အခန်း (၆၅၅)
Vol. 47 Ch. 655
အိုးရန်ဖုန့်၏အတွေးများ ပြန့်ကျဲလာစဥ် မိုင်းတွင်းအပြင်မှာ ဂြိုဟ်သားကြီးကြပ်သူတို့၏ ဒေါသတကြီးကြိမ်းမောင်းသံက ကြားဖြတ်ဝင်ရောက်လာသည်။
"အားလုံးပါးစပ်ပိတ်ကြ၊ ဘာတွေငြင်းခုန်နေကြတာလဲ။ အကုန်သေချင်နေကြပြီလား"
ချက်ချင်းပင် ဆူသံများတိတ်ကျသွားတော့သည်။
လူတိုင်း ပါးစပ်ကိုအသေပိတ်ဆို့ထားရလျက်။
ဤနေရာတွင် ဂြိုဟ်သားမျိုးနွယ်များသည် ကောင်းကင်တမျှအာဏာကြီးပေသည်။ သူတို့၏အမိန့်အာဏာကို ဖီဆန်သူမှန်သမျှ မြန်မြန်သေဖို့ဆုတောင်းရသည်အထိ နည်းမျိုးစုံဖြင့် နှိပ်စက်ကလူပြုကြမည်ပင်။
ဂြိုဟ်သားကြီးကြပ်သူတစ်ဦးက ဟက်ခနဲရယ်ကာ ဘေးကအဖော်ကိုပြောလိုက်သည်။
"တွေ့လား အဲ့အရိုင်းကောင်တွေက အဲ့လိုလေ့ကျင့်ပေးထားမှ တော်ကာကျတာ"
ထိုကြီးကြပ်သူ၏ ခန္ဓာကိုယ်အချိုးအစားမှာ ကောင်းကင်သို့ထိုးတက်နေသော သံမျှော်စင်တစ်ခုအလား ထွားကျိုင်းသန်မာလှသည်။ မြင်သာအောင်ဖော်ပြရလျှင် ပေါက်ကွဲတော့မတတ်စွမ်းအားများဖြင့် ပြည့်နှက်နေသော ကြွက်သားအဖုဖု မျောက်ဝံကြီးဖြင့်တူလှ၏။
ဤသည်မှာ မဟာဂြိုဟ်သားမျိုးနွယ်လေးခုထဲက မျောက်ဘီလူးမျိုးနွယ်ဖြစ်သည်။
မသေမျိုးလိပ်ပြာမျိုးနွယ်တို့၏ စွမ်းအားစုပ်ယူသောစွမ်းရည်ကဲ့သို့ ဤမျောက်ဘီလူးမျိုးနွယ်တို့တွင်လည်း ဆန်းကြယ်စွမ်းရည်တစ်ခုရှိသည်။ ၎င်းမှာ သူတို့ကန့်သတ်ထားသော နယ်ပယ်အတွင်း မည်သည့်ကျင့်ကြံသူမှ မှော်ကျင့်စဥ်အသုံးမပြုနိုင်သည် မှော်သုဥ်းနယ်ပယ်ထုတ်လွှတ်ခြင်းပင် ဖြစ်၏။
ရန်သူတင်မက သူတို့ကိုယ်တိုင်လည်း မှော်ကျင့်စဥ်ထုတ်သုံးလို့မရသည့် စွမ်းရည်ပင်။
ဒါဆို ဘာများအသုံးဝင်ဦးမလဲဟု မေးစရာရှိနိုင်သော်ငြား ထိုမျောက်ဘီလူးမျိုးနွယ်တို့မှာ ကိုယ်ကာယဗလကိုအားကိုးသော ကျင့်ကြံသူများဖြစ်ကြလေရာ သူတို့ခန္ဓာကိုယ်များ၏ ခုခံနိုင်စွမ်းနှင့် အင်အားအရာမှာ ထိပ်တန်းအဆင့်သာဖြစ်၏။
မှော်သုဥ်းနယ်ပယ်ကို ထုတ်လွှတ်လိုက်သည့်အချိန်တွင် သူတို့၏ ကိုယ်ကာယအားသာချက်ကို ပို၍တိုးချဲ့ပေးလိုက်သလိုဖြစ်ရာ လူသားစင်စစ်ကျင့်ကြံသူများမှာ ထိုလူ့ဘီလူးကြီးများကို ယှဥ်တိုက်နိုင်စွမ်းမရှိကြပါချေ။
"မင်းပြောတာမှန်တယ်။ ဒီလိုထိန်းသိမ်းထားမှ ဒီအရိုင်းကောင်တွေ ငြိမ်ငြိမ်ကုပ်ကုပ်မိုင်းတူးပြီး ထျန်းယွမ်သလင်းကျောက်တွေ ပိုပြီးများများရှာပေးနိုင်မှာ" အဖော်ဖြစ်သူကလည်း ထောက်ခံသည်။
"ငါ့မျိုးနွယ်တွေဆီက သတင်းကြားထားသလောက် ဒီကာလအတွင်း ထျန်းယွမ်သလင်းကျောက်တွေ အများကြီးရနေလို့ ယဇ်ကောင်ဝိညာဥ်တွေလည်း အခြေအနေတော်တော်တိုးတက်လာတယ်ကြားတယ်။ သူတို့ဘေးကင်းပြီး အဆင်ပြေပြေရှိနေမှ ငါတို့မျောက်ဘီလူးမျိုးနွယ်လည်း ရေရှည်ဆက်တည်တံ့မှာလေ"
"ဟုတ်တယ် မဟာယဇ်ကောင်ဝိညာဥ်တွေကို ကောင်းကောင်းမြှောက်စားပေးရမယ်"
ထိုစဥ် ရုတ်တရတ်ဆိုသလို ကြောက်မက်ဖွယ်ဓားအလင်းတန်းတစ်ခုက လှစ်ခနဲဖြတ်ဝင်လာကာ ထိုမျောက်ဘီလူးနှစ်ကောင် တုံ့ပြန်နိုင်စွမ်းမရှိခင်မှာပင် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားရတော့လေ၏။
ထိုခေါင်းပြတ်အလောင်းများကြားတွင် လီဝူကျယ်က ဓားရှည်ကောက်ကြီးကိုကိုင်လျက် ခပ်မိန့်မိန့်ပြုံးကာပေါ်လာသည်။
"ဟဲဟဲ ငါ့ဆရာသခင် စပြီးလှုပ်ရှားလိုက်တာနဲ့ မင်းတို့ပြောနေတဲ့ယဇ်ကောင်ဝိညာဥ်တွေလည်း သေခါနီးဒုက္ခိတလေးတွေ ဖြစ်ကုန်ကြမှာပါ"
ထို့နောက် သူမိုင်းတွင်းထဲလှမ်းကြည့်ကာ အော်လိုက်သည်။
"တာအိုရောင်းရင်းတို့ ထွက်လာခဲ့ကြတော့၊ မသေမျိုးမဟာမိတ်တပ်က ခင်ဗျားတို့ကိုကယ်ဆယ်ဖို့ ရောက်ရှိလာပြီ"
အော်ခေါ်သံကို ကြားပါသော်ငြား မိုင်းထဲမှကျင့်ကြံသူတို့သည် တစ်ယောက်ကိုတစ်ယောက်သာ ကြောင်တက်တက်လှည့်ကြည့်လျက် ဂြိုဟ်သားကြီးကြပ်သူများ သူတို့ကိုတမင်တကာလှည့်စားပြီး ခေါ်ထုတ်နေသလားဟု အတွေးဝင်မိကြသည်။
မယုံရသည့် အဓိကအကြောင်းရင်းမှာတော့ အရှေ့ပိုင်းဒေသတွင် မသေမျိုးမဟာမိတ်တပ်ဆိုသည်ကို ကြားပင်မကြားဖူးခြင်းပင်။ ထို့ကြောင့် သူတို့အားလုံးမှာ ထူးဆန်းသည်ဟုတွေးမိရုံမှအပ ယုံကြည်ချင်စိတ်ကတော့ ရှိမလာ။
လီဝူကျယ်မှာ လက်မလျှော့စွာ အခေါက်ခေါက်အခါခါအော်ခေါ်နေပါသော်ငြား တုံ့ပြန်သံတစ်ချက်ပင် ပြန်မလာလေသောအခါ သူအလွန်အမင်း ဒေါပွလာတော့သည်။
"ဘာတွေဖြစ်နေတာလဲ" ဟုန်ချန်ယဲ့က မျက်မှောင်ကြုတ်လျက်သားဖြင့် ရောက်လာသည်။
"ဟမ့် အထဲကကောင်တွေ ကြောက်ချီးပါပြီး ထွက်မလာရဲကြတာလေ" လီဝူကျယ်က မကျေမနပ်တိုင်တန်းသည်။
"ဘာတွေဖြစ်နေတာလဲ"
ထိုစဥ် ကင်းလှည့်လာသော မျောက်ဘီလူးတစ်ကောင်သည် ဆူညံသံများကို သတိထားမိဟန်ဖြင့် မိုင်းတွင်းအနီးသို့ စူးစမ်းဖို့ချဥ်းကပ်လာသည်။
မိုင်းတွင်းဝမှ သူ့မျိုးနွယ်ဝင်များ၏ ခေါင်းပြတ်အလောင်းများကို မြင်လိုက်သောအခါ ရုတ်ချည်း ဒေါသထွက်ကုန်ကြသည်။ ကျင့်ကြံသူကများ ကြီးကြပ်သူတွေကို ပြန်တိုက်ခိုက်ရဲသလား။
ဒါက ပုန်ကန်မှုအကြီးစားပဲ။
"သူတို့ကိုသတ်" ခေါင်းဆောင်ငယ်တစ်ဦးက ကြွေးကြော်လာသည်။
ကင်းလှည့်တပ်ဖွဲ့မှာ မှော်သုဥ်းနယ်ပယ်ကို တစ်ယောက်ပြီးတစ်ယောက်ထုတ်လွှင့်လိုက်ကြကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးအုပ်လိုက်တော့၏။
"ဟင် မှော်ကျင့်စဥ်တွေ ထုတ်မရတော့ပါလား"
ဟုန်ချန်ယဲ့သည် လက်ဖဝါးထဲမှ ချုပ်ငြိမ်းသွားသောမီးတောက်လေးကိုကြည့်ရင်း မျက်နှာသွင်ပြင်မှာလည်း ထိတ်လန့်သွားဟန်ရှိသည်။
"ဟားဟား မင်းတို့မျက်လုံးတွေကို သေချာဖွင့်ပြီး ကြည့်နေလိုက်"
ဟုန်ချန်ယဲ့တစ်ယောက် အမွေးနုတ်ခံလိုက်ရသောဖီးနစ်ငှက်ကဲ့သို့ အတောင်ကျုံ့သွားသည်ကိုကြည့်ပြီး လီဝူကျယ်က ကျေနပ်စွာပြုံးလျက် ကြွားဝါရမည့်အချိန်ကို အမိအရယူသည်။
တာအိုကျင့်ကြံသူတစ်ဦးအနေဖြင့် မှော်ကျင့်စဥ်ကို ထုတ်မသုံးနိုင်တော့ဘူးဆိုလျှင်တောင် သူ့လက်ထဲတွင် လက်စွဲတော်ဓားရှည်ရှိနေသရွေ့ သူ၏ အားအကောင်းဆုံးတိုက်ကွက်များကို ထုတ်သုံးနိုင်နေဦးမည်ပင်။
"ရှုပ်ထွေးကောင်းကင် ဓားပညာ"
လီဝူကျယ်သည် သူ၏ ထူးကဲအဆင့်ဓားတိုက်ကွက်ပညာကို ပုံဖော်လိုက်ကာ ကောင်းကင်အဆင့်ဓားစိတ်ဆန္ဒ၏ ကောင်းချီးအောက်တွင် စိတ်ပင်မကူးနိုင်သော စွမ်းအားအဟုန်ကို ထုတ်ဖော်လိုက်သည်။
ထိုဓားချက်ကို တောင့်တင်းသန်မာလှချည်ရဲ့ဆိုသော မျောက်ဘီလူးခန္ဓာများပင် တောင့်ခံနိုင်စွမ်းမရှိခဲ့ကြ။
"အား..."
အော်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
မကြာမီပင် ထိုမျောက်ဘီလူးတစ်ဖွဲ့မှာလည်း ရှင်းလင်းသတ်ဖြတ်ခံလိုက်ရကာ သူတို့၏ အသုံးမဝင်လိုက်သော မှော်သုဥ်းနယ်ပယ်များနှင့်အတူ ပြိုလဲသွားရလေ၏။
"တွေ့လား ဒါက ဓားကျင့်ကြံသူတစ်ယောက်ရဲ့အားသာချက်ပဲ။ မင်းလို ကစားစရာမီးတောက်လေးရှိနေမှ အစွမ်းရှိတာမျိုးမဟုတ်ဘူးကွ"
လီဝူကျယ်က ကျော့ရှင်းစွာပြန်လှည့်လာပြီး ဟန်ရေးပြကြွားဝါသည်။
ဟုန်ချန်ယဲ့သည် နှုတ်ခမ်းနည်းနည်းတွန့်ကာ အေးစက်စက်ဖြင့် ဟွန့်ခနဲတစ်ချက်နှာမှုတ်လျက် လျစ်လျူရှုဖို့သာရွေးချယ်လိုက်သည်။
ဒီအချိန် သူဘာပြောပြော တစ်ဖက်လူ၏မောက်မာမှုကို ထပ်တိုးပေးလိုက်သလိုသာဖြစ်မည်ပင်။ တိတ်တိတ်နေတာကောင်းသည်။
"ဟဲဟဲ ပြန်မပြောနိုင်တော့ဘူးမလား"
လီဝူကျယ်မှာ အောင်ပွဲအကြီးကြီးကိုသိမ်းပိုက်လိုက်နိုင်သော ခံစားချက်ဖြင့် အင်မတိအင်မတန် ကျေနပ်အားရလျက်ရှိ၏။
ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့ အရမ်းကိုမှ ဂုဏ်ယူမိပါတယ်။
ဟုန်ချန်ယဲ့က စိတ်တိုတိုဖြင့် တစ်ဖက်လူကိုတိုက်ရိုက်ပြန်မပြောဘဲ မိုင်းတွင်းအထဲကိုသာ ဒေါသများပုံချ၍ အော်ဟစ်လိုက်သည်။
"အထဲကအားလုံးပဲ ထွက်ခဲ့ကြတော့။ အဲ့တွင်းထဲမှာ သေတဲ့အထိဆက်နေကြဦးမလို့လား"
မိုးခြိမ်းသံအလား မိုင်းတွင်းတစ်ခုလုံးကိုပင် တုန်ခါသွားစေသည့်အသံ။
နောက်ဆုံးတွင် မိုင်းတွင်းဝ၌ တစ်ယောက်ပြီးတစ်ယောက် ပြူတစ်ပြူတစ်ထွက်လာကုန်ကြသည်။ အလွန်သတိကြီးစွာ ခေါင်းလေးများသာထုတ်ကြည့်လျက် မျက်လုံးတို့မှာ သံသယစိတ်အပြည့်ဖြင့်။
လှည့်ကွက်ဖြစ်နေမှာကိုလည်း စိုးရသေးသည်မဟုတ်လော။
ထိုအထဲမှ ကျင့်ကြံသူတချို့သည် အနီရောင်ပုံရိပ်လေးအား တစ်စွန်းတစ်စမြင်လိုက်ရသည်နှင့် မိုးကြိုးပစ်ခံရသည့်အလား တောင့်ခနဲဖြစ်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်ကုန်ကြလေသည်။
"နတ်သမီးဟုန် နတ်သမီးဟုန်လာတယ်ဟေ့"
ထိုစကားများကိုကြားလိုက်ရချိန်တွင် ကျင့်ကြံသူတို့မှာ ပထမတော့ တောင့်တင်းသွားသေးသော်ငြား ထို့နောက် အပျော်ကြူးကုန်ကြလေသည်။
နတ်သမီးဟုန်ဆိုတာ ဘယ်သူမလို့လဲ။ တစ်ချိန်က အရှေ့ပိုင်းဒေသရဲ့ မရေမတွက်နိုင်တဲ့ယောက်ျားသားတွေရဲ့ အိပ်မက်ထဲကချစ်သူ။
အဓိကအချက်မှာ သူမသည် အကြီးအကဲယဲ့၏ အကြီးဆုံးတပည့်မ ဖြစ်သည်ပင်။
နတ်သမီးဟုန်ရောက်ရှိလာခြင်းသည် အကြီးအကဲယဲ့ရောက်ရှိလာခြင်းသာ ဖြစ်ပေ၏။
ရင်းနှီးကျွမ်းဝင်နေပါသော်ငြား ယခုထိ နားထဲကန့်လန့်ဝင်လာဆဲဖြစ်သည့်နာမည်ကို ကြားလိုက်ရသောအခါ ဟုန်ချန်ယဲ့ နှာခေါင်းရှုံ့သွားပြီး မိုင်းတွင်းတစ်ခုလုံးကို မီးလောင်တိုက်သွင်းလိုက်ရမလားဟု စဥ်းစားမိသည်။
"နတ်သမီးလေးဟုန်"
သူတို့ကြားတွင် အိုးရန်ဖုန့်သည် အလွန်တက်ကြွဝမ်းမြောက်စွာဖြင့် ရူးသွပ်နေသည့်အလား အရှေ့သို့တိုးထွက်ပြေးတက်လာကာ မျက်ရည်အဝိုင်းသားဖြင့် အော်ဟစ်မေးမြန်းသည်။
"ကျွန်တော်မေးပါရစေ အကြီးအကဲယဲ့ပြန်လာပြီလားခင်ဗျာ"
နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
ကျင့်ကြံသူများမှာ နှလုံးသားတို့ လည်ချောင်းထိဆို့တက်လာသည့်အလား ခံစားချက်ဖြင့် အဖြေကို မရဲတရဲစောင့်မျှော်နေကြလျက်။
ဟုန်ချန်ယဲ့က အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး အလေးအနက်ပြောကြားလာသည်။
"ဆရာသခင်က ဒီဘက်ကပြဿနာတွေကို အကြောင်းစုံသိပြီးတာနဲ့ အရှေ့ပိုင်းဒေသဆီခရီးနှင်ခဲ့တာပါ။ အခုဆိုရင်သူက သောင်းချီမသေမျိုးတောင်တန်းတွေဆီ ခရီးဆက်နေပြီး ပြဿနာအရင်းအမြစ်ကိုဖြေရှင်းဖို့ တာဝန်ယူထားပါတယ်"
ထူးဆန်းစွာပင် ထိုစကားတို့အဆုံး၌ ကျင့်ကြံသူအပေါင်းသည် သစ်သားရုပ်တုများအလား မည်သည့်တုံ့ပြန်မှုမှမပြသနိုင်ဘဲ အကြောင်သားရပ်ကြည့်နေမိကြလေသည်။
ဆယ်စက္ကန့်မျှကြာသည်အထိ ကြောင်အနေပြီးမှ လူအုပ်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။
ကျင့်ကြံသူတို့မှာ ငိုချင်စိတ်ကိုထိန်းမရနိုင်စွာ နှလုံးသားထဲ ပြည့်သိပ်ဖုံးဖိထားရသော ခံစားချက်တို့ကို ဒလဟောသွန်ထုတ်လျက် နတ်ဘုရား၏ လာရောက်ကယ်တင်ခြင်းခံရသော ကိုးကွယ်ယုံကြည်သူများအလား တစ်ယောက်ပြီးတစ်ယောက် ဝမ်းမြောက်ခြင်းကြီးစွာ ဟစ်အော်ငိုကြွေးကြကုန်၏။
"ကောင်းလိုက်တာ အကြီးအကဲယဲ့က နောက်ဆုံးတော့ပြန်ရောက်လာပြီ"
"ငါတို့အားလုံး ဘေးကင်းပါပြီ"
ဆူနာမီမုန်တိုင်းအလား အော်သံများသည် ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခါစေတော့မတတ် ကျယ်လောင်အားပြင်းလှ၏။ '
"အကြီးအကဲယဲ့..."
အိုးရန်ဖုန့်မှာ မျက်ရည်အသွင်သွင်စီးကျလျက် ကောင်းကင်ထက်မော့ကြည့်ကာ ရေခဲတမျှအေးစက်သောအမှောင်ထုကြီး လွင့်ပြယ်ကြည်လင်လာသည်အား ရင်နှင့်အမျှခံစားမိသည်။ ထွန်းသစ်စအလင်းရောင်ကား သူတို့ဘဝထဲထိတိုင် ဖောက်ထွင်းဝင်ရောက်လာလေပြီ။
အဘယ့်ကြောင့်ဆိုသော်...
ထိုအမျိုးသား၊ သူပြန်လာခဲ့လေပြီ။