အခန်း (၆၅၂)
Vol. 47 Ch. 652
ငလျင်လှုပ်မတတ် စစ်ချီသံများ ဆူညံလာသည်။
ကောင်းကင်ထက်တွင် လျှပ်စီးတို့တဖျတ်ဖျတ်လက်ကာ မိုးခြိမ်းသံတဒိုင်းဒိုင်းကြားတွင် လေပြင်းမုန်တိုင်းများက တိုက်ခတ်နေလျက်။
ထိုအချိန်တွင် အလယ်ပိုင်းဒေသ၏ သန်းရာချီသောပြည်သူပြည်သားတို့မှာ မသေမျိုးမဟာမိတ်တပ်ဖွဲ့၏ စစ်ရေးပြချီတက်ဟန်ကို မျက်မြင်ကိုယ်တွေ့ ကြုံဆုံခဲ့ရလေ၏။
"ဘုရားရေ မသေမျိုးမဟာမိတ်တပ်က စစ်ချီသွားတာလား"
"ကြည့်ရတာ အိမ်နီးချင်း အရှေ့ပိုင်းဒေသမှာ စိုးမိုးနေတဲ့ မဟာဂြိုဟ်သားမျိုးနွယ်တွေကို နှိမ်နင်းဖို့သွားတာထင်တယ်။ အဲ့ဒါတွေက အရမ်းအန္တရာယ်ကြီးလှဆို။"
"အိုက်ယား ကျွန်တော်တို့ကျင့်ကြံဆင့်တွေ နိမ့်ပါးနေတော့ ကိုယ်တိုင်ဝင်မပါနိုင်တာ အားမရလိုက်တာဗျာ"
...
ကျင့်ကြံသူတို့သည် လှုပ်ရှားတက်ကြွစွာဆွေးနွေးရင်း ဝင်မနွှဲနိုင်သည့်အရေး ကြိတ်မနိုင်ခဲမရဖြစ်နေကြလျက်။
သူတို့သည်လည်း ထိုတပ်မတော်ကြီးတွင် တစ်စိတ်တစ်ပိုင်း ဝင်ရောက်အားဖြည့်လိုပါသော်ငြား တပ်သားဖြစ်ဖို့လိုအပ်ချက်မှာ အလွန်မြင့်မားလေသည်။ လက်ရှိအချိန်တွင် မသေမျိုးဘုရင်အဆင့်သို့ ရောက်ရှိထားနိုင်သူများမှာလည်း ပြန်လည်နိုးထရှင်သန်လာသူများသာ ဖြစ်လေသည်မဟုတ်လော။
တာအိုပြည်နယ်တစ်ခုတွင်၊
ချောမွေ့တောက်ပြောင်သောအမွေးများဖြင့် အညိုရောင်မြည်းတစ်ကောင်သည် ကောင်းကင်ထက်မှ မြေပြင်ရှိစစ်ကြောင်းကြီးအား ငုံ့မိုးကြည့်ရင်း တိတ်တိတ်လေးကြိတ်ပျော်နေသည်။
"ဟီးဟော် ဟီးဟော် သွားကြသွားကြ။ မင်းတို့ကောင်တွေသွားမှ ဒီမြည်းအိုကြီးလည်း ဒီမှာ စိတ်ပေါ့ပေါ့နဲ့ပျော်နိုင်မှာ"
မှန်ပေသည်။ ထိုမြည်းညိုမှာ ယွင်ရှန်းမသေမျိုးကျွန်းမှ လွတ်ထွက်လာသော ယဲ့ကျွင်းလင်၏ မြည်းပေါက်လေးပင်။
မဟာဂြိုဟ်သားမျိုးနွယ်တို့ကြောင့် အရှေ့ပိုင်းဒေသတွင် အရှုပ်အထွေးများစွာဖြစ်ပေါ်ကာ အချိန်ကြာလာသည်နှင့်အမျှ အခြေအနေက ပိုလို့သာဆိုးရွားလာသောကြောင့် ကျွန်းသခင်ယဲ့ကိုရှာဖို့ အစ်မလျိုမှ အမိန့်ပေးလာခဲ့ခြင်းပင်။
သို့သော်ငြား မြည်းကလေးမှာ ခြံဝန်းထဲတွင် ချည်နှောင်ပိတ်လှောင်ခံထားရသည်ကား အချိန်အတော်ကြာညောင်းလေပြီဖြစ်သဖြင့် အပြင်ထွက်ခွင့်ရလိုက်သည်နှင့် အရင်နေရာဟောင်းသို့ ပြန်သွားလိုစိတ်မှရိတော့။ သို့ဖြစ်၍ ဓားဝှက်တောင်ထိပ်သခင်ကို လမ်းတစ်ဝက်တွင်ပင်စွန့်ပစ်ကာ အလယ်ပိုင်းဒေသတခွင် ပြေးလွှားအပျော်ရှာနေခဲ့ခြင်းဖြစ်သည်။
"ငါဆိုတဲ့မြည်းအရှင်ဟာ တစ်ချိန်က မသေမျိုးသူတော်စင်တစ်ယောက်ဖြစ်ခဲ့ပြီး အခုအချိန်မှာ မသေမျိုးဧကရာဇ်အဆင့်သာ ရှိနေသေးပေမဲ့ ဒီလောကမှာတော့ ဒီလောက်ဆိုရင်လုံလောက်နေပြီ။ ကိုယ့်အဆင့်ကိုမသိဘဲ ငါ့များလာပြီးရန်စရဲလို့ကတော့ ခွာတစ်ချက်နဲ့နင်းသတ်ပစ်ဦးမယ်"
ပြောနေရင်း မြည်းငယ်သည် ရင်ဘတ်ကိုကော့ကာ ထီမထင်သည့်ဟန်ဖြင့် နတ်ဆိုးချီကိုပါ တစ်ကိုယ်လုံးအနှံ့ ဖြန့်ကျက်မာန်ဝင့်လိုက်သေး၏။
ကျားမရှိသည့်တောင်တွင် မျောက်ကမင်းမူသည် ဟူသောဆိုရိုးစကားကိုပင် သတိရမိပါစေသည်။
ဝှစ်
ထိုစဥ် ကြီးမားသော နဂါးပုံစံအလင်းတန်းတစ်ခုက ကောင်းကင်ကိုဖြတ်သန်းရောင်ရှိလာပြီး မြည်းငယ်ရှေ့တွင် ဝုန်းခနဲထိုးစိုက်ရောက်ရှိလာ၏။ ဖုန်မှုန့်များပင် လုံးခနဲထလာလျက်။
"ဟေ့ ဒီနဂါးအရှင်က မင်းရဲ့ခွန်အားလည်း တော်တော်လေးအားကောင်းတာကို သတိထားမိတယ်"
လူပုံစံအဖြစ်ပြောင်းလဲလိုက်သော လုံအော်ထျန်းသည် လက်များကိုနောက်ပစ်လျက် ဘုရင်တစ်ပါးနှယ်ဟန်ပန်ဖြင့် လျှောက်လှမ်းချဥ်းကပ်လာကာ အာဏာသံအပြည့်ပါသောလေသံဖြင့် စကားကိုစသည်။
လုံအော်ထျန်းသည် မူလအစကတော့ အရှေ့ပိုင်းဒေသစစ်ဆင်ရေးကို စိတ်လှုပ်ရှားတက်ကြွစွာ ပါဝင်ဆင်နွှဲဖို့ပြင်ဆင်ထားသော်ငြား ဤပတ်ဝန်းကျင်တွင် သူအရင်က တစ်ခါမှတိုက်ခိုက်ရင်ဆိုင်ခဲ့ဖူးခြင်းမရှိသော နတ်ဆိုးချီတစ်မျိုးကို အာရုံခံမိလိုက်သဖြင့် ချက်ချင်း စိတ်ဝင်စားသွားမိလေ၏။
"ကောင်လေး မင်းကဘာအထာလဲ၊ ဒီမြည်းအရှင်က ပေါ့ပေါ့တန်တန်ဆက်ဆံရမဲ့အဆင့်မျိုး မဟုတ်ဘူးနော်"
မြည်းငယ်သည် ချက်ချင်းပင် ဒေါသထွက်ကာ ကိုယ်ထည်မှာလည်း ရုတ်ချည်းထွားကျိုင်းကြီးမားလာလျက် ကျန်းတစ်သန်းခန့်မြင့်သောတောင်ကြီးအလား ပြောင်းလဲသွားကာ သွေးကဲ့သို့ရဲရဲနီသောမျက်လုံးကြီးမားက လပြည့်ဝန်းအလား ဝိုင်းစက်ကြီးမားလာကြသည်။ ထုတ်လွှတ်နေသော နတ်ဆိုးချီသည်လည်း ပြင်းစွာဆူပွက်လာလျက် ကောင်းကင်ကိုပင် ချော်ရည်ပင်လယ်ပြင်အလား ပူလောင်ဆူပွက်လာစေသည်။
အနောက်တွင်ဖြစ်တည်လာသော အနက်ရောင် မသေမျိုးစက်ဝန်းသည် ကိုးကြိမ်တိတိလည်ပတ်သွားလေ၏။
ဤနေရာတွင် မည်သူက ဘုရင်အစစ်အမှန်ဖြစ်ကြောင်း အရှေ့မှနဂါးငယ်ကို မြင်သာအောင်ပြရမည်ပင်။
ကောင်းကင်ကိုပင် အရောင်မှိန်ဖျော့သေးငယ်သွားသယောင် ဖြစ်စေနိုင်သော အရှေ့မှပုံရိပ်ကိုကြည့်ရင်း လုံအော်ထျန်း၏နှုတ်ခမ်းများ သဘောတကျကွေးညွှတ်သွားသည်။
"မင်းငါ့လက်ထဲမှာ နည်းနည်းကြာကြာခံဖို့ မျှော်လင့်ပါတယ်"
ထို့နောက် မြည်းငယ်၏ အံ့သြတကြီးအကြည့်အောက်တွင် လုံအော်ထျန်း၏မသေမျိုးစက်ဝန်းက ဆယ်ကြိမ်တိတိ လည်ပတ်သွားလေတော့၏။
အရှေ့ပိုင်းစီရင်စုနှင့် အလယ်ပိုင်းစီရင်စုကြားရှိ နယ်စပ်နယ်မြေတစ်ခုတွင် လိပ်ပြာများနှင့်သဏ္ဌာန်တူသော လူသားသတ္တဝါအုပ်စုတစ်ခုရှိသည်။ အချိုးအစားကျနသောခန္ဓာကိုယ်များဖြင့် အတောင်ပံများကိုတဖျတ်ဖျတ်ခတ်ကာ ပျံဝဲနေလျက်။
ထိုလိပ်ပြာမသေမျိုးအမများသည် မျက်နှာအမူအရာကင်းမဲ့စွာဖြင့် နတ်ဘုရားအာရုံကို ထုတ်လွှင့်ဖြန့်ကျက်လျက် အဖွဲ့ထဲမှ ကွဲထွက်ကျန်ရစ်သောတစ်ယောက်ကို ရှာဖွေနေကြလေသည်။
ဦးဆောင်နေသော လိပ်ပြာမသေမျိုးသည်ကား မသေမျိုးဧကရာဇ်အဆင့်တွင်ရှိသည်။
"သတိထားကြ၊ သူတို့က မဟာဂြိုဟ်သားမျိုးနွယ်လေးခုထဲက တစ်ခုဖြစ်တဲ့ လိပ်ပြာမသေမျိုး မျိုးနွယ်ကပဲ။"
ချင်းလျန်ဓားမသေမျိုးသည် နောက်ဘက်ရှိတပ်ဖွဲ့ကို အလျင်အမြန်ရပ်တန့်စေလိုက်ကာ အလေးအနက်သတိပေးလိုက်သည်။
ယဲ့ကျွင်းလင်ကတော့ ရှုပ်ထွေးသွားဟန်ရှိ၏။
"သူတို့ကျင့်ကြံဆင့်က ခင်ဗျားထက်နိမ့်တာပဲကို၊ ကြောက်နေစရာလိုလို့လား"
သူ့အမြင်တွင် ထိုမသေမျိုးဧကရာဇ်အဆင့်တစ်ဦးမှလွဲ၍ ကျန်လိပ်ပြာမသေမျိုးများမှာ အခြေခံအားဖြင့် မသေမျိုးဘုရင်အဆင့်တွင်သာရှိသောကြောင့် ဤသို့ ဓားမသေမျိုးတစ်ပါးအနေဖြင့် ကြောက်လန့်တကြား ဆုတ်ခွာသတိပေးစရာအကြောင်းမရှိဟု တွက်ဆမိ၏။
ထိုစကားကိုကြားသော် ချင်းလျန်ဓားမသေမျိုးက ခါးသက်သက်ပြုံးသည်။
"ဒီလိပ်ပြာမသေမျိုးတွေက ကျင့်ကြံသူတစ်ယောက်ရဲ့ကျင့်ကြံစွမ်းအင်ကို အလွန်အမင်းစုပ်ယူနိုင်တဲ့ မသေမျိုးစွမ်းအားတစ်ခုပိုင်ဆိုင်ပါတယ်။ ကျွန်တော် သောင်းချီမသေမျိုးတောင်တန်းတွေထဲ ဝင်ရောက်လှည့်လည်ခဲ့တုန်းက သူတို့နဲ့ထိပ်တိုက်ဆုံခဲ့ဖူးလို့ သိထားတာပါ။ သူတို့ဘယ်လောက်မြန်မြန်စုပ်ယူနိုင်သလဲဆိုတာ ခေါင်းဆောင်စိတ်ကူးကြည့်လို့ရမှာတောင်မဟုတ်ပါဘူး"
"ကျွန်တော်လည်း အဲ့ဒီအချိန်တုန်းက စွမ်းအင်တွေအများကြီးပိုင်ဆိုင်ထားပေမဲ့ သူတို့က အဲ့လောက်အများကြီးကိုတောင် တစ်စက်မကျန်စုပ်ယူနိုင်ကြတာပါ"
"မသေမျိုးစွမ်းအားမရှိတဲ့ မသေမျိုးဆိုတာ အစွယ်မရှိတဲ့ကျားနဲ့ အတူတူပါပဲခင်ဗျာ"
"ဒီလောက်ဆို မဟာမိတ်ခေါင်းဆောင်ယဲ့ နားလည်လောက်မှာပါ"
ထိုသို့ရှင်းပြပါမှ ယဲ့ကျွင်းလင်လည်း အကြောင်းရင်းကိုနားလည်သွားရသည်။
မသေမျိုးတို့သည် မည်မျှပင်အဆင့်မြင့်နေပါစေ အသက်သွင်းစရာမသေမျိုးစွမ်းအားကုန်ခမ်းမှာတော့ အဆံမရှိသည့်ခရုခွံနှယ် တတ်မြောက်ထားသမျှ ဘာတစ်ခုမှသုံးစားရတော့မည်မဟုတ်ပါ။
"ဆရာသခင် ဒီတပည့်ကို ရှေ့တက်ပြီး ဦးဆောင်တိုက်ခိုက်ခွင့်ပြုပါ။ သူတို့စုပ်ယူတဲ့နည်းလမ်းကို စမ်းသပ်ကြည့်ချင်ပါတယ်"
လီဝူကျယ်က တောင်းဆိုလာသည်။
"သွား"
ယဲ့ကျွင်းလင်လည်း ထိုစုပ်ယူခြင်းစွမ်းအားကို စိတ်ဝင်စားသွားဟန်ဖြင့် လေ့လာအကဲခတ်ဖို့ အသာတကြည်ခွင့်ပြုလာသည်။
ထို့နောက် လီဝူကျယ်က အရင်ဆုံးထွက်ခွာသွားပြီး မသေမျိုးလိပ်ပြာတို့အုပ်စုကြား အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်သွားတော့၏။
"ရန်သူဝင်တယ်"
လိပ်ပြာမသေမျိုးများ ထိတ်လန့်တကြားဖြစ်လျက် ဒေါသလည်းထွက်ကုန်ကြသည်။
လီဝူကျယ်သည် ဓားရှည်ကိုရွှပ်ခနဲဆွဲထုတ်ကာ အနားရှိလိပ်ပြာမသေမျိုးများအား အလင်းကဲ့သို့မြန်နှုန်းဖြင့် နှစ်ပိုင်းပိုင်းချလေတော့၏။
အော်ဟစ်သံများ နေရာအနှံ့မှထွက်ပေါ်လာသည်။
"ဒီလူသားမျိုးနွယ်က သေလမ်းကိုရှာနေတာပဲ"
ခေါင်းဆောင်လိပ်ပြာမသေမျိုးက ဒေါသတကြီးဖြင့် သူမ၏တောက်ပသောအနီရောင်နှုတ်ခမ်းတို့ကို ဖွင့်ဟကာ အဝေးမှနေ၍ အကြမ်းပတမ်းစုပ်ယူလေတော့၏။
ချက်ချင်းဆိုသလိုပင် လီဝူကျယ်၏ကိုယ်တွင်းမှ မသေမျိုးစွမ်းအားများက ထိန်းချုပ်မနိုင်လောက်အောင် ထကြွစီးဆင်းလာကာ ထိုမသေမျိုးလိပ်ပြာမ၏ပါးစပ်ထဲသို့ တိုက်ရိုက်စီးဝင်သွားတော့၏။ စက္ကန့်ပိုင်းအတွင်း သူ၏မသေမျိုးစွမ်းအား ၇၀ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားရလေပြီ။
သူ၏ဒန်ထျန်မှ အားနည်းမှုခံစားချက်တစ်ခု ပျံ့နှံ့လာကာ လီဝူကျယ်၏ဦးရေပြားများ ကျိန်းစပ်လာသည်။
ဘုရားရေ ဒီလောက်တောင်မြန်မြန်စုပ်နိုင်တာလား။
ဒီလိုသာဆက်စုပ်နေမယ်ဆိုရင် တစ်စက်တောင်ကျန်တော့မှာမဟုတ်ဘူးကွ။
ယဲ့ကျွင်းလင်၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ ထိုမသေမျိုးလိပ်ပြာမျိုးနွယ်မှာ မသေမျိုးစွမ်းအားကို ထိုသို့အဝေးတစ်နေရာမှပင် ထိုမျှထိထိရောက်ရောက်စုပ်ယူနိုင်လေရာ ထိုတိုက်ကွက်မှာ ဆန်းကြယ်လှသည်နှင့်အမျှ အတော်လေးလည်းကိုင်တွယ်ရခက်မည့်ပုံပေါ်၏။
ရုတ်တရတ် ယဲ့ကျွင်းလင် အကြံတစ်ခုရကာ လီဝူကျယ်၏အရှေ့သို့ အမြန်အရောက်သွားလိုက်ပြီး လက်ညှိုးကိုကွေးကာညွှတ်ကာဖြင့် အနားသို့ခေါ်ဟန်ပြု၍ ပြုံးတုံ့တုံ့ဆိုသည်။
"ဒီကိုလာ ငါ့ကိုစုပ်ကြည့်ကြ"
အရှေ့ထွက်လာသော လူငယ်ထံမှ စွမ်းအားပြင်းသောအရှိန်အဝါကို ခံစားမိသောအခါ ခေါင်းဆောင်မသေမျိုးလိပ်ပြာ၏နှလုံးသားမှ အချက်ပေးခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး မိုးမခပင်ကဲ့သို့ သွယ်ညွှန်သောမျက်ခုံးမွေးများပင် ထောင်ထလာသည်။
"ညီအစ်မတို့ အားလုံးပဲ သူ့ကိုစုပ်ယူကြ"
"ဟုတ်ကဲ့"
ထိုအမိန့်စကားဆုံးသည်နှင့် ကျန်ရှိသော မသေမျိုးလိပ်ပြာမလေး ဒါဇင်ချီခန့်သည် ချယ်ရီရောင်သမ်းသောနှုတ်ခမ်းလေးများကို ဖွင့်ဟလျက် ယဲ့ကျွင်းလင်ဆီအား ဦးတည်စုပ်ယူကြလေတော့၏။
မျက်နှာဖြူဖျော့နေပြီဖြစ်သော လီဝူကျယ်က တုန်တုန်ရီရီပြောလာသည်။
"ဆရာသခင် ဒါကိုတော့တောင့်ခံနိုင်မယ်မထင်ဘူးနော်"