သူပြန်လာပြီ
Vol. 47 Ch. 654
မိုင်းတွင်းတစ်ခုတွင် ကျင့်ကြံသူအုပ်စုတစ်စုသည် ပုဆိန်များကိုလွှဲ၍ ချွေးဒီးဒီးစီးကျသည်အထိ တူးဖော်အလုပ်လုပ်နေကြသည်။
မိုင်းတွင်းများသည် အထူးသံလိုက်နယ်မြေများဖြစ်သဖြင့် သူတို့၏ကျင့်ကြံဆင့်များမှာ ဖိနှိပ်ခံထားရသည့်အပြင် ရုပ်ခန္ဓာတို့ကိုလည်း ဤနေရာရှိ ထူးဆန်းသောစွမ်းအားက တဖြည်းဖြည်းတိုက်စားနေလေရာ အချိန်ကြာလာသည်နှင့်အမျှ ချီစွမ်းအင်နှင့် သွေးပမာဏများ တစ်စတစ်စယုတ်လျော့လျက် မြန်မြန်သွက်သွက်မလှုပ်ရှားနိုင်တော့သောအခြေအနေသို့ ဆိုက်ရောက်လာသည်။
မိုင်းတွင်းပတ်လည်တွင် စွမ်းအားကြီးသော နတ်ဘုရားအာရုံတို့က အခါအခွင့်သင့်သလို ဖြန့်ကျက်ပျံ့နှံ့လာတတ်ကာ အင်အားယုတ်လျော့နေသော ကျင့်ကြံသူများအား ကြက်သီးဖြန်းဖြန်းထအောင် ကြောက်လန့်မိစေသည်။
ထိုနတ်ဘုရားအာရုံများမှာ စောင့်ကြပ်ဖို့ရာတာဝန်ကျသော ဂြိုဟ်သားမျိုးနွယ်များထံမှပင်။
မိုင်းတွင်းလုပ်ငန်း ချောမွေ့ထိရောက်စေဖို့ရာ မဟာဂြိုဟ်သားမျိုးနွယ်တို့သည် အင်အားကြီးစွမ်းအားရှင်များကို မိုင်းတွင်းအစောင့်အကြပ်များအဖြစ် နေရာချထား၍ ခုခံတွန်းလှန်ဖို့ကြိုးစားသည့် အရှေ့ပိုင်းကျင့်ကြံသူများအား ဖိနှိပ်ထိန်းချုပ်ထားစေသည်။
မိုင်းတွင်းအဓိကရုဏ်းများမှာ ထိုစွမ်းအားရှင်တို့၏လက်အောက် ထပ်တလဲလဲ ပြိုလဲကျရှုံးခဲ့ရလေ၏။
လူတိုင်း၏နှလုံးသားတွင် စိတ်ပျက်အားငယ်မှုများ တစ်စထက်တစ်စတိုးပွားလာကာ လေထုသည် လေးလံဖိစီး၍ ဝမ်းနည်းစိတ်ဓာတ်ကျဖွယ်။
ဤမိုင်းတွင်းမှောင်မိုက်ကြား မျှော်လင့်ချက်အလင်းရောင် တစ်စွန်းတစ်စမှမရှိပါလေ။
နွားများမြင်းများကဲ့သို့ မောင်းနှင်ခိုင်းစေခံရမည့် ကံကြမ္မာဖြင့် သေသည်အထိ ဤမိုင်းတွင်းတွင်သာ အလုပ်လုပ်သွားရုံရှိလေသည်။
ချွင် ချွင် ချွင်
မိုင်းတွင်းထဲတွင် သတ္တုများ ရိုက်ခွဲထိခတ်နေသံများဖြင့် ပြည့်နှက်ဆူညံလျက် ကျင့်ကြံသူတို့မှာလည်း စိတ်ရောကိုယ်ပါ ညစ်ပေနွမ်းလျလျက်ရှိကြလေသည်။
'မင်းကြားပြီးပြီလား၊ မကြာသေးခင်တုန်းကပဲ အင်အားစုအတော်များများ တင်သွင်းရမဲ့ပမာဏမပြည့်မီလို့ သူတို့ဂိုဏ်းတွေက အဆင့်မြင့်ဂိုဏ်းသားတွေကို မိုင်းတွင်းထဲ တစ်စုတစ်စည်းတည်းပို့လိုက်တယ်တဲ့" ခန္ဓာကိုယ်ထွားထွားဖြင့်လူက ပုဆိန်ကိုမနားတမ်းခုတ်လွှဲနေရင်း ပြောသည်။
"ကြားလိုက်တယ်၊ တလောလေးတုန်းကလဲ တောင်ဖြိုဂိုဏ်းရဲ့ဘိုးဘေးကြီး အိုးရန်ဖုန့်တောင် ငါတို့မိုင်းဆီအပို့ခံလိုက်ရတာလေ။ ဂုဏ်သိက္ခာကြီး ဉာဏ်အလင်းမသေမျိုးကျင့်ကြံသူကြီးတောင် အခုတော့ ချွေးတွေသံတွေကြား အလုပ်ကြမ်းလုပ်နေရပြီပဲ"
နောက်တစ်ယောက်က ဆက်ပြောလာသည်၊
"အခုဆိုရင် တင်သွင်းပမာဏမပြည့်မီမှုကြောင့် ဂိုဏ်းတစ်ခုလုံးအထိနာနေပြီ။ နောက်ခံအထောက်အထားက ဘယ်လောက်ပဲကြီးမြတ်နေပါစေ အားလုံးအကုန် မိုင်းတွင်းထဲဆွဲသွင်းခံရမှာ ထုံးစံပါပဲ။ အခုလောလောဆယ်မှာ မဟာမသေမျိုးဂိုဏ်းသုံးခုက အကြီးအကဲတွေတောင် လက်ရှိနေရာကို တဲတဲလေးထိန်းသိမ်းနိုင်ရုံရှိတာ"
"ဟုတ်ပါ့ကွာ ဒါပေမဲ့ ဒီအတိုင်းဆက်သွားနေရင်း မဟာမသေမျိုးဂိုဏ်းသုံးခုလည်း ကြာကြာမခံလောက်ဘူးထင်တာပါပဲ"
"မှန်လိုက်လေ တာအိုရောင်းရင်းရယ်။ ဒီဂြိုဟ်သားမျိုးနွယ်တွေရဲ့ လောဘဇောက တစ်နေ့ထက်တစ်နေ့ ပိုပြီးကြီးထွားလာနေတာ။ သူတို့တွေအကုန် ရူးသွပ်နေကြပြီလေ"
"သူတို့ဘာလို့ ဒီလိုကျောက်ကျိုးကျောက်ပဲ့တွေကို တူးဖော်ခိုင်းနေမှန်း စဥ်းစားမရဘူး။ အရှေ့ပိုင်းဒေသတစ်ခုလုံးကိုတောင့် ရွှံ့နွံထဲကျရောက်တဲ့အထိ ဖြစ်စေခဲ့တာ"
"ကြည့်ထားလိုက် ကောင်းကင်နိယာမတွေက ဆက်ပြီးသည်းခံနေတော့မှာမဟုတ်ပါဘူး"
ထိုကျင့်ကြံသူနှစ်ဦးကြားမှ စကားဝိုင်းသည် အနီးအနားကျင့်ကြံသူများဆီအထိ ပျံ့နှံ့သွားကာ သူတို့အားလုံးမှာ ဒေါသလှိုင်းများရိုက်ခတ်လာလျက် နာကျည်းမှုအပြည့်ဖြင့် အားရပါးရပြောဆိုလာကြသည်။
သူတို့ပြောခဲ့သလိုပင် တူးဖော်ရအလွန်အမင်းခက်ခဲခြင်းနှင့် တင်သွင်းရမည့်ပမာဏ မပြည့်မီမှုကြောင့် အရှေ့ပိုင်းဒေသမှ အင်အားစုများစွာသည် ဆက်လက်တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ ဂြိုဟ်သားများ၏ အတင်းအကျပ်ခိုင်းစေပို့လွှတ်မှုဖြင့် မိုင်းတွင်းများထဲ ဆင်းသက်လာခဲ့ကြရတော့၏။
ဤနေရာတွင် ကျင့်ကြံရေးမိသားစုခေါင်းဆောင်တစ်ဦးကို ဇနီးမယားများ၊ မောင်းမငယ်များ၊ သားသမီးများ၊ ဆွေမျိုးသားချင်းများနှင့် တန်းတူရည်တူ ပုဆိန်ပေါက်မြေတူးနေရသည်အား တွေ့နိုင်ပေမည်။
သို့မဟုတ်ပါက မြင့်မြတ်သန့်စင်လှပါသော ကျင့်ကြံရေးဂိုဏ်းချုပ်တစ်ဦးကို ဂိုဏ်းသို့ မနေ့တစ်နေ့ကမှရောက်လာသည့် ခိုင်းဖတ်တပည့်ငယ်လေးနှင့် ပုခုံးချင်းယှဥ်ကာ ပုဆိန်တို့အား မာန်ပါပါလွှဲခုတ်နေရပြီး လက်ရည်တစ်ပြင်တည်း အတူနားအတူစားနေရသည်ကို မြင်တွေ့ရပေမည်။
ထိုမဟာဂြိုဟ်သားမျိုးနွယ်တို့၏အမြင်တွင် ကျင့်ကြံသူမှန်သမျှသည် သူတို့၏မိုင်းတွင်းများအတွက် အခမဲ့လုပ်သားများသာဖြစ်၏။
လက်ရှိအခြေအနေတွင် အရှေ့ပိုင်းဒေသ၏ မသေမျိုးဂိုဏ်းသုံးခုဖြစ်သော ရွှယ်ထျန်းဂိုဏ်း၊ ရွှမ်ကျီးဓားဂိုဏ်းနှင့် ဓားဆင့်ခေါ်ဂိုဏ်းတို့သာ ဂုဏ်သတင်းကိုအနိုင်နိုင်ထိန်းသိမ်းလျက် ဆက်လက်ရပ်တည်ကျန်ရှိနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူတို့အားလုံးလည်း မိုင်းတူးတပ်ဖွဲ့တွင် ပူးပေါင်းပါဝင်ရတော့မည်မလွဲပေ။
ထိုမိုင်းတွင်း၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် နောက်ကွယ်မှ လူအုပ်၏ စိတ်အားထက်သန်သော ကျိန်ဆဲသံများကို နားထောင်ရင်း တိတ်ဆိတ်စွာ ပုဆိန်ကိုလွှဲခုတ်နေသော အရပ်ရှည်ရှည်အဘိုးအိုတစ်ဦးမှာ ကူကယ်ရာမဲ့စွာ သက်ပြင်းချမိရင်း နှလုံးသားထဲ ခါးသီးမှုကိုခံစားနေရသည်။
ဤနှစ်များကို လည်ပြန်ကြည့်ပါလျှင် သူသည် တစ်ချိန်က စိတ်အားထက်သန်၍ ဂုဏ်အင်ပြည့်ဝသော ကျင့်ကြံသူတစ်ဦးသာဖြစ်ခဲ့ကာ ဂြိုဟ်သားစွမ်းအားရှင်များစွာ၏ ဖိအားပေးမှုများကို တစ်ကိုယ်တည်းကြံ့ကြံ့ခံရင်ဆိုင်ခဲ့ဖူးသည်။ မည်မျှပင် ဆိုးဆိုးရွားရွား ရိုက်နှက်နှိပ်စက်ခံနေရပါစေ ဟွမ်ကျိုးပြည်နယ်၏ဂုဏ်သိက္ခာကိုကာကွယ်ရန် ကျိန်ဆိုခဲ့ဖူးသည်။
ယခုတော့ သူ၏တောင်ဖြိုဂိုဏ်းသည်လည်း တင်သွင်းရမည့်ပမာဏကို မပြည့်မီနိုင်ခဲ့လေရာ ထိုသန်မာအားကောင်းသော ဂြိုဟ်သားစွမ်းအားရှင်တို့လက်ထဲကျရောက်ကာ ဤမိုင်းတွင်းဆီ ပစ်ထည့်ခံလိုက်ရခြင်းဖြစ်၏။ နေ့စဥ်နှင့်အမျှ အကြားအလပ်မရှိနေသော စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတို့အောက်တွင် သူတဖြည်းဖြည်း စကားနည်းတိတ်ဆိတ်လာကာ မျက်နှာအိုအိုမှာလည်း ဘဝအပေါ် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။
ယခုအချိန် သူ့ကိုလာကြည့်မိပါလျှင် တစ်ချိန်က ဟွမ်ကျိုးပြည်နယ်တစ်လွှား အိုးရန်ဖုန့်ဟု နာမည်တစ်လုံးဖြင့်ကျော်ကြားခဲ့သော၊ ဟွမ်ကျိုး၏ဒုတိယအကြီးဆုံးဂိုဏ်း တောင်ဖြိုဂိုဏ်း၏ဘိုးဘေးဖြစ်သည်ဟု မည်သူကခန့်မှန်းနိုင်ပါဦးမည်နည်း။
လောကတွင် ဘာကိုမှ အတည်တကျခန့်မှန်းထားလို့မရ။
ဘဝတစ်လျှောက်လုံး ကြုံခဲ့ရသောအဖြစ်အပျက်များကို ပြန်လည်တွေးတောရင်း အိုးရန်ဖုန့်၏နှလုံးသားမှာ မသက်မသာတင်းကျပ်လာရသည်။
ကောင်းကင်နှင့်ကမ္ဘာမြေ၏ ကြီးမားသောအပြောင်းအလဲများအပြီး သူသည်လည်း မသေမျိုးအခွင့်အရေးများစွာ လက်ဝယ်ရရှိခဲ့ကာ ကျင့်ကြံဆင့်များ ခုန်ပျံကျော်လွှားတိုးတက်နိုင်ခဲ့ပြီး ဉာဏ်အလင်းမသေမျိုးအဆင့်မှ မသေမျိုးအရှင်သခင်အဖြစ် ချိုးဖျက်တက်ရောက်နိုင်ချေရှိသော လက္ခဏာများပြသလာခဲ့သည်။ သို့သော် ထိုမဟာဂြိုဟ်သားမျိုးနွယ်တို့၏အမြင်တွင် သူ့အဆင့်သည်ကား ပါမွှားလောက်ပင်မရှိ။
ထိုမျှကြောက်မက်ဖွယ်ကောင်းသော သက်ရှိသတ္တဝါများ သောင်းချီမသေမျိုးတောင်တန်းကြားတွင် တစ်လျှောက်လုံးပုန်းအောင်းနေခဲ့မည်ဟု ဘယ်သူမှမထင်ထားခဲ့ကြ။
စွမ်းအားကြီးလှပါသည်ဆိုသော ထို ပြန်လည်ရှင်သန်နိုးထလာသူများသည်ပင် အသက်ပင်ရဲရဲမရှူဝံ့စွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရလေသည်မဟုတ်လော။
စိတ်ဓာတ်ကျဖွယ်ရာကောင်းလှပါသည်။
အရှေ့ပိုင်းဒေသ ကျင့်ကြံသူ ၉၉ရာခိုင်နှုန်းခန့်မှာ မိုင်းတွင်းအလုပ်သမားများအဖြစ်သို့ ဘဝပြောင်းနေရပြီဖြစ်ကာ ကျန်တစ်ရာခိုင်နှုန်းမှာတော့ ဖြစ်လာလတ္တံ့အခြေအနေတွင် ရှိလေသည်။
ဤသို့ မှောင်မိုက်မွန်းကျပ်ကာ အညှာအတာကင်းသောပတ်ဝန်းကျင်တွင် အနာဂတ်ဟူသောစကားလုံးကို စကားထဲထည့်ပြောဖို့ပင် အခွင့်အရေးမရှိလေတော့။
တဖြည်းဖြည်း ဆုတ်ယုတ်ပျက်စီးလာသောခန္ဓာကြောင့် အိုးရန်ဖုန့်၏နှလုံးသားမှာလည်း ထုံထိုင်းလေးလံနေရလေပြီ။
သူ့စိတ်ထဲတွင် ရင်းနှီးကျွမ်းဝင်နေသော လူငယ်လေးတစ်ဦး၏ပုံရိပ်ယောင်က ထပ်ဟပ်နေခဲ့သည်။ သူ့ဘဝတွင် အလေးစားရဆုံးပုဂ္ဂိုလ်ဆိုလည်း မမှား။
"အကြီးအကဲယဲ့ ပြန်လာလှည့်ပါတော့..."
အိုးရန်ဖုန့်က တိမ်ဝင်နေသောအသံလေးဖြင့် ရေရွတ်တမ်းတသည်။
အကြီးအကဲယဲ့သည်သာ အရှေ့ပိုင်းဒေသကို ကယ်တင်နိုင်တော့မည်ဖြစ်၏။
ဤသည်မှာ အရှေ့ပိုင်းဒေသ ကျင့်ကြံသူများ ဆက်လက်ခံနိုင်ရည်ရှိစေရန် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။
ဝမ်းနည်းစရာမှာ ရွှယ်ထျန်းဂိုဏ်းကထုတ်လွှင့်ခဲ့သော နောက်ဆုံးသတင်းများအရ အကြီးအကဲယဲ့သည် အချိန်အတော်ကြာကတည်းက အရှေ့ပိုင်းဒေသမှထွက်ခွာကာ အလယ်ပိုင်းဆီသို့ ခရီးနှင်သွားခဲ့လေပြီဟု။
သို့သော် မရေမတွက်နိုင်သောကျင့်ကြံသူများမှာတော့ အကြီးအကဲယဲ့၏အိမ်ပြန်ချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြဆဲဖြစ်ကာ တစ်ချိန်က ခင်းထုတ်ပြသခဲ့သော နတ်ဘုရားစွမ်းရည်တို့ဖြင့် ဤမဟာဂြိုဟ်သားမျိုးနွယ်တို့ကိုလည်း နောက်တစ်ဖန်ပြန်လည်ရှင်းထုတ်ဖို့ မျှော်လင့်နေကြဆဲဖြစ်၏။