အခန်း (၆၅၇)
Vol. 47 Ch. 657
"ဟဲဟဲ ခုခံချင်သေးတာလား"
နားဆွဲနှင့်လူက လှောင်ရယ်သံပြုကာ အင်္ကျီလက်ဖျားစကို တစ်ချက်ပုတ်ခါလိုက်သည်။
ဝှစ်
ခရမ်းရင့်ရောင်လေပြင်းတစ်ချက် ဖြတ်တိုက်သွားကာ ရွှယ်ဝူဟန်မှာ နောက်သို့ဆုတ်ကန်၍ သွေးတစ်ပွက်အန်ချလိုက်ရသည်။
"မဟာအကြီးအကဲ"
လူတိုင်း စိုးရိမ်ပူပန်ကာ ဒေါသလည်းထွက်သွားကြသည်။
"အခုကျ ဘာလို့ပြန်မတိုက်ရဲတာလဲ။ ဂိုဏ်းတစ်ခုလုံး အဖြုတ်ခံရမှာကိုတော့ ကြောက်တတ်သေးတာပေါ့။ ဒါဆိုရင်ရော ခုနကဘာလို့ခေါင်းမာနေသေးတာလဲ။ ရယ်စရာကောင်းလိုက်ပုံများ"
နားဆွဲနှင့်လူက မထီမဲ့မြင်အကြည့်ဖြင့် ပြက်ရယ်ပြုသည်။
ရွှယ်ဝူဟန်မှာ ထိုစကားများကို တိတ်ဆိတ်စွာနားထောင်နေရင်း ဓားရိုးကိုဆုပ်ကိုင်ထားသောလက်က တုန်ယင်လာသည်။ အမျိုးမျိုးသောခံစားချက်တို့က သူ့နှလုံးသားကို ရစ်ပတ်ချည်နှောင်လာကြ၏။ ဒေါသ၊ မလိုလားမှု၊ စိတ်ပျက်အားငယ်မှုနှင့် နာကျည်းမှုများ။
အတိတ်ကို ပြန်လည်အောက်မေ့မိရာတွင် ငွေရောင်ဆံပင်ရှိသောလူငယ်ကို ပြင်းစွာအမှတ်ရမိသည်။ ထိုသူ၏ဦးဆောင်မှုနောက်သို့လိုက်ကာ မရဏချောက်နက်ထဲတွင် မရေမတွက်နိုင်သောဂြိုဟ်သားမျိုးနွယ်တို့ကို သတ်ဖြတ်နှိမ်နင်းခဲ့သည့်နေ့ရက်များမှာ မည်မျှသူရဲကောင်းဆန်လိုက်လေသနည်း။
ယခုတော့ အရာအားလုံး မီးခိုးငွေ့အလား ပျောက်ကွယ်သွားလေပြီ။
ရုတ်တရတ်ဆိုသလိုပင် ကြည်လင်သောဓားသံတစ်ချက်က ကောင်းကင်ကိုးထပ်သို့တိုင် ပဲ့တင်ထပ်ကာ လူတိုင်းကို ထိတ်လန့်အံ့သြသွားစေ၏။
စိမ်းပြာရောင်ဝတ်ရုံဖြင့် အဘိုးအိုတစ်ဦးသည် ထိုဓားအလင်းတန်းပေါ်၍ ခြေချနင်းကာ ထွက်ပေါ်လာပြီး မိုးကုပ်စက်ဝိုင်းဆီမှ ပျံသန်းနီးကပ်လာခဲ့သည်။ မျက်နှာသွင်ပြင်သည် ကြည်လင်ပြတ်သားကာ အကြည့်က လျှပ်စီးကဲ့သို့စူးရှ၍ ခန္ဓာမှထုတ်လွှတ်နေသော အရှိန်အဝါသည်ကား နတ်ဘုရားတမျှ အရည်အသွေးသန့်စင်သည်။
"ခုတ်"
စကားတစ်လုံးထွက်လာအပြီး စိမ်းပြာရောင်ဓားချီသည် ရုတ်ချည်းခုတ်ချလာခဲ့ရာ မိုးပြာရောင်သင်္ကေတများ လေထုထဲတွင် ဝဲလည်လှည့်သွားလျက် ကြီးစွာသောဖိအားကို ထုတ်လွှတ်လာသည်။
"အား..."
နားဆွဲနှင့်လူအပါအဝင် အပေါင်းအပါတစ်အုပ်လုံးမှာ စွမ်းအားကြီးလှသော စိမ်းပြာရောင်ဓားချီကို ခုခံကာကွယ်ချိန်ပင်မရလိုက်ဘဲ ရုပ်ခန္ဓာများ ကွဲအက်ပြိုလဲလျက် စိတ်ဝိညာဥ်တို့ပင် တစ်စစီချေမွခံလိုက်ရကာ ပျက်စီးသေကျေသွားကုန်ကြ၏။
အဖြစ်အပျက်များ ပြောင်းပြန်လန်သွားပုံက လူတိုင်းကို ကြက်သေသေသွားစေခဲ့သည်။
ရွှယ်ဝူဟန်၏မျက်ဆံများမှာ ပြင်းစွာကျုံ့ဝင်သွားခဲ့၏။ ထိုဓားချက်၏ ကြောက်မက်ဖွယ်စွမ်အားကိုအသာထား၊ ပြည့်စုံသပ်ရပ်လှသော ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒကပင် သူ့နှလုံးသားကို အကြီးအကျယ်ထိတ်လန့်သွားစေခဲ့သည်။
ဒီအဘိုးကြီးက ဘယ်သူများလဲ။
အရင်ကဘာလို့ တစ်ခါမှမမြင်ဖူးခဲ့တာပါလိမ့်။
"ဟမ့် ဝိညာဥ်မျက်လုံးမျိုးနွယ်တွေပါလား၊ ကံကောင်းလို့ ဒီလူအိုကြီး အချိန်မီရောက်လာခဲ့လို့ပေါ့"
ချန်းလျန်ဓားမသေမျိုးက ထိုလူအုပ်စု၏ဇာစ်မြစ်ကို ချက်ချင်းမှတ်မိသွားကာ အေးစက်စက်တစ်ခွန်းဆိုသည်။
ထိုဝိညာဥ်မျက်လုံးမျိုးနွယ်တို့၏ ဆန်းကြယ်စွမ်းရည်မှာ မျက်လုံးများမှလာခြင်းဖြစ်သည်။ သို့သော် ကံမကောင်းလှစွာဖြင့် အလင်းတမျှမြန်ဆန်သောတိုက်ခိုက်မှုတွင် မည်သည့်စွမ်းရည်ကိုမှ ထုတ်သုံးခွင့်မရလိုက်ပါချေ။
ရွှယ်ဝူဟန်သည် ဆက်ပြီးကြောင်ရပ်နေရဲတော့ဘဲ ကျေးဇူးတင်စွာဖြင့် လက်သီးဆုပ်ဂါရဝပြုသည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ။ ကျွန်တော်တို့ကို အချိန်မီ ဝင်ရောက်ကယ်ဆယ်ပေးလိုက်တာပါပဲ"
ချင်းလျန်ဓားမသေမျိုးသည် တစ်စုံတစ်ခုကိုအာရုံခံမိဟန်ရှိကာ အရှေ့မှ ဝတ်ရုံဖြူနှင့်အမျိုးသားအား စူးစိုက်အကဲခတ်နေရင်း မျက်လုံးများ တစ်ချက်လင်းလက်သွားသည်။
"မိတ်ဆွေလေးရဲ့ ဓားတာအိုက အလွန်ထူးခြားပါကလား"
အမြင်ကျယ်သော ဓားကျင့်ကြံသူအဘိုးကြီးမှာ ရွှယ်ဝူဟန်၏ သာလွန်သောအရည်အချင်းကို ချက်ချင်းမြင်နိုင်ခဲ့လေသည်။
ရွှယ်ဝူဟန်မှာ အကြည့်တို့မှေးမှိန်သွားလျက် ဆိုသည်။
"အကြီးအကဲခင်ဗျာ၊ ကျွန်တော့်ကိုမလှောင်ပြောင်ပါနဲ့။ အခုလေးတင် ကျွန်တော် ဒီဂြိုဟ်သားတွေကိုရင်ဆိုင်ရာမှာ ဓားတစ်ချက်တောင်မထုတ်ရဲခဲ့တာပါ။ ဓားကျင့်ကြံသူလောကကို မျက်နှာအိုးမဲသုတ်လိုက်မိသလို ခံစားရပါတယ်"
"မိတ်ဆွေလေး အထင်မှားနေပြီ"
ချင်းလျန်ဓားမသေမျိုးက အလေးအနက်ပြောကြားလာသည်။
"အင်အားကြီးတဲ့ပြိုင်ဘက်ကို ရင်ဆိုင်တဲ့အခါ ဓားသွားကိုဆွဲထုတ်တိုက်ခိုက်ရဲတာဟာ ချီးကျူးစရာအပြုအမူဆိုပေမဲ့ ယာယီခေါင်းငုံ့သည်းခံခြင်းဟာလည်း ရှက်စရာမဟုတ်ပေဘူး။ မင်းသာခုခံခဲ့လိုက်ရင် ဒီလူအိုကြီးပေါ်မလာခင် အသက်ဆုံးပြီးသားဖြစ်နေတော့မှာပေါ့"
ထိုမျှ ပါရမီထူးချွန်ထက်မြက်လှသော ခေတ်သစ်ဓားကျင့်ကြံသူမျိုးကို သူတစ်ခါမှမကြုံခဲ့စဖူး။ ထို့ကြောင့် ပါရမီရှင်ကို တန်ဖိုးထားသောအားဖြင့် သူစိတ်ရှည်လက်ရှည် ဂရုတစိုက် လမ်းညွှန်ပေးမိသည်။
ထိုစကားကိုကြားသော် ရွှယ်ဝူဟန်မှာ အတော်လေးစိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။ ထို့နောက် အလေးအနက်ဦးညွှတ်ကာ ဆို၏။
"ဒီငယ်သား နားလည်ပါပြီ"
ထိုအချိန်တွင် မသေမျိုးအလင်းတန်းတစ်စု ဆိုက်ရောက်လာပြီး လူများအဖြစ်အသွင်ပြောင်းသွားချိန်တွင် မသေမျိုးဘုရင်အဆင့် စွမ်းအားကြီးအရှိန်အဝါများကို တစ်စုတစ်စည်းတည်း မြင်တွေ့လိုက်ရတော့သည်။
မြင်လိုက်ရသူတိုင်းမှာ နှလုံးများ လည်ချောင်းထိခုန်တက်လာသကဲ့သို့။
"ဒုမဟာမိတ်ခေါင်းဆောင်ကို တင်ပြပါတယ်။ မိုင်းတွင်းအစောင့်အကြပ်အဖြစ် တာဝန်ယူထားတဲ့ ဝိညာဥ်မျက်လုံးမျိုးနွယ်တွေအကုန် ကိုင်တွယ်ဖြေရှင်းခဲ့ပြီးပါပြီ"
မဟာမိတ်အဖွဲ့ဝင်တစ်ဦးက တင်ပြလာသည်။
"ကောင်းတယ်။ လမ်းကြောင်းတစ်လျှောက် ဆက်ပြီးရှင်းလင်းဖို့ အမိန့်ချထားလိုက်။ ဂြိုဟ်သားမျိုးနွယ် တစ်ယောက်ကိုမှအရှင်မထားနဲ့"
ချင်းလျန်ဓားမသေမျိုးက အမိန့်ချသည်။
ထိုစကားများကိုကြားသော် ရွှယ်ဝူဟန်လည်း စူးစမ်းချင်စွာမေးမိသည်။
"အကြီးအကဲတို့ ဘယ်ကနေလာကြတာလဲ မေးလို့ရမလားခင်ဗျာ။ နည်းနည်းပါးပါးလောက်ပဲ ပြောပြချင်လည်း ရပါတယ်"
ထိုလူစု၏ နောက်ခံသမိုင်းကို သူအလွန်သိချင်စိတ်ပြင်းပြနေမိသည်။ သေချာကျနစွာဖွဲ့စည်းထားသော အစည်းအရုံးတစ်ခုခုဖြစ်လောက်မည်ပင်။
ချင်းလျန်ဓားမသေမျိုးက မုတ်ဆိတ်ကိုပွတ်သပ်ကာ ပြုံးလျက်ဖြေသည်။
"မင်းကိုအကုန်ပြောပြလို့ရပါတယ်။ ငါတို့က အလယ်ပိုင်းဒေသ မသေမျိုးမဟာမိတ်အဖွဲ့အစည်းက အဖွဲ့ဝင်တွေပါ။ ဒီတစ်ကြိမ်က မဟာမိတ်ခေါင်းဆောင်ယဲ့ရဲ့ အမိန့်အရ အရှေ့ပိုင်းဒေသကို ကယ်ဆယ်ကူညီဖို့ ရောက်လာကြတာလေ"
"ခင်ဗျာ"
သူတို့အားလုံး အလန့်တကြားဖြစ်ကုန်ကြသည်။
ဤစွမ်းအားရှင်များမှာ ခွင်းလွင်၏အလယ်ပိုင်းဒေသဆီမှ လာခဲ့ကြလေသလော။
"မသေမျိုးမဟာမိတ်၊ မဟာမိတ်ခေါင်းဆောင်ရဲ့ မျိုးရိုးနာမည်က ယဲ့ တဲ့လား"
ရွှယ်ဝူဟန်သည် အဓိကအချက်ကို ဖမ်းဆုပ်မိလိုက်ပြီး မရေရာသော အလိုလိုခံစားချက်ဖြင့် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"အကြီးအကဲ၊ အဲ့ဒီ မဟာမိတ်ခေါင်းဆောင်ယဲ့ရဲ့နာမည်က ယဲ့ကျွင်းလင်များလား"
"ဟေ မင်းလည်းသူ့ကိုကြားဖူးတာလား"
ချင်းလျန်ဓားမသေမျိုးက မျက်ခုံးပင့်လျက်မေးသည်။
ထိုအဖြေကိုကြားလျှင်ကြားချင်း ရွှယ်ဝူဟန်မှာ တစ်ကိုယ်လုံးတုန်တက်သွားကာ အသက်ရှူသံသည်ပင် တရှူးရှူးမြန်ဆန်လာလျက် ခပ်တိုးတိုးရေရွတ်သည်။
"တကယ်ကို သူပါပဲလား"
သူစောင့်ပြီးရင်း စောင့်ဆိုင်းခဲ့ရသည့် ထိုလူငယ်လေးကား ရောက်ရှိလာခဲ့လေပြီ။
"အခု အကြီးအကဲယဲ့ဘယ်မှာရှိနေသလဲ မေးလို့ရမလားခင်ဗျာ"
ရွှယ်ဝူဟန်မှာ စိတ်လှုပ်ရှားမှုကို ဇွတ်အတင်းထိန်းချုပ်ထားရလျက် မရဲတရဲမေးသည်။
"အခုဆို သောင်းချီမသေမျိုးတောင်တန်းဆီ ရောက်နေရောပေါ့"
ချင်းလျန်ဓားမသေမျိုးက ပြုံးလျက် ဆိုသည်။
"အချိန်တောင်လင့်လှပြီ။ မိတ်ဆွေလေးလည်း ကျုပ်တို့နဲ့အတူလိုက်ပြီး လမ်းတစ်လျှောက် ဒေါသဖြေချင်သပဆို ကြိုဆိုလျက်ပါပဲ"
သူသည် အခွင့်အရေးကိုအသုံးချကာ ပါရမီရှင်ကို အဖွဲ့အစည်းထဲဆွဲသွင်းပြီး ဂရုတစိုက် ပျိုးထောင်လေ့ကျင့်ပေးလိုသည်ပင်။
"ကျွန်တော့်ဆန္ဒနဲ့ ကိုက်ညီနေပါရောလားဗျာ"
ရွှယ်ဝူဟန်၏မျက်လုံးများထဲမှ အလင်းရောင်တို့ တလက်လက်တောက်ပလာကာ ထက်ရှသောဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ကြက်သီးထဖွယ်အရှိန်အဝါအား ဖြန့်ကျက်လိုက်သည်။ မျက်နှာမှာ လူသတ်ချင်စိတ်အပြည့်ဖြင့် အားမာန်တက်ကြွလျက်။
သူလူသတ်ချင်သည်။ ကောင်းကင်နှင့်မြေပြင်တို့ ဇောက်ထိုးလန်ကျသည်အထိ ထိုဂြိုဟ်သားများကို မြေလှန်ရှာဖွေသတ်ဖြတ်ချင်သည်။