← Chapters

ပေါင်းစည်းညီညွှတ်ခြင်း

Vol. 47 Ch. 656

ပေါင်းစည်းညီညွှတ်ခြင်း

Vol. 47 Ch. 656

ရွှမ်ကျီးဓားဂိုဏ်း။

လေထုသည် ထိတ်လန့်သည်းဖိုမှုဖြင့် ပြည့်နှက်နေကာ ပတ်ဝန်းကျင်တစ်ခုလုံး ထိုင်းမှိုင်းလေးလံနေလျက်ရှိသည်။

ဟောခန်းမအတွင်း ဆွေးနွေးစကားသံများ စီစီညံလျက်ရှိကာ အကြီးအကဲများမှာ စိုးရိမ်ပူပန်စိတ်ဖြင့် ဖိစီးနေကြဟန်ရှိ၏။

"အားလုံးပဲ ကျုပ်တို့ဒီလတင်သွင်းရမဲ့ပမာဏကို အချိန်မီမဖြည့်နိုင်ရင် အဲ့ဒီဝိညာဥ်မျက်လုံးမျိုးနွယ်တွေရှေ့ ဘယ်လိုသွားရှင်းပြရပါ့မလဲ"

"ကျုပ်ပြောတယ်မလား အဲ့ဒီဂြိုဟ်သားမျိုးနွယ်တွေက ရည်ရွယ်ချက်ရှိရှိလုပ်နေကြတာ။ လစဥ်ပေးသွင်းရမဲ့ပမာဏက တစ်လပြီးတစ်လ ပိုပိုမြင့်လာမှတော့ လမ်းဆုံးမှာမိုင်းတွင်းပဲရှိတော့မှာပေါ့"

"ဟင်း အဲ့လိုဆိုတော့ကော ကျုပ်တို့ကဘာပြန်လုပ်နိုင်မှာမလို့လဲ။ စည်းမျဥ်းတွေကို သူတို့ပဲသတ်မှတ်ထားတာလေ။ အနှေးနဲ့အမြန် ညှင်းပန်းနှိပ်စက်ခံရမှာ အသိသာကြီးပဲ"

"ပြီးပြီ အခု ကျုပ်တို့အားလုံး မိုင်းတူးသမားတွေဖြစ်ဖို့နီးနေပြီ"

…

သောင်းချီမသေမျိုးတောင်တန်းများမှ မဟာဂြိုဟ်သားမျိုးနွယ်စုလေးခုမှာ မသေမျိုးလိပ်ပြာမျိုးနွယ်၊ မျောက်ဘီလူးမျိုးနွယ်၊ ဝိညာဥ်မျက်လုံးမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်တို့ဖြစ်ကြသည်။

ရွှမ်ကျီးဓားဂိုဏ်းကို ဖိနှိပ်အကျပ်ကိုင်နေသော ဂြိုဟ်သားမျိုးနွယ်မှာ ဝိညာဥ်မျက်လုံးမျိုးနွယ်ဖြစ်၏။

ယခုချိန်တွင် မပြည့်မီသေးသော သလင်းကျောက်ပမာဏကြောင့် အကြီးအကဲများအားလုံး စိုးရိမ်ကြီးစွာ ခေါင်းမီးတောက်လျက်ရှိကာ ဘေးကြီးကြီးတစ်ခု နီးကပ်ဆိုက်ရောက်လာလေပြီဟု ခံစားနေကြရသည်။

အင်အားစုအားလုံးနီးပါး မိုင်းတွင်းဆီသို့ တစ်စုတစ်စည်းတည်း တွန်းပို့ခံနေရပြီဖြစ်ကာ အဆင့်မြင့်ဂိုဏ်းသားများကိုပင် ချန်လှပ်ထားလေ့မရှိ။

အရှေ့ပိုင်းဒေသကြီးတစ်ခုလုံးမှာ မိုင်းလုပ်ငန်းအကြီးစားကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားရလေပြီ။

ရွှမ်ကျီးဓားဂိုဏ်းမှာ အစပိုင်းကတည်းက သတ်မှတ်ပမာဏကိုပြည့်မီဖို့ အနိုင်နိုင်ကြိုးစားခဲ့ရသည်ဖြစ်ရာ ဝိညာဥ်မျက်လုံးမျိုးနွယ်ဘက်မှ တမင်တကာလှည့်ကွက်ဆင်ကာ ထျန်းယွမ်သလင်းကျောက်ဆက်သွင်းရမည့်ပမာဏကို တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက်တိုးမြှင့်လာလေရာ ဆက်ပြီးတောင့်ခံနိုင်စွမ်းမကျန်တော့သည့်အခြေအနေသို့ ဆိုက်ရောက်လာလေသည်။

ဤလကုန်တွင်တော့ ရွှမ်ကျီးဓားဂိုဏ်းသည် မရပ်မနားတိုးမြင့်လာသော ဖိအားတို့အောက်တွင် ကူကယ်ရာမဲ့ဖြစ်လျက်ရှိလေပြီ။

ဝိညာဥ်မျက်လုံးမျိုးနွယ်တို့၏ အကျင့်အရ မကြာမီမှာပင် အတင်းအကျပ်ဖိအားပေးတောင်းဆိုဖို့ ရောက်လာနိုင်သည်။ ဂိုဏ်းအတော်များများ၏ အကြီးအကဲများမှာ ထိုကိစ္စဖြင့်သာ နေ့မနားညမနား ပူပန်နေရတော့၏။

ထျန်းယွမ်သလင်းကျောက်မိုင်းတွင်းကဲ့သို့ နေရာမျိုးတွင် မသေမျိုးဘုရင်တစ်ပါးသည်ပင် သေသည်အထိခိုင်းစားခံရမည်သာ။ တစ်ရက်ပြီးတစ်ရက် အဆုံးစွန်ထိတွန်းပို့ခံနေရသော အခြေအနေတွင် စိတ်နှင့်ခန္ဓာတို့ ဆိုးရွားစွာ ထိခိုက်ပျက်စီးကာ ပြိုလဲကျသွားသည့်အခါတွင်တော့ ထိုရုပ်အလောင်းဝယ် ချီစွမ်းအင်ပင် မြူမှုန်မျှကျန်ရစ်လေတော့မည်မဟုတ်။

ထိုမိုင်းတွင်းများမှာ သူတို့အတွက်တော့ ငရဲတွင်းများသာဖြစ်၏။

သူတို့သည်လည်း ပြန်လမ်းမရှိသော ထိုတွင်းများထဲခြေချကာ ဂြိုဟ်သားတို့၏ ခိုင်းနွားခိုင်းမြင်းများ ဖြစ်မလာလိုပါ။ သို့သော် ရွေးချယ်စရာမရှိသည်လေ။

"မဟာအကြီးအကဲ ကျုပ်တို့ဒီလိုပဲထိုင်ပြီး သေမဲ့နေ့ကိုစောင့်နေကြတော့မှာလား"

ရွှယ်ကျီးဓားဂိုဏ်းချုပ်က အံတင်းတင်းကြိတ်ကာ ဟောခန်းမ၏အမြင့်ဆုံးထက်ထိုင်နေသော ပုဂ္ဂိုလ်တစ်ဦးအား ဦးညွှတ်မေးခွန်းထုတ်သည်။

ဆီးနှင်းဖြူကဲ့သို့ စင်ကြယ်သောဝတ်ရုံကိုဝတ်ဆင်ထားသည့် မျက်နှာထားတင်းတင်းရှိသော ထိုလူသည် ခန်းမထိပ်တွင် တင်ပျဥ်ခွေထိုင်နေခဲ့ကာ ဓားစိတ်ဆန္ဒမှ ဖွဲ့စည်းလားသောဆီးနှင်းမှုန်များက သူ့ဘေးပတ်ပတ်လည်တွင် ဝဲပျံလျက်ရှိသည်။ ငြိမ်သက်အေးဆေးသော နှင်းမုန်တိုင်းတစ်ခုကဲ့သို့ အိပ်မက်ဆန်ဆန်လှပပါသည့် မြင်ကွင်းတစ်ခုပင်။

ထိုသူမှာ ရွှမ်ကျီးဓားဂိုဏ်း၏ မဟာအကြီးအကဲဖြစ်သော ရွှယ်ဝူဟန်ပင်။

ယဲ့ကျွင်းလင်တစ်ယောက် အရှေ့ပိုင်းဒေသမှ ထွက်ခွာသွားချိန်တွင် ရွှယ်ဝူဟန်သည် ကံကောင်းထောက်မစွာဖြင့် အလွန်အကျိုးအမြတ်ကြီးသော မသေမျိုးအခွင့်အလမ်းတစ်ခုကို လက်ဝယ်ရရှိခဲ့သည်။ ထိုအခွင့်အလမ်းက သူ၏ကျင့်ကြံဆင့်ကို ကောင်းကင်သို့ထိုးတက်သွားသည့်အလား မြင့်မားစေရုံသာမက သူ၏ လေနှင့်ဆီးနှင်း ဓားစိတ်ဆန္ဒသည်လည်း ပြည့်စုံခြင်းအဆင့်ထိ တိုးမြင့်သွားခဲ့သည်။ သူ၏ ကိုယ်ပိုင်ဖန်တီးမှုတစ်ခုဖြစ်သော ရေခဲဝိညာဥ်ဓားကျင့်စဥ်နှင့် ပေါင်းစည်းလိုက်သောအခါ အ‌ရှေ့ပိုင်းဒေသတွင် အလွန်ကျော်ကြားလူသိများခဲ့သည်ပင်။

ယခုအချိန်တွင် ရွှယ်ဝူဟန်မှာ စစ်မှန်သောမသေမျိုးအဆင့်ကိုကျော်လွန်၍ ထိပ်တန်းမသေမျိုးအရှင်သခင်တစ်ပါးအထိ တက်ရောက်နိုင်ပြီးဖြစ်ကာ သာမန်မသေမျိုးဘုရင်များကို ဓားတစ်ချက်စာဖြင့် လွှဲခုတ်ရှင်းထုတ်နိုင်သည်အထိ ကြောက်မက်ဖွယ်စွမ်းအားကြီးလာသည်။

အရှေ့ပိုင်းဒေသ၏ ပတ်ဝန်းကျင်အခြေအနေမှာ အလယ်ပိုင်းဒေသထက် များစွာနောက်ကောက်ကျလှပါသော်လည်း ထိုနိမ့်ကျသော ပတ်ဝန်းကျင်တွင်ပင် သူသည် စစ်မှန်သောမသေမျိုးအဆင့်ကို ချိုးဖျက်ဖောက်ထွက်နိုင်ခဲ့လေရာ ဝမ်းတွင်းပါရမီ မည်မျှပြည့်ဝလှကြောင်း သိနိုင်ပေ၏။

လက်ရှိအချိန်တွင် ရွှယ်ဝူဟန်မှာ မျက်မှောင်ကြုတ်လျက်သားဖြင့် တစ်ခုခုပြန်ပြောတော့မည်အပြု ခန်းမအပြင်ဘက်မှ လှောင်ပြောင်သံတစ်ခုက ဝင်ရောက်လာသည်။

"ကောင်းပါလေ့ မင်းတို့ခိုင်းနွားတွေအကုန် ဒီရောက်နေကြတာကိုး"

ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက ဒီရေအလား မြင့်တက်ပြန့်ပွားလာကာ ခန်းမတွင်းရှိအကြီးအကဲများကို ကြက်သီးဖြန်းဖြန်းထစေလျက် ဦးရေပြားတို့ ထုံကျဥ်တောင့်ခဲသွားစေ၏။

ဂိုဏ်းချုပ်၏မျက်လုံးများမှာလည်း ကြောက်စိတ်ဖြင့်ပြူးကျယ်လာကာ အထစ်ထစ်အငေါ့ငေါ့ ဆိုသည်။

"ဝိ..ဝိညာဥ်မျက်လုံးမျိုးနွယ်တွေ ရောက်လာကြပြီ"

"ဟမ့်"

ရွှယ်ဝူဟန်၏မျက်လုံးများတွင် စိုးရိမ်စိတ်တို့ လက်ခနဲဖြတ်ပြေးသွားကာ ခန်းမအပြင်သို့ အမြန်လှမ်းကြည့်လိုက်သည်။ ဂိုဏ်းအတွင်းသို့ ချင်းနင်းဝင်ရောက်လာကြသော ပုံရိပ်ဒါဇင်ခန့်ကို မြင်တွေ့လိုက်ရချိန်တွင် သူ့မျက်လုံးတို့ ကျဥ်းမြောင်းသွားခဲ့ရ၏။

ထိုမျိုးနွယ်တို့၏ ပုံပန်းသဏ္ဌာန်ကား လူသားများနှင့် ဘာမှမကွဲပြား။ ချွင်းချက်အဖြစ် မျက်လုံးများကတော့ မှင်လောင်းထားသည့်အလား အတိနက်မှောင်ကာ အနီးကပ်အကဲခတ်ကြည့်ပါလျှင် သင်္ကေတဖျော့ဖျော့မှိန်မှိန်များကို မြင်ရနိုင်သည်။ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများကို သိုဝှက်ထိန်းသိမ်းထားသည့်အလား။

ဦးဆောင်လာသောအမျိုးသားသည် အရိုးခေါင်းနားဆွဲတစ်ခုကို ဝတ်ဆင်ထားကာ ထိပ်တန်းမသေမျိုးဘုရင်တစ်ပါး၏အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထိုသူ၏အကြည့်က ခန်းမတစ်ခုလုံးစီ တစ်ချက်ဝေ့ဝိုက်သွားချိန်တွင် နှုတ်ခမ်းထက် ကစားလှောင်ပြောင်လိုသော မခိုးမခန့်အပြုံးတစ်ခုပေါ်လာသည်။

"ရွှယ်ဝူဟန်၊ ငါဒီကိုဘာလို့ရောက်လာသလဲ သိရဲ့မဟုတ်လား။ ငါ့လူတွေကို လှုပ်ရှားခိုင်းလိုက်ရတော့မလား ဒါမှမဟုတ် မင်းတို့နာနာခံခံပူးပေါင်းချင်သလား။ တစ်ခုရွေး"

ဝိညာဥ်မျက်လုံးမျိုးနွယ် စွမ်းအားရှင်တို့မှာ ဝင်လာကတည်းက သွေးကြွနေကြပြီဖြစ်လေရာ ရွှမ်ကျီးဓားဂိုဏ်းသားများမှာ ဒေါသတကြီးခွန်းတုံ့ပြန်ဖို့ပင် မစွမ်းသာခဲ့။

ရွှယ်ဝူဟန်၏အမူအရာကလည်း တင်းမာလျက်ရှိသည်။

"မင်းတို့ဂြိုဟ်သားမျိုးနွယ်တွေ ငါတို့အရှေ့ပိုင်းဒေသရဲ့ မြစ်မင်းတောင်တန်းတွေကို ဖြိုဖျက်နင်းချေနေကြတာ အကြီးအကဲယဲ့သာပြန်လာရင် မင်းတို့အားလုံး မုချသေကြရမှာပဲ"

နားဆွဲနှင့်လူက ပထမတစ်ချက်တော့ တောင့်တင်းသွားပြီးမှ ခပ်လှောင်လှောင်ရယ်မောသည်။

"ငါလည်းတွေးနေတာ မင်းတို့ပြောပြောနေတဲ့အကြီးအကဲယဲ့ဆိုတာ ဘယ်သူမလို့ ပုရွက်ဆိတ်တွေအကုန် ဒီလောက်ကိုးကွယ်နေကြတာလဲလို့"

"မျှော်လင့်မနေကြပါနဲ့တော့။ အဲ့လူပြန်လာလည်း ငါတို့လက်ထဲအကုပ်ခံရပြီး မိုင်းတွင်းထဲ မင်းတို့နဲ့အတူလာအလုပ်လုပ်ရမှာပဲလေ"

ထိုစကားများအဆုံးတွင် လူတိုင်း အံတင်းတင်းကြိတ်လိုက်မိကြကာ ကြောက်စိတ်ကို ဒေါသဖြင့်အစားထိုးခံလိုက်ရသလို ခံစားလိုက်ရ၏။

သူတို့ကိုစော်ကားလျှင် ငြိမ်ခံနိုင်သေးသော်လည်း အကြီးအကဲယဲ့ကိုတော့ စကားနှင့်ပင် အထိမခံနိုင်။

ထိုပုဂ္ဂိုလ်သည် အရှေ့ပိုင်းဒေသ ကျင့်ကြံသူများ၏ နှလုံးသားထဲက ဝိညာဥ်လမ်းပြမီးအိမ်ဖြစ်၏။

ရွှယ်ဝူဟန်၏ မျက်နှာအမူအရာ တောင့်ခဲသွားကာ လက်ဖဝါးသည် ခါးထက်မှဓားရိုးအား တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲတိုက်ကိုဖွင့်ချလိုက်သည့်အလား ရှေးဟောင်းအရှိန်အဝါအေးစက်စက်ဖြင့် ပေါက်ကွဲထွက်လာတော့သည်။

ဓားရှည်ကို ချက်ချင်းဆွဲထုတ်လိုက်ကာ ထိုဝိညာဥ်မျက်လုံးမျိုးနွယ်များဖြင့် သေသည်အထိတိုက်ခိုက်လိုပါသော်ငြား ထိုလုပ်ရပ်သည် စစ်ကြေညာလိုက်ခြင်းသာဖြစ်သည်။ တစ်ဖက်အဖွဲ့နှင့်ယှဥ်ပါက သူ့ဂိုဏ်းသားများမှာ ကလေးနှင့်လူကြီးအလား အားမမျှလှပေ။

သို့သော် မိုင်းတွင်းထဲအပို့ခံလိုက်ရပြန်လျှင်လည်း သေခြင်းတရားကို အချိန်ဆွဲထားရုံမျှသာပင်။

ရွယ်ဝူဟန်သည် သေရမည်ကိုနည်းနည်းမှမကြောက်။ သို့သော် သူ၏အမှားတစ်ခုကြောင့် ဂိုဏ်းတစ်ခုလုံး၏ကံကြမ္မာကို ဖျက်ဆီးလိုက်သလိုဖြစ်သွားမည်ကိုတော့ ကြောက်သည်။ သူတို့လက်နက်ချလိုက်ပြီးလျှင် အကြီးအကဲယဲ့ အရှေ့ပိုင်းသို့ပြန်လာကာ သူတို့အကုန်လုံးကို လာရောက်ကယ်ဆယ်ပေးဦးမည်ဟူသာ မျှော်လင့်ချက်ယဲ့ယဲ့လေးတော့ ကျန်ရှိနေဦးမည်သာ။

All Chapters