← Chapters

သေချင်ရင် ဆက်လုပ်ပါ။

Vol. 58 Ch. 686

သေချင်ရင် ဆက်လုပ်ပါ။

Vol. 58 Ch. 686

ညသန်းခေါင်ယံအချိန်၌ စုရီတစ်ယောက် အခန်းထဲတရားထိုင်နေ၏။ ထိုစဉ် ရုတ်တရက် တံခါးခေါက်သံကြားလိုက်ရပြီး၊

“ ဧည့်သည်၊ မင်းဆီစာတစ်စောင် တစ်ယောက်ယောက် ပို့ခိုင်းလိုက်ပါတယ်။ ”

-ဟု အသံပေးသည်။

စုရီက မျက်လုံးဖွင့်ပြီး အကာအကွယ်အစီရင်ကို ရုတ်သိမ်းလျက်၊ ‘ဝင်လာခဲ့’-ဟု တုန့်ပြန်၏။

ဤရတနာသင်္ဘောပေါ်တွင် အခန်းများအားလုံးကို အသံလုံအောင်ဝင်္ကပါ မျှသာပါရှိပြီး အများစုသည် အထူးသန်မာ အားကောင်းခြင်း မရှိချေ။

“ ကျွီ ... ။ ”

အစေခံကောင်လေးတစ်ယောက် လေးလေးစားစားဖြင့် စာတစ်ဆောင် ကမ်းပေး လာတော့သည်။ စုရီမှ ဖွင့်ဖတ်လိုက်၏။

“ ဝုန်း ... ။ ”

ရုတ်တရက် စာရွက်အတွင်းမှ အနက်ရောင်အခိုးအတွေ့များ ထွက်ပေါ်လာပြီး ဦးခေါင်းခွံအဖြစ် ပြောင်းလဲသွားသည်။

အလွန်နီးကပ်သော အကွာအဝေးကြောင့် စုရီအပေါ် အနက်ရောင်အမှုန်အမွှားများသည် ချက်ခြင်းဝါးမျိုသွား၏။

အစေခံတစ်ယောက်ကဲ့သို့သော ကောင်လေးသည် ရောင်ဝါများ သိသိသာသာ မြင့်တက်လာကာ ထွားကျိုင်းသောလူအဖြစ် ပြောင်းလဲသွားသည်။

သူ့နဖူး၌ ထူးဆန်းသော သွေးနီရောင်အမှတ်အသားတစ်ခု ရှိနေချေ၏။ ထိုလူမှ နာကျင်စွာပြုံးလျက်၊

“ ဟမ့် ... ကြောက်စရာကောင်းတဲ့ ဇာတ်ကောင်တစ်ယောက်လို့ ငါထင်ခဲ့တယ် ဒါပေမယ့် ဘာမှလည်း မထူးခြားပါဘူး ဘယ်လောက်တောင် ဖြုန်းတီးမိလိုက်လဲ။ ”

-ဟု ရေရွတ်လေသည်။

သူ့အမြင်အာရုံထဲတွင် စုရီရုပ်သွင်သည် အနက်ရောင်အခိုးအငွေ့များဖြင့် ဖုံးလွှမ်းနေပြီး ခန္ဓာကိုယ်အတွင်း တိုက်စားခံနေရသည်။

ဤသည်မှာ နှလုံးသား ဝါးမြိုသော တစ္ဆေမြူကျိန်စာ ဖြစ်သည်။ ကြီးစိုးရက်စက် ချေ၏။ ရုတ်တရက် ထိုးနှက်ချက်တစ်ခုဖြင့် ဝိညာဉ်တာအို ကျွမ်းကျင်သူတစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်မည်။

“ အဲဒီမိန်းကလေးက မင်းကို လာခိုင်းလိုက်တာလား။ ”

ထိုစဉ်ငြိမ်သက်နေသော အသံတစ်သံ ထွက်ပေါ်လာလေသည်။ ထွားကျိုင်းသော လူ၏ ခန္ဓာကိုယ်သည် တောင့်တင်းလာပြီး ချက်ချင်း လက်သီးဖြင့် ထိုးချလိုက်၏။

လက်မောင်းသည် ကျောက်တုံး ကျောက်သားအလား ကြောက်မက်ဖွယ်ကောင်း နေကာ အနက်ရောင် လက်သီးအဖြစ် ပေါင်းစပ်သွားသည်။ ထိုခဏ၌ ထုတ်လွှတ်သော စွမ်းအားသည် ဒီရေလှိုင်းများကဲ့သို့ ပြင်းထန်ပြီး လွှမ်းမိုးချုပ်ကိုင်ထားနိုင်၏။

ယင်းသည် ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူကိုသတ်ပစ်ရန် လုံလောက်သော်မှ ဖမ်းဆီးခြင်းခံလိုက်ရသည်။

ရွှံ့ပင်လယ်ထဲ နစ်မြုပ်သွားသော နွားတစ်ကောင်ကဲ့သို့ အဖျက်စွမ်းအားများသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွား၏။

ထွားကျိုင်းသော အမျိုးသားမှာ အံ့သြသွားသည်။ နှလုံးစားမြူကျိန်စာများဖြင့် ဖုံးလွှမ်းနေသည့်တိုင် တစ်ဖက်လူသည် ထိခိုက်ခြင်းမရှိဘဲ ငြိမ်သက်စွာထိုင်နေ၏။

“ ဂျွတ် ... ။ ”

“ အား ... ။ ”

လက်ကောက်ဝတ်အရိုး ကွဲကြေလျက် ဒူးထောက်ကျသွားသည်။ နာကျင်မှုများကြောင့် အော်ဟစ်လျက် မျက်နှာရှုံ့တွကာ နဖူးမှချွေးများ စီးကျလာ၏။

“ ကျေးဇူးပြုပြီး သနားပါ သခင်လေး။ ”

စုရီက လက်တစ်ဖက်ဖြင့် မေးစေ့ကိုထောက်လိုက်ကာ ကျန်တစ်ဖက်သည် ဝိုင်ပုလင်းကိုင်ထားလျက် ပြန်ကြည့်သည်။

“ မင်းက မြွေတစ္ဆေမျိုးရိုးအတွက် ရှင်းရှင်းလင်းလင်းလာခဲ့တာ ... ဖြစ်နေရက်ရဲ့ ဘာလို့ ငါ့ကိုတိုက်ခိုက်ရတာလဲ။ ”

“ ဒါက နားလည်မှုလွဲနေတာပါ သခင်လေး … ။ ”

စုရီ မေးခွန်းကြောင့် ထွားကြိုင်းသောအမျိုးသား၏ အမူအရာသည် ပြောင်းသွားတော့သည်။ ထိုစဉ် ဓားစွမ်းအင်များ တဖျပ်ဖျပ်ပေါ်လာပြီး သူ့ညာဘက်လက်ကို ဖြတ်ချသွား၏။

“ အား ... ။ ”

သွေးများ စမ်းရေတွင်းကဲ့သို့ ပန်းထွက်လာသည်။ ထွားကျိုင်းသောလူသည် နာကျင်မှုကြောင့် မျက်နှာဖြူဖျော့သွားတော့၏။

“ လူမိုက်တစ်ယောက်ရဲ့ စကားတွေကို နားထောင်ရတာ ငါမကြိုက်ဘူး။ ”

စုရီက ပေါ့ပေါ့ပါးပါး ပြောသည်။ ထွားကြိုင်းသောလူသည် ကြောက်ရွံ့မှု အရိပ်အမြွက်များ ပြသလာ၏။

“ သခင်လေး ... ခွင့်လွှတ်ပါ ရိုးရိုးသားသားပြောရရင် ဒီညအမိန့်အတိုင်း ငါ လုပ်ရတာပါ မင်းကိုဘာလို့ပစ်မှတ်ထားလဲ ငါတကယ် မသိပါဘူး။ ”

“ ဘယ်​သူ အမိန့်​​ပေးတာလဲ။ ”

“ ငါ့မျိုးနွယ်ရဲ့ သန့်ရှင်းသော သမီးတော်ပါ။ ”

“ မင်းက ဘယ်မျိုးနွယ်လဲ။ ”

“ ဒါ … ။ ”

“ အား ... ။ ”

ထွားကြိုင်းသောလူက တုံ့ဆိုင်းသွားသည်။ ဓားမြည်သံထွက်လာပြီး ဘယ်ဘက်လက်မောင်း ပြတ်ကျသွားပြန်၏။

သွေးများပန်းထွက်နေသည်ကို လျစ်လျူရှုလျက် စုရီက ‘ပြောပါ’-ဟု မေးဆတ် ပြလိုက်သည်။ ထွားကြိုင်းလူသည် အသက်ရှူ ကြပ်လာပြီး၊

“ ငါစကားပြောရင်လည်း သေခြင်းပဲ ... မပြောရင်လဲ သေခြင်းပဲ ... ဒါဆိုဘာလို့ မင်းနဲ့ ပူးပေါင်းရမှာလဲ။ ”

ဤအခိုက်တွင် ထွားကြိုင်းသောလူ၏ နဖူးပေါ်ရှိ ကြက်သွေးရောင် အမှတ်အသားသည် တုန်ယင်လျက် သူ့အသက်စွမ်းအင်ကို လုံး၀ ဝါးမြိုသွားလေသည်။

ထွားကြိုင်းလွန်းသော ထိုခန္ဓာကြီးသည် ညှိုးနွမ်း၊ အသက်မဲ့၊ ဆွေးမြေ့သောအလောင်း အဖြစ် ချက်ချင်း ပြောင်းလဲသွား၏။

တစ်ဆက်တည်းမှာပင် နဖူးတွင် တံဆိပ်ခပ်ထားသော ကြက်သွေးရောင်ပုံစံသည် နတ်ဆိုးပန်းတစ်ပွင့်အဖြစ် ပြောင်းလဲသွားကာ ဒေါင်လိုက်မျက်လုံးတစ်လုံး ပေါ်လာသည်။

ပွင့်ချပ်များဖြင့် နှာမောင်းလက်တံ သုံးဆယ့်ခြောက်ချောင်းပါရှိသော ပန်းတစ်ပွင့် ပေပင်။ ဤသည်မှာ နတ်ဆိုးပန်းတစ်ပွင့် လူ့ဇာတိခံယူထားခြင်းဖြစ်၏။

“ ဒေါင်လိုက်မျက်ဝန်း နတ်ဆိုးကြာပန်းတံဆိပ် ... ဒါက တကယ်ပဲ သွေးနတ်ဆိုး အဖွဲ့ဝင်တစ်ယောက်ပဲ။ ”

စုရီမှ ရေရွတ်လျက် လက်ချောင်းများ တောက်ထုတ်လိုက်ရာ ကမ္ဘာဦးတာအို၏ အနှစ်သာရများ ပြည့်လျှံနေသည့် ‌ရွှေဓားတစ်လက်ပေါ်လာ၏။

“ ဘောင်း ... ။ ”

သွေးနတ်ဆိုးပန်းပွင့်အဖြစ် ဖွဲ့စည်းထားသောတံဆိပ်သည် ချက်ချင်းပင် ပြိုကျသွားလေသည်။

ထွားကျိုင်းသောလူ၏ ခန္ဓာကိုယ်သည် ပြာမှုန်များအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားပြီး ပျောက်ကွယ်သွား၏။ မြေပြင်တွင် ရတနာအချို့ ကျန်ရစ်ခဲ့လေသည်။

စုရီမှ ၎င်းတို့ကို ခေတ္တမျှ စစ်ဆေးကြည့်ပြီးနောက် စိတ်ဝင်စားမှုများ ပျောက်ဆုံးသွားသည်။

ရတနာများသည် ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူအတွက် ကောင်းမွန်သော်လည်း သူ့အာရုံနှင့် မထိုက်တန်တော့ချေ။ ထို့ကြောင့် အစီရင်ကို အသက်သွင်းကာ ဆက်၍ တရားထိုင်လေသည်။

နောက်တနေ့မနက်တွင် စုရီသည် တနာသင်္ဘော၏အပေါ်ဆုံးထပ်သို့ တက်ရောက် လာခဲ့သည်။ စားသောက်ဆိုင်တွင် မနက်စာ စားသုံးနေသော လူအများဖြင့် ပြည့်နေ၏။

ကောင်းကင်သည် တောက်ပနေပြီး ရတနာသင်္ဘောသည် တိမ်ပင်လယ်ကြီးအတွင်း ဖြိုခွင်းလျက် ဖြတ်သန်းနေသည်။ မနေ့ညက ကလေးများကို စောင့်ကြည့်နေသောအဖိုးအိုက စုရီထံလျှောက်လှမ်းလာကာ၊ 

“ သခင်လေး ... ငါမရဏဝိညာဉ်ဂိုဏ်းရဲ့ အကြီးအကဲရှားခွိုက်ကျိပါ ... မင်းရဲ့နာမည်ကို မေးလို့ရမလား။ ”

စုရီက တစ်ချက်မျှမော့ကြည့်ကာ၊

“ ငါ့နာမည်မသိတာကောင်းတယ် မင်းပြောချင်တာကိုပဲ တိုက်ရိုက်ပြောပါ။ ”

-ဟု တုန့်ပြန်၏။

ရှားခွိုက်ကျိမှ ရှက်ရွံ့စွာပြုံးပြီး မလှမ်းမကမ်းတွင် ကျစ်ဆံမြီးကျစ်ထားသော ကလေးမလေးထံကြည့်ကာ၊

“ ဒီကလေး အမည်ကို ယွဲ့ရုံလို့ခေါ်တယ် သဘာဝအတိုင်းကျင့်ကြံဖို့ အရည်အချင်းရှိသူပါ သူ့မိဘတွေက စောစောစီးစီး ဆုံးပါးသွားပြီမို့ ...

... သူတောင်းစားအဖြစ်နဲ့ သူ့ဘဝကို ဖြတ်သန်းနေရတယ် ... ဒါကြောင့် ငါသနားပြီး ခေါ်လာတာပါ။ ”

“ စိတ်မပူပါနဲ့ ... ငါတပည့်ခေါ်ဖို့ စိတ်မဝင်စားပါဘူး။ ”

“ ကျေးဇူးတင်ပါတယ် ... ။ ”

သို့မှသာ ရှားခွိုက်ကျိတစ်ယောက် သက်သာရာရသွားပြီးနောက် ကျေးဇူးစကားများ ဆိုတော့သည်။ ဤအခိုက်အတန့်တွင် ယွဲ့ရုံမှ လျှောက်လှမ်းလာပြီး တရုတ်ဇီးသီးများကို ကမ်းပေးလာသည်။

“ အစ်ကိုကြီးအတွက် ... ။ ”

“ ဘာအတွက် ပေးတာလဲ။ ”

“ အစ်ကိုကြီးက ... ငါ့အပေါ် ဂရုစိုက်ပေးတယ်လို့ ခံစားရတယ် ... ဒါကြောင့် ကျေးဇူးဆပ်တာပါ။ ”

စုရီခမျာ စကားမပြောနိုင်တော့ချေ။ အကြီးအကဲရှားချွက်ကျိမှ အနေခက်သော အသွင်အပြင်ဖြင့်၊

“ ကလေး ... ဒီလိုမုန့်တွေက ကလေးတွေပဲစားတာ မြန်မြန်သိမ်းလိုက်။ ”

-ဟု သတိပေးသည်။

“ စေသနာက ပိုတန်ဖိုးရှိတယ် ... ။ ”

စုရီကပြုံးလျက် ကောင်မလေး ဦးခေါင်းကိုပွတ်သပ်ကာ တရုတ်ဇီးသီးကို ယူလိုက်တော့၏။

“ အစ်ကိုကြီး ... အစ်ကိုကြီးက တခြားသူတွေနဲ့မတူဘူး ... ရုံအာကလူတွေကို ဇီးသီးတွေပေးခဲ့ဖူးတယ် ဘယ်သူမှမကြိုက်ဘူး မောင်းထုတ်ကြတယ်။ ”

ယွဲ့ရုံက ပျော်ရွှင်စွာရယ်မောလျက် ပြောကြားလာသည်။ ထိုအချိန်၌ အနက်ရောင် ၀တ်စုံဖြင့် မိန်းကလေးသည် စုရီတို့ထံ လျှောက်လှမ်းလာနေ၏။

သူက ယွဲ့ရုံထံ ဦးစွာကြည့်ပြီးနောက် စုရီဘက်သို့လှည့်ကာ ချစ်စရာကောင်းသော အပြုံးမျိုးဖြင့်၊

“ သခင်ငယ် ... ငါတို့နောက်ထပ် နားလည်မှုလွဲမှားတာတွေ မဖြစ်ရလေအောင် စကားပြောဖို့လိုမယ်ထင်တယ်။ ”

စုရီမှ အနည်းငယ် အံ့အားသင့်သွားပြီး ဤအမျိုးသမီးသည် သူ့ရှေ့တွင် ထိုသို့သတ္တိရှိရှိ ပေါ်လာရန် မမျှော်လင့်ထားချေ။ ခဏမျှ စဉ်းစားလျက်၊

“ မနေ့ညက ငါပြောစရာရှိတာ ပြောပြီးသွားပြီ မင်းသေချင်ရင် ဆက်လုပ်ပါ။ ”

-ဟု တုန့်ပြန်၏။

အနက်ရောင်ဝတ်စုံဝတ်ထားသည့် ကောင်မလေး၏အပြုံးသည် အေးစက်သော အကြည့်များဖြင့် အစားထိုးလာသည်။ ဘေးရှိ ရှားခွိုက်ကျသည်ပင် ကျောရိုးတစ်လျှောက် အေးစက်သွား၏။

ကလေးများသည်သာ ရယ်မော ဆော့ကစားနေကြသဖြင့် သတိမပြုမိတော့ဘဲ ပြေးလွှားနေချေပြီ။

***

All Chapters