ငါမင်းကို သတ်နိုင်တယ်ဆိုရင်ယုံလား။
Vol. 58 Ch. 685
အခန်းနံပါတ်(၉) တတိယထပ်တွင် စုရီတစ်ယောက် ရှည်လျားသော သက်ပြင်းကို ရှူထုတ်လိုက်ပြီး တရားထိုင်သည်။
လက်ရှိသူ့ကျင့်ကြံမှုသည် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်တွင် ဖြစ်ပြီး နက်နဲ တာအိုနယ်ပယ်နှင့် အလှမ်းဝေးနေသေးသည်။
သို့သော် အလျင်လိုသည်မဟုတ်ချေ။ အတိတ်ဘဝမှတ်ဉာဏ်များ နိုးထလာသည်မှာ တစ်နှစ်ကျော်သာ ရှိသေး၏။ ထို့ကြောင့် လက်ရှိ တိုးတက်နှုန်းသည်ပင် အံ့ဩစရာဖြစ်သည်။
တတိယထပ်၊ အခန်း(၁)အတွင်း။
“ သခင် ... စစ်ဆေးပြီးပါပြီ ... သင်္ဘောပေါ်မှာ ကျင့်ကြံသူ (၁၀၀၉)ယောက် ပါရှိပါတယ် ... အယောက်(၂၀)လောက်က ...
... ဝိညာဉ်တာအိုနယ်ပယ်ဖြစ်ပြီး ... တချို့ကတော့ ကျင့်ကြံမှုကိုဖုံးကွယ်ထားတာမို့ မသိနိုင်ပါဘူး ... ကျန်သူတွေအားလုံး သာမန် ကျင့်ကြံသူတွေပါ။ ”
ဓားရှည်ကိုင်ဆောင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားက လျင်မြန်စွာ သတင်းပို့လိုက်သည်။
“ သာမာန်ကျင့်ကြံသူတွေလား ... ။ ”
“ ဟုတ်ပါတယ် အများစုက မရဏဝိညာဉ်ဂိုဏ်းရဲ့ အကြီးအကဲအချို့နဲ့ ကလေးတွေပါ ... အသက်အကြီးဆုံးက တစ်ဆယ့်သုံးနှစ်ပဲရှိပြီး ...
... အငယ်ဆုံးက ငါးနှစ်ခြောက်နှစ်ပဲ ရှိနိုင်ပါတယ် သူတို့တွေက သေမျိုးကမ္ဘာကနေ ရွေးထုတ်လာတဲ့ တပည့်အသစ်တွေပါ။ ”
သွယ်လျသောလူက ခေါင်းညိတ်သည်။ မရဏဝိညာဉ်ဂိုဏ်းကို သူသိသည်။ တစ္ဆေအလံ ဒိုမိန်းအတွင်းရှိ တတိယတန်းစားဂိုဏ်းငယ်လေး တစ်ဂိုဏ်းပေပင်။ ထို့ကြောင့် ဂရုစိုက်စရာ မလိုချေ။
“ သခင်၊ သင်္ဘောပေါ်တက်တုန်းက ကျောက်စိမ်းရောင်ဝတ်လုံနဲ့ ... လူငယ်က ပြဿနာရှိနိုင်မယ်လို့ထင်နေတယ်။ ”
အမျိုးသားစကားကြောင့် သွယ်လျသောလူက အံ့အားသင့်သွားပြီး၊
“ မင်းတစ်ခုခုကို ရှာတွေ့ပြီလား။ ”
-ဟု မေးသည်။ တုရုံမှခေါင်းယမ်းကာ၊
“ ဒါက ငါ့ရဲ့ဗီဇအသိပဲ ... ။ ”
-ဟု တုန့်ပြန်၏။
“ တကယ်လို့ သူသာ ... တကယ်ပဲ ငါတို့ရဲ့ရန်သူဆိုရင် အခုလို မင်းသတိထား နိုင်မယ်လို့ထင်လား။ ”
“ ဒါ … ။ ”
တုရုံမှ နှုတ်ဆိတ်သွား၏။
“ ဒါပေမယ့် မင်းသတိထားတတ်တာ မဆိုးပါဘူး ရှေ့ဆက်ခရီးစဉ်အတွက် ဒီလိုပဲ သတိရှိနေပါ။ ”
သွယ်လျသောလူက ခဏစဉ်းစားပြီး ပြောလိုက်သည်။ တုရုံမှ ခေါင်းညိတ်ပြတော့၏။ သွယ်လျသောလူက အတွေးရလာပြီး၊
“ လမ်းမှာ မထင်မှတ်ဘဲ ... အန္တရာယ်တစ်ခုခုဖြစ်ရင် အဲဒီလျှို့ဝှက်ဘဏ္ဍာကို သုံးပြီးတော့ ပိုဟမ်နဲ့ ပြေးပါ ... ။ ”
ဤသည်မှာ ခရမ်းရောင်လူငယ်လေး အမည်ဖြစ်သည်။ ရီပိုဟမ်ဟု ခေါ်၏။ တုရုံမှ တုန့်ဆိုင်းလျက်၊
“ သခင် ... ဒီနှိမ့်ချသောကျွန်က ... ။ "
“ ဒါအမိန့်ပဲ ... ။ ”
အဆုံး၌ တုရုံတစ်ယောက် ခဏမျှ တုန်လှုပ်လျက် အချိန်အတော်ကြာပြီးနောက် အလေးပြုကာ၊
“ ဟုတ်ကဲ့ ... ။ ”
-ဟု ဖြေကြားလိုက်၏။ သွယ်လျသောလူက ပြုံးသည်။
“ ဒါက အဆိုးဆုံး အဖြစ်အပျက်ကို ရည်ရွယ်ပြင်ဆင်တာပါ တကယ်တော့ လမ်းမှာ မထင်မှတ်ထားတဲ့အရာ ဘာတစ်ခုမှ ဖြစ်မလာနိုင်ပါဘူး။ ”
သုံးရက်အကြာတွင် တိမ်လွှာ မျှော်စင်ရတနာသင်္ဘောသည် ရှေးဟောင်းမြို့ တစ်မြို့အပြင်ဘက်တွင် နာရီဝက်ကြာ ကျောက်ချရပ်နားခဲ့သည်။
ခရီးသည်အချို့ဆင်းပြီး အသစ်များ ထပ်မံတက်ရောက်လာ၏။ ထို့နောက်တွင် ညကောင်းကင်အောက်၌ အရှိန်အဟုန်ဖြင့် ရွက်လွှင့်သွားပြန်သည်။
ရတနာသင်္ဘော၏ ကုန်းပတ်ပေါ်တွင် စုရီသည် လက်နှစ်ဘက်နောက်ပို့ကာ အဝေးသို့ ငေးကြည့်နေ၏။
ငွေလမင်းသည် ကောင်းကင်တွင် ချိတ်ဆွဲထားပြီး နူးညံ့သော ငွေအလင်းများ ဖြာကျနေသည်။
သူနှင့် မနီးမဝေးတွင် တစ်ဒါဇင်ကျော်ခန့်ရှိသော ကလေးငယ်တစ်စု ဆော့ကစားနေ၏။ အသက်အရွယ်အကြီးဆုံး ကလေးသည် ဆယ်နှစ်ကျော်မျှသာရှိပြီး အငယ်ဆုံးသည် ငါးနှစ်၊ ခြောက်နှစ်သာ ရှိနေသေးသည်။
ဆံပင်များ အဖြူတဝက်နှင့် အနက်တဝက် ဖြစ်ပေါ်နေသော သက်ကြီးရွယ်အိုတစ်ဦးသည် လက်ရန်းဘေးရပ်ကာ ဆေးတံသောက်လျက် ထိုကလေးများထံ တိတ်တဆိတ် စောင့်ကြည့်ပေးနေ၏။
ပို၍ ဝေးကွာသော အမှောင်ရိပ်တွင် လူငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး တိုးညှင်းစွာ စကားပြောဆိုနေသည်။
လူငယ်သည် ခရမ်းရောင်ဝတ်ရုံ ၀တ်ဆင်ထားပြီး ထူထဲသော မျက်ခုံးမွှေးနှင့် တောက်ပသော မျက်လုံးများရှိ၏။
ဤလူငယ်သည် သွယ်လျသောလူ၊ လူလတ်ပိုင်းအရွယ် အမျိုးသားတို့နှင့်အတူ သင်္ဘောပေါ်တက်ခဲ့သူဖြစ်သည်။
အမျိုးသမီးသည် အနက်ရောင်ဝတ်စုံ ၀တ်ဆင်ထားပြီး အသားအရည်သည် နှင်းကဲ့သို့ ဖြူစင်ကာ အံ့မခန်းလှပချေ၏။
သူမသည် ယနေ့ အစောပိုင်းက ရှေးဟောင်းမြို့အပြင်ဘက် သင်္ဘောစိုက်ကပ်စဉ် တက်ရောက်လာသူပေပင်။ ထိုစဉ်အချိန်က ခရမ်းရောင်ဝတ်ထားသော လူငယ်နှင့် သူမသည် တစ်ဦးနှင့်တစ်ဦး သိပုံမပြခဲ့ချေ။
ယခုမူ မည်သည့် အကြောင်းအရာကို နွေးနွေးနေမှန်းမသိသော်လည်း ခရမ်းရောင်ဝတ် လူငယ်သည် မျက်မှောင်ကြုတ်ကာ စိုးရိမ်သောက ဖြစ်ပေါ်နေသည်။
အနက်ရောင် ဝတ်စုံဝတ်ထားသည့် ကောင်မလေးက သူ့ကိုနှစ်သိမ့်ရန် ကြိုးစားနေ သည်မှာ ထင်ရှားချေ၏။
များမကြာမီ ခရမ်းရောင်ဝတ် လူငယ်သည် သက်ပြင်းချလျက် လှည့်ထွက် သွားတော့၏။ အနက်ရောင်ဝတ် ကောင်မလေးက အမှောင်ရိပ် အတွင်း အချိန်အတော်ကြာရပ်ကာ ပတ်ဝန်းကျင်ထံ ဝေ့ကြည့်ပြီး လှမ်းထွက်လာသည်။
လမ်း၌ ဆော့ကစားနေသော ကလေးငယ်များကို မြင်သောအခါ ကြည့်လျက် ပြုံးရယ်ကာ၊
“ ညီမလေး မင်းအရမ်းလှတယ်။ ”
-ဟု ကလေးမလေးတစ်ယောက်ကို မှတ်ချက်ပေးလိုက်သည်။
“ အစ်မ ... မင်းလည်း အရမ်းလှတယ်။ ”
ကလေးမလေးသည် ကျစ်ဆံမြီးနှင့် ခြောက်နှစ်အရွယ်မျှသာရှိပြီး သွက်လက်စွာဖြင့် တုန့်ပြန်လေသည်။
အနက်ရောင် ဝတ်စုံဝတ်ထားသည့် မိန်းကလေးကပြုံးကာ ကလေးမလေး၏ပါးကို ညင်သာစွာ ပွတ်သပ်လျက်၊
“ တကယ် ... ချစ်ဖို့ကောင်းလိုက်တာ။ ”
-ဟု ရေရွတ်တော့၏။
ထို့နောက်တွင် မလှမ်းမကမ်း ရပ်တန့်နေသောစုရီထံကြည့်ကာ ဆယ်ပေခန့် အကွာသို့ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းလာ၏။ အနားရောက်ချိန်၌ သူမနားရွက်နောက် ဆံပင်များသိမ်းစည်းကာ၊
“ဒီည လက အရမ်းလှတယ်။”
-ဟု ခပ်တိုးတိုး ညည်းတွားလေသည်။
တစ်ဆက်တည်းမှာပင် လက်ရန်းတွင် နွဲနှောင်းစွာမှီလိုက်ပြီး စုရီထံစောင်းငဲ့ကြည့်၏။ စုရီမှ သူမကို ဂရုမစိုက်ချေ။
“ သခင်ငယ် ... ငါသင်္ဘောပေါ် တက်လာတည်းက ထူးထူးခြားခြားခံစားချက် တစ်ခုရှိခဲ့တယ် အဲဒါဘာလဲ မင်းသိချင်လား။ ”
“ မသိချင်ဘူး။ ”
စုရီမှ ချက်ချင်းပြန်ဖြေ၏။ အနက်ရောင်ဝတ်စုံဝတ်ထားသော မိန်းကလေး ခမျာ စကားမပြောနိုင်တော့ချေ။
“ ဟား ဟား ဟား ... ။”
ထို့နောက် သူမက ရယ်မောလျက်၊
“ သခင်ငယ် စိတ်လှုပ်ရှားနေသလား မကြောက်ပါနဲ့ ငါ ... စကားစမြည်ပြောရုံပါပဲ မင်းကို ကိုက်မစားပါဘူး။ ”
-ဟု ထပ်ပြော၏။
စုရီမျက်လုံးများသည် အဝေးရှိ တိမ်ပင်လယ်နှင့် ကြယ်ရောင်စုံ ကောင်းကင်ထံ ငေးကြည့်နေပြီး လျစ်လျူရှုထား၏။
ထိုသို့အေးစက်စက် သဘောထားနှင့် မယဉ်ကျေးသောအမူအရာသည် မိန်းကလေး မျက်နှာပေါ်ရှိ အပြုံးကို မှေးမှိန်သွားစေသည်။
အနက်ရောင်ဝတ်စုံဝတ် ကောင်မလေးက စုရီကိုခဏလောက် စိုက်ကြည့်ပြီးနောက်
“ သခင်ငယ် မင်းငါ့ကို မကြိုက်လို့လား။ ”
“ လမ်းမှာ ပြဿနာတစ်ခုခုဖြစ်လာရင် မင်းအတွက် ကြောက်စရာကောင်းတဲ့ သေခြင်း တရားမျိုး ငါပေးနိုင်တယ်လို့ အာမခံတယ်။ ”
အနက်ရောင်ဝတ်စုံဝတ်ထားသည့် မိန်းကလေး၏ လှပသော မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းသွားလေသည်။
ထိုစကားကြောင့် ထိတ်လန့်သလိုမျိုး အချိန်အတော်ကြာတိတ်ဆိတ်သွားကာ အဆုံး၌ မျက်မှောင်ကြုတ်ကာ၊
“ သခင်ငယ် ... မင်းဘာကို ဆိုလိုတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
စုရီမှ ဝိုင်ပုလင်းကို ထုတ်ယူပြီး တစ်ငုံသောက်လိုက်ကာ၊
“ မင်းဘာသာ အဖြေရှာ ... ။ ”
-ဟု တုန့်ပြန်သည်။
အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် ကောင်မလေးက လက်ရန်းပေါ်မှ လက်များကို ဖြေလျော့ဆန့်ထုတ်ကာ ပြုံးလျက်၊
“ ကောင်းပြီ ... ဒါဆို ငါတို့တွေ့မယ်။ ”
-ဟု ပြောကာ လှည့်ထွက်သွား၏။
သူမ ပျောက်ကွယ်သွားပြီးနောက် စုရီတစ်ယောက် ဆော့ကစားနေသော ကလေး အုပ်ကြီးထံလှည့်ထွက်လာသည်။
ကျစ်ဆံမြီးဖြင့် ကောင်မလေးအနား အရောက်တွင် ထိုင်ချလိုက်ပြီး ပုခုံးကို ပွတ်သပ် ပေးလိုက်၏။
“ အစ်ကိုကြီး ငါတစ်ခုခုမှားနေပြီလား။ ”
ကလေးမလေးက ထက်မြက်သော မျက်ဝန်းများတလက်လက် တောက်ပလာကာ အံ့ဩသည့်အမူအရာဖြင့် ပြန်မေးသည်။
“ ကောင်မလေး ... နောင်မှာ သူစိမ်းတွေနဲ့စကားပြောဖို့ မကြိုးနဲ့ ကြားလား။ ”
ထို့နောက် လက်ဖဝါးကို ဖြန့်ပြလိုက်ရာ အစိမ်းရောင်ချည်မျှင်လေးတစ်စ ပါရှိလာသည်။ ကလေးမလေးခမျာ အေးခဲသွားချေ၏။ စုရီက ထထွက်လာခဲ့သည်။
အနက်ဝတ်မိန်းကလေးသည် ဤကလေးမလေးပါးပြင်ကို ပွတ်သပ်လိုက်စဉ် ဝိညာဉ်သော့ဟု ခေါ်သည့် အဆိပ်တစ်မျိုးကို ချန်ထားခဲ့ချေ၏။
ထိုအဆိပ်သည် စိတ်ဝိညာဉ် ချည်နှောင်မှုအဖြစ်သို့ တိတ်တဆိတ် ပြောင်းလဲ သွားမည်ဖြစ်ပြီး အတွေးတစ်ခုတည်းဖြင့်ပင် ဤကလေးမလေးဝိညာဉ်ကို ဖယ်ထုတ်နိုင်ပေမည်။
ဤအကြောင်းအရာထက် စုရီကို ပို၍ဒေါသထွက်စေသည်မှာ တစ်ဖက်လူသည် မြွေတစ္ဆေမျိုးရိုးနှင့် လျှို့ဝှက်စွာ ပတ်သတ်နေခြင်းပေပင်။
ဆိုလိုသည်မှာ သစ်ရွက်ကလေး မိသားစုတွင် ထင်ထားသည်ထက် ပိုမိုပြီး ဆိုးဆိုးရွားသော ပြဿနာများ၊ သစ္စာဖောက်များ စသည်ဖြင့် ပြည့်နှက်ပေမည်။
လက်ဖဝါးပေါ်ရှိ ချည်မျှင်သည် သက်ရှိအလား အဆက်မပြတ် ရုန်းကန်နေ သော်လည်း မအောင်မြင်ဘဲ ကြေမွှသွား၏။
စုရီထွက်သွားသည်နှင့် ကလေးများကို စောင့်ကြည့်နေသော အဘိုးကြီးက လှမ်းလာပြီး ကလေးမလေးကို မေးမြန်းသည်။ ကျစ်ဆံမြီးဖြင့် ကလေးမလေးက စုရီကို လှမ်းကြည့်ကာ၊
“ အဲဒီအစ်ကိုကြီးက သူစိမ်းတွေနဲ့ စကားမပြောသင့်ဘူးလို့ ပြောသွားတယ်။ ”
-ဟု ပြန်ဖြေ၏။ အဘိုးအိုက ခေတ္တမျှ တွေဝေလျက် စုရီထံ မျှော်ကြည့်လိုက်သည်။ သူ့အတွေးထဲ အနက်ဝတ်မိန်းကလေးအသွင် ပေါ်လာ၏။ ထိုမိန်းကလေးသည် တစ်ခုခု မှားယွင်းနေပုံပေပင်။
***