← Chapters

ပြိုင်ဘက်ကင်းဆိုတာ ဒါမျိုးပါလား

Vol. 47 Ch. 658

ပြိုင်ဘက်ကင်းဆိုတာ ဒါမျိုးပါလား

Vol. 47 Ch. 658

ထိုအချိန်တွင် အလယ်ပိုင်းဒေသမှ စစ်ချီလာကြသော ရှေးဟောင်းစွမ်းအားရှင်များ၏ သောင်းချီသောတပ်ဖွဲ့တို့သည် ဂြိုဟ်သားမျိုးနွယ်ခံတပ်များဆီသို့ မသေမျိုးတာအိုမဟာမိတ်အဖွဲ့အစည်းဟူသော နာမည်ဖြင့် ကြမ်းတမ်းရက်စက်စွာ ဝင်ရောက်ဖြိုခွဲသိမ်းပိုက်နေကြပြီဖြစ်၏။

နေရာအသီးသီးတွင် ဖြန့်ကျက်အခြေစိုက်ထားသော မဟာဂြိုဟ်သားမျိုးနွယ်တပ်ဖွဲ့တို့မှာ မကြုံစဖူးသော ထိခိုက်နစ်နာမှုများဖြင့် တစ်စစီပြိုကွဲကျဆုံးကုန်ကြလေသည်။

ခံတပ်တိုင်းသည် သွေးချောင်းစီးသော သတ်ဖြတ်မှုဖြင့် ရှင်းလင်းခံရကာ ပြင်းထန်သော တိုက်ပွဲများသည် အရှေ့ပိုင်းဒေသ ပြည်နယ်ဆယ့်လေးခု တစ်လျှောက်လုံး ဖြစ်ပွားခဲ့သည်။

လွတ်မြောက်လာသော မိုင်းတွင်းများတွင် ကမ္ဘာမြေကို တုန်လှုပ်ခါယမ်းစေသော အောင်ပွဲခံ အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။

မဟာဂြိုဟ်သားမျိုးနွယ်တို့ ပေါ့ဆအေးဆေးနေချိန်တွင် အပြင်လောကမှ အဆက်အစပ်မရှိလှသော အင်အားစုတစ်ခုက ရုတ်တရတ်ဆန်ဆန် ဝင်ရောက်လာခြင်းဖြစ်သောကြောင့် သူတို့လည်း ထိတ်လန့်ဒေါသထွက်စွာဖြင့် စစ်ကူပတ်တောင်းရုံမှအပ တခြားနည်းလမ်းမကြံဆနိုင်တော့။

သိထားရမည်မှာ မဟာဂြိုဟ်သားမျိုးနွယ်တို့၏ အခြေစိုက်စခန်းသည် သောင်းချီမသေမျိုး‌တောင်တန်းသာဖြစ်ရာ ထိုနေရာသည်သာ သူတို့၏စစ်မှန်သောဌာနချုပ်ဖြစ်ပြီး အပြင်ဘက်တွင် ပြန့်ကျဲနေသောစခန်းများက တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။

မည်သို့ပင်ဆိုစေ အရှေ့ပိုင်းဒေသတစ်ခုလုံးကို အပြည့်အဝထိန်းချုပ်ထားနိုင်ပြီးဖြစ်သောကြောင့် ဤသို့ မျှော်လင့်မထားသည့်ပြဿနာများ ဖြစ်ပွားလာလိမ့်မည်ဟု ထင်မထားခဲ့ကြ။

"တာအိုရောင်းရင်းတို့၊ အကြီးအကဲယဲ့ပြန်လာပြီ။ ငါတို့ကိုကယ်ဖို့ လူတွေအများကြီးစုလာခဲ့တာကွ"

"ဟုတ်တယ် ငါလည်း အကြီးအကဲယဲ့ အလယ်ပိုင်းဒေသမှာ တအားအောင်မြင်နေပြီး မသေမျိုးမဟာမိတ်အဖွဲ့အစည်းဆိုတာကိုတောင် တည်ထောင်ထားနိုင်ခဲ့တယ်ကြားတယ်။ စွမ်းအားရှင်တွေအများကြီး သူ့ကိုအမှုထမ်းပေးနေကြတာတဲ့"

"အခု အပြင်မှာ လူတိုင်းက ဂြိုဟ်သားမျိုးနွယ်တွေကို တော်လှန်တိုက်ခိုက်နေကြပြီ။ ငါတို့လည်းငြိမ်နေလို့မဖြစ်ဘူး"

"အသေအချာပဲ။ ငါ့သူငယ်ချင်းအရင်းကြီးတစ်ယောက်ဆို မိုင်းထဲမှာဆုံးသွားရတာ။ အဲ့ဒီ သေသင့်တဲ့ဂြိုဟ်သားကောင်တွေကို ငါ့လက်နဲ့သတ်ရမှဖြစ်မယ်"

"တစ်ချိန်က မရဏချောက်နက်ကိုစီးနင်းဖို့ အကြီးအကဲယဲ့နောက်က ထပ်ကြပ်မကွာလိုက်ခဲ့တဲ့ ဒီလူအိုကြီးလည်း တစ်ဖန်ပြန်လက်စွမ်းပြဖို့ အချိန်ရောက်ပြီပေါ့"

"ငါတို့ကျင့်ကြံသူတွေဆိုတာ ကြောက်သွေးပါရင် ဖောက်ထုတ်ပစ်မဲ့သူတွေကွ။ သတ်ကြ"

......

တိုက်ပွဲကြွေးကြော်သံများသည် ကောင်းကင်နှင့်မြေပြင်ကြား ပဲ့တင်ထပ်ရိုက်ခတ်လျက်ရှိကာ မသေမျိုးတောင်တန်းများ၏အပြင်တွင် စခန်းချထားသည့် ဂြိုဟ်သားခံတပ်များမှာ လူထု၏ဒေါသပုံချစရာနေရာများ ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် ဂူတစ်လုံးထဲ၍ ရှေးဟောင်းဝတ်ရုံများဝတ်ဆင်ထားသော လူတစ်စုသည် ငြိမ်သက်စွာစုရပ်နေကြရင်း အဝေးရှိတိုက်ပွဲမြင်ကွင်းများကို လှမ်းမျှော်ကြည့်လျက်ရှိ၏။

ထိုလူစုမှာ အရှေ့ပိုင်းဒေသ၏ ပြန်လည်နိုးထရှင်သန်လာသူ စွမ်းအားရှင်များ ဖြစ်ကြသည်။

ထိုလူစုကို ဦးဆောင်နေသူမှာ ဝတ်ရုံနက်ကိုဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦဂဖြစ်ကာ ဆံပင်များကို ကျောက်စိမ်းဆံထိုးဖြင့် စည်းနှောင်ထုံးဖွဲ့ထားသည်။ စူးရှသောအကြည့်ဖြင့် ထိုသူ၏တည်ရှိမှုသည်ပင် ကြောက်မက်ဖွယ်ကောင်းနေလျက်။

ထိုသူ၏အမည်မှ ကျူးကျို့ရှန်းဖြစ်ကာ ဤလူစုတွင် တစ်ဦးတည်းသော မသေမျိုးဧကရာဇ် အဌမကောင်းကင်အဆင့် စွမ်းအားရှင်ဖြစ်ပြီး အရှေ့ပိုင်းဒေသ ပြန်လည်ရှင်သန်နိုးထလာသူများ၏ ခေါင်းဆောင်လည်းဖြစ်သည်။

ယာအိုမျိုးနွယ်ဝင်တစ်ဦးဖြစ်ကာ သူ၏ပုံစံအစစ်အမှန်မှာ ခေါင်းကိုးလုံးမြွေ ဖြစ်သည်။

ခေါင်းကိုးလုံးမြွေမျိုးနွယ် ဆိုသည်မှာ ယာအိုမျိုးနွယ်ထဲတွင် ထိပ်တန်းတော်ဝင်မျိုးဆက်တစ်ခုဖြစ်ပြီး ဧကရာဇ်မျိုးဆက်အဖြစ်မှ တစ်လှမ်းသာကွာသည်။

ထိုမျိုးနွယ်တို့တွင် မြွေခေါင်းကိုးလုံးပါဝင်ကာ ရေနှင့်မီးကို မှုတ်ထုတ်နိုင်သည့် နတ်ဘုရားစွမ်းရည်အားပိုင်ဆိုင်ပြီး ရေ၊ မီးတို့နှင့် ပက်သက်သော ကျင့်စဥ်နည်းလမ်းများကို ထူးထူးချွန်ချွန် ကျင့်ကြံတတ်မြောက်နိုင်ကြသည်။

ကျူးကျို့ရှန်းသည် နက်နဲသောတာအိုကျင့်ကြံဆင့်အား ပိုင်ဆိုင်ထားသောကြောင့် ဤမသေမျိုးတို့ကြား ခေါင်းဆောင်အဖြစ် နေရာယူထားနိုင်ခြင်းပင်။

သို့ပေသည့် ထိုမဟာဂြိုဟ်သားမျိုးနွယ်တို့နှင့် ရင်ဆိုင်ဖို့အထိတော့ သူမရဲဝံ့လှ။ အတင်းအကျပ်ဖမ်းဆီးကာ မိုင်းတူးခိုင်းခံရမည်ကို ကြောက်ရွံ့လှသဖြင့် မျက်နှာချင်းပင်ရဲရဲမဆိုင်ဝံ့သော အခြေအနေတွင်ရှိ၏။

ကျူးကျို့ရှန်းသည် ထိုမဟာဂြိုဟ်သားမျိုးနွယ်တို့၏ ကြောက်မက်ဖွယ်စွမ်းရည်များနှင့် ပိုင်ဆိုင်ထားသော ဆန်းကြယ်စွမ်းအားများကိုလည်း ကောင်းကောင်းနားလည်ထားသည်။

ထို့ကြောင့် ကျူးကျို့ရှန်းသည် သူ့ကိုသစ္စာခံလာသော နောက်လိုက်တစ်စုနှင့်အတူ ထိုဂြိုဟ်သားများထံမှ ရန်ပြုမခံရဖို့အရေး အမြဲကွေ့ပတ်ရှောင်ရှားနေရလေသည်။

အစပထမကတော့ အရှေ့ပိုင်းဒေသသည် မဟာဂြိုဟ်သားမျိုးနွယ်တို့၏ ဖျက်ဆီးမှုအောက်တွင် ဖြည်းဖြည်းချင်း ယိုယွင်းပျက်သုဥ်းသွားလိမ့်မည်ဟု။

သို့သော် မထင်မှတ်ထားစွာပင် အင်အားကြီး ပြင်ပအဖွဲ့အစည်းတစ်ခုက ကျူးကျော်ဝင်ရောက်လာကာ အရှေ့ပိုင်းသားများ လွတ်မြောက်ဖို့အ‌ရေး အားကုန်တိုက်ခိုက်လာကြသည်ပင်။

မယုံနိုင်စရာအကောင်းဆုံးအချက်မှာ ကူညီကယ်ဆယ်ဖို့ ရောက်လာကြသောကျင့်ကြံသူတိုင်းသည် ပြန်လည်ရှင်သန်နိုးထလာကြသူများပင်ဖြစ်ကာ မသေမျိုးမဟာမိတ်အဖွဲ့ဝင်များဟူသော နာမည်ဖြင့် မဟာမိတ်ခေါင်းဆောင်ယဲ့ဆိုသူ၏ အမိန့်အတိုင်း တသွေမတိမ်း လှုပ်ရှားဆောင်ရွက်နေခြင်းပင်။

ကျူးကျို့ရှန်းမှာ ထိတ်လန့်မှုနှင့်အတူ အံ့လည်းအံ့သြရသည်။

ရှေးဟောင်းခေတ်မှ ကျင့်ကြံသူတစ်ဦးဖြစ်သည်နှင့်အညီ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းဟူသော နာမည်ဖြင့် သူအလွန်အင်မတန်မှကို ရင်းနှီးပါသည်။

ဤခေတ်အခါတွင် မသေမျိုးတာအိုမဟာမိတ်အဖွဲ့အစည်းကို တည်ထောင်ကာ မသေမျိုးများအားလုံးကို အမိန့်ချနာခံစေသည့်လူတစ်ယောက် အမှန်တကယ် ရှိနေပါသလော။

ထို့အပြင် ထိုရှေးဟောင်းကျင့်ကြံသူများမှာ တွန်းအားဖိအားမပါရှိစွာ လိုလိုလားလား တာဝန်ထမ်းဆောင်နေကြခြင်းပင်။

ဘယ်လောက်သန်မာအားကောင်းလွန်းလို့များ ဒီလောက်ထိ အောင်မြင်သွားနိုင်တာလဲ။

"အဲ့ဒီ မဟာမိတ်ခေါင်းဆောင်ယဲ့ဆိုတာ ဘယ်သူများလဲ။ ငါ ရှေးဟောင်းခေတ်တုန်းက သူ့နာမည်ကြားဖူးခဲ့ရဲ့လား"

ကျူးကျို့ရှန်း တိုးတိုး‌ရေရွတ်မိသည်။

"သခင်ကျူး ကျွန်တော်သတင်းတချို့စုဆောင်းလာတယ်။ သူတို့ပြောနေကြတဲ့ မဟာမိတ်ခေါင်းဆောင်ယဲ့ဆိုတာ အရှေ့ပိုင်းဒေသကျင့်ကြံသူတွေ အမြဲတ,နေကြတဲ့ ဟို အကြီးအကဲယဲ့ဆိုတဲ့တစ်ယောက်ပါတဲ့"

လူတစ်ယောက်က ဂူထဲသို့ လျှပ်တပြက်ဝင်ရောက်လာကာ တင်ပြသည်။

"ဘုရားရေ အဲ့တစ်ယောက်လား"

လူတိုင်း ထိတ်လန့်အံ့သြစွာဖြင့် အချင်းချင်းပြန်လှည့်ကြည့်မိလိုက်ကြသည်။

အရှေ့ပိုင်းဒေသတွင် ပြန်လည်နိုးထလာပြီးနောက်ပြီး ထိုအကြီးအကဲယဲ့ဆိုသည့်နာမည်ကို ဤအရှေ့ပိုင်းသားများကြား နားနှင့်မဆံ့အောင် ကြားဖူးကြပြီးလေပြီ။

သူတို့ကြားသမျှ ပုံပြင်ဇာတ်လမ်းများမှာ အတော်လေးချဲ့ကားထားဟန်ရှိကာ ဒဏ္ဍာရီဆန်လှ၏။

လုပ်ကြံချဲ့ကားထားလေသလားဟု သံသယဝင်မိပါသော်ငြား တစ်ဖက်လူမှာ အလွန်တရာခွန်အားကြီးသူဖြစ်နေခဲ့လျှင်တော့ ဒါတွေလည်း မဖြစ်နိုင်စရာအကြောင်းမရှိ။

ကျူးကျို့ရှန်းမှာ မကြုံစဖူး ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားမိရသည်။

ကံကောင်းထောက်မဿ အရှေ့ပိုင်းဒေသတွင် သူဟော့ဟော့ရမ်းရမ်း မပြုမူခဲ့မိပေ။ မဟုတ်ပါက ထိုအကြီးအကဲယဲ့၏ စီရင်အရေးယူမှုအောက်တွင် သူ့မှာ‌ခေါင်းကိုးလုံးရှိလျှင်ပင် တစ်လုံးမကျန် ဖြတ်ခုတ်ခံရမည်ပင်။

"ဒီလိုဆိုရင်တော့ ငါတို့လည်း ဆက်စောင့်ကြည့်နေစရာမလိုတော့ပါဘူး"

ကျူးကျိုရှန်း၏ မျက်လုံးများ ခိုင်မာပြတ်သားလာသည်၊ သူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု အရိပ်အမြွက်မျှပင် မကျန်ရှိတော့။

ယခင်က သူသည် ထိုဂြိုဟ်သားမျိုးနွယ်တို့နှင့် ရင်ဆိုင်ရန်မရဲသည့်အတွက် အရှက်ကွဲခံကာ အုပ်စုဖွဲ့တိမ်းရှောင်နေခဲ့ခြင်းမှာ ထိုဂြိုဟ်သားမျိုးနွယ်တို့၏ အင်အားအရင်းအမြစ်က အလွန်တောင့်တင်းနက်နဲသောကြောင့်ပင်။ သူတို့သွားယှဥ်လို့ရနိုင်သည့် အင်အားမျိုးမဟုတ်။

သို့သော် ယခု ထိုကြောက်မက်ဖွယ် သမိုင်းကြောင်းအလီလီဖြင့် အကြီးအကဲယဲ့၏ ကြားဝင်စွက်ဖက်ခြင်းကြောင့် သူတို့လည်လည်း ရေစီးအတိုင်းလိုက်ကာ အားကုန်တိုက်ခိုက်ကူညီဖို့လိုပေသည်။

"တာအိုရောင်းရင်းတို့ သတ်ကြ"

ကျူးကျို့ရှန်းသည် ဆက်လက်ထိန်းချုပ်နေခြင်းမပြုတောဲ့ ကြောက်မက်ဖွယ်ချီစွမ်းအင်အား အဆုံးအစမဲ့ထုတ်လွှတ်လိုက်ကာ အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ရွှီခနဲပြောင်းလဲသွားပြီး အဝေးတစ်နေရာရှိ တိုက်ပွဲကွင်းပြင်ဆီသို့ ခုန်ဝင်သွားခဲ့သည်။ ဤကာလတစ်လျှောက် ခံစားခဲ့ရသော စိတ်ပျက်အားငယ်မှုများနှင့် မကျေနပ်ချက်အားလုံးကို သွန်ထုတ်ပစ်လိုက်ချင်သည်။

"သတ်ကြ"

အနောက်မှ ကျင့်ကြံသူအုပ်စုသည်လည်း ထပ်ကြပ်မကွာလိုက်လာပြီး အတူပါဝင်တိုက်ခိုက်ကြသည်။

တိုက်ပွဲမြေမှ ကြွေးကြော်ကြုံးဝါးသံများက ကျောက်တုံးများကို အပိုင်းပိုင်းဖြတ်ကာ ကောင်းကင်ကိုပင် ထိတ်လန့်ခြောက်ခြားစေလျက်။

"ချီးတဲ့မှ မင်းတို့အောက်တန်းစားအရိုင်းကောင်တွေ စုပေါင်းပုန်ကန်ကြတာပေါ့လေ"

မျောက်ဘီလူးမျိုးနွယ်တစ်ကောင်က သွေးအလူးလူးပေကျံနေသောခန္ဓာကြီးဖြင့် ဒေါသတကြီးအော်ဟစ်သည်။

သူ၏ မှော်သုဥ်းနယ်ပယ်စွမ်းအားဖြင့်ပင် ဤလူအင်အားကို တားဆီးနိုင်စွမ်းမရှိတော့။

"သေစမ်း"

ကျူးကျို့ရှန်းသည် သူ၏ပုံစံအစစ်အမှန်ကို ဖော်ထုတ်လိုက်လေရာ ခန္ဓာကိုယ်ကြီးက ဝုန်းခနဲကြီးမားလာလျက် ကြမ်းကြုတ်ရက်စက်သော မြွေခေါင်းကိုးလုံးသည် ထိုမျောက်ဘီလူး၏ခန္ဓာကိုယ်အား အကြမ်းပတမ်း ဝိုင်းကိုက်ကြကုန်၏။

"မင်း မင်းတို့အားလုံး စောင့်နေလိုက်ကြပါ။ ငါတို့မျိုးနွယ်စုစစ်တပ်တွေ ဒီသတင်းကိုရသွားတဲ့အခါ ကြီးမားတဲ့တန်ဖိုးကို ပြန်လည်ပေးဆပ်ကြရလိမ့်မယ် အား"

နာကျင်ဖွယ်အော်သံတစ်ခုက ကောင်းကင်ကို ထိုးခွဲဖောက်ထွက်လာသည်။

ထိုမျောက်ဘီလူးမျိုးနွယ်ဝင်မှာ အပိုင်းပိုင်းအစစပြတ်ထွက်သည်အထိ အကိုက်ခံလိုက်ရကာ အသွေးအသားတို့ မြေပြင်ထက်ပြန့်ကျဲလျက် အဆုံးသတ်သွားရလေ၏။

"ဝေါင်း"

ခေါင်းကိုးလုံးမြွေသည် မကောင်းဆိုးဝါးဆန်ဆန် ပေါက်ကွဲအော်ဟစ်လျက် ကျန်မျောက်ဘီလူးမျိုးနွယ်ဝင်များဆီ တရကြမ်းချီတက်သွားလေတော့သည်။

အချိန်တစ်ခုအကြာတွင် ကြမ်းတမ်းသောတိုက်ပွဲ အဆုံးသတ်ခဲ့လေပြီ။

"ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် လူကြီးမင်းခင်ဗျာ"

ပညာသင်တစ်ဦးအလား သပ်ရပ်ကျော့ရှင်းစွာ ဝတ်စားထားသော ကျန်းချင်ကျန့်သည် လက်သီးဆုပ်လျက် ဦးညွှတ်ပြောဆိုလိုက်သည်။

မျောက်ဘီလူးမျိုးနွယ်ဝင်တို့၏ ဆန်းကြယ်စွမ်းအားကြောင့် သူတို့တပ်ခွဲမှာလည်း များစွာအခက်တွေ့နေချိန် ထိုခေါင်းကိုးလုံးမြွေ စွမ်းအားရှင်မှ ဝင်ရောက်ကူညီပေးခဲ့၍သာ အဆင်ပြေပြေ အောင်မြင်ခဲ့ခြင်းဖြစ်၏။

လူပုံပြန်ပြောင်းလိုက်ပြီဖြစ်သော ကျူးကျို့ရှန်းသည်လည်း ပြန်လည်ဦးညွှတ်ကာ တုံ့ပြန်သည်။

"တာအိုရောင်းရင်းရယ် ကျေးဇူးစကားဆိုရမဲ့သူက ကျွန်တော် ကျူးကျို့ရှန်းပါ"

"ပြောရမှာတော့ ရှက်စရာဆိုပေမဲ့ ကျွန်တော်တို့ အရှေ့ပိုင်းဒေသက ပြန်လည်ရှင်သန်နိုးထလာသူအရေအတွက် သိပ်မများပါဘူး။ ဒီတော့ ဒီကောင်တွေကိုပြန်တိုက်ဖို့အတွက် အင်အားမလုံလောက်ခဲ့ဘူးဗျာ"

ကျန်းချင်ကျန့်က နားလည်စွာခေါင်းညိတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် အခုကျွန်တော်တို့ အတူတူတိုက်နေကြပြီပဲ။ မဟာမိတ်ခေါင်းဆောင်ယဲ့က နားလည်ပေးမှာပါ"

မဟာမိတ်ခေါင်းဆောင်ယဲ့ ဟူသောနာမည်ကို ကြားလိုက်သည်နှင့် ကျူးကျို့ရှန်းမှာ အနည်းငယ်ပူပင်ကြောင့်ကြသွားရကာ အသုံးဝင်သောအချက်အလက်တချို့ ပိုမိုစုဆောင်းဖို့အတွက် မရဲတရဲမေးလိုက်သည်။

"ရိုင်းပျမှုအတွက် ခွင့်လွှတ်ပါခင်ဗျာ။ ဒါပေမဲ့ မဟာမိတ်ခေါင်းဆောင်ယဲ့ အခုဘယ်မှာရောက်နေသလဲ မေးလို့ရမလား"

ကျန်းချင်ကျန့်က ပြန်ဖြေပေးသည်။

"မဟာမိတ်ခေါင်းဆောင်ယဲ့က အခုဆိုရင် သောင်းချီမသေမျိုးတောင်တန်းတွေဆီ ဦးတည်ထွက်ခွာသွားပါပြီ။ ပြဿနာအရင်းအမြစ်ကို ကိုယ်တိုင်ရှင်းထုတ်ဖို့အတွက်ဖြစ်ပါတယ်"

ထိုစကားကို ကြားလိုက်ရသူအပေါင်း မထိန်းနိုင်စွာရင်တုန်သွားကြသည်။ မျက်လုံးအကြည့်များမှာလည်း မယုံနိုင်သကဲ့သို့။

ကျူးကျို့ရှန်းမှာ ဦးရေပြားများပင် ကျိန်းစပ်လာသည်။

"ဒါ ဒါကြီးက အဆင်ပြေပါ့မလား။ အရမ်းအန္တရာယ်မများလွန်းဘူးလား"

သောင်းချီမသေမျိုးတောင်တန်းများ ဆိုသည်မှာ ထိုဂြိုဟ်သားတပ်ဖွဲ့တို့၏ ဌာနချုပ်ဖြစ်ကာ တားမြစ်နယ်မြေဟုလည်း လူသိများသည်ပင်။

အထဲမှ ဘေးအန္တရာယ်တို့ကား စိတ်ကူး၍မရလောက်အောင် များပြားလွန်ကဲပေမည်။

"စိုးရိမ်စရာမလိုပါဘူး။ ကျွန်တော် သူတိုက်ခိုက်တဲ့ပုံကို မျက်မြင်တွေ့ဖူးတယ်။ တစ်ခွန်းပဲမှတ်ချက်ချစရာရှိပါတယ်။ သူက..."

ကျန်းချင်ကျန့်က ခေါင်းကိုအသာယမ်းခါရင်း ကျူးကျို့ရှန်း၏မျက်လုံးများထဲ တည့်တည့်စိုက်ကြည့်လျက် တစ်လုံးချင်းစီဆိုသည်။

"ပြိုင် ဘက် ကင်း ပါပဲ"

"ဟိုက်"

ကျူးကျို့ရှန်းမှာ မျက်ဆံများပင်ကျုံ့ဝင်သွားရလျက် ပင့်သက်ပြင်းပြင်းတစ်ချက်ရှိုက်မိသည်။

ပြိုင်ဘက်ကင်းတဲ့ပုဂ္ဂိုလ်ဆိုတာ ဒီကမ္ဘာမှာ တကယ်ပဲ တည်ရှိနေနိုင်တာလား။

All Chapters