားလိုက်ပါ"

လိပ်ပြာမလေးက မျက်ရည်အပြည့်ဖြင့် အသနားခံလာသည်။

အရှေ့မှ လူသားမျိုးနွယ်သည်ကား ခန့်မှန်းရခက်ခဲလှကာ အလွန်ရက်စက်ကြမ်းကြုတ်လှသည်။

"ငါမင်းကို ယဇ်ကောင်ဝိညာဥ်တွေရှိရာဆီ လမ်းပြခေါ်သွားစေချင်တယ်။ ကောင်းကောင်းလိုက်နာမယ်ဆိုရင် မင်းတို့ရာမဲသဲမျိုးနွယ်တစ်ခုလုံးကို ငါအသက်ချမ်းသာပေးမယ်"

ယဲ့ကျွင်းလင်က အလေးအနက်ပြောလာသည်။

ရာမဲသဲဟု ပြောရာတွင်တော့ ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်လိုက်ရသည် ဆိုပေမဲ့ပေါ့။

"ဒါဆို..."

အားရှန်း၏မျက်လုံးလေးများ တဖျတ်ဖျတ်တောက်ပလာကာ နောက်ဆုံးတွင် စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် အသေအချာခေါင်းညိတ်လာသည်။

"ဟုတ်ပြီ ကျွန်မလမ်းပြပါ့မယ်"

ယဲ့ကျွင်းလင်သည် ထိုမျှစွမ်းအားကြီးလှသောကြောင့် ယဇ်ကောင်ဝိညာဥ်များကိုပင် အနိုင်ယူနိုင်မည်ဆိုလျှင် သူမ၏မျိုးနွယ်တစ်ခုလုံးလည်း ရှင်သန်ကျန်ရစ်နိုင်ပေတော့မည်။ သူမနိုင်ပါကလည်း အတင်းအကျပ်ခြိမ်းခြောက်ခိုင်းစေခံရခြင်းဟု အကြောင်းပြနိုင်ပေမည်။

"ရှောင်ဟေး သူ့ကိုလာကုပေးလိုက်"

ယဲ့ကျွင်းလင်က လှမ်းခေါ်လိုက်သည်။

"ဟုတ်ကဲ့"

မှိုဘုရင်သည် လူအုပ်ထဲမှ သွက်သွက်လက်လက်ရှေ့တက်လာကာ ပြင်းစွာဒဏ်ရာရနေသော မသေမျိုးလိပ်ပြာမလေးအား ကုသပေးလေသည်။

ထို့နောက် ချင်းလျန်ဓားမသေမျိုးနှင့် ကျန်သူများရှေ့တက်လာလေရာ အားရှန်းသည် ထိုမျှကြီးမားသိပ်သည်းသော မသေမျိုးစစ်တပ်ကြီးကြောင့် မျက်လုံးလှလှလေးများ အံ့အားသင့်စွာ ပြူးကျယ်သွားရတော့၏။

"ဟမ့် အလယ်ပိုင်းဒေသကကျင့်ကြံသူတွေ ရုတ်တရတ်ကြီးစုစည်းပြီး ဘာလို့ငါတို့ကိုမှလာတိုက်ရတာလဲလို့ တွေးနေတာလား၊ ဘာလို့လဲဆိုတော့ ငါကမင်းတို့ဖမ်းထားတဲ့ကြားကနေခိုးထွက်ပြီး သတင်းသွားပေးလိုက်လို့လေ"

"မကြာခင်မှာပဲ အရှေ့ပိုင်းဒေသကိုကျွန်ပြုနေတဲ့ မင်းတို့ခေတ်လည်း ကုန်ဆုံးရလိမ့်မယ်"

ဓားဝှက်တောင်ထိပ်သခင်မှာ ပြောရင်းပြောရင်း ပို၍ဒေါသထွက်လာဟန်ရှိ၏။

"တောင်းပန်ပါတယ် ကျွန်မတို့လည်း အမိန့်အတိုင်းလိုက်နာရုံပါ" အားရှန်းက ခါးသီးစွာတုံ့ပြန်သည်။

"ငါသူ့နောက်လိုက်သွားလိုက်မယ် မင်းတို့အားလုံးက မိုင်းတွင်းစောင့်ဂြိုဟ်သားတွေကို တာဝန်ယူရှင်းလင်းလိုက်ကြ"

ယဲ့ကျွင်းလင်က အမိန့်ပေးသည်။

ဤစစ်ကြောင်းတွင် သူ၏မူလရည်ရွယ်ချက်မှာ ပြဿနာတစ်ခုလုံး၏ အရင်းအမြစ်ဖြစ်သော ယဇ်ကောင်ဝိညာဥ်လေးပါးကို ရှင်းထုတ်ဖို့သာဖြစ်သည်။

"နားလည်ပါပြီ"

သူတို့အားလုံး အရိုအသေပြုလျက် ပြန်လည်ဖြေကြားလိုက်ကြသည်။

ချက်ချင်းဆိုသလိုပင် တပ်မကြီးမှာ အဖွဲ့ငယ်လေးများအဖြစ် စနစ်တကျခွဲထွက်ကာ အရှေ့ပိုင်းဒေသကျင့်ကြံသူများကို ကယ်ဆယ်စုဆောင်းရန် ဂြိုဟ်သားမျိုးနွယ်တို့ ကြီးကြပ်နေသော မိုင်းတွင်းများဆီသို့ အမြန်ခရီးနှင်ကုန်ကြလေတော့၏။

(ရာမဲသဲ - မလုပ်ပါနဲ့။ ‌ဝေါ်နံဒဲ - ငါလုပ်နိုင်ပါတယ်)

All Chapters