← Chapters

စိတ်ကြိုက်သုံးဆောင်ကြပါ ငါ့မှာအများကြီးရှိတယ်

Vol. 47 Ch. 651

စိတ်ကြိုက်သုံးဆောင်ကြပါ ငါ့မှာအများကြီးရှိတယ်

Vol. 47 Ch. 651

ယဲ့ကျွင်းလင်မှာ နှုတ်ခမ်းနည်းနည်းတွန့်မိသွားရသည်။ ရုတ်တရတ်ကြီးထပြီး ချဲ့ကားအော်ဟစ်နေပြန်တော့လည်း ဘာပြန်ပြောရမှန်းတောင်မသိတော့။

"ထတော့ အလုပ်လုပ်ဖို့အချိန်ကျပြီ"

"အေးပါကွာ"

ဓားဝှက်တောင်ထိပ်သခင်သည် သူ့အမှားသူချက်ချင်းနားလည်လိုက်ပြီး ထူးထူးဆန်းဆန်းဝိုင်းကြည့်နေကြသောအကြည့်များထဲမှ အမြန်ထရပ်ကာ နဂိုလေးလေးနက်နက်အမူအရာထံသို့ ပြန်ပြင်ဆင်လိုက်သည်။

"ရှုပ်ထွေးနတ်ဆိုးဝိညာဥ် ဟုတ်သလား၊ တစ်ချက်လောက်မှအရိုက်ခံနိုင်ပါ့မလား ကြည့်ကြသေးတာပေါ့" ယဲ့ကျွင်းလင်က ကြိမ်းဝါးသည်။

အဘယ့်ကြောင့် ကျင့်ကြံသူများကိုကွက်စုကာ ထိုထျန်းယွမ်သလင်းကျောက်ကို မိုင်းတူးရှာဖွေခိုင်းနေရသနည်း အကြောင်းရင်းကိုသူမသိသေးပါသော်ငြား သူ့ဇာတိမြေတွင် ဤသို့အတင့်ရဲကျူးလွန်နေကြခြင်းမှာ မျှမျှတတအပြစ်ပေးသင့်နေပြီဖြစ်သည်။

[တင်၊ တာဝန်အသစ်တစ်ခုကို အသက်သွင်းနိုင်လိုက်တဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်၊ ရှုပ်ထွေးနတ်ဆိုးဝိညာဥ်လေးပါးကိုသတ်ပါ။ ဆုလာဘ်ကတော့ မသေမျိုးသူတော်စင် ဥပဒေစွမ်းအား သန်းနှစ်ဆယ်အထိတိုးမြှင့်ခြင်းပဲ ဖြစ်ပါတယ်။]

စနစ်၏အသိပေးချက်က သူ့စိတ်ထဲအော်မြည်လာသည်။

ယဲ့ကျွင်းလင်မှာ စဥ်းစားခန်းဝင်သွားဟန်ဖြင့် မေးစေ့ကိုအသာပွတ်သပ်လိုက်သည်။ စနစ်၏ဆုလာဘ်မှာ မသေမျိုးသူတော်စင် ဥပဒေစွမ်းအား သန်းနှစ်ဆယ်။

မဆိုးဘူး၊ တန်တယ်ပြောရမယ်။

သိထားရမည့်တစ်ချက်မှာ မသေမျိုးသူတော်စင်အဆင့်တွင် ရရှိနိုင်သောဥပဒေစွမ်းအားပေါင်း အများဆုံးမှာ သန်းသုံးဆယ်အထိရှိလေသည်။ ဥပဒေစွမ်းအားတို့၏အရေအတွက်သည် ကျင့်ကြံသူ၏တိုက်ရည်ခိုက်ရည်အဆင့်ကို အဆုံးအဖြတ်ပေးသည့်အပြင် စကြဝဠာအရှင်အဖြစ် နောက်တစ်ဆင့်တက်ဖို့အရေးကိုပါ ဆက်စပ်တွန်းတင်ပေးနေသောအဆင့်များဖြစ်၏။

သတ်သတ်မှတ်မှတ် အတိအကျဆိုရလျှင် မသေမျိုးတာအိုသရဖူအဆင့်များဟု ညွှန်းဆိုနိုင်မည်။

ထိုအဆင့်များတွင် အမြင့်ဆုံးမှာ မဟာကောင်းကင်ဟုခေါ်ဆိုပြီး သူ့အောက်တွင် အလယ်အလတ်ကောင်းကင်နှင့် သာမန်ကောင်းကင်ဟူ၍ နှစ်မျိုးထပ်မံခွဲခြားထားသည်။

ကျင့်ကြံသူသည် ဥပဒေစွမ်းအားပေါင်း ဆယ်သန်းအပြည့်ရရှိကာ စကြဝဠာအရှင်အဖြစ်သို့ တက်ရောက်သွားပါလျှင် မသေမျိုးတာအိုသရဖူအဆင့် သာမန်ကောင်းကင်မှ စတင်ရမည်ဖြစ်သည်။

ဥပဒေစွမ်းအားပမာဏ သန်းနှစ်ဆယ်သည်ကား မသေမျိုးတာအိုသရဖူ အလယ်အလတ်ကောင်းကင်အဆင့်ဖြစ်၏။

သန်းသုံးဆယ်မှာ အမြင့်ဆုံးဖြစ်သော မသေမျိုးတာအိုသရဖူ မဟာကောင်းကင်ပင်။

သို့ဖြစ်၍ စနစ်၏ဆုလာဘ်အကြောင်းကြားလိုက်ချိန်တွင် ယဲ့ကျွင်းလင်သည် မိမိ၏မသေမျိုးတာအိုသရဖူအဆင့်မှာ အလယ်အလတ်ကောင်းကင်သို့တိုင် တိုက်ရိုက်တက်ရောက်နိုင်ပြီး ပြည့်မီနေပြီဖြစ်ကြောင်း နားလည်လိုက်သည်။

"မဟာမိတ်ခေါင်းဆောင် တိုက်ရိုက်အမိန့်၊ ရှေးဟောင်းကျင့်ကြံသူငါးသောင်းကို တပ်ဖွဲ့စုစည်းပြီး အရှေ့ပိုင်းဒေသက မဟာဂြိုဟ်သားမျိုးနွယ်များကိုတိုက်ခိုက်ဖို့ စတင်စီစဥ်လှုပ်ရှားပါ"

ယဲ့ကျွင်းလင်သည် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း ခေါင်းဆောင်တံဆိပ်ကိုထုတ်ယူကာ မသေမျိုးစွမ်းအားဖြင့် အသက်သွင်းလိုက်သည်။

မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို တိုတိုရှင်းရလျှင် မသေမျိုးများ ညီညွှတ်စွာစုစည်းနေသော တပ်ဖွဲ့တစ်ခုသာ။

သူပြောလိုက်သော ရှေးဟောင်းကျင့်ကြံသူငါးသောင်းဆိုသည်မှာလည်း အကုန်လုံးက မသေမျိုးဘုရင်အဆင့်ထက်မြင့်မားနေကြမည်ဖြစ်ရာ ခွင်းလွင်ကမ္ဘာတွင် စွမ်းအားအရာယှဥ်ဘက်မရှိနိုင်မည့် မသေမျိုးအထူးတပ်ဖွဲ့တစ်ခုသာ ဖြစ်၏။

ထိုမျှများပြားပြည့်သိပ်သော မသေမျိုးဘုရင်အဆင့်ကျင့်ကြံသူများကို အလယ်ပိုင်းဒေသတွင်သာ ဤမျှကျယ်ကျယ်ပြန့်ပြန့် စုဆောင်းနိုင်ပေမည်။

အရှေ့ပိုင်းဒေသတွင် ရှေးဟောင်းကျင့်ကြံသူများ အခြေချနေထိုင်နေပါကလည်း ထောင်ဂဏန်းထက်မပိုနိုင်။

ဘယ်လိုပဲယှဥ်တွေးကြည့်ပါစေ၊ စွမ်းအားအရာတွင်ရော အရေအတွက်အရာတွင်ပါ အပြတ်အသတ်သာလိမ့်မည်မလွဲ။

မဟာမိတ်ခေါင်းဆောင် ယဲ့ကျွင်းလင်၏ တစ်ချက်လွှတ်အမိန့်စကားသည် အလယ်ပိုင်းဒေသတစ်လွှားတွင် ရုတ်ရုတ်သဲသဲလှုပ်ခတ်သွားဖို့ရာ လုံလောက်ပေ၏။

တောက်ပလင်းဖြာသော မသေမျိုးအလင်းတန်းများသည် ကောင်းကင်ထက်တွင် သိပ်သည်းစွာ တလှစ်လှစ်ပေါ်ထွက်လာကာ တပ်ဖွဲ့တစ်စုအနေဖြင့် စီစဥ်တကျစီတန်းရောက်ရှိလာကြသည်။ ခမ်းနားသောအရှိန်အဝါတို့ စုစည်းရောထွေးမိရာတွင် ပတ်ပတ်လည်ဧရိယာတစ်ခုလုံးသို့ အဖျားခတ်အရောင်ဟပ်ဟာ အကြောင်းရင်းကို မည်မည်ရရမသိထားသော လူအပေါင်းမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြတော့၏။

မကြာမီပင် ဒုတိယမဟာမိတ်ခေါင်းဆောင်ဖြစ်သော ချင်းလျန်ဓားမသေမျိုးသည် စစ်ကြောင်းကို ကိုယ်တိုင်ကိုယ်ကျဦးဆောင်ကာ အရှိန်အဟုန်အပြည့်ဖြင့် စစ်တပ်ကြီးအား ခင်းကျင်းပြသရင်း လေးနက်တည်ကြည်သောမျက်နှာထားဖြင့် ဦးညွှတ်လျက်ဆိုသည်။

"မဟာမိတ်ခေါင်းဆောင်ယဲ့ကို နှုတ်ခွန်းဆက်သပါတယ်"

အမှန်တော့ သောင်းချီမသေမျိုးတောင်တန်းများကို ယဲ့ကျွင်းလင်ကိုယ်တိုင် တိုက်ခိုက်ဖြိုဖျက်ဖို့ဆန္ဒရှိလာခြင်းလား သူလည်းအံ့သြမိသည်သာ။ သောင်းချီမသေမျိုးတောင်တန်းများသည် ရှေးခေတ်အခါကတည်းက သမိုင်းနှင့် ဒဏ္ဍာရီနှင့် တားမြစ်နယ်မြေဖြစ်ခဲ့သည့်နေရာ မဟုတ်ပေလော။

အုပ်စိုးနေသော မဟာဂြိုဟ်သားမျိုးနွယ်တို့မှာလည်း ဆန်းဆန်းပြားပြားစွမ်းအားများကို ပိုင်ဆိုင်ထားသေးသည်ဖြစ်ရာ ပြန်လည်တွန်းလှန်ဖို့က အတိုင်းအတာတစ်ခုအထိ ခက်ခဲဦးမည်ဖြစ်၏။ သူသည်ပင် အထွတ်အထိပ်ဟုဆိုရလောက်မည့် ငယ်ရွယ်တက်ကြွစဥ်အခါက အတွင်းကြေနာတာရှည်ရောဂါရသည်အထိ ခံလိုက်ရသေးသည်မဟုတ်လော။

လက်ရှိအချိန်တွင် သူ၏ကျင့်ကြံဆင့်မှာ မသေမျိုးဧကရာဇ်နဝမကောင်းကင်ကို ကျော်လွန်ထားပြီးဖြစ်ကာ ဖျက်ဆီးချေမှုန်းခြင်းတွင် ကြောက်မက်ဖွယ်အင်အားပြင်းထန်လှသည့် ချင်းလျန်ဓားကျင့်စဥ်ကိုလည်း ထူးကဲအဆင့်ထိထုတ်သုံးနိုင်နေပြီးဖြစ်ပါသည်။

သို့သော် ထိုမဟာဂြိုဟ်သားမျိုးနွယ်တို့ဖြင့် တစ်ခါပြန်ထိပ်တိုက်တွေ့ရမည့်အခါတွင် ချင်းလျန်ဓားမသေမျိုးသည်လည်း နှလုံးသားအတွင်းမှ ကြက်သီးမထမိဘဲမနေနိုင်သေး။

ထို့အပြင် ထိုဂြိုဟ်သားမျိုးနွယ်ကို အမိန့်ချကြိုးကိုင်နေသော အတွင်းပိုင်းမှ ယဇ်ကောင်ဝိညာဥ်များဆိုသည်က ပို၍ပင်ကြောက်ဖို့ကောင်းသေးသည်ဟု ကြားသိထားရသေးပြန်၏။

"မဟာမိတ်ခေါင်းဆောင်ယဲ့၊ ဒီမဟာဂြိုဟ်သားမျိုးနွယ်တွေက အရှေ့ပိုင်းဒေသမှာပဲရှိနေတာကို ဘာကြောင့်ကျွန်တော်တို့ ဒီလိုအကြီးအကျယ်နှိမ်နင်းဖို့လိုနေတာလဲခင်ဗျာ"

တစ်ယောက်က အရဲကိုးစွာမေးခွန်းထုတ်လာသည်။

မသေမျိုးမဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်တော်တော်များများမှာ သောင်းချီမသေမျိုးတောင်တန်းအထိ စစ်ထွက်ရခြင်းအကြောင်းတရားကို နားမလည်နိုင်သေးလှကြောင်း အရှင်းသားပင်။

ထူးဆန်းသောစွမ်းအားများကို လိုသလိုထုတ်သုံးနိုင်သည်ဟု သတင်းသဲ့သဲ့ကြားထားသော ထိုမကောင်းဆိုးဝါးများနှင့် သူတို့ မလိုအပ်လျှင် မတိုက်ခိုက်ချင်ကြပါ။

"အားလုံးပဲ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်"

"အရှေ့ပိုင်းဒေသတစ်ခုနဲ့တင် သူတို့အစာမဝ စိတ်မကျေနပ်ရင် အလယ်ပိုင်းဒေသဆီကိုပါ အလိုအလျောက်ဦးလှည့်လာတော့မှာ အသေအချာပါပဲ"

"ဒီလိုပြန့်ပွားဖို့အရေးကို ကာကွယ်ဖြေရှင်းဖို့အတွက် မသေမျိုးမဟာမိတ်အဖွဲ့အစည်းက ပြတ်ပြတ်သာသား လှုပ်ရှားဖို့အချိန်ကျပါပြီ"

"ဒါကြောင့် အရှေ့တိုင်းနယ်မြေကို လွတ်လပ်ဘေးကင်းအောင် အရင်စောင့်ရှောက်ပေးရပါမယ်"

ယဲ့ကျွင်းလင်က ယုံကြည်မှုအပြည့်ဖြင့် ရှင်းလင်းပြောကြားရင်း မျက်လုံးများက အလျှံတငြီးငြီးတောက်ပလျက်။

ပြိုင်တူတွန်းလျှင် ရွေ့ကိုရွေ့ပါလိမ့်မည်။ ဤအရေးတွင် သူသည် ထိုဂြိုဟ်သားမျိုးနွယ်များကို အပြတ်ရှင်းထုတ်ချင်ရုံသာမက အရှေ့ပိုင်းဒေသအပေါ် မဟာမိတ်အဖွဲ့အစည်း၏ သြဇာလွှမ်းမိုးဖို့ရာပါ ရည်ရွယ်ကြံဆထား၏။

အရေးအကြီးဆုံးအချက်မှာ သူသည် ထိုနောက်ကွယ်မှ ရှုပ်ထွေးနတ်ဆိုးဝိညာဥ်လေးပါးကို ရှင်းထုတ်ပစ်ရမည်ဖြစ်သောကြောင့် ပျံ့နှံ့နေသော ထိုငါးပေါက်များကို လိုက်လံဖိနှိပ်ဖို့ လက်မအားတော့လေသောကြောင့်။

"မဟာမိတ်ခေါင်းဆောင်ပြောတာ အဓိပ္ပာယ်ရှိသည်။ ဒီကောင်းဆိုးဝါးတွေ အချိန်အတော်ကြာအောင် ဂူအောင်းနေခဲ့ကြတာလည်း အတိတ်တုန်းကရှုံးနိမ့်မှုကြောင့်သာပါ။ အခုတော့ အပြင်လောကမှခြိမ်းခြောက်မှုမရှိတော့ဘူးလို့ မှတ်ယူထားတာကြောင့် အခုလိုနယ်ချဲ့ပြဿနာရှာနေရဲတာပဲ"

ချင်းလျန်ဓားမသေမျိုးက နက်နဲသောအသံဖြင့် ဆက်ပြောသည်။

"မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို စတင်တည်ထောင်ရတဲ့ မူလရည်ရွယ်ချက်ကလည်း ခွင်းလွင်ကမ္ဘာရဲ့အနာဂတ်ကို အတူပြုပြင်မွမ်းမံပေးဖို့နဲ့ ပြင်ပရန်သူတွေကို အတူတကွတွန်းလှန်ကြဖို့ပဲ။ အခု အရှေ့ပိုင်းဒေသက ကျုပ်တို့ရဲ့ရောင်းရင်းညီနောင်တွေ ဒုက္ခကြားရှင်သန်နေထိုင်နေရချိန်မှာ ကျုပ်တို့ကဘယ်လိုလုပ် လက်ပိုက်ကြည့်နေရမှာလဲ"

"ဟုတ်တယ်ဟေ့"

"ငါပြောချင်တာအဲ့ဒါ"

နားထောင်နေသည့်လူတိုင်းမှာ သတ္တိသွေးတို့ဆူပွက်ကာ တစ်ယောက်ပြီးတစ်ယောက် ထောက်ခံကြွေးကြော်လာကြ၏။

ထို့အပြင် ဤတစ်ခေါက်တိုက်ပွဲကို ခေါင်းဆောင်ကိုယ်တိုင် ကွပ်ကဲကြီးကြပ်ဦးမည်ဖြစ်ရာ ယုံကြည်မှုတို့ နှစ်ဆတိုးခိုင်မာလာကြသည်။

"ဆရာတူညီလေးယဲ့က အရမ်းကိုသြဇာကြီးတာပဲ"

ထိုမြင်ကွင်းကို ဘေးမှကြည့်နေသော ဓားဝှက်တောင်ထိပ်သခင်က အားကျခြင်းကြီးစွာရေရွတ်မိသည်။

တစ်ချိန်တည်းမှာပင် မသေမျိုးမဟာမိတ်တပ်၏အင်အားကြောင့် ထိတ်လန့်တကြားလည်းဖြစ်ရ၏။

မသေမျိုးဘုရင် အရေအတွင်ငါးသောင်းကို ရက်မကူးခင် စကားတစ်ခွန်းဖြင့်စုဆောင်းလိုက်နိုင်သည့်အခြေအနေမှာ အရှေ့ပိုင်းသားတစ်ဦးအနေဖြင့် စိတ်ပင်မကူးဖူးသည့်အချင်းအရာပင်။

ဤသို့ဖြင့် ချက်ချင်းဆိုသလိုပင် ယဲ့ကျွင်းလင်ဦးဆောင်သော မသေမျိူးမဟာမိတ်တပ်သည် အရှေ့ပိုင်းဒေသသို့ စတင်စစ်ချီကုန်ကြတော့၏။

ထိုတိုက်ပွဲအတွက် အလယ်ပိုင်းဒေသမှ ရှေးဟောင်းကျင့်ကြံသူ အကုန်အစင်နီးပါး စုဆောင်းပြင်ဆင်ထားသည်ဖြစ်ရာ အားထုတ်မှုမှာ ၁၀၀ရာခိုင်နှုန်းအပြည့်ဖြင့် ရန်သူကိုတစ်စမကျန်ချေမှုန်းဖို့ စိတ်ပိုင်းဖြတ်ထားသည့်အလား။

All Chapters