မင်းပြေးနိုင်သေးလား
Vol. 1 Ch. 189
"ဝှစ်"
ကျန်းရီသည် လျှိုမြောင်ထဲသို့ ခုန်ဆင်း လိုက်သည်။ သူ ပေတစ်ထောင် နီးပါး ကျဆင်းပြီးနောက် လက်ထဲတွင် အနက်ရောင်အကြေးခွံဓား ပေါ်ထွက်လာခဲ့ပြီး လျှိုမြောင်နံရံထံ ထိုးစိုက် လိုက်လေသည်။
သံကိုတောင် ရွှံ့ကဲ့သို့ ပိုင်းဖြတ်နိုင်သော အနက်ရောင် အကြေးခွံဓားသည် လျှိုမြောင် နံရံထံ အလွယ်တကူ စိုက်ဝင် သွားခဲ့ပြီး ကျန်းရီ၏ ကိုယ်အား ပြုတ်ကျ နေခြင်းမှ တားဆီး လိုက်သည်။ သူသည် လက်တစ်ဖက်ဖြင့် လျှိုမြောင်နံရံကို တွယ်ထားကာ အနက်ရောင် အကြေးခွံဓားကို ဝှေ့ယမ်း၍ လျှိုမြောင် နံရံထက်တွင် ဂူငယ် တစ်ခု ထွင်းနေ လိုက်သည်။
ဉာဏ်ကောင်းတဲ့ ယုန်က တွင်းသုံးတွင်း ထားတယ် ... အရေးပေါ် ထွက်ပေါက် အတွက် ဂူလမ်းကြောင်း နည်းနည်းလေး ထပ်တူးတာပေါ့။
အနက်ရောင် အကြေးခွံဓား တစ်ချက်မျှနှင့် ကျောက်သားများမှ အမှုန်အမွှားများ ဖြစ်သွား ကြလေသည်။ ကျန်းရီသည် ဂူငယ်ထဲမှ အဘက်ဘက်သို့ လမ်းကြောင်းများစွာ တူးလိုက်သည်။ သူသည် မြေပေါ်သို့ လမ်းကြောင်း နှစ်ခု တူးလိုက် သော်လည်း မြေပေါ် မရောက် စေခဲ့ပေ။ မြေပေါ် ပေါ်နေပါက တစ်ယောက်ယောက် သတိထားမိ သွားနိုင်ပေသည်။ သူထွက်ပြေး ရမည်ဆိုလျှင် အလွယ်တကူ ပြေးနိုင်ရန် ဆယ်ပေခန့် ချန်ထား လိုက်သည်။
မြေပေါ်ဘက်သို့ လမ်းကြောင်း နှစ်ခု တူးဖော်ပြီးနောက် ကျန်းရီသည် နောက်ကြောင်း ပြန်ကာ အောက်တည့်တည့်သို့ တူးပြန်သည်။ သူသည် မြေပေါ်နှင့် ပေတစ်ထောင်ခန့် အကွာအဝေးသို့ ရောက်သော အခါမှ ရပ်တန့် လိုက်သည်။ သူသည် လျှိုမြောင် နံရံတွင် ထွက်ပြေးရန် လမ်းကြောင်း များစွာ ပါသည့် ဂူငယ်တစ်ခု တူးခဲ့လေသည်။
"အမ် ... ငါဒီမှာ သုံးရက်ကနေ ငါးရက်လောက် အထိ နေမယ် … ဒီလောက်ဆိုရင် အပေါ်က လူတွေကို ငါလွယ်လွယ်နဲ့ အာရုံခံနိုင်ပြီ"
ကျန်းရီသည် ခေါင်းတညိတ်ညိတ်နှင့် တင်ပျဉ်ခွေ ထိုင်ကာ ကျင့်ကြံ လိုက်သည်။ သူသည် တံဆိပ်ပြား ကိုလည်း မီးဝိညာဉ် ပုလဲအတွင်း သိမ်းဆည်း လိုက်သည်။ တစ်ယောက်ယောက် အပေါ်မှ ဖြတ်သွားလျှင်တောင် သူ့အား ခြေရာ ခံမိမည် မဟုတ်ပေ။
နှစ်နာရီကြာ ကျင့်ကြံပြီးတိုင်း ကျန်းရီသည် တံဆိပ်ပြားကို ထုတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလေ့ ရှိသည်။ အနီးအနားတွင် ဘယ်သူမှ မရှိကြောင်း သေချာသော အခါမှ သူဆက်လက် ကျင့်ကြံသည်။ ဆယ်နာရီကြာ ကျင့်ကြံပြီးနောက် သူသည် အနက်ရောင် အကြေးခွံဓားကို လျှိုမြောင် အပြင်ဘက် လေဟာနယ် အတွင်း ဝှေ့ယမ်း၍ လေအရိပ် ဓားသိုင်းကို လေ့ကျင့်သည်။
သူသည် လေအရိပ်ဓားကို ကောင်းကောင်း ကျွမ်းကျင်နေပြီ ဖြစ်သော်လည်း သဘာဝလွန် အဆင့်ကို မရောက်သေးရာ ရန်သူကို ဖိနှိပ်ရန် အားစက်ကွင်းကို မဖန်တီး နိုင်သေးပဲ ရှိနေလေသည်။ ဤမြေကမ္ဘာ အဆင့် သိုင်းကျင့်စဉ်သည် အလွန်ခက်ခဲ၍ နားလည် သဘောပေါက်ရန် အချိန် အကြာကြီး လိုကြောင်း ကျန်းရီ သိထားလေသည်။
နှစ်နာရီခန့် လေ့ကျင့်ပြီးနောက် ကျန်းရီသည် ကောင်းကင် နတ်ဆိုး ပိုးချည်ကို ထုတ်ကာ သူ့စိတ်ဝိညာဉ်နှင့် ချည်နှောင် ပေါင်းစည်း နေလိုက်သည်။ သူသည် ပိုးချည်နှင့် ပေါင်းစည်း ကြည့်နေသည်မှာ လချီနေပြီ ဖြစ်သော်လည်း ၎င်းကို အသုံးမပြု နိုင်သေးပဲ ရှိနေလေသည်။ သို့သော် စိတ်ပျက် လက်လျှော့ လိုက်ခြင်း မရှိဘဲ သူအချိန်ရတိုင်း ပေါင်းစပ် ကြည့်နေလေသည်။ ပိုးချည်သည် ကောင်းကင် အဆင့် ပစ္စည်း ဖြစ်လေရာ သူသာ အသုံးပြုနိုင်လျှင် အလွန် အကျိုးရှိမည် ဖြစ်လေသည်။
အာ ... တစ်ယောက်ယောက် ရှိနေတာလား …
တစ်နာရီခန့် ကြာသွားပြီးနောက် ကျန်းရီသည် ပုံမှန်အတိုင်း တံဆိပ်ပြားကို ထုတ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေး လိုက်သည်။ အပေါ်တွင် အနီရောင် အလင်းစက် ငါးစက် ရှိနေသည်အား သူ တွေ့လိုက် ရလေသည်။ သူသည် တံဆိပ်ပြားနှင့် ကောင်းကင် နတ်ဆိုး ပိုးချည်ကို ချက်ချင်း ပြန်သိမ်းလိုက်ကာ လှုပ်ရှားမှု များကို နားစွင့် နေလိုက်သည်။
"ဒုန်း ... ဒုန်း"
အပေါ်မှ အသံ တိုးတိုးလေး စထွက်လာခဲ့ပြီး တဖြည်းဖြည်းနှင့် ကျယ်လောင် လာခဲ့သည်။ အပေါ်မှ လူများသည် ဂူလမ်းကြောင်း များဆီ တူးလာ နေကြသည်မှာ ထင်ရှားသည်။ ကျန်းရီသည် မတ်တတ်ရပ်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
"သူတို့ ငါ့ကို တွေ့သွားပြီလား ... ဟီးဟီး ... မင်းတို့က အရင် သေလမ်း လာရှာနေမှတော့ ငါ့ကို အပြစ်မတင်နဲ့"
မြေပြင်ပေါ်မှ လူများသည် ကျန်းရီကို တကယ် ခြေရာ ခံမိသွားခြင်း ဖြစ်လေသည်။ သူတို့သည် လူအရေအတွက် အနည်းငယ် ပါသော လူစုတစ်စု ဖြစ်ပြီး အစောပိုင်းက တံဆိပ်ပြားကို ထုတ်၍ အနီးအနားရှိ ရန်သူများကို ခြေရာခံခဲ့သော တစ်စုံတစ်ယောက်လည်း ပါပေ လိမ့်မည်။ ကျန်းရီ တံဆိပ်ပြား ထုတ်လိုက်ချိန် ကတည်းက သူ့အား ထိုလူများ ခြေရာ ခံမိသွားခဲ့ပြီ ဖြစ်လေသည်။ ထိုလူများသည် တုံ့ဆိုင်း မနေဘဲ လက်ထဲမှ လက်နက်များကို သုံး၍ မြောင်းတစ်ခု တူးကာ ချက်ချင်း ဆင်းလာ ကြလေသည်။
သို့သော် အချိန် အတော်ကြာအောင် တူးပြီးသွားသော် ကျန်းရီ၏ တံဆိပ်ပြားအား ခြေရာ မခံမိတော့ သည်ကို သိလိုက်ကြသည်။ အချို့သည် သံသယ ဝင်လာ ကြသော်လည်း မြောင်းတူး နေခြင်းကိုမူ မရပ်လိုက်ပါပေ။ မကြာခင်တွင် သူတို့သည် ကျန်းရီ တူးထားခဲ့သော လမ်းကြောင်း တစ်ခုထံ တူးမိ သွားသောကြောင့် စိတ်တက်ကြွ လာကြပြီး ကျန်းရီ တူးခဲ့သော လမ်းကြောင်းမှ လျင်မြန်စွာ ဆင်းလာကြသည်။
ကျန်းရီသည် သူတို့၏ အမြန်နှုန်းကို ကြည့်၍ အင်အားကို ခန့်မှန်းလိုက်သည်။ ထိုလူများ အားလုံးသည် ခရမ်းရောင် နန်းတော်ရှင် များသာ ဖြစ်ကြောင်း တွေ့ရှိပြီးနောက် သူဘယ်ကိုမှ မသွားတော့ပဲ ဂူလမ်းကြောင်း၏ အလယ်တည့်တည့်တွင် ရပ်နေ၍ ထိုလူများ ဆင်းအလာကို စောင့်နေ လိုက်သည်။
"ဝှစ်"
ထိုလူများ၏ အရှိန်သည် အတော်အသင့် မြန်လွန်းရာ မကြာခင်မှာပင် အပေါ်မှ အောက်သို့ ရောက်ရှိ လာလေသည်။ လူစု၏ ရှေ့ဆုံးမှ တစ်ယောက်သည် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့် ဖြစ်လေသည်။ သူ့လက်ထဲမှ တစ်ဖက်သွား ဆေဘာဓားသည် ကျောချမ်းစရာ အရှိန်အဝါများ ဖြာထွက်နေပြီး ပေတစ်ရာခန့် အဝေးမှပင် ကျန်းရီအား အေးစက်သော အရှိန်အဝါများ လွှမ်းခြုံ နေတော့သည်။
"အာ"
ဂူလမ်းကြောင်းအား ခပ်စောင်းစောင်း တူးဖော်ထားခြင်း ဖြစ်သည့် အပြင် ကျန်းရီသည် သုံးမီတာခန့် ကျယ်ဝန်းအောင် လုပ်ထားသေးရာ ဆင်းလာ ကြသူများသည် ကျန်းရီအား ရှင်းရှင်းလင်းလင်း မြင်နေ ရလေသည်။
ခရမ်းရောင် နန်းတော်ရှင် အဆင့် အမြင့်ဆုံးမှ လူသည် ကျန်းရီသည် ကြောက်စရာ ဝံပုလွေ မျက်နှာဖုံးကို တပ်ဆင်ထား၍ ဂူထဲတွင် အေးအေးလူလူ ရပ်နေသည်ကို တွေ့လိုက်ရသော အခါ အနည်းငယ် တုံ့ဆိုင်း သွားခဲ့သည်။
နောက်မှ လူများသည် ဆက်လက်၍ ပြေးဆင်း လာနေကြရာ သူ့တွင် ရွေးစရာ မရှိတော့ပေ။ သူသည် အံကြိတ်၍ ကျန်းရီထံ ပြေးဝင်လာကာ ဆေဘာဓားဖြင့် ထိုးသွင်း လိုက်လေသည်။
"ဟီးဟီး"
ကျန်းရီ မဲ့ပြုံး ပြုံးလိုက်သည်။ နှာခေါင်း အထက်ပိုင်းတွင် ဖုံးအုပ်ထားသော ဝံပုလွေ မျက်နှာဖုံးသည် ထိုအပြုံးအား ပို၍ ကြောက်စရာ ကောင်းသွားအောင် ဖြည့်စွက် ပေးလျက် ရှိသည်။ ထိုလူများသည် ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်းမှ မဟုတ်ကြောင်း သေချာ သွားသောအခါ ကျန်းရီ တွန့်ဆုတ် မနေတော့ပေ။ ပြိုင်ဘက်တို့သည် သူနှင့် ပေသုံးဆယ်ခန့် အကွာအဝေးသို့ ရောက်သော အခါ သူ့လက်ထဲတွင် နတ်ဘုရား သတ်ဖြတ်ခြင်း လေးနှင့် မြားနှစ်ချောင်း ပေါ်ထွက်လာခဲ့ပြီး အနက်ရောင် အလင်းစ နှစ်ခုနှင့် အတူ ပျံသန်း သွားခဲ့လေသည်။
"အား ... နောက်ဆုတ်ကြ"
ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့် လူ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်း သွားကာ ထွက်ပြေးရန် ပြင်လိုက်သည်။ ပြဿနာသည် ... ဂူလမ်းကြောင်းကား ကျယ်လွန်း လှသည်။ သို့သော် သူ့အဖွဲ့သား များသည် တစ်ယောက်ပြီး တစ်ယောက် အကုန် ဆင်းလာနေကြရာ သူဘယ်ကို ပြေးရမည်နည်း။
သူသည် လက်ထဲမှ ဆေဘာ ဓားကိုသာ ဝှေ့ယမ်း၍ တိုက်ခိုက်မှုကို အကောင်းဆုံး ကြိုးစား ခုခံလိုက်သည်။ ဤမျှ အကွာအဝေး အတွင်း နတ်ဘုရား သတ်ဖြတ်ခြင်း မြား၏ အရှိန်ကို တွေးနေရန်ပင် မလိုပေ။ မြားတစ်စင်းကို သူရှောင်နိုင်လျှင်တောင် ကံကောင်းလှပြီ ဖြစ်သည်။ နောက်မြား တစ်စင်းကို သူမည်သို့ ရှောင်တိမ်း ရမည်နည်း။
"ရွှစ်"
သူ့ရင်ဘတ်တွင် အပေါက်ကြီး ဖြစ်ပေါ်လာခဲ့ပြီး သွေးများ စီးကျ လာလေသည်။ မြား၏ အားသည် သူ့ကိုယ်ကို နောက်သို့ ယိုင်သွားစေရာ သူ့နောက်တွင် ကပ်လျက် လိုက်ပါ လာသော လူသည်လည်း လဲကျ သွားခဲ့လေသည်။
"ဝှစ်"
ကျန်းရီသည်လည်း လှုပ်ရှား လိုက်သည်။ သူ့ကိုယ်သည် နဂါးတစ်ကောင် ကဲ့သို့ ရှေ့တိုး သွားလိုက်ပြီး လက်ထဲမှ နတ်ဘုရား သတ်ဖြတ်ခြင်း လေးများကို အမျိုးမျိုး ပြောင်း၍ မြားရှစ်စင်းကို ဆက်တိုက် ပစ်လွှတ် လိုက်လေသည်။
"အား"
ချောက်ချားဖွယ် အော်ဟစ်သံများ ပဲ့တင် ထပ်သွားခဲ့သည်။ ဂူလမ်းကြောင်း၏ အနေအထားသည် နတ်ဘုရား သတ်ဖြတ်ခြင်း မြားများကို အသုံးပြုရန် အလွန် အဆင်ပြေလှသည်။ ကျန်းရီတွင် မြားအဆင်သင့် တပ်ဆင် ထားသော နတ်ဘုရား သတ်ဖြတ်ခြင်း လေးဆယ်ခု ရှိနေလေရာ အလွယ်ထုတ်၍ အသုံးပြု လိုက်ရုံပင်။
စုစုပေါင်း လူခြောက်ယောက် ဆင်းလာခဲ့ခြင်း ဖြစ်လေသည်။ ကျန်းရီ၏ နတ်ဘုရား သတ်ဖြတ်ခြင်း မြားများဖြင့် တိုက်ခိုက်မှု ခံရပြီးနောက် သုံးယောက် သေဆုံးသွားခဲ့ပြီး၊ တစ်ယောက်သည် ဒဏ်ရာ အပြင်းအထန် ရသွားကာ၊ တစ်ယောက်သည်မူ ဒဏ်ရာ အနည်းအကျဉ်းသာ ရလေသည်။ နောက်ဆုံးမှ တစ်ယောက်ကမူ ကြောက်လန့်တကြား ထွက်ပြေး လေသည်။
အသေအချာ ပြုတ်ထားပြီး ဖြစ်သော ဘဲတစ်ကောင်ကို သူမည်သို့ လက်လွှတ် လိုက်ရမည်နည်း။
ကျန်းရီ၏ ကိုယ်သည် ဆတ်ခနဲ လှုပ်ရှားသွားခဲ့ပြီး အနက်ရောင် အကြေးခွံဓားကို ဒဏ်ရာ ရထားသော လူနှစ်ယောက်ထံ ကျဆင်း သွားစေကာ သတ်လိုက်ပြီးမှ ထွက်ပြေး သွားသော တစ်ယောက်ထံ ပြေးလိုက်ခဲ့သည်။ ပြေးသွားသော လူ၏ အမြန်နှုန်းသည် ခရမ်းရောင် နန်းတော်ရှင် ပဉ္စမအဆင့် ဖြစ်၍ သူသည် ဒုတိယ အဆင့်တွင်သာ ရှိသည်မှာ စိတ်မကောင်း စရာပင်။ အနက်ရောင် အတွင်းအား ကိုလည်း သူအသုံးမပြု နိုင်တော့ရာ သူတို့ကြားရှိ အကွာအဝေးသည် ဝေးသည်ထက် ဝေးလာခဲ့သည်။
"ဝှစ်"
ထိုလူသည် ဂူလမ်းကြောင်းမှ ထွက်ပြီး သွားသော်လည်း ပြန်လှည့်၍ ကျန်းရီကို သတ်ရန် မကြိုးစားရဲရာ အဝေးသို့သာ အလောတကြီး ပြေးသွား လေသည်။ သူ့စိတ်သည် ကျန်းရီ၏ နတ်ဘုရား သတ်ဖြတ်ခြင်း မြားများကြောင့် အတော်လေး ချောက်ချား သွားသည်မှာ အထင်အရှား။
"မင်းပြေးနိုင် သေးလား"
ကျန်းရီ သည်လည်း မြေကြီးထဲမှ ခုန်တက် လာခဲ့သည်။ သူသည် အဝေးကို ပြေးထွက် သွားသော ပုံရိပ်ကို မြင်လျှင် လှောင်ပြုံး ပြုံးကာ အော်ဟစ် လိုက်သည်။
"ငွေလဝံပုလွေ ... ထွက်လာခဲ့"
သူ့လက်ထဲမှ ဝိညာဉ်သားရဲ အဆောင် လင်းလက် သွားခဲ့ပြီး အပြာရောင် ဝံပုလွေကြီး ထွက်ပေါ် လာခဲ့သည်။ ကျန်းရီသည် ဝံပုလွေကြီးထက် ခုန်တက် လိုက်ပြီး ပြေးသွားသော လူနောက် လိုက်သွား လေသည်။
"အာ"
ပြေးသွားသော လူသည် လေခွင်းသံ ကြားလိုက်ရပြီး အေးစက် လှသည့် လူသတ်ငွေ့ များကို ခံစားမိသော အခါ နောက်လှည့် ကြည့်လိုက်သည်။ သူသည် အနက်ရောင် ဓားရှည်ကို ကိုင်ဆောင် ထားသော သေမင်း သူ့ထံ ချဉ်းကပ် လာသည်ကို တွေ့လိုက် ရလေသည်။ အမြန်နှုန်းသည် သူ့အား ရှောင်တိမ်း ချိန်တောင် မပေးခဲ့ချေ။
"ဘန်း"
အနက်ရောင် အကြေးခွံဓား ကျဆင်း သွားခဲ့ပြီး ထိုလူ၏ ကိုယ်သည် နှစ်ပိုင်း ကွဲသွား ခဲ့လေသည်။ ငွေလ ဝံပုလွေကြီးကို ဝိညာဉ်သားရဲ အဆောင်တွင်း ပြန်လည် သိမ်းဆည်း လိုက်ပြီး ကျန်းရီသည် တံဆိပ်ပြားကို ရှာဖွေကာ ထိုလူ၏ ဆေဘာ ဓားကိုလည်း သိမ်းဆည်း လိုက်သည်။ ဓားသည် အဖိုးတန် လက်နက် ဖြစ်နေသေးရာ ထားခဲ့၍ ဖြုန်းတီး လိုက်ရန်မှာ နှမြောစရာ ကောင်းလှသည်။
သူ့တိုက်ပွဲကို အသေအချာ လက်စသတ်လိုက် ပြီးနောက် ကျန်းရီသည် တံဆိပ်ပြားကို ထုတ်၍ ပတ်ဝန်းကျင်အား ခြေရာ ခံလိုက်သည်။ သူချက်ချင်း အမူအရာ ပြောင်းလဲ သွားခဲ့လေသည်။ လေခွင်းသံ တစ်ချက်လည်း ကြားလိုက်ရပြီး သူ့မျက်လုံး များသည် အန္တရာယ် ရှိသော တစ်စုံတစ်ခုကို ရှိနေလောက်သည့် ဘယ်ဘက်ခြမ်းသို့ ကျရောက် သွားလေသည်။
"နောက်ဆုတ်"
ရှေ့တွင် လူအများကြီး ရှိနေရာ သူသည် တတ်နိုင်သမျှ မြန်မြန် ကျောက်တုံးဂူဆီ ပြန်ပြေး သွားလိုက်သည်။ သူသည် တံဆိပ်ပြားကို အသုံးပြု၍ ကြည့်လိုက်ရာ အနက်ရောင် အလင်းစက် နှစ်ခုကို ခြေရာ ခံမိလိုက်သည်။ ရှေ့ရှိ အဖွဲ့တွင် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် လူနှစ်ယောက် ရှိနေသည် ဟူသည့် သဘောပင် ဖြစ်ချေသည်။
***