မင်းကိုအရင်သတ်မယ်
Vol. 47 Ch. 659
ထိုအချိန်တွင် ယဲ့ကျွင်းလင်ကတော့ လိပ်ပြာမလေးနှင့်အတူ သောင်းချီမသေမျိုးတောင်တန်းများဆီ ပျံသန်းသွားလေတော့သည်။
သူတို့ဖြတ်သန်းသွားရာနေရာတိုင်းတွင် ဒိုင်နိုဆောခေတ်ကဲ့သို့ ထူထပ်သိပ်သည်းသောတောအုပ်များ၊ အရိုင်းဆန်ဆန်စီးဆင်းနေသော မြစ်ချောင်းများနှင့် မရေမတွက်နိုင်သော အမျိုးအမည်မသိနိုင်သည့် ကျေးငှက်သားရဲမျိုးစုံကို တွေ့ရှိရကာ တက်ကြွရိုင်းစိုင်းသော ရှေးဦးခေတ်အရှိန်အဝါကို ပေးစမ်းနေလျက်ရှိ၏။
"ဌာနချုပ်ကိုရောက်ဖို့ ဘယ်လောက်လိုသေးလဲ" ယဲ့ကျွင်းလင်က အားရှန်းကိုမေးသည်။
အားရှန်းက မြန်မြန်ဆန်ဆန်ပြန်ဖြေလာ၏။
"အကြီးအကဲကိုတင်ပြပါတယ်။ ကျွန်မတို့ အရှေ့တောင်ဘက်ကို တည့်တည့်ဆက်သွားပြီး မသေမျိုးတောင်တန်း သုံးသောင်းငါးထောင်ကို ထပ်မံဖြတ်သန်းရပါဦးမယ်"
"ဝေးသားပဲ" ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်သွားသည်။
ဤသည်မှာ သူ့အတွက် သောင်းချီမသေမျိုးတောင်တန်းနယ်နိမိတ်သို့ ပထမဆုံးအကြိမ် နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခြင်းဖြစ်လေရာ ထိုတောင်တန်းများနှင့်ပက်သက်ပြီး ပို၍သိနားလည်လာရသည်။
ဤနေရာရှိ အသေးဆုံးတောင်တစ်လုံးသည်ပင် သူ့အရင်ဘဝက ကမ္ဘာမြေတစ်ခုစာမကကျယ်ပြောသည်ဟု နှိုင်းဆဆိုလျှင်ပင် ချဲ့ကားခြင်းမမည်လောက်။
ထို့အပြင် ထိုသို့သောမသေမျိုးတောင်များ အရေအတွက်တစ်သိန်းပြည့် တည်ရှိနေသည်ဖြစ်ရာ ဤနေရာတစ်ခုလုံးအား ခြုံငုံတွက်ဆရလျှင် ကမ္ဘာလုံးများ မရေမတွက်နိုင်အောင်တန်းစီထားလျှင်ပင် ဤမျှကျယ်ဝန်းနိုင်မည်မဟုတ်။
"ငါအရှိန်မြှင့်ရတော့မယ်" ယဲ့ကျွင်းလင် အတွေးဝင်မိသည်။
အုံး
ကြီးစွာသော ချီလှိုင်းလုံးကြီးတစ်ခုက သူ့အနောက်မှပေါက်ကွဲထွက်လာကာ ယဲ့ကျွင်းလင်သည် အားရှန်း၏လက်မောင်းကိုဆွဲကိုင်လျက် အရှေ့သို့တည့်တည့် အရှိန်ပြည့်ပျံသန်းလေတော့၏။
ဝှစ် ဝှစ် ဝှစ်
ချက်ချင်းပင် ပတ်ဝန်းကျင်ရှုခင်းများက အလွန်အမင်းလျင်မြန်စွာ ပြောင်းလဲဖြတ်ပြေးသွားလျက် မျက်စိဖြင့်ပင်ရှင်းရှင်းမမြင်နိုင်တော့လောက်အောင် ရောထွေးဝေဝါးလာကာ အစစ်အမှန်လား ထင်ယောင်ထင်မှားလားဟူ၍ပင် ခွဲခြားမမြင်နိုင်လောက်အောင်ဖြစ်သည်။
"အယ်..." အားရှန်း၏ ပါးစပ်သေးသေးလေးမှာ အံ့သြတကြီးပွင့်ဟလျက်။
ထိုမျှအမြန်နှုန်းကို သူမလုံးဝမကြုံဖူးလေသောကြောင့် ပျံသန်းနေရင်းပင် ဝိညာဥ်ပါအရှိန်ဖြင့်လွင့်ထွက်သွားတော့လေမလားဟု ခံစားမိရသည်။
မကြာလိုက်သော အချိန်တစ်ခုမှာပင် လိပ်ပြာမသေမျိုးစခန်းသည် မြင်ကွင်းအတွင်းရောက်လာလေပြီ။
လှမ်းမျှော်ကြည့်လိုက်ရင် ကျယ်ဝန်းကြီးမားသော အခြေစိုက်စခန်းကို စစ်သည်တော်များ ထူထပ်သိပ်သည်းစွာ စောင့်ကြပ်နေကြကာ အဓိကအားဖြင့် လှံများကိုင်စွဲထားသော အသေမျိုးလိပ်ပြာအထီးများနှင့် ကင်းလှည့်နေသော လိပ်ပြာမများဖြစ်ကြသည်။
"အကြီးအကဲရှင်၊ ကျွန်မတို့ ရာမဲသဲမျိုးနွယ်တစ်ခုလုံးကို ချမ်းသာပေးမယ်ဆိုတဲ့ကတိ အဆုံးထိတည်ပေးနိုင်မလား" အားရှန်းက မရဲတရဲမေးလာသည်။
ယဲ့ကျွင်းလင်က နှစ်လိုဖွယ်ကောင်းစွာ ကြင်ကြင်နာနာပြုံးပြလိုက်သည်။
"မပူပါနဲ့ ငါစကားတည်ပါ့မယ်"
တကယ်ကို နာမည်ကရာမဲသဲပဲ။
ဘယ်လောက်တောင် ထူးခြားပြောင်မြောက်လိုက်တဲ့နာမည်မျိုးလဲ။
ထိုစကားလုံးသုံးလုံးကို ရေရွတ်ရသည့်အခါတိုင်း ထိုပြောင်မြောက်ထူးခြားသည့်လက်ရာများစွာကို ကြည့်ရှုခံစားခဲ့သည့် သူ၏တောက်ပခမ်းနားသောနှစ်များအား ပြန်လည်အမှတ်ရမိတတ်လေ၏။
ထို့ကြောင့် ဤထူးခြားသောမျိုးနွယ်ကိုလည်း ဆက်လက်တည်မြဲစေချင်သေးသည်။ ဤရာမဲသဲတို့ ကမ္ဘာပေါ်တွင် ဆက်လက်ရှင်သန်နေထိုင်ဖို့ သူခွင့်ပြုချင်သည်။
"ကောင်းပါပြီ"
အားရှန်းက စိတ်အေးသွားသလို သက်ပြင်းတစ်ချက်ချကာ ရင်ဘတ်လေးကိုအသာဖိသည်။ ထို့နောက် တစ်ခုခုကိုတွေးမိလိုက်ဟန်ဖြင့် တွန့်ဆုတ်စွာမေးလာသည်။
"အဲ့ဒီအသိုက်ထဲက လိပ်ပြာငယ်လေးတွေကိုရော"
"မရဘူး"
ယဲ့ကျွင်းလင်က တွန့်ဆုတ်ခြင်းကင်းစွာ ပြတ်ပြတ်သားသားပြန်ဖြေသည်။
"သူတို့ကတော့ သေကိုသေရမယ်"
ပြင်းပြသော သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်သောအခါ အားရှန်းမျက်နှာလှလှလေးမှာ ကြောက်စိတ်ဖြင့်ဖြူဖျော့သွားလျက် ပါးနပ်စွာဖြင့် ပါးစပ်ကိုအသာပိတ်လိုက်ရတော့၏။
ဘာကြောင့်ရယ်မပြောတတ်သော်လည်း ဤလူငယ်သည် ထိုလိပ်ပြာငယ်လေးများအပေါ်ကိုတော့ ရှင်းပြ၍မရနိုင်သော တစ်ဖက်စောင်းနင်းအမြင်တစ်မျိုးရှိနေသည်ဟု တွက်ဆမိသည်။
လိပ်ပြာငယ်လေးတွေက ဘာများအမှားပြုမိလို့လဲ။
သူတို့ကဘာလို့ မဖြစ်မနေသေရမှာလဲ။
သူမ နားမလည်နိုင်ပါချေ။
စခန်းအတွင်းဝယ် ရှည်လျားသော ခပ်ဝိုင်းဝိုင်းပုံသဏ္ဌာန် ယဇ်ပလ္လင်တစ်ခု၏ ထိပ်တွင် ညှိုးငယ်နွမ်းနယ်နေဟန် ရှေးဟောင်းဆန်ဆန်ပုံရိပ်တစ်ခု ငြိမ်သက်စွာထိုင်နေသည်။
လိပ်ပြာအတောင်ပံများပါသော သရဖူဆောင်းထားသည့်လူတစ်ယောက်သည် ကြမ်းပြင်ထက်ဒူးထောက်ချကာ လေးစားမှုအပြည့်ဖြင့် ပြောလိုက်သည်။
"မဟာယဇ်ပူဇော်ဝိညာဥ်ခင်ဗျာ၊ အရှင်ပြောထားတဲ့ထျန်းယွမ်သလင်းကျောက်တွေ ဒီလမှာစုဆောင်းထားပြီးသလောက် ရောက်ရှိလာပါပြီ။ တစ်ချက်စစ်ဆေးလိုက်ပါဦး"
ပြောရင်းဆိုရင်း သူ့လက်ဖဝါးအကြီးကြီးကိုဝှေ့ယမ်းကာ မရေမတွက်နိုင်သော လက်သည်းခွံအရွယ်အစားခန့်ရှိ သလင်းကျောက်လေးများကို ခလောက်ခလောက်အသံလေးများမြည်လာအောင် ဆုပ်ကိုင်ဖြန့်ကျက်ပြလိုက်သည်။
"ကျွန်တော်တို့မျိုးနွယ် ထာဝရသာယာဝပြောရေးအတွက် ကောင်းချီးပေးဖို့ အရှင့်ကိုပူဇော်ပါတယ်" မျိုးနွယ်စုခေါင်းဆောင်က ထအော်လိုက်သည်။
သူ့အနောက်မှ လိပ်ပြာမသေမျိုးအထီးတစ်သိုက်သည်လည်း ဒူးထောက်ဦးညွှတ်ချကာ သူတို့၏မျက်လုံးများမှာ ရူးသွပ်သောကိုးကွယ်မှုများဖြင့် အော်ဟစ်လာကြသည်။
"ယဇ်ပူဇော်ဝိညာဥ်များရဲ့ စွမ်းအားက အကန့်အသတ်မရှိပါ"
ကောင်းကင်သို့ထိုးတက်သွားသော ဟစ်ကြွေးသံများကား ကျေးငှက်သားရဲများကိုပင် လန့်ဖျပ်ပြိုကွဲစေ၏။
ပလ္လင်ထက်မှ နွမ်းနယ်အားလျော့နေဟန် အမျိုးသားသည် မျက်လုံးများကိုဖွင့်လိုက်သည်။ ထူးဆန်းစွာပင် ထိုမျက်လုံးများမှာ မျက်ဆံနက်မပါရှိဘဲ မီးခိုးဖြူရောင်ဖျော့ဖျော့သာ လွှမ်းခြုံနေလျက်။
ထိုသတ္တဝါမှ ထုတ်လွှတ်သောအရှိန်အဝါသည် နက်နဲ၍ရှေးကျကာ သက်ရှိများအပေါ် ခြုံငုံကြည့်ရှုနေသော နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရပြီး ဆန့်ကျင်ပုန်ကန်ဖို့ရာ မသင့်တော်သည့်အလား မြင့်မားကြီးမြတ်သည်။
သူ့အရှေ့တွင် တောင်ပို့ငယ်လေးအလား စုထပ်ပုံထားသော ထျန်းယွမ်သလင်းကျောက်များကိုမြင်သော် ထိုလူအို၏မျက်နှာအမူအရာမှာ အနည်းငယ်မျှသော ပြောင်းလဲသွားသယောင်ရှိ၏။
ရှုပ်ထွေးနတ်ဆိုးဝိညာဥ်လေးပါးထဲမှ တစ်ပါးအပါအဝင်ဖြစ်သော နှလုံးသားနတ်ဆိုးလူအိုသည် သူ၏ဆွေးမြေ့နေသောကိုယ်ထည်ကို အမြန်ပြုပြင်သန့်စင်ရန် ထိုထျန်းယွမ်ကျောက်များအား အရေးတကြီးလိုအပ်နေခဲ့သည်ပင်။
ဤနည်းလမ်းဖြင့်သာ သူအသက်ဆက်ရှင်နိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အခြားဝိညာဥ်သုံးပါး၏ ဝါးမျိုစားသောက်ခြင်းမှ ရှောင်ရှားနိုင်ပေဦးမည်ဖြစ်၏။
မှန်ပေသည်။ ရှုပ်ထွေးနတ်ဆိုးဝိညာဥ်သုံးပါးမှာ တစ်သားတည်းညီညွှတ်နေကြသည်တော့မဟုတ်။ သူတို့အတူတကွရပ်တည်နေရသည့် အကြောင်းရင်းမှာလည်း အပြန်အလှည်ထိန်းချုပ်မှုမှ မကင်းလွတ်နိုင်သောကြောင့်သာပင်။
နောက်ဆုံးတွင်တော့ သူတို့အားလုံးသည် ကောင်းကင်တာအို၏အကြွင်းအကျန်များမှ မွေးဖွားလာသောနတ်ဆိုးများဖြစ်လေရာ သူတို့မျိုးတူအချင်းချင်း ဝါးမျိုစားသောက်ခြင်းဖြင့် ဤမျှသန်မာလာခဲ့ကြသည်ဖြစ်၏။
နှလုံးသားနတ်ဆိုးလူအိုသည် ဤအဖွဲ့တွင် အားအနည်းဆုံးဖြစ်ကာ သူ့ကိုယ်သူလည်းသိထားသဖြင့် အခြေအနေကို အမြန်ပြန်လည်ထိန်းသိမ်းဖို့ အရေးတကြီးလိုအပ်နေခဲ့သည်။ ထိုမှသာ ကျန်သုံးဦး၏လောဘကို အချိန်မီတားဆီးနိုင်မည်။
မဟုတ်ပါက ဝါးမျိုခံရတော့မည်မလွဲ။
အတွေးများလှည့်လည်နေစဥ် နှလုံးသားနတ်ဆိုးလူအို၏မျက်လုံးထဲမှ အလင်းရောင်မှိန်မှိန်လေးတစ်တန်း ထိုးထွက်လာကာ သူသည် ပါးစပ်ကိုစတင်ဖွင့်ဟ၍ ထျန်းယွမ်သလင်းကျောက်များအား စတင်ဝါးမျိုလေတော့၏။
မကြာလိုက်သော အချိန်အတွင်း တောင်ပို့လေးတစ်ခုအလားစုပုံနေသော သလင်းကျောက်ပုံကြီးမှာ အကုန်အစင်စားသုံးခံလိုက်ရကာ တစ်တုံးပင်မကျန်ခဲ့တော့။
နှလုံးသားနတ်ဆိုးလူအို၏ အခြေအနေသည်လည်း ဖြည်းဖြည်းခြင်းပြန်လည်တိုးတက်လာသည်မှာ ကြောက်မက်ဖွယ် ရှေးဟောင်းသားရဲကြီးတစ်ကောင် တဖြည်းဖြည်း အင်အားပြည့်လာခြင်းနှင့်တူသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ပတ်ဝန်းကျင်ကိုလွှမ်းမိုးလာချိန်တွင် လိပ်ပြာမသေမျိုးများပါ ကြောက်စိတ်ဖြင့်တုန်ယင်နေကြရတော့၏။
"တော်တယ်" နှလုံးသားနတ်ဆိုးလူအိုက အေးတိအေးစက်သာဆိုသည်။
ထိုချီးကျူးစကားတွင် မျိုးနွယ်စုခေါင်းဆောင်မှာ အလွန်အမင်းပျော်မြူးသွားဟန်ဖြင့် စိတ်လှုပ်ရှားစွာဦးညွှတ်လိုက်သည်။
"အရှင့်လို ကြီးမြတ်တဲ့ဝိညာဥ်ဆီမှာ တာဝန်ထမ်းဆောင်ရတာက ကျွန်တော်တို့ရဲ့ ကြီးမားလှတဲ့ဂုဏ်အင်ပါပဲ"
ထိုစဥ် အတိတ်ဖြစ်ရပ်များကို ပြန်လည်အောက်မေ့မိဟန်ဖြင့် နှလုံးသားနတ်ဆိုးလူအိုက အဓိပ္ပာယ်ပါပါပြောလာသည်။
"အရင်တုန်းကတော့ သူတော်စင်လေးပါးက ခွင်းလွင်ကိုစောင့်ရှောက်ခဲ့ကြတဲ့အတွက် ငါတို့လည်း ဒီကျိုးပဲ့နေတဲ့တောင်တန်းတွေကြားမှာပဲ ပုန်းအောင်းနေခဲ့ရတယ်။ အခုတော့ သူတော်စင်လေးပါးလည်း ပျောက်ကွယ်တာကြာပြီ။ စွမ်းအားရှင်တွေအကုန်လည်း မသေမျိုးဘုံကိုရောက်ကုန်ကြပြီဆိုတော့ ဒီလူအိုကြီးမှာ ဟိုသုံးယောက်ကလွဲ တခြားပြိုင်ဘက်မရှိတော့ဘူးပဲ"
"ငါ့အခြေအနေကို အကောင်းဆုံးဖြစ်အောင် ပြန်လည်ထိန်းသိမ်းပြီး ကောင်းကင်တာအိုဥပဒေက စည်းမျဥ်းတွေလျှော့ချပေးတဲ့အချိန်ထိ စောင့်ဆိုင်းပြီးရင် ဒီအဘိုးကြီးလည်း စကြဝဠာအရှင်အဖြစ် တက်လှမ်းရမယ်"
"အဲ့ဒီအချိန်မှာ သက်ရှိသတ္တဝါအားလုံးက ငါ့အစာပဲ"
ရှုပ်ထွေးနတ်ဆိုးဝိညာဥ်များသည် ကောင်းကင်တာအိုလမ်းကြောင်း၏ ပျက်စီးချို့ယွင်းမှုမှ ထွက်ပေါ်လာသောအသက်ဓာတ်များဖြစ်ကြကာ သူတို့၏ကျင့်ကြံရေးလမ်းကြောင်းမှာလည်း ကြမ်းကြုတ်သည်နှင့်အမျှ ရိုးရှင်းခဲ့သည်။ သေလွန်သောသတ္တဝါတို့၏ ချီစွမ်းအင်များကို စုပ်ယူလိုက်ရုံသာပင်။ အကြီးအကျယ် လူသတ်ပွဲကျင်းပထားသော နယ်မြေများသည် သူတို့အတွက်တော့ အစားအသောက်ပွဲတော်ဟုသာ ဆိုရပေမည်။
သူတို့သာ နယ်မြေသိမ်းပိုက်ရေးကို အကုန်အစင်အောင်မြင်သွားပါက ခွင်းလွင်တစ်ခုလုံး မွေးမြူရေးခြံနှင့်မခြားသောဘဝတွင်သာ ကျန်ခဲ့ရမည်ဖြစ်ကာ လက်သပ်မွေးမြူထားပြီး မျိုးပွားချိန်ထိစောင့်ဆိုင်းပြီးသည်နှင့် နောက်တစ်သုတ်ထပ်မံသတ်ဖြတ်၍ သေခြင်းချီများကို ထပ်မံစုပ်ယူနိုင်သည်။
ဤသို့ဖြင့် စက်ဝန်းတစ်ခုကဲ့သို့ ထပ်ကျော့ပြန်လည်နေသော လူသတ်ပွဲများတွင် ကျင့်ကြံရေးလောကတစ်ခုလုံးလည်း ဆုတ်ယုတ်ပျက်စီးကာ မည်သည့်ကျင့်ကြံသူမှ ဆက်လက်တိုးတက်နိုင်တော့မည်မဟုတ်။
ရှုပ်ထွေးနတ်ဆိုးဝိညာဥ်များအနေဖြင့်တော့ ပလ္လင်ထက်ငြိမ်ငြိမ်ထိုင်လျက်သာ ကူးခတ်နေသောငါးကန်အတွင်းမှ ငါးများကိုဖမ်းယူစားသောက်သည့်အလား အေးအေးဆေးဆေး ဇိမ်ခံနေနိုင်သည်။
ရုတ်တရတ်ဆိုသလို နှလုံးသားနတ်ဆိုးလူအိုသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ကာ လေသံမှချက်ချင်းအေးစက်သွားသည်။
"ဘာတွေဖြစ်နေတာလဲ ကျင့်ကြံသူတစ်ယောက် ကျူးကျော်လာတယ်"
"အယ်"
မျိုးနွယ်စုခေါင်းဆောင်မှာ ရုတ်ချည်းအံ့အားသင့်သွားကာ ခေါင်းထောင်ကြည့်လိုက်စဥ် အနောက်မှ ရုတ်ရုတ်သဲသဲအသံများကို ကြားလိုက်ရသည်။
"လူသားကောင် အတင့်ရဲပြီး ငါတို့စခန်းထဲကို ကျူးကျော်ဝင်ရောက်ရဲတယ်ပေါ့"
အဝေးရှိတောအုပ်၏ အပေါ်ဘက်တွင် ထူထပ်သိပ်သည်းလှသော လိပ်ပြာမသေမျိုးတပ်သားများ စုဝေးရပ်တည်လျက်ရှိကာ လှံများကို ကိုင်ဆောင်လျက် ငွေရောင်ဆံပင်ရှိသော လူငယ်ကို အလွှာလိုက် ဝိုင်းရံထားကြသည်။ ထိုးဖောက်၍ မဖြစ်နိုင်လောက်အောင် ပိတ်ဆို့ထားကြခြင်းပင်။
ထိုအထဲမှ လိပ်ပြာထီးတစ်ကောင်က လမ်းပြပေးလာသော အားရှန်းကိုလက်ညှိုးထိုးပြကာဆိုသည်။
"ယုတ်မာတဲ့လိပ်ပြာမ ငါတို့ကိုသစ္စာဖောက်တယ်။ မင်းကိုဘယ်လိုများအပြစ်ပေးရင်ကောင်းမလဲ"
"ရာမဲသဲမျိုးနွယ်စုဝင်တစ်ယောက်ဖြစ်တဲ့ မိန်းကလေးအားရှန်း၊ တကယ်ပဲ ဒီအစ်မတွေကို မျက်နှာအိုးမဲသုတ်ခဲ့ပြီလား"
မသေမျိုးလိပ်ပြာမတစ်ဦးကလည်း အားရှန်းကို ချက်ချင်းမှတ်မိသွားကာ ဒေါသတကြီးကြိမ်းမောင်းလာသည်။
"ကျွန်မ ကျွန်မ..." အားရှန်းသည် ပြန်လည်ရှင်းပြလိုသော်ငြား ယဲ့ကျွင်းလင်ကိုတစ်ချက်မော့ကြည့်လိုက်ပြီး ဘာတစ်ခွန်းမှမဆိုရဲတော့။
ယဲ့ကျွင်းလင်သာ ထိုယဇ်ကောင်ဝိညာဥ်များကို အနိုင်ယူနိုင်ခဲ့လျှင် သူမတို့ရာမဲသဲမျိုးနွယ်တစ်ခုတော့ လွတ်လိမ့်ဦးမည်သာ။ သူရှုံးသွားလျှင်လည်း သူမပြန်လည်ငြင်းခုန်ကာကွယ်လို့ရပါသေးသည်။
သို့သော် ဤသို့သော အရေးတကြီးအခြေအနေကြား ရှင်းပြလိုက်လျှင် သူမအတွက် လွတ်လမ်းပိုပိတ်သွားမည်ဖြစ်သောကြောင့် လက်ရှိတွင်ငြိမ်နေရင်း အခြေအနေစောင့်ကြည့်တာကပိုကောင်းမည်။
ထိုအချိန်တွင် ယဲ့ကျွင်းလင်ကတော့ နှလုံးသားနတ်ဆိုးလူအိုထံတွင်သာ လုံးလုံးအာရုံစူးစိုက်နေခဲ့သည်။ တစ်ဖက်လူမှ ထုတ်လွှတ်နေသော နက်နဲ၍ရှုပ်ထွေးသည့် ထူးထူးဆန်းဆန်းအရှိန်အဝါကို သူအာရုံခံမိသည်ပင်။
"သူက ရှုပ်ထွေးနတ်ဆိုးဝိညာဥ်တွေထဲက တစ်ယောက်ဖြစ်ရမယ်"
ယဲ့ကျွင်းလင်၏မျက်လုံးများ တစ်ချက်လင်းလက်သွားပြီး နှုတ်ခမ်းတစ်ဖက်ပင့်ကာ ခပ်ဆိုးဆိုးပြုံးသည်။
"ကဲ မင်းကနေစလိုက်ကြတာပေါ့"
စာစဉ်ပြီး၏