အခန်း (၆၅၀)
Vol. 47 Ch. 650
"နေစမ်းပါဦး"
ယဲ့ကျွင်းလင်က အဓိကအချက်ကိုဖမ်းဆုပ်မိသွားပြီး ထူးဆန်းသောအမူအရာဖြင့်မေးလာသည်။
"အစ်ကိုကြီးပြောတာ မြည်းက အစ်ကိုကြီးကိုတက်စီးတာပေါ့လေ"
"အေးကွာ..."
ဓားဝှက်တောင်ထိပ်သခင်က မျက်နှာငယ်ဖြင့် ဆက်ပြောပြလာသည်။
"သူ့မှာ အစောင့်တွေမမြင်အောင် အာရုံလည်းမခံနိုင်အောင် ဖျောက်ပေးနိုင်တဲ့ ကိုယ်ပျောက်စွမ်းရည်ရှိလို့ သူ့အားကိုးနဲ့ ငါဒီထိထွက်လာနိုင်ခဲ့တာ။ ငါကသူ့ကိုကျောပေါ်တင်ခဲ့ရတာလည်း ဟုတ်ပါတယ်"
အစတွင်တော့ သူသည်လည်း ထိုမြည်းကိုစီးနင်းပြီး အကာအရံကြားမှ အရှိန်အဝါကြီးကြီးဖြင့် ခမ်းခမ်းနားနားထွက်လာနိုင်ခဲ့မည်ထင်မိသော်ငြား မြည်းကသူ့ကို ပြန်စီးသွားလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
ခြံဝင်းထဲမှ ထိုမြည်း၏ နားဆူဖွယ်တဟီဟီအော်သံနှင့် စိတ်ပျက်စရာရုပ်ရည်ကို ပြန်အမှတ်ရလိုက်သောအခါ ယဲ့ကျွင်းလင်သည် ဤမူမမှန်သည့်အပြုအမူကိုလည်း ထူးဆန်းသည်ဟုမခံစားရတော့။
"ဒါပေမဲ့ အခုအဲ့မြည်းကောဘယ်မှာလဲ၊ ဘာလို့ ခင်ဗျားနဲ့အတူပါမလာတာလဲ" ယဲ့ကျွင်းလင်က တစ်ကိုယ်တည်းယောက်လာသောတစ်ဖက်လူကို မေးလိုက်သည်။
"အိုက်ယား ပြောရမှာတော့ရှက်စရာပဲ။ ငါသူ့ကိုသယ်ပြေးရင်းပင်ပန်းလာလို့ လမ်းတောင်အနိုင်နိုင်လျှောက်နေရတဲ့အချိန် သူကတော့ပျင်းတယ်ဆိုပြီး ခုန်ချထွက်ပြေးသွားတာပဲ။ တစ်နေရာရာမှာ အပျော်အပါးသွားရှာတယ်ထင်ပါ့"
ဓားဝှက်တောင်ထိပ်သခင်က ကူကယ်ရာမဲ့စွာဆိုလာသည်။
သူ့မှာတော့ မြည်းတစ်ကောင်ကိုပင်နိုင်အောင်မချနိုင်။ တစ်လမ်းလုံး နာနာခံခံသာကျောပိုးလာနိုင်ကာ အပေါ်ဘက်မှ တောက်လျှောက်ပြောဆိုနေသည့် တဖျစ်တောက်တောက်မကျေမနပ်သံများကိုလည်း သည်းခံရသေး၏။ ထိုမြည်းသည် သူ့ဘာသာငြိမ်ငြိမ်နေရသည်ကို ပျင်းရိလာ၍ စီးနင်းကစားစရာရှာရန် သူ့ကိုတမင်သက်သက်အသုံးချလေသည်လားဟုပင် ထင်မှတ်ချင်စရာ။
"ဒါကတကယ်ကို ဖြစ်ခဲတဲ့ပြဿနာပဲ။ မဟာဂြိုဟ်သားမျိုးနွယ်စုလေးခုက သတ္တဝါတွေဟာ ရှေးဟောင်းခေတ်တုန်းကတောင်မှ သူတို့စတည်းချရာ သောင်းချီတောင်တန်းဂူတွေထဲကနေ အပြင်ကိုတစ်လှမ်းတောင်မထွက်ကြတာကို အခုမှအကုန်ထွက်လာပြီး ဒုက္ခပေးနေရတယ်လို့"
စန်းလန်ကျွင်းက တောက်ခေါက်ရင်းဆိုသည်။
ထိုဂြိုဟ်သားမျိုးနွယ်များမှာ ဆန်းကြယ်ကောက်ကျစ်သောစွမ်းအားမျိုးစုံကို တတ်ကျွမ်းထားပါသော်ငြား ကံကောင်းထောက်မစွာပင် အပြင်လောကသို့ နယ်ချဲ့ကျူးကျော်ခြင်းမပြုကြဘဲ ထိုတောင်တန်းနယ်မြေအတွင်းတွင်သာ သီးသန့်ကျင့်ကြံနေထိုင်ကြကာ ဘာတစ်ခုကိုမှ ဝင်ရောက်စွက်ဖက်ခြင်းမပြုခဲ့ကြပေ။
ဤခေတ်သစ်ချိန်ခါတွင်မှ ရုတ်တရတ်ကြီး တက်တက်ကြွကြွပေါ်ထွက်လာကာ ယခင်နေရိုးနေစဥ်အလေ့အထကို လုံးဝပြောင်းလဲ၍ မကောင်းမှုများဆက်တိုက်ကျူးလွန်လာမည်ဟု ဘယ်သူမှမျှော်လင့်မထားမိခဲ့။
"ဟမ့် မင်းကဘာသိလို့လဲ၊ ဒီဂြိုဟ်သားမျိုးနွယ်တွေမှာလည်း နောက်ကွယ်ကထိန်းချုပ်နေတဲ့အကြီးအကဲတွေ ရှိနေပြီးသား။ သူတို့ကို ယဇ်သားကောင်ဝိညာဥ်များလို့ ခေါ်တယ်"
ဗဟုသုတတို့၏ ထိပ်ခေါင်ဘုရင်ဖြစ်သော ကောင်းပုလီက သူ၏ခွေးနားရွက်များကို ယုံကြည်မှုအပြည့်ဖြင့်ထောင်မတ်လိုက်ကာ ဆိုသည်။
"ဒီအဘိုးကြီးကတော့ ဒီကောင်တွေထွက်လာပြီး ထျန်းယွမ်ကျောက်တွေတူးဖော်နေရတဲ့အကြောင်းရင်းက နောက်ကွယ်ကယဇ်သားကောင်ဝိညာဥ်တွေရဲ့စနက်ပဲ ဖြစ်လိမ့်မယ်လို့ အသေအချာပြောရဲတယ်"
"နောက်ပြီး ပြောကြတာတော့ အဲ့ဒီဂြိုဟ်သားမျိုးနွယ်တွေရဲ့ မူလရင်းမြစ်က ကောင်းကင်တာအိုနဲ့တောင် ဆက်စပ်နေသတဲ့"
ထိုစကားကိုကြားသော် လူတိုင်း တအံ့တသြဖြစ်သွားကြသည်။
စန်းလန်ကျွင်းက အထိတ်တလန့်ဖြင့်မေးလာ၏။
"အကြီးအကဲကောင်းရာ သေချာလို့လား၊ စကားတွေကို ဒီလိုရမ်းသမ်းမပြောသင့်ဘူးနော်"
ကောင်းကင်တာအိုသည် ခွင်းလွင်ကမ္ဘာကိုအုပ်စိုးသော အရှင်သခင်ပင်ဖြစ်ရာ ထိုယဇ်သားကောင်ဝိညာဥ်များကို ပူဇော်ပသနေရသော ဂြိုဟ်သားတို့သည် မြင့်မြတ်သန့်စင်သော လောကအရှင်နှင့် မည်သို့ဆက်စပ်ပက်သက်နေနိုင်မည်နည်း။
"ဒီအဘိုးကြီးက တစ်ချိန်တုန်းက ဧကရီဖူယောင်ရဲ့အစောင့်ခွေးဖြစ်ခဲ့ဖူးတာကို မေ့သွားကြပြီလား၊ ငါက ဇာတ်ကြောင်းတော်တော်များများကို သိထားတာကွ"
ကောင်းပုလီက မျက်စောင်းထိုးလျက်ချေပကာ ပုံပြောလေသံဖြင့် စတင်ပြောကြားလေတော့၏။
"ဒီအဘိုးကြီးကြားခဲ့သလောက်ပြောပြရရင် ဒီမဟာဂြိုဟ်သားမျိုးနွယ်စုလေးခုရဲ့ ပုံစံအစစ်အမှန်က ရှုပ်ထွေးနတ်ဆိုးဝိညာဥ်တွေဖြစ်တယ်။ ရှေးခေတ်တစ်ချိန်မှာ ကောင်းကင်တာအိုဟာ သူ့ကိုယ်သူဒဏ်ရာရစေမိခဲ့တုန်းက အဲ့ဒီဒဏ်ကနေဖြစ်တည်လာတဲ့သတ္တဝါတွေလို့ သိရပေတယ်။ စတင်ဖြစ်တည်လာကတည်းက မသေမျိုးဧကရာဇ်အဆင့်ကိုရရှိခဲ့ပြီး ပေါ်လာလာချင်းမှာပဲ ခွင်းလွင်ကိုဖျက်ဆီးမွှေနှောက်ကြဖို့ အုပ်စုတွေဖွဲ့ခဲ့ကြသတဲ့။ ဒါပေမဲ့ အဲ့ဒီုတန်းက ကောင်းကင်သူတော်စင်အဖြစ်ကိုမရောက်သေးတဲ့ ခွင်းလွင်ထောက်တိုင် စွမ်းအားရှင်လေးပါးက ချေမှုန်းတိုက်ထုတ်လိုက်တဲ့အတွက် သူတို့မတတ်သာပဲ သောင်းချီမသေမျိုးတောင်တန်းတွေကြားထဲ ခိုအောင်းနေခဲ့ရတာပေါ့"
"နောက်ပိုင်းမှာ ဧကရီဖူယောင်နဲ့ ကျန်သုံဦးဟာ ကောင်းကင်သူတော်စင်အဖြစ် တက်ရောက်အောင်မြင်သွားခဲ့ပြန်တော့ အဲ့ဒီဝိညာဥ်တွေလည်း တုတ်တုတ်တောင်မလှုပ်ရဲခဲ့ကြပဲ အထဲမှာသာ ငြိမ်ဝပ်ပိပြားနေခဲ့ရတာပေါ့လေ"
"ဒီဂြိုဟ်သားမျိုးနွယ်တွေကျွမ်းကျင်တဲ့ အထူးစွမ်းရည်တွေဆိုတာလည်း အဲ့ဒီရှုပ်ထွေးနတ်ဆိုးဝိညာဥ်လေးပါးဆီကနေ အမွေခံရရှိခဲ့တာတွေပဲ။ သူတို့ရဲ့ လက်စွဲတော်အစေအပါးတွေလို့ ဆိုရမှာပေါ့လေ"
လျှို့ဝှက်ဇာတ်ကြောင်းတစ်ခုလုံး အဆုံးတွင် လူတိုင်းပါးစပ်အဟောင်းသား အံ့သြဘနန်းဖြစ်ကျန်ခဲ့ရသည်။
"အကြီးအကဲကောင်းက တကယ်ကို အများကြီးသိတာပဲ" စန်းလန်ကျွင်းက ချီးကျူးစကားဆိုသည်။
"အိုက်ယား"
ကောင်းပုလီက လက်ကိုဝှေ့ယမ်းကာ နှိမ့်ချဟန်ဖြင့်ဆိုသည်။
"ဒီလိုပါပဲ ငါကလည်း သက်တမ်းရင့်အစောင့်ခွေးကြီးဖြစ်ခဲ့တာပဲကို ဒီလောက်တော့သိနေမှ တော်ကာကျတာပေါ့"
လျိုချင်းမင်သည် ခေါင်းထဲအတွေးတစ်ခုဝင်လာကာ ခပ်သွက်သွက်ထောက်ပြလိုက်သည်။
"အကြီးအကဲကောင်း စာအုပ်တစ်အုပ်လောက်ရေးပြီး ဖြန့်ဝေရင်ရော၊ 'အစောင့်ခွေးတစ်ကောင်အဖြစ် နှစ်ပေါင်းကြာရှည်' ဆိုတဲ့ခေါင်းစဥ်နဲ့လေ၊ ခွင်းလွင်တခွင်မှာ သေချာပေါက်နာမည်ကြီးမဲ့စာအုပ်မျိုးပဲ"
ကောင်းပုလီက မေးစေ့ကိုပွတ်သပ်ရင်း ပြောသည်။
"အရမ်းကောင်းတဲ့အကြံဉာဏ်ပေပဲ၊ ဒီအဘိုးကြီးလည်း အခုနောက်ပိုင်း အဲ့လိုတွေးမိနေ..."
"အဟမ်း အဟမ်း"
ယဲ့ကျွင်းလင်က ချောင်းထဟန့်သည်။
"အရေးကြီးတာကို ဆက်ပြောကြရအောင်"
"ဆရာတူညီလေးယဲ့ ကြားရသလောက်ဆို သူတို့နောက်ခံတွေကလည်း အရမ်းစွမ်းအားကြီးမဲ့ပုံပဲ။ ငါတို့ဘာဆက်လုပ်သင့်သလဲ"
ထိုမျှခြောက်ခြားဖွယ်နောက်ခံသမိုင်းကြောင်းကို ကြားလိုက်ရချိန်တွင် ဓားဝှက်တောင်ထိပ်သခင်မှာ ရုတ်ချည်းစိတ်ဓာတ်ထိုးကျကာ ယုံကြည်ချက်မဲ့စွာ ညည်းတွားလိုက်မိလေသည်။
"ရှင်းပါတယ် ကျွန်တော်သွားသတ်လိုက်မယ်"
ယဲ့ကျွင်းလင်က လိုရင်းတိုရှင်းဆိုသည်။
"မင်းကလား"
ဓားဝှက်တောင်ထိပ်သခင်မှာ အလန့်တကြားဖြစ်သွားဟန်။
"ဘာလဲ ကျွန်တော့်ကိုမယုံတာလား" ယဲ့ကျွင်းလင်က မျက်ခုံးပင့်လျက်မေးသည်။
"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ပါဘူး၊ လုံးဝအဲ့လိုဆိုလိုတာမဟုတ်ဘူး။ ဒီတိုင်း တစ်ခုခုအလွဲအချော်ဖြစ်သွားမှာ စိုးရိမ်လို့ပါကွာ၊ စိတ်ချရအောင် ပိုပြီးအင်အားကြီးတဲ့တစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်ရင်ပိုမကောင်းဘူးလားလို့ စဥ်းစားမိလို့ပါ"
ဓားဝှက်တောင်ထိပ်သခင်က အသည်းအသန်ငြင်းဆန်ရင်း တစ်ခုခုကိုတွေးမိလိုက်ဟန်ရှိကာ ယဲ့ကျွင်းလင်အနားသို့တိုးကပ်၍ တီးတိုးပြောသည်။
"ဆရာတူညီလေးယဲ့၊ အခုဆိုရင် မင်းအဆင့်အတန်းကလည်းအရမ်းမြင့်နေပြီပဲ၊ ငါတို့ မသေမျိုးတာအို မဟာမိတ်ခေါင်းဆောင်ဆိုတာကို အတူပူးပေါင်းဖို့ အကူအညီတောင်းလိုက်မယ်ဆိုရင် ဘယ်လိုလဲ"
မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းဆိုသည်မှာ အလယ်ပိုင်းဒေသတွင် ထိပ်သီးစွမ်းအားရှင်တပ်ဖွဲ့တစ်ခုဖြစ်သည်မဟုတ်လော။ ထိုမဟာမိတ်ခေါင်းဆောင်ယဲ့ဆိုသည်မှာလည်း နတ်ဘုရားတမျှကျော်ကြားလှသည်ပင်။ ထိုသူသာ လိုလိုလားလား ပါဝင်ကူညီလိုလျှင် သူတို့ဘက်မှ သေချာပေါက်အနိုင်ရရှိမည်သာ။
ယဲ့ကျွင်းလင်: “?”
ထို့နောက် ဓားဝှက်တောင်ထိပ်သခင်ကို အရူးတစ်ယောက်ကို သူပြန်ကြည့်ပေးနေလိုက်သည်။ တကယ်လည်း ဘာပြန်ပြောရမှန်းမသိတော့။
"နေစမ်းပါဦး မင်းအကြည့်ကဘာလဲ" ဓားဝှက်တောက်ထိပ်သခင်လည်း အောက်သိုးသိုးဖြစ်သွားသည်။
ထိုစဥ် ကျန်းထျန်းမင်က သူ့ပုခုံးကိုပုတ်ကာ စာနာသနားသည့်ဟန်ဖြင့် ဝင်ပြောပေးလာသည်။
"အရူးရယ် ငါကပဲတရားဝင်မိတ်ဆက်ပေးလိုက်ပါရစေ၊ ငါတို့ရှေ့မှာထိုင်နေတဲ့ ဒီပုဂ္ဂိုလ်က မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းရဲ့ လက်ရှိအုပ်ချုပ်နေဆဲခေါင်းဆောင်ဖြစ်ပြီး အပြင်လောကမှာဆိုရင် မဟာမိတ်ခေါင်းဆောင်ယဲ့လို့ နာမည်ကြီးတဲ့လူပါပဲ"
အခွင့်အရေးကိုအရယူကာ တစ်ဖက်လူကို ပြန်နှက်လိုက်ရသည့်အတွက် ကျန်းထျန်းမင်လည်း အတော်လေးကျေနပ်အားရသွားရသည်။
"ဘာ"
ဓားဝှက်တောင်ထိပ်သခင်မှာ အကြီးအကျယ်လန့်ဖျပ်သွားရ၏။
အရှေ့ပိုင်းဒေသတွင် မတရားသဖြင့်နာမည်ကြီးလှသော ဆရာတူညီလေးသည် အလယ်ပိုင်းဒေသတွင်လည်း ထိုနာမည်ကို မပြတ်ဆက်ထိန်းထားနိုင်ခဲ့လေသည်။
မင်းက ငါတို့နဲ့အတူတူ လူပဲမဟုတ်လားကွာ။ ဘာကြောင့် ကောင်းကင်ဘုံကပါမနာလိုရအောင် အမြဲသာလွန်နေရတာလဲ။
ဤကာလအတွင်း သူကြုံခဲ့ရသော ရင်နာဖွယ်အဖြစ်အပျက်များကို ပြန်စဥ်းစားမိရင်း ဓားဝှက်တောင်ထိပ်သခင်၏မျက်လုံးများမှာ စိုစွတ်လာကာ မျက်ရည်ကြည်နှစ်ကြောင်းက လိမ့်ခနဲစီးဆင်းကျလာတော့၏။ သူရုတ်တရတ် မြေပေါ်ဒူးထောက်ချကာ လူငယ်လေး၏ပေါင်ကိုဖက်လျက် မထိန်းနိုင်စွာ အော်မေးလိုက်မိတော့သည်။
"ဆရာတူညီလေးယဲ့ ပြောစမ်းပါ၊ မင်းကဘာလို့ ဘယ်နေရာသွားသွား စောက်ရမ်းတော်နေရတာလဲ။ ငါမင်းကို အရမ်းအရမ်း မနာလိုတာပဲကွာ"